
- By CNI
- Category: အားကစား
- Hits: 1339
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ကိုဗင်ထရီအသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်မှာ သူ့ရဲ့ လူစာရင်းရွေးချယ်မှုအပေါ် ဝေဖန်မှုတွေကို ပြန်ပြီးတုန့်ပြန်ခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ကျနော်တို့ဟာ မှန်ကန်တဲ့ အရာကိုလုပ်ဖို့ အမြဲတမ်း ကြိုးစားနေတာဖြစ်ပြီး အကောင်းဆုံး အရာဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ ကျနော် အမြဲတမ်းလုပ်ခဲ့တဲ့ အရာတွေက အကောင်းဆုံးလို့ ခံစားရ ပါတယ်။ ဒီကစားသမားတွေဟာ အမြဲတမ်းကစားနေတာ ဖြစ်ပေမယ့် လာမယ့် အပတ်ကစပြီး ဥရောပပွဲတွေ ကစားရတော့မှာပါ။ ဒီပွဲမှာ ကျနော်တို့ရဲ့ ကစားသမားအချို့ဟာ ကောင်းမွန်တဲ့ မိနစ်တွေရခဲ့လို့ လာမယ့်ပွဲတွေ အတွက် သူတို့အဆင်သင့်ဖြစ်နေပြီ”လို့ ပြောခဲ့တာပါ။
ကိုဗင်ထရီအသင်းကို အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်မှာ စပါးအသင်းဟာ ပွဲထွက် ကစားသမားစာရင်းကို ၈ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ဒီပွဲမှာ ကိုဗင်ထရီအသင်းရဲ့ ဦးဆောင်ဂိုး သွင်းခြင်းကို ခံခဲ့ရပြီး ပွဲချိန် ၈၈ မိနစ်မှာ စပန့်က ချေပဂိုး နဲ့ မိနစ် ၉၀ ပြည့်အပြီး နာကျင်အချိန်ပိုမှာ ဘရီနန်ဂျွန်ဆင်က အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
ပိုစတီကိုဂလူးကို တွေ့ရစဉ်
အဲဒါကြောင့် စပါးအသင်းဟာ ကိုဗင်ထရီအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ကာရာဘောင်းဖလား နောက်တစ်ဆင့် ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်အသင်းကို အရေးနိမ့်ပြီး နောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒီပွဲမှာလည်း ပိုစတီကိုဂလူးဟာ ဘာ့ဂျ်ဗောလ်ကို လူစားလဲချိန်မှာ စပါးအသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှု တွေကို ခံခဲ့ရတာဖြစ်ပါတယ်။
ပိုစတီကိုဂလူးက ပရိသတ်တွေမှာလည်း ကိုယ်ပိုင် ထင်မြင်ချက်တွေရှိတယ်လို့ လှောင်ပြောင်ခံရမှုအပေါ်မှာ ပြောခဲ့တာပါ။
စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည် နေပြီး ဒီတစ်ပတ်လိဂ်ပွဲစဉ်အဖြစ် ဘရန်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 821
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉
အင်တာမီလန်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းရဲ့ ဒဏ်ရာကို အကဲဖြတ်မှုတွေ ပြုလုပ်နေတယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ ဒီနေ့မှာ သူ့ရဲ့အခြေအနေကို အကဲဖြတ်မှာဖြစ်ပြီး မနက်ဖြန်မှာဆိုရင် နောက်ထပ် အချက်အလက်တွေကို ရရှိမှာပါ။ အာဆင်နယ်နဲ့ပွဲမှာ သူပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ”လို့ ပြောခဲ့ တာပါ။
ဒီဘရိုင်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းပြီးခါနီးမှာ ဒဏ်ရာရရှိခဲ့တာကြောင့် နည်းပြ ဂွာဒီယိုလာဟာ သူ့ကို ဂန်ဒိုဂန်နဲ့ လူစားလဲမှုပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီအပတ်ထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်အချိန်မှာ ဒီဘရိုင်းရဲ့ ဒဏ်ရာဟာ အသင်းအတွက် ကြီးမားတဲ့စိုးရိမ်မှု ဖြစ်စေခဲ့တာပါ။
ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ရာသီက တံကောက်ကြောဒဏ်ရာကြောင့် ကလပ်နဲ့ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၄၁ ပွဲကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်
မန်စီးတီးအသင်းဟာ အင်တာမီလန်အသင်းနဲ့ သရေကျခဲ့တာကြောင့် ၅ နှစ်အတွင်း ချန်ပီယံလိဂ် အုပ်စုအဆင့် အိမ်ကွင်းပွဲစဉ်တွေမှာ ပထမဆုံးအကြိမ် အမှတ်လျော့ခဲ့တာပါ။
ဂွာဒီယိုလာက မန်စီးတီးအသင်း နိုင်ပွဲမရခဲ့ပေမယ့် ဒီပွဲက စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “တကယ်ကိုခက်ခဲတဲ့ အီတလီ ချန်ပီယံအသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ကျနော်တို့ဟာ အခွင့်အရေး အချို့ကို ဖန်တီးနိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲကထက် အများကြီး ပိုကောင်းအောင် ကစားနိုင် ခဲ့ပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာ အနိုင်ရချင်ခဲ့ပေမယ့် ကစားဖို့ ၇ ပွဲကျန်ပါသေးတယ်”လို့ ပြောခဲ့
တာပါ။
ရာသီအစ ပရီးမီးယားလိဂ် ၄ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲရယူထားတဲ့ မန်စီးတီးအသင်းဟာ စက်တင်ဘာ ၂၂ ရက်မှာ အာဆင်နယ်အသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 2527
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၈
ရီးရယ်လ်အသင်းဟာ လီဗာပူးလ်အသင်းနောက်ခံလူ အာနိုးလ်နဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်တွေကို ပစ်မှတ် ထားနေပြီး လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့စီစဉ်နေပါတယ်။
The Independent က ရီးရယ်လ်အသင်းဟာ လီဗာပူးလ်အသင်း ညာနောက်ခံလူ အာနိုးလ်၊ မန်စီးတီး အသင်း ကွင်းလယ်လူ ရိုဒရီနဲ့ ဗဟိုနောက်ခံလူတွေဖြစ်တဲ့ အာဆင်နယ်အသင်းက ဆာလီဘာ၊စပါးအသင်းက ရိုမဲရိုးတို့ထဲက တစ်ဦးကို ခေါ်ယူချင်နေတယ်လို့ ဖော်ပြထားတာပါ။
ရီးရယ်လ်အသင်းဟာ ဒီနွေရာသီမှာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီကို ခေါ်ယူပြီး သူတို့ရဲ့ခေတ်အသစ်ကို စတင်ခဲ့တာဖြစ်ပါတယ်။
စပိန်ကလပ်ဟာ တိုနီကရူးစ် ထွက်ခွာသွားပြီးနောက် ပြန်အစားမထိုးရသေးတဲ့ ကွင်းလယ် နေရာအတွက် မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပါ။
ရီးရယ်လ်အသင်းနဲ့ အာနိုးလ်တို့ဟာ နွေရာသီက ချိက်ဆက်မှုတွေရှိခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး။
ဒါပေမယ့် အာနိုးလ်ရဲ့ လီဗာပူးလ်အသင်း စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်လို့ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့မှုဟာ ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။
ရီးရယ်လ်အသင်းက ခေါ်ယူဖို့ စဉ်းစားနေတဲ့ ကစားသမားတွေကို တွေ့ရစဉ်
ဆာလီဘာနဲ့ ရိုမဲရိုးတို့ဟာ အာဆင်နယ်နဲ့ စပါးအသင်းတို့ရဲ့ အဓိက ကစားသမားအဖြစ်ရှိနေပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ရှိနေတာပါ။
ရီးရယ်လ်အသင်းဟာ ဆာလီဘာနဲ့ ရိုမဲရိုးတို့ နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူနိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။
စပိန်ကလပ်ဟာ အနာဂတ် အပြောင်းအရွှေ့ ခေါ်ယူမှုတွေအတွက် အခုကတည်းက စတင်ပြင်ဆင်မှုတွေ ပြုလုပ် နေတာပါ။
ပြီးခဲ့တဲ့ရာသီက လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ စတုဂတ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီရာသီ လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာ ရပ်တည်နေတဲ့ ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လိဂ်ပွဲစဉ် အဖြစ် အက်စပန်ညိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 2541
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၈
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ နည်းပြဖြစ်သူ ကတ်စထရိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး နောက် အသင်းခေါင်းဆောင် ရော်နယ်ဒိုက နှုတ်ဆက်မက်ဆေ့ချ် ပေးပို့ခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီရာသီအစပွဲစဉ်တွေမှာ ရလဒ်တွေမကောင်းခဲ့တာကြောင့် ပေါ်တူဂီလူမျိုးနည်းပြ ကတ်စထရိုကို ရာထူးကထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ် ၃ ပွဲကစားအပြီး မှာ ၁ ပွဲသာအနိုင်ရကာ ၂ ပွဲသရေကျခဲ့သလို အာရှချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာလည်း သရေကျခဲ့တာဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီရာသီမှာအောင်မြင်မှုတွေရယူနိုင်ဖို့ ပစ်မှတ်ထားနေတာကြောင့် ရာသီအစမှာတင် နည်းပြအပြောင်းအလဲကို အမြန်ဆုံးပြုလုပ်ခဲ့တာပါ။
အယ်လ်နာဆာအသင်းက ကတ်စထရိုကို ထုတ်ပယ်ခဲ့ပြီးနောက်မှာ ရော်နယ်ဒိုက သူတို့နှစ်ဦးအတူ တွဲရိုက်ထားတဲ့ ပုံနဲ့ အရာအားလုံးအတွက် ကျေးဇူးတင်တယ်လို့ စာရေးသားကာ သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ ကတ်စထရိုရဲ့နေရာမှာ အေစီမီလန်အသင်းနည်းပြဟောင်း ပိုင်အိုလီကို နည်းပြသစ်အဖြစ်အစားထိုး ခန့်အပ်ဖို့ရှိနေတာပါ။ ပိုင်အိုလီဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ အေစီမီလန်အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။
ပိုင်အိုလီဟာ အစောပိုင်းက အယ်လ်အစ်တီဟတ်အသင်းနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ပျက်ပြယ် ခဲ့တာပါ။
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပြီးခဲ့တဲ့ အာရှချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ အယ်လ်နာဆာအသင်းအတွက် မပါဝင်နိုင်ခဲ့ပေမယ့် လာမယ့် အယ်လ်အက်တီဖတ်အသင်းနဲ့ လိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖို့ ရှိနေပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၅ ပွဲပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူထားတာ ဖြစ်ပါ တယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1510
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၈
ယူနိုက်တက်အသင်းက ဘန်စလေအသင်းကို ၇ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား တတိယ အဆင့် ပွဲစဉ်အပြီးမှာ နည်းပြ အဲရစ်တန်ဟတ်က ပြီးပြည့်စုံတဲ့ညလို့ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “အသင်းအတွက် ပြီးပြည့်စုံတဲ့ညပါပဲ။ ကျနော်တို့ဟာ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့ သလို အလွန်ကောင်းမွန်တဲ့ ဂိုးအချို့ကိုလည်း သွင်းယူကာ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။ ကျနော် တို့ဟာ စီစဉ်ထားတဲ့အတိုင်း အရာအားလုံးကို လုပ်နိုင်ခဲ့တယ်လို့ထင်ပြီး ကျနော်တို့ရဲ့ပုံစံအတိုင်းပဲ လုပ်နိုင်ခဲ့လို့ ပျော်ရွှင်ကြောင်း”ပြောခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် ဂိုးတွေကို ရက်ရှ်ဖို့ဒ်၊ ဂါနာချိုနဲ့ အဲရစ်ဆန်တို့က ၂ ဂိုးစီ သွင်းယူခဲ့ပြီး အန်တိုနီ က ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီဂိုးပြတ်နိုင်ပွဲဟာ အဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းနည်းပြဘဝ အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲလည်း ဖြစ်ခဲ့ တာပါ။
ဒါအပြင် ၂၀၂၁ ခုနှစ်က ဆောက်သမ်တန်အသင်းကို ၉ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် ယူနိုက်တက်အသင်း အတွက် ဂိုးအပြတ်ဆုံး နိုင်ပွဲဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ပရီးမီးယားလိဂ် ရာသီအစပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိလို့ ဝေဖန်မှုတွေခံနေရတဲ့ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းအတွက် ၂ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ ဆောက်သမ်တန်အသင်းနဲ့ပွဲမှာ ၁ ဂိုး၊ ဘန်စလေအသင်းနဲ့ပွဲမှာ ၂ ဂိုးသွင်းယူကာ ခြေစွမ်းပြန်လည် ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ရက်ရှ်ဖို့ဒ်သာ ဂိုးသွင်းယူနိုင်ရင် အသင်းအတွက် ပိုလွယ်ကူပြီး သူ့ရဲ့သွင်းဂိုးတွေ အများအပြား မြင်တွေ့ရမယ်လို့ပြောခဲ့တာပါ။
နောက်ဆုံး ၂ ပွဲ ဆက်တိုက် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 660
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၈
ဘိုင်ယန်မြူးနစ်အသင်းက ဒိုင်နမိုဇာဂရက်အသင်းကို ၉ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၄ ဂိုး သွင်းယူခဲ့တဲ့ ဟာရီကိန်းဟာ ဝိန်းရွန်နီရဲ့ စံချိန်ကိုကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံး အင်္ဂလိပ်ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဟာရီကိန်းဟာ ဒီပွဲက သွင်းဂိုးတွေကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၃၃ ဂိုးအထိရှိလာခဲ့ပြီး ယူနိုက်တက် အသင်း ဂန္ထဝင် ဝိန်းရွန်နီရဲ့ အရင်စံချိန်သွင်းဂိုး ၃၀ ကို ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ပွဲတည်းမှာ သွင်းဂိုး ၉ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီပွဲမှာ ဟာရီကိန်းရဲ့ သွင်းဂိုးတွေအပြင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးတွေကို အိုလီဆီက ၂ ဂိုး၊ ဂွာရဲရိုး၊ ဆာနေးနဲ့ ဂေါ်ရက်စကာတို့က ၁ ဂိုးစီ သွင်းယူခဲ့ပါတယ်။
ဟာရီကိန်းက ဒီပွဲဟာ အံ့သြစရာကောင်းတဲ့ပွဲနဲ့ ရူးသွပ်စရာကောင်းတဲ့ပွဲ ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက သူ့ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဟာရီကိန်းကို တွေ့ရစဉ်
ကွန်ပနီက “သူဟာ စိတ်အား ထက်သန်တဲ့သူဖြစ်တဲ့အတွက် နည်းပြတစ်ဦးအနေနဲ့ ကျနော့်အတွက် ပိုပြီး လွယ်ကူပါတယ်။ ဘာလို့လဲဆိုရင် စိတ်အားထက်သန်တဲ့ ထိပ်တန်းကစားသမားတစ်ဦး ရှိနေတာဟာ အရာ အားလုံးကို ပိုပြီးလွယ်ကူစေပါတယ်။ သူဟာ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နိုင်ငံအသင်းမှာလည်း အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူနေရတာပါ။ သူ့လို ကစားသမားတွေဟာ ဒီအချိန်မှာ သူတို့လုပ်ရမယ့် အရာကို သိကြပြီး ဒါကိုသူလုပ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
၂၀၂၃ ခုနှစ်က စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၅ ပွဲ ကစားထားအပြီးမှာ ၉ ဂိုး သွင်းယူထားသလို ပြိုင်ပွဲစုံပွဲပေါင်း ၅၀ မှာ ၅၃ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီနည်းပြသစ် ကွန်ပနီလက်ထက်မှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး ဘွန်ဒက်လီဂါ ပြိုင်ပွဲမှာလည်း အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီတစ်ပတ်လိဂ်ပွဲစဉ် အဖြစ် ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 2533
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း မာရှယ်ဟာ ဂရိကလပ် AEK အေသင်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ မာရှယ်ဟာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်း အပါအဝင် အသင်းအများအပြားနဲ့ ချိတ်ဆက်မှုတွေရှိခဲ့တာပါ။
အခုအချိန်မှာတော့ မာရှယ်ဟာ AEK အေသင်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီဖြစ်ပါတယ်။
Sport 24 သတင်းမှာ မာရှယ်ဟာ ဂရိကလပ်အသင်းနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုဖို့ နောက်ဆုံး စာရွက်စာတမ်းတွေ ဖလှယ်နေတယ်လို့ ဖော်ပြထားတာပါ။
မာရှယ်ဟာ AEK အေသင်အသင်းမှာ တစ်ရာသီကို ပေါင် ၂.၅ သန်း ရရှိမယ်လို့ သိရပါတယ်။
အပိုဆုကြေးတွေ အပါအဝင် စုစုပေါင်း ပေါင် ၇.၅ သန်းရှိတဲ့ ဒီသဘောတူညီမှုဟာ AEK အေသင်အသင်းသမိုင်းမှာ အကြီးမားဆုံး စာချုပ်ချုပ်ဆိုမှုဖြစ်ပါတယ်။
မာရှယ်ကို တွေ့ရစဉ်
မာရှယ်ဟာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကို ၃ နှစ် စာချုပ်ချုပ်ဆိုဖို့ ပြောဆိုမှုကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီးနောက် AEK အေသင်အသင်းက ဒီစာချုပ် ပမာဏအတိုင်း ကမ်းလှမ်းကာ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
မာရှယ်ဟာ AEK အေသင်အသင်းမှာ စပါးကစားသမားဟောင်း လာမယ်လာ၊ ဝက်ဖို့ဒ်အသင်းက ပီရီရား၊ နော်ဒင်အမ်ရာဘတ်၊ ဘရန်ဖို့ဒ်အသင်းက သောမက်စ်တို့နဲ့အတူ တွဲဖက်ပြီး ကစားရမှာပါ။
AEK အေသင်အသင်းဟာ ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဖိုဖာနာကို အငှားနဲ့ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့လို့ ကစားသမားဟာ တူရကီကလပ် ဂေါ့ဇ်တီပီအသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။
AEK အေသင်အသင်းဟာ ဒီရာသီ ဂရိစူပါလိဂ် ၄ ပွဲ ကစားအပြီးမှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 518
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇
ဘာစီလိုနာအသင်းဟာ ၂၀၂၃ ခုနှစ် ဘောလွန်းဒီအောဆုရှင် ဘွန်မာတီကို အသင်းမှာ ၂၀၂၈ ခုနှစ်အထိရှိမယ့် ၄ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။
စာချုပ်သစ်ကြောင့် ဘွန်မာတီဟာ အမျိုးသမီးဘောလုံးလောကမှာ လုပ်ခလစာ အများဆုံးရရှိတဲ့ ကစားသမား ဖြစ်လာမယ်လို့ သိရပါတယ်။
ဘွန်မာတီနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အရင်စာချုပ်ဟာ ဒီရာသီအကုန်ဆိုရင် ကုန်ဆုံးမှာဖြစ်လို့ အသင်းအကြီး အချို့က သူ့ရဲ့အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဘွန်မာတီရဲ့အေးဂျင့်ဖြစ်သူက ချယ်လ်ဆီးအသင်းဟာ ဘွန်မာတီရဲ့ နောက်ဆုံး စာချုပ်မှာပါဝင်တဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို ၃ သန်းကို ပေးချေဖို့ ပြင်ဆင်ထားတယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဘွန်မာတီကို အသင်းမှာ ကာလရှည်ကြာရှိမယ့် စာချုပ်သစ်ချုပ်ပြီး ဆက်ထိန်းသိမ်းခဲ့တာပါ။
အမျိုးသမီးဘောလုံးလောကမှာ လစာတွေကို လူသိရှင်ကြား ထုတ်ပြန်လေ့မရှိပေမယ့် NWSL နဲ့ WSL တို့မှာ ထိပ်တန်း ဝင်ငွေရရှိတဲ့သူတွေဟာ တစ်နှစ်ကို ယူရို ၄ သိန်းနဲ့ ၆ သိန်းကြား ရရှိတယ်လို့ ESPN က ဖော်ပြထား ပါတယ်။
ဘွန်မာတီကို တွေ့ရစဉ်
အသက် ၁၁ နှစ်အရွယ်မှာ ဘာစီလိုနာအသင်းကို ရောက်ရှိလာခဲ့တဲ့ ဘွန်မာတီဟာ စပိန်ကလပ်အတွက် ပွဲပေါင်း ၂၆၉ ပွဲ ပါဝင်ကစားထားတာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ ဘွန်မာတီဟာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ် အပါအဝင် ဆုဖလားအများအပြား ရယူထားတာ ဖြစ်ပါတယ်။
ဒါအပြင် ဘွန်မာတီဟာ စပိန်အသင်းကို အမျိုးသမီး ကမ္ဘာ့ဖလားနဲ့ နေးရှင်းလိဂ် ချန်ပီယံဆုရရှိအောင် ကူညီပေးနိုင် ခဲ့တာပါ။
အဲဒါကြောင့်လည်း ဘွန်မာတီဟာ ၂၀၂၃ ခုနှစ်ထဲမှာ ဘောလွန်းဒီအောဆု၊ ဖီဖာအမျိုးသမီး အကောင်းဆုံး ကစားသမားဆုတို့အပြင် တစ်ဦးချင်း အကောင်းဆုံးဆုတွေ အများအပြား ရယူနိုင်ခဲ့ပါတယ်။
ဘွန်မာတီဟာ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆု အတွက်လည်း ဆန်ခါတင်စာရင်းထဲ ပါဝင်နေတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 406
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ကာရာဘောင်းလိဂ်ဖလားက အရေးပါတဲ့ပြိုင်ပွဲအဖြစ် ရှိနေတယ်ဆိုတာ သူယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်ကတော့ ဒီပြိုင်ပွဲက အရေးပါတယ်လို့ပြောချင်ပါတယ်။ FA ဖလား ကာရာဘောင်း ဖလားတို့ဟာ အရေးပါပါတယ်။ မနှစ်က လီဗာပူးလ်အသင်း ကာရာဘောင်းဖလား ရယူနိုင်ခဲ့သလို ဆုဖလား တွေရယူတဲ့အချိန်မှာ အသင်းတွေအားလုံး၊ပိုင်ရှင်တွေအားလုံးနဲ့ မန်နေဂျာအားလုံးရဲ့အာရုံစိုက်မှုကို ကျနော် မြင်ပါတယ်။ အသင်းတိုင်းက ပြိုင်ဆိုင်နေကြပြီး ကျနော်တို့ကလည်း ဒါကို လိုချင်ပါတယ်။ ဘောလုံးမှာ ဆုဖလားတွေရယူဖို့က အလွန်အရေးကြီးပါတယ်” လို့ ပြောခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ယူနိုက်တက်အသင်းနည်းပြဘ၀ ပထမရာသီမှာ ကာရာဘောင်းလိဂ် ဖလားရယူ ပေးနိုင်ခဲ့သလို မနှစ်ကရာသီမှာ FA ဖလား ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ထိပ်တန်း ကလပ်အသင်း အများအပြားဟာ လိဂ်ဖလားအပေါ် အာရုံစိုက်လာခဲ့ပြီး ပြိုင်ဆိုင်မှုတွေလည်း ပြင်းထန်လာခဲ့တာပါ။
ယူနိုက်တက် အသင်းဟာ လိဂ်ဖလားတတိယအဆင့်အဖြစ် ဘန်စလေအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြ အဲရစ်တန်ဟတ်က ဒီဖလားက အရေးပါတယ်လို့ ပွဲမတိုင်ခင် ပြောခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီအစ ပရီးမီးယားလိဂ် ၄ ပွဲကစားအပြီးမှာ ရလဒ်ကောင်းမွန်ခြင်းမရှိသေးဘဲ ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၀ နေရာမှာရပ်တည်နေတာပါ။
မန်ချက်စတာကလပ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒီပွဲစဉ်မှာ နောက်ခံလူတွေဖြစ်တဲ့ မက်ဇ်ရာအူရီ၊ဒီလစ်နဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ ဒဏ်ရာစိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်။
ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်က သူတို့ ၃ ဦး စလုံး ဘန်စလေအသင်းနဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ အတည်ပြုထားတာပါ။
ယူနိုက်တက်အသင်းဟာ ဘန်စလေအသင်းနဲ့ ကာရာဘောင်းလိဂ်ဖလားပွဲစဉ်ပြီးရင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 1970
CNI Sport News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က သူတို့ဟာ အေစီမီလန်အသင်းကို လေးစားမှု အများကြီးရှိပေမယ့် ကြောက်နေမှာမဟုတ်ဘူးလို့ ရာသီသစ် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မတိုင်ခင် ပြောလိုက်ပါတယ်။
အာနီဆလော့က “ဘယ်မန်နေဂျာကမှ တခြားအသင်းနဲ့ ယှဉ်ပြိုင်ရမှာကို မကြောက်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အေစီမီလန်အသင်းကို လေးစားမှု အများကြီးရှိပါတယ်။ သူတို့မှာ အရည်အသွေးတွေရှိပေမယ့် ကျနော်တို့ မကြောက်ပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ပုံစံကို ပြသနိုင်ခဲ့ပါတယ်။ ကြောက်တယ်ဆိုတာ ကျနော်တို့သုံးတဲ့ စကားလုံးမဟုတ်ပါဘူး။ ကျနော်တို့ အလွန်လေးစားပါတယ်”လို့ သတင်း ထောက်တွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ နည်းပြဟောင်း ကလော့ပ် ခေတ်အလွန် နည်းပြသစ် အာနီဆလော့ လက်ထက်မှာ ရာသီအစ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၃ ပွဲစလုံး အနိုင်ရခဲ့ပေမယ့် နောက်ဆုံးပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ် အသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းကတော့ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အကောင်းဆုံးပုံစံ ပြသနိုင်ခြင်း မရှိသေးဘဲ ၄ ပွဲကစားပြီး ရမှတ် ၅ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာပါ။
လီဗာပူးလ်အသင်းကို တွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ အေစီမီလန်အသင်းနဲ့ ပွဲစဉ်အတွက် နွေရာသီ အပြောင်းအရွှေ့က ဂျုဗင်တပ်စ်အသင်းကနေ ဝယ်ယူခဲ့တဲ့ တောင်ပံကစားသမား ချီယေဆာကို လူစာရင်းထဲ ခေါ်ဆောင်လာခဲ့ပါတယ်။
ဒါပေမယ့် နည်းပြ အာနီဆလော့က ချီယေဆာကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။
အာနီဆလော့က “ချီယေဆာဟာ လေ့ကျင့်ချိန် အနည်းငယ်ပဲ ရှိထားတဲ့အတွက် မိနစ် ၉၀ ကစားခိုင်းဖို့ဆိုတာ စောလွန်းပါတယ်။ ကျနော်တို့ သူ့ကိုလိုအပ်တယ်ဆိုရင် မိနစ်အနည်းငယ် အသုံးပြုသွားဖို့ရှိပါတယ်။ ဒါပေမယ့် လာမယ့်ပွဲတွေမှာတော့ သူပွဲကစားချိန်ရဖို့ မျှော်လင့်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။
အေစီမီလန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ရီးရယ်လ်အသင်းပြီးရင် ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းမှာ အောင်မြင်မှု အများဆုံးရရှိထားတဲ့ အသင်းတွေဖြစ်တာပါ။
အေစီမီလန်အသင်းက ချန်ပီယံဆုကို ၇ ကြိမ် ရရှိထားပြီး လီဗာပူးလ်အသင်းက ၆ ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။
Source: CNA