- By CNI
- Category: အားကစား
- Hits: 2085
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ရေယန်အသင်းကို အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူသွင်းယူခဲ့တဲ့ဂိုးက ကွယ်လွန်သူ ဖခင်ဖြစ်သူအတွက်လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုက “ဒီနေ့ပွဲမှာ သွင်းယူတဲ့ဂိုးက မတူညီတဲ့ခံစားမှုဖြစ်ပြီး ကျနော့်ရဲ့ အဖေအတွက်ပါ။ သူသာ အသက်ရှင်နေသေးရင် ဒီနေ့က သူ့ရဲ့မွေးနေ့ပါ”လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ရော်နယ်ဒိုရဲ့ဖခင်ဟာ အရက်နဲ့ ဆက်စပ်တဲ့ အသည်းရောဂါကြောင့် ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ ဖခင်သာဆက်ရှိမယ်ဆိုရင် အသက် ၇၁ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့အတွက် အယ်လ်နာဆာအသင်း ခေါင်းဆောင်ဟာ ဂိုးသွင်းအပြီးမှာ ဖခင်အတွက် ရည်းစူးတဲ့ အောင်ပွဲခံမှုကို ပြုလုပ်ခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ် ဒုတိယမြောက်ပွဲစဉ်အဖြစ် အယ်လ်ရေယန်အသင်းနဲ့ ကစားခဲ့တာ မှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းအတွက် ဂိုးတွေကို မာနေးနဲ့ ရော်နယ်ဒိုတို့က သွင်းယူခဲ့တာပါ။
ရော်နယ်ဒိုနဲ့ ဖခင်ဖြစ်သူကို တွေ့ရစဉ်
ဒီနိုင်ပွဲဟာ ဒီရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ အယ်လ်နာဆာအသင်းအတွက် ပထမဆုံးနိုင်ပွဲဖြစ်ခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်အဖြစ် အယ်လ်ရှောတာအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲတုန်း က ရော်နယ်ဒိုဟာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
အယ်လ်နာဆာအသင်းဟာ နည်းပြ ပိုင်အိုလီ လက်ထက်မှာ နိုင်ပွဲဆက်နေပြီး ရော်နယ်ဒိုဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ ဂိုးကြောင့် ဒီရာသီ ဆော်ဒီကလပ်အတွက် ကစားထားတဲ့ ၈ ပွဲမှာ ၇ ဂိုးအထိ သွင်းယူထားတာပါ။
ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းထားတဲ့ ရော်နယ်ဒိုအတွက် သွင်းဂိုးပေါင်း ၉၀၄ ဂိုးအထိလည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီတစ်ပတ် ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်အိုရိုဘက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အယ်လ်နာဆာအသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၅ ပွဲ ကစားထားပြီး ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၄ နေရာ မှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 2461
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀
ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ်ဂိုးသမား အလီဆွန်ကို လာမယ့်နှစ်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမနီဂိုးသမားဟောင်း နူအာရဲ့နေရာမှာ အစားထိုးဖို့ ဂိုးသမားရှာဖွေနေတာဖြစ်ပြီး လီဗာပူးလ်အသင်းဂိုးသမား အလီဆွန်ဟာ သူတို့ရဲ့ဦးစားပေးတွေထဲက တစ်ဦးအဖြစ်ရှိနေတာပါ။
ဒီရာသီမကုန်ခင် အသက် ၃၉ နှစ်ပြည့်တော့မယ့် နူအာဟာ ပြီးခဲ့တဲ့ ရာသီတွေအတွင်းမှာ ဒဏ်ရာ အများအပြားနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
နူအာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်နေပေမယ့် ၂၀၂၂-၂၃ ရာသီမှာ ဘွန်ဒက်လီဂါ ၁၂ ပွဲနဲ့ မနှစ်ကရာသီမှာ ဘွန်ဒက်လီဂါ ၂၃ ပွဲသာ ပါဝင်ကစားခဲ့တာပါ။
နူအာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး အသင်းမှာ ဆက်ရှိမလားဆို တာ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။
နူအာကို တွေ့ရစဉ်
လီဗာပူးလ်အသင်းကလည်း ဂျော်ဂျီယာဂိုးသမား မာမာဒက်ရှ်ဗီလီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး သူကတော့ လာမယ့်နွေရာသီမှာ ဗလင်စီယာအသင်းကနေ ရောက်ရှိလာမှာပါ။
အဲဒါကြောင့် မာမာဒက်ရှ်ဗီလီ ရောက်ရှိလာရင် အလီဆွန်ဟာ လီဗာပူးလ်အသင်းမှာ နံပတ်တစ်ဂိုးသမား နေရာ အတွက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
ဒီအချက်ကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ အထိ စာချုပ်ရှိနေတဲ့ အလီဆွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
အလီဆွန်ဟာ ပြီးခဲ့တဲ့နွေရာသီက ဆော်ဒီပရိုလိဂ်ကလပ် အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် လီဗာပူးလ် အသင်းမှာ ဆက်ပြီးရှိနေခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ် အရွယ်ရှိ အလီဆွန်ဟာ လီဗာပူးလ်အသင်းကို ၂၀၁၈ ခုနှစ်က ရိုးမားအသင်းကနေ ပေါင် ၆၆.၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ပွဲပေါင်း ၂၆၉ ပွဲပါဝင်ကစားကာ ၁ ဂိုးသွင်းယူထားတာပါ။
အလီဆွန်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဖီဖာကလပ် ကမ္ဘာ့ဖလား အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့ပြီး ဘရာဇီးလ်အသင်းအတွက် ၇၁ ပွဲ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1213
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းက အန်တယ်လ်ယာစပေါ်အသင်းကို အနိုင်ရခဲ့တဲ့ တူရကီစူပါလိဂ်ပွဲစဉ်မှာ သူ့ရဲ့စိတ်ပျက်မှုကို ပြသဖို့ လက်တော့ပ်အသုံးပြုခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်လူကြီးရဲ့ အဝါကတ်ပြသမှုကို ခံခဲ့ရပါတယ်။
မော်ရင်ဟိုဟာ ဖီနာဘာချီအသင်း တိုက်စစ်မှူး ဂျက်ကို သွင်းယူခဲ့တဲ့ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာ ကြောင့် ဒေါသထွက်ပြီး သူ့ရဲ့လက်တော့ပ်ကို ရုပ်သံကင်မရာရှေ့မှာ ထားပြီးပြသခဲ့တာပါ။
မော်ရင်ဟိုက ကွင်းလယ်ဒိုင်လူကြီးဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချခဲ့တာကို သက်သေပြသဖို့ ကြိုးပမ်းတဲ့အနေနဲ့ လက်တော့ပ်မှာ လူကျွံဘောအဖြစ် သတ်မှတ်ခံရတဲ့ ပုံကို ပြသခဲ့တာဖြစ်ပါတယ်။
ကွင်းလယ်ဒိုင်လူကြီးက မော်ရင်ဟိုရဲ့ သက်သေပြသမှုကို လက်မခံဘဲ အဝါကတ်ပြသခဲ့တာပါ။
မော်ရင်ဟိုကို တွေ့ရစဉ်
ဖီနာဘာချီအသင်းဟာ ဂျက်ကိုရဲ့ သွင်းဂိုးမရခဲ့ပေမယ့် အန်တယ်လ်ယာစပေါ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိ ခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဂါလာတာ စာရေးအသင်းကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ မီဒီယာတွေ့ဆုံမှုကို မတက်ခဲ့တာ ကြောင့် ဒဏ်ကြေးငွေ ချမှတ်ခြင်းကို ခံခဲ့ရသေးတာပါ။
ဖီနာဘာချီအသင်းဟာ ဒီရာသီ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ ၇ ပွဲ ကစားထားပြီး ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၂ နေရာ ရပ်တည်နေကာ အဆင့် ၁ နေရာက ဂါလာတာစာရေးအသင်းနဲ့ ၃ မှတ် ကွာဟနေတာဖြစ်ပါတယ်။
ဖီနာဘာချီအသင်းဟာ နည်းပြ မော်ရင်ဟိုရဲ့လက်အောက်မှာ ရလဒ်ကောင်းတွေ ရရှိထားပြီး ပြိုင်ပွဲစုံရှုံးပွဲ ၂ ပွဲသာ ကြုံတွေ့ထားရတာပါ။
ဖီနာဘာချီအသင်းဟာ ကြားရက်ထဲမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် တွမ်တီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ယူရိုပါလိဂ်အဖွင့်ပွဲစဉ်မှာ ယူနီယံ SG အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 3778
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက မက်ဒရစ်ဒါဘီပွဲစဉ်မှာ အသလက်တီကိုအသင်းကို သရေကျစေမယ့် သွင်းဂိုးပေးခဲ့ရတဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “ကျနော်တို့ဟာ အနိုင်ရဖို့ နီးစပ်ခဲ့တဲ့အတွက် သရေတစ်မှတ်သာ ရယူနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိပါတယ်။ ပြိုင်ဘက်က အလွန်အားကောင်းပြီး အရည်အသွေးတွေ အများကြီးရှိတာကြောင့်လည်း ဒီလိုတွေက ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့ဟာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ သွင်းဂိုးခွင့်ပြုခဲ့ ရပါတယ်”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီပွဲရဲ့ ပွဲချိန် ၆၄ မိနစ်မှာ မီလီတာအိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၅ မိနစ်မှာ ကော်ရီယာက အသလက်တီကိုအသင်းအတွက် ချေပဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ မက်ဒရစ်ဒါဘီပွဲစဉ်မှာ အသလက်တီကိုအသင်းနဲ့ အမှတ်ခွဲယူခဲ့ရတာပါ။
ဒီပွဲမှာ ရီးရယ်လ်အသင်း ဂိုးသွင်းပြီး အောင်ပွဲခံချိန် အသလက်တီကို ပရိသတ်တွေက ကွင်းထဲကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြလို့ ပွဲကို မိနစ် ၂၀ ကျော် ရပ်နားပြီးမှ ပြန်လည်စတင်နိုင်ခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းနဲ့ အသလက်တီကိုအသင်း ယှဉ်ပြိုင်နေစဉ်
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ပွဲကို ရပ်နားခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီပွဲသရေကျခဲ့တာကြောင့် လာလီဂါ အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းနဲ့ ၃ မှတ်အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေပြီး အသလက်တီကိုအသင်းက အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
ရီးရယ်လ်နဲ့ အသလက်တီကိုအသင်းတို့ဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ အသင်းတွေအဖြစ် ရှိနေပါတယ်။
ရီးရယ်လ်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လိုင်လီအသင်းနဲ့ အဝေးကွင်း၊ အသလက်တီကို အသင်းကလည်း ဘင်ဖီကာအသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 2641
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀
ယူနိုက်တက်အသင်းဟာ စပါးအသင်းကို အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ပြီးနောက် နည်းပြ အဲရစ်တန်ဟတ်ဟာ ထုတ်ပယ်ခံရမယ့် ဖိအားတွေအောက်ကို ရောက်ရှိလာခဲ့ပေမယ့် သူကတော့ ဒီအကြောင်းကို စဉ်းစားသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ရာထူးကနေ ထုတ်ပယ်ခံရမယ့်အကြောင်းကို ကျနော် မစဉ်းစားပါဘူး။ ကျနော်တို့ဟာ အချိန်လိုအပ်တယ်ဆိုတာကို သိပါတယ်။ ကျနော်တို့ဟာ စာမျက်နှာတစ်မျက်နှာ ဒါမှမဟုတ် လှေတစ်စီးအပေါ်မှာ ရှိနေကြပြီး အားလုံးအတူတကွ ရှိနေကြဖို့ ဆုံးဖြတ်ထားပါတယ်။ ကျနော် စိုးရိမ်မှုမရှိပါဘူး။ ကျနော်တို့အတွက် ပွဲအသစ်၊ နေ့အသစ်တွေ ရောက်လာမှာဖြစ်ပြီး ရလဒ်ဆိုးတွေကနေ ကျနော်တို့ပြန်လာနိုင်မှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ စပါးအသင်းကို အိမ်ကွင်းမှာ ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ စပါးအသင်းကို ပွဲချိန် ၃ မိနစ်မှာကတည်းက ဦးဆောင်ဂိုး ပေးခဲ့ရသလို ပထမပိုင်း ပြီးခါနီးမှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရတာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး စပါးအသင်းကို နောက်ထပ်သွင်းဂိုး ၂ ဂိုး ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ကစားသမားတွေကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်း ၂ ပွဲဆက်တိုက် ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရပြီး ဒီရာသီ ယှဉ်ပြိုင် ကစားပြီးတဲ့ ၈ ပွဲမှာ ၃ ပွဲသာအနိုင်ရကာ ရလဒ်တွေဆိုးနေခဲ့တာပါ။
အဲဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါ တယ်။
ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ ဒီအပေါ်မှာ သူမစိုးရိမ်ဘဲ ရလဒ်ကောင်းတွေ ပြန်ရယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။
ဒါအပြင် အဲရစ်တန်ဟတ်က ပြီးခဲ့တဲ့ တွမ်တီးအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်က အမှားမျိုးကို စပါးအသင်းနဲ့ပွဲမှာ ထပ်ပြီး ကြုံတွေ့ခဲ့ရတာက မဖြစ်သင့်ဘူးလို့ ပြောခဲ့သလို ဘရူနိုဖာနန်ဒက်စ်ရဲ့ အနီကတ်က ပွဲကို အပြောင်းအလဲ ဖြစ်သွားခဲ့တယ်လို့ လည်း ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ စပါးအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အဆင့် ၁၂ နေရာကို ရောက်ရှိ သွားခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အောက်တိုဘာလ နိုင်ငံတကာပွဲစဉ် မတိုင်ခင်မှာ ပေါ်တို၊ အက်စတွန်ဗီလာအသင်းတို့နဲ့ ပွဲကြပ်တွေ ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေက နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေး လာနိုင်တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 2546
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၈
အာဆင်နယ်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဒေးဗစ်ရာယာဟာ ဒဏ်ရာကြောင့် လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာဘူးလို့ နည်းပြ အာတီတာက ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီကတည်းက အာဆင်နယ်အသင်းရဲ့ ဂိုးပေါက်မှာ အကောင်းဆုံး လက်စွမ်းတွေ ပြသနေခဲ့တဲ့ ဒေးဗစ်ရာယာဟာ မန်စီးတီးအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာပါ။
အဲဒါကြောင့် ဒေးဗစ်ရာယာဟာ အာဆင်နယ်အသင်းက ဘော်လ်တန်အသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဘော်လ်တန်အသင်းနဲ့ပွဲမှာ အသက် ၁၆ နှစ်အရွယ်ရှိ ဂိုးသမား ဂျက်ပေါ်တာကို ပွဲထွက် ဂိုးသမားအဖြစ် အသုံးပြုသွားခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက “ဒေးဗစ်ရာယာကို လက်စတာအသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့် ခဲ့ပေမယ့် ဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေချာဘူး ဖြစ်နေပါတယ်။
အာတီတာကို တွေ့ရစဉ်
ဒေးဗစ်ရာယာ မပါဝင်နိုင်ဘူးဆိုရင် အာဆင်နယ်အသင်းဟာ နွေရာသီက ဘုန်းမောက်အသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့တဲ့ နက်တိုကို ပွဲထွက်ဂိုးသမား အဖြစ် အသုံးပြုသွားဖို့ ရှိနေတာပါ။
ပြီးခဲ့တဲ့ ဘော်လ်တန်အသင်းနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ နောက်ခံလူ တင်ဘာနဲ့ ဘန်ဝှိုက်တို့ဟာ လက်စတာအသင်း နဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြောထားပါတယ်။
နွေရာသီက ဆိုစီဒက်အသင်းကနေ ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ မယ်ရီနိုဟာ ပခုံးဒဏ်ရာကနေ တိုးတက်မှုရှိနေ ပေမယ့် လာမယ့်အပတ်မှသာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ရှုံးပွဲမရှိသေးဘဲ ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 3069
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၈
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ကွင်းလယ်လူ ရိုဒရီဟာ ဒူးအရွတ်(ACL)ဒဏ်ရာကြောင့် ဒီရာသီပွဲတွေကို ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။
ဂွာဒီယိုလာက “ရိုဒရီဟာ ခွဲစိတ်မှုခံယူပြီးပါပြီ။ ဒါကြောင့် လာမယ့်ရာသီမှသာ သူဒီမှာရှိနေတော့မှာပါ။ ဒီရာသီ ကတော့ သူ့အတွက် ပြီးသွားပါပြီ။ ကျနော်တို့အတွက် အရေးပါတဲ့ ကစားသမားမပါဝင်ဘဲ ပွဲတွေအများကြီး ကစားရဖို့အတွက် နည်းလမ်းရှာဖွေရမှာပါ”လို့ ပြောခဲ့တာပါ။
ရိုဒရီဟာ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရိုဒရီဟာ သူ့ရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေ ခံယူအပြီးမှာ ခွဲစိတ်မှုခံယူခဲ့ရကာ ရာသီ အကုန်ထိ အနားယူရတော့မှာပါ။
ရိုဒရီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်စီးတီးအသင်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကြောင့် အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်မှုဖြစ်ခဲ့ပါတယ်။
ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းရဲ့ ပွဲစဉ် ၅ ပွဲကို လွဲချော်ခဲ့ပြီး အသင်းဟာ ဒီပွဲတွေမှာ ၄ ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။
ဒီဘရိုင်းကို တွေ့ရစဉ်
မန်စီးတီးအသင်းရဲ့ အဓိကကွင်းလယ်လူဖြစ်တဲ့ ဒီဘရိုင်းကလည်း အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။
ဒီဘရိုင်းဟာ အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှသာ မန်စီးတီးအသင်းအတွက် ပြန်လည် ပါဝင်နိုင်ဖွယ်ရှိနေတာပါ။
မန်စီးတီးအသင်းဟာ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ပြီးရင် ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆလိုဗန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1573
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၈
ဘရာဇီးလ်အသင်းနည်းပြ ဒိုရီဗယ်လ်ဂျူနီယာက တိုက်စစ်မှူး နေမာကို နိုင်ငံအသင်း လူစာရင်းထဲ ပြန်လည် ရွေးချယ်ဖို့အတွက် ကြံ့ခိုင်မှု အပြည့်ရှိတဲ့အချိန်ထိ စောင့်ဆိုင်းမယ်လို့ ပြောခဲ့ပါတယ်။
ဒိုရီဗယ်လ်ဂျူနီယာက “နေမာဟာ အောက်တိုဘာ၊ နိုဝင်ဘာ ဒါမှမဟုတ် ဖေဖော်ဝါရီအထိ ပြန်မလာနိုင်ရင်တောင် ကျနော်တို့ စောင့်သွားမှာဖြစ်ပြီး၊ စိတ်ရှည်ရမှာပါ။ သူဟာ ယုံကြည်မှုရှိဖို့နဲ့ ကစားဖို့လိုအပ်သလို ဒီအရာတွေထက် ဒဏ်ရာကနေ အရှင်းပျောက်ကင်းဖို့လည်း လိုပါတယ်။ သူဟာ ကျနော်တို့အတွက် အရေးပါတဲ့သူ ဖြစ်တယ်ဆိုတာ နားလည်ပါတယ်”လို့ ပြောခဲ့တာပါ။
နေမာဟာ ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူခဲ့ရပြီး ကိုပါအမေရိကဖလားပြိုင်ပွဲ လွဲချော်ခဲ့သလို ဘရာဇီးလ်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ခြေစစ်ပွဲအချို့ကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် နေမာဟာ သူ့ရဲ့ကလပ်အသင်းဖြစ်တဲ့ အယ်လ်ဟီလယ်အသင်းအတွက် ၅ ပွဲသာ ပါဝင် ကစားထား ရသေးတာပါ။ \
နေမာကို တွေ့ရစဉ်
နေမာဟာ လက်ရှိအချိန်မှာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီဖြစ်ပေမယ့် ပွဲကစားနိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ အယ်လ်ဟီလယ်အသင်းနည်းပြက မကြာသေးခင်ကမှ ပြောထားတာဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရဖို့ ရုန်းကန်နေရပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။
အဲဒါကြောင့် ဘရာဇီးလ်အသင်းသားတွေနဲ့ ပရိသတ်တွေက နေမာ အမြန်ဆုံး ပြန်လာနိုင်ဖို့ မျှော်လင့်နေကြ ပါတယ်။
ဘရာဇီးလ်အသင်းဟာ အောက်တိုဘာလထဲမှာ ခြေစစ်ပွဲတွေအဖြစ် ချီလီ၊ပီရူးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 1585
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၈
ဖီဖာစည်းကမ်း ထိန်းသိမ်းရေးကော်မတီက အာဂျင်တီးနားအသင်း ဂိုးသမား အီမီမာတီနက်ဇ်ကို ရိုင်းစိုင်းတဲ့ အပြုအမူနဲ့ တရားမျှတတဲ့ ကစားနည်း အခြေခံမူတွေကို ချိုးဖောက်ကြောင်း တွေ့ရှိခဲ့ရပြီးနောက် ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အဲဒါကြောင့် အီမီမာတီနက်ဇ်ဟာ အောက်တိုဘာလထဲ ယှဉ်ပြိုင်မယ့် ဗင်နီဇွဲလား၊ ဘိုလီဗီးယားအသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်တွေမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
အီမီမာတီနက်ဇ်ဟာ စက်တင်ဘာလ ၅ ရက်က ချီလီအသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲက သူလုပ်ခဲ့တဲ့ ပုံစံအတိုင်း ကိုပါအမေရိကဖလားပုံတူကို သူ့ရဲ့ပေါင်ခြံနားမှာ ထားပြီးအောင်ပွဲခံခဲ့တာပါ။
အဲဒါကြောင့် အီမီမာတီနက်ဇ်ဟာ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့ကြောင်း ဖီဖာက တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။\
မာတီနက်ဇ်ကို တွေ့ရစဉ်
ဒါအပြင် အီမီမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းက ကိုလံဘီယာအသင်းကို အရေးနိမ့်ခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်ပွဲအပြီးမှာ ကင်မရာကိုင်ထားတဲ့သူကို တွန်းထုတ်မှုပြုလုပ်ခဲ့တာပါ။
အီမီမာတီနက်ဇ်ဟာ သူ့ရဲ့ဒီလုပ်ရပ်အတွက် အပြစ်ပေး အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။
အီမီမာတီနက်ဇ်ရဲ့ တွန်းထုတ်ခြင်းခံခဲ့ရတဲ့ ကင်မရာအော်ပရေတာဖြစ်သူက ဒီအဖြစ်အပျက်အတွက် သူဟာ အလွန် ဒေါသထွက်ခဲ့တယ်လို့ ကိုလံဘီယာမီဒီယာတွေကို ပြောခဲ့တာပါ။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကတော့ ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို လုံးဝသဘောမတူဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ် ၈ ပွဲစီ ကစားအပြီးမှာ အာဂျင်တီးနားအသင်းဟာ ရမှတ် ၁၈ မှတ်နဲ့ ထိပ်ဆုံးနေရာ ရပ်တည်နေပြီး အဆင့် ၂ နေရာက ကိုလံဘီယာအသင်းကို ၂ မှတ်အသာ ရရှိထားတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 3224
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇
One Friday Fights 81 Flyweight Kickboxing ပွဲစဉ်ဖြစ်တဲ့ တာခဲရုနဲ့ သန့်စင်တို့ပွဲမှာ တာခဲရုက ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
သန့်စင်ဟာ ပထမအချီမှာ တာခဲရုကို အမှတ်စဉ်ရေတွက်နိုင်အောင်အထိ ထိုးနိုင်ခဲ့တာပါ။
ဒါပေမယ့် ဒုတိယအချီမှာတော့ သန့်စင်ဟာ တာခဲရုရဲ့ထိုးချက်တွေကို အဆတ်မပြတ်ခံခဲ့ရတာကြောင့် အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။