CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၀
ဘရာဇီးလ်ဂန္ထဝင် ကစားသမားတစ်ဦးဖြစ်တဲ့ ကာကာက နည်းပြအန်ဆယ်လော့တီရဲ့ နည်းပြအဖွဲ့ဝင်ထဲ ဝင်ရောက်ပြီး နိုင်ငံအသင်းကို ကူညီဖို့ အဆင်သင့်ပဲလို့ ဖွင့်ဟခဲ့ပါတယ်။
ကာကာက “ကျနော်ဟာ တစ်နည်းနည်းနဲ့ ကူညီပေးနိုင်မယ်လို့ အသင်းဘက်ကထင်ရင် ကျနော်လည်း ဒီအချိန်မှာ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ ကျနော်ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ကျနော်ဟာ ၂၀၁၇ မှာ ကစား တာကနေ ရပ်တန့်ပြီး ဟားဗတ်မှာ အားကစားဆိုင်ရာ စီးပွားရေး သင်တန်းတွေ တက်ခဲ့ပါတယ်။ ပြီးတော့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်မှာ နည်းပြသင်တန်းတက်ခဲ့ပါတယ်။ ကျနော်ဟာ နိုင်ငံအသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွေ့အကြုံရှိပါတယ်။ အခွင့်အရေးရရင် ဘရာဇီးလ်လက်ရွေးစင်အတွက် တာဝန်ထမ်းဆောင်ဖို့ ကျနော် အဆင်သင့် ဖြစ်နေပါပြီ”လို့ Caze TV ကို ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ အန်ဆယ်လော့တီဟာ သူ့ရဲ့ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ကာကာကို နည်းပြအဖွဲ့ဝင်ထဲ ထည့်သွင်းဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ကာကာနဲ့ အန်ဆယ်လော့တီတို့ဟာ အေစီမီလန်၊ ရီးရယ်လ်အသင်းတို့မှာ အတူလက်တွဲပြီး အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့တာပါ။
ကာကာဟာ ဘရာဇီးလ်အသင်းအတွက် ၂၀၀၂ ကနေ ၂၀၁၆ ခုနှစ်အထိ ပွဲပေါင်း ၉၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၉ ဂိုး သွင်းယူကာ ၂၀၀၂ ကမ္ဘာ့ဖလား၊၂၀၀၅ နဲ့ ၂၀၀၉ ကွန်ဖက်ဒရေးရှင်း ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
အန်ဆယ်လော့တီနဲ့ ကာကာကို တွေ့ရစဉ်
ရီးရယ်လ်အသင်းကို ကိုင်တွယ်နေတဲ့ အန်ဆယ်လော့တီဟာ ဒီရာသီ လာလီဂါပြိုင်ပွဲ ပြီးဆုံးချိန်အထိ ကိုင်တွယ်ပြီးရင် မေလ ၂၆ ရက်မှာ ဘရာဇီးလ်အသင်းကို စတင်ကိုင်တွယ်တော့မှာပါ။
အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းသမိုင်းမှာ ပထမဆုံး နိုင်ငံခြားသားနည်းပြလည်း ဖြစ်ခဲ့ပါတယ်။
အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းကို ဇွန်လ ၅ ရက်မှာ ယှဉ်ပြိုင်မယ့် အီကွေဒေါအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်ကို သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် တာဝန်ယူမှာပါ။
ဘရာဇီးလ်အသင်းဟာ ဒီပွဲအပြီး ၅ ရက်အကြာမှာ ပါရာဂွေးအသင်းနဲ့ ခြေစစ်ပွဲဆက်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ခြေစစ်ပွဲ ၁၄ ပွဲ ကစားထားပြီး ရမှတ် ၂၁ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။
အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ထပ်မံ သက်တမ်းတိုးခွင့် ပါဝင်တယ်လို့ ESPN က ဖော်ပြထားပါတယ်။