CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃
စပါးအသင်းဟာ ဘရန်ဖို့ဒ်အသင်း နည်းပြ သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ် ကာ ခန့်အပ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။
အသက် ၅၁ နှစ်အရွယ်ရှိ သောမတ်စ်ဖရန့်ခ်ဟာ ယူရိုပါလိဂ်ဖလား ရယူပေးပြီးနောက် နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ပိုစတီကိုဂလူးရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး စပါးအသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူသွားမှာပါ။
ဒိန်းမတ်လူမျိုးနည်းပြ သောမတ်စ်ဖရန့်ခ်ဟာ ဘရန်ဖို့ဒ်အသင်းကို ၂၀၂၁ ခုနှစ်က ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ထံ တန်းတက်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီး အသင်းမှာ ၇ ရာသီကြာရှိခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ အစောပိုင်းက နည်းပြဟောင်း ပိုစတီကိုဂလူးရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဖူလ်ဟမ်အသင်း နည်းပြ မာကိုဆေးလ်ဗားနဲ့ ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာတို့ကို စဉ်းစားမှုတွေ ပြုလုပ်ခဲ့ပေမယ့် သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။
သောမတ်စ်ဖရန့်ခ်ကို တွေ့ရစဉ်
သောမတ်စ်ဖရန့်ခ်ဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လ နောက်ပိုင်း စပါးအသင်းရဲ့ ၄ ဦးမြောက် အမြဲတမ်းနည်းပြ ဖြစ်လာခဲ့ ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဖလား ရယူကာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးခဲ့ပြီး ရှုံးပွဲ ၂၂ ပွဲနဲ့ အဆင့် ၁၇ နေရာ ရပ်တည်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၉ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တဲ့ ဘရန်ဖို့ဒ်အသင်းက ကလပ်ရဲ့ သမိုင်းကြောင်းအပေါ်မှာ မယုံနိုင်လောက်တဲ့ သက်ရောက်မှုတွေအတွက် နည်းပြ သောမတ်စ်ဖရန့်ခ်ကို ကျေးဇူး တင်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
သောမတ်စ်ဖရန့်ခ်ဟာ ဘရန်ဖို့ဒ်အသင်းကို ပွဲပေါင်း ၃၁၇ ပွဲ ကိုင်တွယ်ခဲ့တာမှာ ၁၃၂ ပွဲ အနိုင်ရပြီး ၇၇ ပွဲသရေနဲ့ ၁၀၈ ပွဲအရေးနိမ့်ကာ အနိုင်ရာခိုင်နှုန်း ၄၁.၆၄ ရှိခဲ့တာဖြစ်ပါတယ်။
Source: BBC