CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၂၀

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံး ၅ သင်းထဲ ဝင်ရောက်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်မယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ နည်းပြဂွာဒီယိုလာက ပြောခဲ့ပါတယ်။ 

ဂွာဒီယိုလာက “ကျနော်ကတော့ ကျနော်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမယ်လို့ ထင်ပါတယ်။ ကျနော်တို့ ရမှတ် ၄ မှတ်လိုပြီး ဒါက အဓိကပစ်မှတ်ပါ။ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်ဆိုတာ လုံးဝယုံကြည်မှုရှိပါတယ်။ ကစားဖို့ ၂ ပွဲ ရှိနေပြီး ရမှတ် ၄ မှတ်ရရင် လုံလောက်ပါပြီ။ လူတိုင်းဒါကို ရယူချင်တယ်”လို့ ပြောခဲ့တာပါ။ 
လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် ချန်ပီယံလီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့သာ ဝင်ခွင့် သေချာသေးပြီး ကျန် ၃ နေရာအတွက် နယူးကာဆယ်၊ ချယ်လ်ဆီး၊ အက်စတွန်ဗီလာ၊ မန်စီးတီးနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့က အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ 

နယူးကာဆယ်၊ ချယ်လ်ဆီးနဲ့ အက်စတွန်ဗီလာအသင်းတို့ဟာ ရမှတ် ၆၆ မှတ် ရရှိထားပြီး မန်စီးတီးအသင်းက ၁ ပွဲလျော့ ရမှတ် ၆၅ မှတ်နဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းကလည်း ရမှတ် ၆၅ မှတ်ရရှိထားတာပါ။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို နောက်ဆုံး အကြိမ်လွဲချော်ခဲ့တာက ၂၀၁၉-၁၀ ရာသီက ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေပြီး နောက်ဆုံးကစားခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ရမှာပါ။

မန်စီးတီးအသင်းကို တွေ့ရစဉ်

ဒါအပြင် ချန်ပီယံလိဂ် ဝင်ခွင့်အတွက်လည်း နောက်ဆုံးပွဲစဉ်အထိ ရုန်းကန်ရမှာဖြစ်ပေမယ့် နည်းပြဂွာဒီယိုလာက မန်စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။

ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ဟာ ဒီရာသီ မန်စီးတီးအသင်းရဲ့ နောက်ဆုံး အိမ်ကွင်း ပွဲစဉ် ဖြစ်သလို ရာသီကုန်မှာ ထွက်ခွာမယ့် ကွင်းလယ်လူဒီဘရိုင်းရဲ့ မန်စီးတီးအသင်း ကစားသမားဘဝ နောက်ဆုံး အိမ်ကွင်းပွဲစဉ်ပါ။

ဒီဘရိုင်းဟာ ၁၀ နှစ်ကြာ ကစားခဲ့တဲ့ မန်စီးတီးအသင်းကနေ ရာသီကုန်မှာ ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူတို့ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဒီပွဲကို အနိုင်ရချင် ပြီး ဒီဘရိုင်းကလည်း အသင်းအတွက် ဒီလိုရလဒ်မျိုး ရယူပေးချင်နေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

Source: CNA