CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ အာဆင်နယ်နဲ့ ဘာစီလိုနာအသင်း နောက်ခံလူဟောင်း ဗန်ဘရွန်ခရော့စ်ကို သူ့ရဲ့လက်ထောက် နည်းပြသစ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းမှာ နည်းပြအာနီဆလော့ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဟိုက်တင်ဂါဟာ အေဂျက်စ်အသင်းကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ဖို့ ထွက်ခွာခဲ့တာပါ။
ဟိုက်တင်ဂါရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ဖို့ ချိတ်ဆက်မှုတွေ အများအပြား ရှိခဲ့ပေမယ့် လီဗာပူးလ်အသင်း နည်းပြ အာနီဆလော့ရဲ့ ရှာဖွေမှုဟာ အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။
The Times က ဗန်ဘရွန်ခရော့စ်ဟာ လီဗာပူးလ်အသင်းမှာ နည်းပြအာနီဆလော့ရဲ့ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခံရဖို့ နီးစပ်နေပြီလို့ ဖော်ပြထားတာပါ။
ဗန်ဘရွန်ခရော့စ်ဟာ နည်းပြအဖြစ် ထိပ်တန်းကလပ်အချို့ကို ကိုင်တွယ်ခဲ့ဖူးတာကြောင့် လီဗာပူးလ်အသင်း အတွက် ကောင်းမွန်တဲ့ ခန့်အပ်မှုဖြစ်လာဖို့ ရှိနေပါတယ်။
အာနီဆလော့နဲ့ ဗန်ဘရွန်ခရော့စ်ကို တွေ့ရစဉ်
ဗန်ဘရွန်ခရော့စ်ဟာ ဖီယင်နု၊ ဂွမ်ကျိုး၊ ရိန်းဂျားစ်နဲ့ ဘက်ဆစ်တပ်အသင်းတွေကို နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။
ဗန်ဘရွန်ခရော့စ်ဟာ ကစားသမားဘဝမှာလည်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ပရီးမီးယား လိဂ်ဖလား၊ ဘာစီလိုနာအသင်းနဲ့ လာလီဂါ၊ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
ဒါအပြင် နယ်သာလန် နောက်ခံလူဟာ ရိန်းဂျားစ်နဲ့ ဖီယင်နုအသင်း တွေမှာလည်း ဆုဖလားကိုင်မြှောက်နိုင်ခဲ့ပြီး လက်ရွေးစင်အသင်းနဲ့ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရရှိခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ပိုပြီးရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
လီဗာပူးလ်အသင်းဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ အာနိုးလ်ရဲ့နေရာမှာ လေဗာကူဆင်အသင်း နောက်ခံလူ ဖရင်ပေါင်ကို အစားထိုး ခေါ်ယူထားပြီး လေဗာကူဆင်အသင်း ကြယ်ပွင့် ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူဖို့လည်း သဘောတူညီမှု ရရှိထားတာဖြစ်ပါတယ်။
Source: Metro