CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၂၀

ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်ဟာ နည်းပြတူဒေါရဲ့ ချီးကျူးမှုကို ခံထားရပေမယ့် နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ 

ဗလာဟိုဗစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီအထိ သက်တမ်း ရှိနေပေမယ့် စာချုပ် သက်တမ်းတိုးဖို့နဲ့ ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခြင်း မရှိသေးတာပါ။

ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အပါအဝင် ဥရောပထိပ်တန်း ကလပ်အချို့က စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ 

ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်အသင်းကို ၂၀၂၂ ခုနှစ်က ဖီအိုရင်တီးနားအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၁၄၂ ပွဲ ကစားထားတာမှာ ၅၆ ဂိုးသွင်းယူထားတာပါ။ 

ဗလာဟိုဗစ်ကို တွေ့ရစဉ်

ဂျူဗင်တပ်စ်အသင်းက အူဒီနီးစ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုး သွင်းယူခဲ့တဲ့ ဗလာဟိုဗစ်ကို နည်းပြတူဒေါက သူဟာ အသင်းအတွက် အနစ်နာခံပြီး ကောင်းမွန်တဲ့ပွဲတစ်ပွဲကို ကစားကာ သူ့ရဲ့တန်ဖိုးကို သက်သေပြခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ပါတီဇန်ဘဲလ်ဂရိတ်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဗလာဟိုဗစ်ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် သွင်းဂိုးပေါင်း ၁၂၀ ကျော် သွင်းယူထားတာပါ။ 

ဂျူဗင်တပ်စ်အသင်းဟာ အူဒီးနီးစ်အသင်းကို အနိုင်ရခဲ့ပြီးနောက် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာ ရပ်တည်နေကာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ နီးစပ်နေပါတယ်။ 

ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီစီးရီးအေ နောက်ဆုံးပွဲစဉ်အဖြစ် ဗီနီစီယာအသင်းနဲ့ အဝေးကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရလဒ် ရရှိတာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ 

Source: Goal