
- By CNI
- Category: အားကစား
- Hits: 1700
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၅
မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းဟာ သူ့ရဲ့ပွဲကစားချိန်ကို စီမံခန့်ခွဲဖို့ကြိုးစားနေရတာကြောင့် ဘယ်လ်ဂျီယံပွဲတွေမှာ ရွေးချယ်ခြင်းမပြုဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီဘရိုင်းဟာ အင်တာမီလန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် မန်စီးတီးအသင်း နောက်ဆုံး ကစားထားတဲ့ ပွဲတွေကို လွဲချော်ခဲ့တာပါ။
ဒီဘရိုင်းဟာ ဒဏ်ရာကနေ ပြန်ကောင်းမွန်လာဖို့နီးစပ်နေပေမယ့် ဒီလထဲကစားမယ့် နေးရှင်းလိဂ်ပွဲတွေအတွက် ဘယ်လ်ဂျီယံအသင်းလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
ဘယ်လ်ဂျီယံအသင်းနည်းပြ တီဒက်စ်ကိုက ဒီဘရိုင်းဟာ နိုဝင်ဘာမှာ ကစားမယ့်ပွဲတွေမှာလည်း သူ့ကိုမရွေးချယ်ဖို့ တောင်းဆိုထားတယ်လို့ ပြောခဲ့ပါတယ်။
ဒီဘရိုင်းကို တွေ့ရစဉ်
တီဒက်စ်ကိုက “ကျနော် ဒီဘရိုင်းနဲ့ ဖုန်းအကြာကြီးပြောခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ ဒီလအတွက်ပွဲတွေအပြင် နိုဝင်ဘာမှာကစားမယ့်ပွဲတွေမှာပါ သူ့ကို မရွေးချယ်ဖို့တောင်းဆိုထားပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ပွဲစဉ်တွေက ပိုများလာပါတယ်။ အဲ့ဒါကြောင့် လက်ရွေးစင်အသင်းမှာ ဒီဘရိုင်းကို အခုနဲ့ နိုဝင်ဘာမှာ တွေ့ရမှာမဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
ဒီဘရိုင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာက ပြင်သစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ သူ့ရဲ့ဘယ်လ်ဂျီယံအသင်း အနာဂတ်အပေါ် မေးခွန်းထုတ်မှုတွေရှိခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းနည်းပြ တီဒက်စ်ကိုက ဒီဘရိုင်းဟာ နိုင်ငံအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ အလွန်စိတ်အားထက်သန်နေတယ်လို့ ပြောထားတာပါ။
ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံအသင်းအတွက် ၂၀၁၀ ခုနှစ်ကနေ အခုအချိန်ထိ ၁၀၇ ပွဲကစားထားပြီး ဂိုး ၃၀ သွင်းယူထားပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် အောက်တိုဘာ ၁၀ ရက်မှာ အီတလီအသင်းနဲ့ အဝေးကွင်း၊ ၁၄ ရက်မှာ ပြင်သစ်အသင်းနဲ့ အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 2091
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၅
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အသင်းဟာ ဒီရာသီမှာ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ကိုမယှဉ်ပြိုင်နိုင်ဘူးဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက”ချယ်လ်ဆီးအသင်းဟာ မန်စီးတီး ဒါမှမဟုတ် အာဆင်နယ်ကို ယှဉ်ပြိုင်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။ ကျနော်တို့အဆင်သင့် မဖြစ်သေးပါဘူး။ အကြောင်းပြချက်ဆိုရင် မန်စီးတီးအသင်းဟာ နည်းပြတစ်ဦးတည်းနဲ့ ၉ နှစ်ကြာလက်တွဲခဲ့ပြီး အာဆင်နယ်အသင်းက ၅ နှစ်ကြာလက်တွဲခဲ့တာပါ။ ကြီးမားတဲ့အရာတွေအတွက် ယှဉ်ပြိုင်ချင်တယ်ဆိုရင် အချိန်လိုအပ်ပါတယ်။ကျနော်တို့က ၃ လပဲရှိသေးတဲ့အတွက် ကြီးမားတဲ့ခြားနားချက်ပါပဲ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ နည်းပြ မာရက်စ်ကာလက်ထက် ဒီရာသီကစားထားတဲ့ ၁၀ ပွဲမှာ ၇ ပွဲအနိုင်ရခဲ့ပြီး ဒီပွဲတွေမှာ ၂၇ ဂိုးအထိ သွင်းယူကာ အကောင်းဆုံးပုံစံတစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ နိုင်ပွဲဆက်မှုကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၂ မှတ်သာကွာဟတာပါ။
ချယ်လ်ဆီးအသင်းဟာ အောင်မြင်မှုတွေပြန်လည် ရယူနိုင်ဖို့အတွက် နောက်ဆုံးအပြောင်းအရွှေ့ ၅ ခုမှာ ပေါင် ၁.၅ ဘီလီယံ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက သူ့ရဲ့ပထမဆုံးရာသီမှာ အချိန်နဲ့ စိတ်ရှည်မှုကို လိုချင်နေတာပါ။
ဒါပေမယ့် ချယ်လ်ဆီးအသင်းကို တော့ဒ်ဘိုလီဦးဆောင်တဲ့ ပိုင်ရှင်အစုအဖွဲ့ရဲ့ ပိုင်ဆိုင်မှုက တတိယနှစ်ထဲကို ဝင်ရောက်လာခဲ့တာကြောင့် သူတို့တွေဟာ ဆုဖလားအောင်မြင်မှု ရယူချင်နေတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ နိုင်ငံတကာပွဲစဉ်မတိုင်ခင် နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲကစားအပြီးမှာ ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၀နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 2481
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၅
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်သလို တောင်ကိုရီးယားအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲစလုံးကို လွဲချော်မှာ ဖြစ်ပါတယ်။
ဆွန်ဟောင်မင်ဟာ စပါးအသင်းက ကာရာဘတ် အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာပါ။
အဲဒါကြောင့် ဆွန်ဟောင်မင်ဟာ စပါးအသင်းနောက်ဆုံးကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်၊ ဖီရန်စီဗာရို့စ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဆွန်ဟောင်မင်ဟာ ပါဝင်နိုင်ဖို့အတွက် ပြင်းပြင်းထန်ထန် တွန်းအားပေးလုပ်ဆောင်နေပေမယ့် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။
ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ စပါးအသင်းအတွက် ၇ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူကာ ၂ ဂိုး ဖန်တီးမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဆွန်ဟောင်မင်ကို တွေ့ရစဉ်
စပါးအသင်းဟာ ဆွန်ဟောင်မင် မပါဝင်နိုင်ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲဆက်တိုက် နိုင်ပွဲရယူထားတာပါ။
တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ကလည်း ဆွန်ဟောင်မင်ကို လာမယ့် ဂျော်ဒန်၊ အီရတ်အသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)အတွက် ခေါ်ယူသွားမှာမဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။
တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဆွန်ဟောင်မင်ရဲ့ ကျန်းမာရေးအခြေအနေကို ကာကွယ်ဖို့အတွက် လူစာရင်းမှာ မရွေးချယ်ခဲ့တာလို့ ဖော်ပြထားတာပါ။
တောင်ကိုရီးယားအသင်း ခေါင်းဆောင် ဆွန်ဟောင်မင်ဟာ နိုင်ငံအသင်းအတွက် ၁၂၉ ပွဲကစားထားပြီး ၄၉ ဂိုး သွင်းယူထားပါတယ်။
တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားတာဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 1675
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၅
တားမြစ်ဆေးသုံးစွဲမှုကြောင့် ကနဦးပွဲပယ် ၄ နှစ် ချမှတ်ခံထားရတဲ့ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေါ့ဘာဟာ ဒီပြစ်ဒဏ်အပေါ်အယူခံဝင်ပြီးနောက် အားကစားခုံရုံးက သူ့ရဲ့ပွဲပယ်ကို ၁၈ လအထိလျှော့ချခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် ပေါ့ဘာဟာ ၂၀၂၅ ခုနှစ်၊ဇန်နဝါရီမှာ ဂျူဗင်တပ်စ်အသင်းနဲ့လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ခွင့်ရမှာဖြစ်ပြီး မတ်လမှာ ပွဲကစားခွင့်ပြန်လည်ရရှိတော့မှာပါ။
ပေါ့ဘာကတော့ ဒီဆုံးဖြတ်ချက်အပေါ် ကြိုဆိုတယ်လို့ ကြေညာချက်ထုတ်ပြီး ပြောခဲ့ပါတယ်။
ပေါ့ဘာက “နောက်ဆုံးမှာတော့ အိပ်မက်ဆိုးကြီးပြီးဆုံးသွားပါပြီ။ ဒီဆုံးဖြတ်ချက်အပြီးမှာ ကျနော့်ရဲ့အိပ်မက်တွေကို ထပ်ပြီးအကောင်အထည်ဖော်နိုင်မယ့်နေ့ကို ကျနော် မျှော်လင့်နေပါတယ်။ ဒီအချိန်တွေဟာ ကျနော့်ဘဝမှာ အကြီးမားဆုံးစိတ်ဆင်းရဲစရာကာလဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်အလွန်ကြိုးစားအားထုတ်တဲ့ အရာတွေအားလုံးကို ရပ်တန့်ခဲ့ရလို့ပါ။ အခုကွင်းထဲကို ပြန်ဝင်ရဖို့ ကျနော် မစောင့်ဆိုင်းနိုင်တော့ဘူး”လို့ ပြောခဲ့တာပါ။
ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ အူဒီးနီးစ်အသင်းတို့ပွဲအပြီး ကျပန်းစစ်ဆေးမှုခံယူခဲ့ရချိန်မှာ တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ခဲ့ရလို့ ၂၀၂၃ ခုနှစ်၊သြဂုတ်ကတည်းက ပွဲကစားခွင့်မရတော့တာဖြစ်ပါတယ်။
ပေါ့ဘာကို ဒုတိယအကြိမ်မြောက် ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့တာမှာလည်း တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ခဲ့ရတဲ့အတွက် ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီမှာ ၄ နှစ်ပွဲပယ်ချမှတ်ခဲ့တာပါ။
ပေါ့ဘာကတော့ သူဟာ အမှားအယွင်းလုပ်ထားခြင်း မရှိဘူးလို့ပြောကာ အားကစားခုံရုံးထံ အယူခံဝင်ခဲ့တာဖြစ်ပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ၂၀၂၂ ခုနှစ်က ဂျူဗင်တပ်စ်အသင်းထံ ၄ နှစ်စာချုပ်ချုပ်ဆိုကာ ပြန်လည် ပြောင်းရွှေ့ခဲ့တာပါ။
ဒါပေမယ့် ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲပယ်မခံရခင်အချိန်ထိ ဂျူဗင်တပ်စ်အသင်းအတွက် ၁၂ ပွဲသာပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 4857
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄
အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေက ဒီလထဲကစားမယ့် နေးရှင်းလိဂ်ပွဲအတွက် အသင်းလူစာရင်းမှာ ဆန်ချိုကို မရွေးချယ်ခဲ့ပေမယ့် နောက်လာမယ့်ပွဲတွေမှာ ပြန်ရွေးချယ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
လီကာစလေက “ဆန်ချိုက ကျနော် အလွန်နှစ်သက်တဲ့ ကစားသမားပါ။ သူ့မှာ ကြီးမားတဲ့ အလားအလာရှိပြီး သူအချစ်ခံရတယ်လို့ ခံစားရတဲ့ အိမ်ကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ထားပါတယ်။ သူဟာ ဘရိုက်တန်အသင်းနဲ့ပွဲမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး သူဟာ ကစားဖို့အချိန်လိုတယ်လို့ ကျနော်ထင်ပါတယ်။ ကစားသမားတစ်ဦးဟာ ၃ ပွဲ၊၄ ပွဲလောက် ကောင်းမွန်စွာ ကစားတာနဲ့ အင်္ဂလန်အသင်းမှာ ပါဝင်သင့်တယ်ဆိုပြီး ကျနော် အလျင်စလို မခံစားဖူးပါဘူး”လို့ ပြောခဲ့တာပါ။
လီကာစလေဟာ မန်စီးတီးအသင်းရဲ့ လူငယ်နည်းပြအဖြစ် ရှိခဲ့ချိန်က ဆန်ချိုနဲ့အတူ အလုပ်အတူတွဲလုပ်ဖူးခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ ချယ်လ်ဆီးအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပါဝင်ကစားထားတဲ့ ၃ ပွဲစလုံး ဂိုးဖန်တီးမှုပြုလုပ်ကာ ခြေစွမ်းပြသနေတာပါ။
ဆန်ချိုကို တွေ့ရစဉ်
အဲဒါကြောင့် ဆန်ချိုဟာ အင်္ဂလန်အသင်း လူစာရင်းမှာ ပြန်လည်ရွေးချယ် ခံရသင့်တယ်လို့ ပြောနေခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုဟာ အင်္ဂလန်အသင်းအတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာက နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာပါ။
ဒီလထဲ ကစားမယ့် နေးရှင်းလိဂ်ပွဲတွေအတွက် အင်္ဂလန်အသင်း လူစာရင်းမှာ စပါးအသင်း တိုက်စစ်မှူး ဆိုလန်ကီ ဟာ ၇ နှစ်အကြာမှ ပထမဆုံးအကြိမ် ပြန်လည်ရွေးချယ်ခံခဲ့ရတာပါ။
အင်္ဂလန်အသင်း လူစာရင်းမှာ ယူနိုက်တက်အသင်း နောက်ခံလူ မက်ဂွဲယား ချန်လှပ်ခံရပြီး မန်စီးတီးအသင်း နောက်ခံလူ ဝေါလ်ကာ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။
အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်ပွဲတွေအဖြစ် အောက်တိုဘာ ၁၀ ရက်မှာ ဂရိအသင်းနဲ့ အိမ်ကွင်း၊ ၁၃ ရက်မှာ ဖင်လန်အသင်းနဲ့ အဝေးကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Thesun
- By CNI
- Category: အားကစား
- Hits: 4256
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄
ဂျူဗင်တပ်စ်အသင်းဟာ အဓိကနောက်ခံလူ ဘရီမာ ဒူးအရွတ်(ACL)ဒဏ်ရာ ရရှိခဲ့တာကြောင့် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝါရင့်နောက်ခံလူ ရာမို့စ်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
ဘရီမာဟာ ဂျူဗင်တပ်စ်အသင်းက လိုက်ပ်ဇစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာ ကြောင့် ရာသီအကုန်ထိ အနားယူရဖွယ်ရှိနေတာပါ။
ဘရီမာဟာ နည်းပြ သီယာဂိုမော့တာရဲ့ နည်းဗျူဟာ အစီအစဉ်တွေမှာ အရေးပါတဲ့သူ ဖြစ်တာကြောင့် သူ့ရဲ့ ဒဏ်ရာ အခြေအနေဟာ ဂျူဗင်တပ်စ်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။
Tuttosport က ဂျူဗင်တပ်စ်အသင်းဟာ ဘရီမာ အနားယူနေရချိန်မှာ ခံစစ်ပိုင်းအတွက် ရာမို့စ်ကို အားဖြည့်ဖို့ စဉ်းစားနေတယ်လို့ ဖော်ပြထားတာပါ။
ရာမို့စ်ဟာ ပြီးခဲ့တဲ့နွေရာသီက ဆီဗီလာအသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းအများအပြားနဲ့ သတင်း ထွက်ခဲ့ပေမယ့် အခုအချိန်ထိ ဘယ်အသင်းကိုမှ ပြောင်းရွှေ့ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ရာမို့စ်ကို တွေ့ရစဉ်
ရာမို့စ်ဟာ လက်ရှိအချိန်မှာ သူ့ရဲ့ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးဖြစ်ဖို့ ပြင်ဆင်နေပြီး ထိပ်တန်းအဆင့်မှာ ကစားဖို့ အဆင့်သင့် ဖြစ်နေတယ်ဆိုတာကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပြသထားတာပါ။
ရာမို့စ်အပြင် အသင်းလက်မဲ့ဖြစ်နေတဲ့ မာတစ်၊ ကေဂျာနဲ့ မန်နိုလက်စ်တို့လည်း ဂျူဗင်တပ်စ်အသင်းရဲ့ စာရင်းထဲ မှာ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရာမို့စ်ရဲ့ ကြီးမားတဲ့ အတွေ့အကြုံနဲ့ ဂန္ထဝင် အဆင့်အတန်းတွေက ဘရီမာရဲ့နေရာကို အစားထိုးဖို့ အကောင်းဆုံးဖြစ်နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရာမို့စ်ဟာ လာလီဂါနဲ့ ပြင်သစ်လိဂ်တွေမှာ ကစားပြီးဖြစ်လို့ ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ခဲ့ရင် စီးရီးအေဟာ သူ့အတွက် တတိယမြောက်အဓိက ဥရောပလိဂ် ဖြစ်လာမှာပါ။
ဂျူဗင်တပ်စ်အသင်းဟာ နည်းပြ သီယာဂိုမော့တာ လက်ထက် ဒီရာသီမှာ ရှုံးပွဲမရှိ ရလဒ်ကောင်းတွေ ရရှိနေပြီး စီးရီးအေပြိုင်ပွဲမှာ အဆင့် ၂ နေရာ ရပ်တည်နေပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒီတစ်ပတ် စီးရီးအေပွဲစဉ်အဖြစ် ကာဂလီယာရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1281
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄
ရီးရဲလ်အသင်းတိုက်စစ်မှူး ဘတ်ပီဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပေမယ့် ဒီလထဲကစားမယ့် နေးရှင်းလိဂ်ပွဲအတွက် ပြင်သစ်လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။
ဘတ်ပီဟာ ဒဏ်ရာကြောင့် ရီးရဲလ်နဲ့ အသလက်တီကိုအသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် လိုင်လီအသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင် ခဲ့တာပါ။
ဒါပေမယ့် နည်းပြ ဒက်ချမ့်စ်ဟာ ဘတ်ပီနဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် အစ္စရေး၊ဘယ်လ်ဂျီယံ အသင်းတို့နဲ့ ကစားမယ့်ပွဲတွေအတွက် ပြင်သစ်လူစာရင်းမှာ ရွေးချယ်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
ဒက်ချမ့်စ်က “ကျနော် ဘတ်ပီနဲ့ စကားပြောခဲ့ပါတယ်။ သူ့မှာ အရမ်းကြီးမပြင်းထန်တဲ့ ပြဿနာရှိနေပါတယ်။ အဲဒါကြောင့် ကျနော်စွန့်စားပြီးအသုံးမပြုချင်လို့ လူစာရင်းမှာ သူ့ကို မရွေးချယ်ခဲ့တာ”လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာပါ။
ဘတ်ပီဟာ ရီးရယ်လ်အသင်းအတွက် ဒီရာသီကစားထားတဲ့ ၁၀ ပွဲမှာ ၇ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
ပြင်သစ် အသင်းရဲ့လူစာရင်းမှာ ချယ်လ်ဆီးအသင်းက အန်ကွန်ကူပြန်ပါဝင်လာခဲ့ပေမယ့် ကန်တီကတော့ ချန်လှပ်ခြင်း ခံခဲ့ရတာပါ။
ပြင်သစ်အသင်းဟာ အစ္စရေးအသင်းနဲ့ အောက်တိုဘာ ၁၀ ရက် အဝေးကွင်းကစားရမှာဖြစ်ပေမယ့် လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ဘူဒါပက်မှာ ကစားရမှာဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ ဒီပွဲအပြီး ၄ ရက်အကြာမှာ ဘယ်လ်ဂျီယံအသင်းနဲ့ ဘရက်ဆဲလ်မှာ ယှဉ်ပြိုင်ရမှာပါ။
ပြင်သစ်အသင်းဟာ နေးရှင်းလိဂ်အုပ်စုပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင် ၁ ပွဲရှုံး ၃ မှတ်ရရှိထားတာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 3012
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄
ပေါ်တိုအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၃ ဂိုးစီ သရေကျခဲ့ပြီးနောက် နည်းပြ အဲရစ်တန်ဟတ်က ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ အသင်းအပေါ် ယုံကြည်မှု ဆက်ရှိဖို့ တောင်းဆိုခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “အခုအချိန်မှာ ကျနော်တို့ကို အကဲဖြတ်ဝေဖန်မှုတွေ မပြုလုပ်ပါနဲ့။ ရာသီကုန်မှ ပြုလုပ်ပါ။ ကျနော်တို့ဟာ လုပ်ငန်းစဉ်ထဲမှာရှိနေပြီး စောင့်ကြည့်ပေးပါ။ ကျနော်တို့ အလုပ်တွေဆက်လုပ်ပြီး တိုက်ပွဲဝင် သွားမှာပါ။ ကစားသမားတွေဟာ အတူတကွရှိနေကြပြီး အောင်မြင်မှုတွေလည်း ရယူချင်နေပါတယ်။ ကျနော်တို့ မှာ ကောင်းမွန်တဲ့ စိတ်ဓါတ်ပိုင်းရှိပေမယ့် ခံစစ်ပိုင်းကို တိုးတက်အောင်လုပ်ရမယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ရက်ရှ်ဖို့ဒ်၊ ဟော့ဂျ်လန်းတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပေါ်တိုအသင်းကို ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေပါ ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ယူနိုက်တက် အသင်း ရုန်းကန်ခဲ့ရပြီး လူစားဝင်လာတဲ့ နောက်ခံလူ မက်ဂွဲယားက နာကျင်အချိန်ပိုမှာ အဖိုးတန်ချေပဂိုးကို သွင်းယူခဲ့တာပါ။
ယူနိုက်တက်နဲ့ပေါ်တိုအသင်းတို့ ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ရှုံးပွဲမကြုံတွေ့ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ဥရောပပြိုင်ပွဲ ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရတဲ့အထိ ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပေါ်တိုအသင်းနဲ့ သရေကျခဲ့တာကြောင့် ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်လာခဲ့တာပါ။
ဒတ်ချ်လူမျိုးနည်းပြကတော့ အသင်းရလဒ် ဆိုးနေပေမယ့် ပရိသတ်တွေကို ယုံကြည်မှု ဆက်ရှိပေးဖို့ တောင်းဆိုခဲ့ တာ ဖြစ်ပါတယ်။
မက်ဂွဲယားကလည်း နည်းပြအဲရစ်တန်ဟတ်ဟာ အတွေ့အကြုံရှိတဲ့သူ ဖြစ်တာကြောင့် အသင်းရဲ့ အခြေအနေတွေ ကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ သိတယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် အဖွင့်ပွဲစဉ်မှာ တွမ်တီးအသင်းနဲ့ သရေကျခဲ့ပြီး ဒုတိယပွဲစဉ်မှာပါ သရေကျ ခဲ့လို့ ၂ ပွဲကစားအပြီးမှာ ရမှတ် ၂ မှတ်သာ ရယူထားနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ အဝေးကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: dailymail

- By CNI
- Category: အားကစား
- Hits: 3160
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃
ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီဟာ နည်းပြ လူးဝစ်အင်းနရစ်ကို တောင်းပန်ခဲ့တာကြောင့် လာမယ့် နိုက်စ်အသင်းနဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် ပြန်လည် ပါဝင်ဖွယ်ရှိနေပါတယ်။
ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပီအက်စ်ဂျီအသင်း လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာပါ။
စပိန်လူမျိုးနည်းပြ လူးဝစ်အင်းနရစ်က ဒမ်ဘီလီဟာ အသင်းရဲ့တာဝန်တွေနဲ့ လိုအပ်ချက်တွေကို လေးစားလိုက်နာ ခြင်းမရှိလို့ လူစာရင်းကနေ ချန်လှပ်ခဲ့တာလို့ ပြောခဲ့တာပါ။
အခုအချိန်မှာတော့ ဒမ်ဘီလီဟာ နည်းပြကို တောင်းပန်ခဲ့ပြီး အင်းနရစ်ကလည်း သူ့ရဲ့တောင်းပန်မှုကို လက်ခံခဲ့ တယ်လို့ နာမည်ကြီး ဂျာနယ်လစ် ရိုမန်နိုက ဖော်ပြထားပါတယ်။
ဒါအပြင် သူတို့နှစ်ဦးကြားမှာ သီးသန့် စကားပြောဆိုမှုတွေ ရှိခဲ့တာပါ။
အဲဒါကြောင့် ဒမ်ဘီလီဟာ နိုက်စ်အသင်းနဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းရဲ့ လူစာရင်းထဲ ပြန်လည် ပါဝင်လာမယ်လို့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒမ်ဘီလီကို တွေ့ရစဉ်
ဒမ်ဘီလီဟာ ပီအက်စ်ဂျီအသင်းရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ပြီး သူမပါဝင်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြင်သစ်ကလပ်ဟာ ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။
ဒမ်ဘီလီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၇ ပွဲ ပါဝင်ကစားထားတာမှာ ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။
ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် ၄၉ ပွဲ ပါဝင်ကစားထားကာ ၁၀ ဂိုး သွင်းယူထားတာပါ။
အသက် ၂၇ နှစ်အရွယ်ရှိ ကစားသမားဟာ ပီအက်စ်ဂျီ အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီက ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီလီဂူး-၁ ပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိနေပြီး ၆ ပွဲ ကစားထားတာမှာ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေကာ အဆင့် ၂ နေရာက မိုနာကိုအသင်းနဲ့ ရမှတ်တူညီနေပေမယ့် ဂိုးကွာခြားချက် အသာရထားတာ ဖြစ်ပါတယ်။
Source:besoccer
- By CNI
- Category: အားကစား
- Hits: 1607
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃
အင်တာမိုင်ယာမီအသင်းဟာ ကိုလံဘတ်စ်ခရူအသင်းကို အနိုင်ရပြီး Supporters' Shield ကို ရယူနိုင်ခဲ့ပြီးနောက် အသင်းခေါင်းဆောင် မက်ဆီက ၂၀၂၄ မေဂျာလိဂ် ရာသီအတွက် အသင်းရဲ့ ပထမဆုံးရည်မှန်းချက် ပြီးမြောက်ခဲ့ ပြီလို့ ပြောခဲ့ပါတယ်။
မက်ဆီက “ကျနော်တို့ ဒီဆုဖလားရရှိအောင် လုပ်နိုင်ခဲ့လို့ ပျော်ရွှင်ပါတယ်။ ဒီနှစ်အစကတည်းက ဒီအစုအဖွဲ့ဟာ ဒီဆုဖလားအတွက် တိုက်ပွဲဝင်မယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ အခုတော့ ပထမဆုံး ရည်မှန်းချက်ကို ပြီးမြောက်အောင်လုပ်နိုင်ခဲ့လို့ ပျော်ရွှင်ပါတယ်။ ကျနော်တို့ နောက်ထပ်ဖလားအတွက် စဉ်းစားရမှာပါ”လို့ Apple TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းက ကိုလံဘတ်စ်ခရူအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီက ၂ ဂိုးသွင်းပြီး ဆွာရက်ဇ်က ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဒီနိုင်ပွဲကြောင့် မေဂျာလိဂ်ပွဲပေါင်း ၃၂ ပွဲ ကစားအပြီးမှာ ရမှတ် ၆၈ မှတ်နဲ့ Supporters' Shield ကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်း ဆုဖလားနဲ့အတူ တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဖလားကို ရယူနိုင်ခဲ့တာကြောင့် ဒီဆုဖလားဟာ အသင်းအတွက် ဒုတိယမြောက်ရယူနိုင်တဲ့ ဆုဖလားဖြစ်ခဲ့ပါတယ်။
မက်ဆီအတွက်တော့ ဒီဆုဖလားဟာ သူ့ရဲ့ကစားသမားဘဝမှာ ၄၆ ခုမြောက် ရယူနိုင်ခဲ့တဲ့ ဆုဖလားဖြစ်ခဲ့တာပါ။
မက်ဆီဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်အများအပြားကို လွဲချော်ခဲ့ပေမယ့် နည်းပြ မာတီနိုရဲ့ ဦးဆောင်မှု ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဆွာရက်ဇ်၊ ဘက်စ်ကွက်နဲ့ အယ်လ်ဘာတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အသင်းဟာ ဆုဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ဖလား ပလေးအော့ဖ် ပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ခွင့် ရရှိထားပြီး ဒီဆုဖလား ကို ရယူနိုင်ဖို့လည်း မျှော်လင့်နေတာပါ။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ရာသီလက်ကျန် ၂ ပွဲအဖြစ် တိုရွန်တို၊ နယူးအင်္ဂလန်ရီဗော်လူးရှင်း အသင်းတို့နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပြီး လိဂ်ပြိုင်ပွဲမှာ စံချိန်တင်ရမှတ်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source: ESPN