အဲဗာတန်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဘရန့်ဝိတ်နီးစပ်
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈
အင်္ဂလန်ကြယ်ပွင့် ဘရန့်ဝိတ်ဟာ အဲဗာတန်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေတာကြောင့် မာဆေးဆိုဒ် ကလပ်မှာ ဆက်နေဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ဘရန့်ဝိတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးသတင်းတွေဟာ ဆက်တိုက်ဆိုသလို ထွက်ပေါ်ခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းဟာ ဘရန့်ဝိတ်ကို ပေါင် ၃၅ သန်း၊ ပေါင် ၄၅ သန်း+add-ons တွေနဲ့ ကမ်းလှမ်းမှု ၂ ခုစလုံးကို အဲဗာတန်အသင်းက ပယ်ချခဲ့ပါတယ်။
အခုအချိန်မှာတော့ ဘရန့်ဝိတ်ဟာ အဲဗာတန်အသင်းနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလို့ The Athletic က ဖော်ပြထားပါတယ်။
ပုံစာ- ဘရန့်ဝိတ်ကို တွေ့ရစဉ်
အသင်းကြီးအချို့ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ အသက် ၂၃ နှစ်အရွယ်ရှိ ဘရန့်ဝိတ်ကို အသင်းမှာ ဆက်ထိန်းထားချင် တယ်လို့ အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မိုယက်စ်က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောထားတာပါ။
ဒါအပြင် ပိုင်ရှင်အသစ်ဖြစ်တဲ့ Friedkin Group ကလည်း ဘရန့်ဝိတ်ကို ရောင်းချမှာ မဟုတ်ဘူးလို့ သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ကလပ်အသင်းတွေကို ပြောခဲ့ပါတယ်။
စာချုပ်သစ်အရ ဘရန့်ဝိတ်ဟာ အဲဗာတန်အသင်းမှာ လုပ်ခလစာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာမယ်လို့ သိရပါတယ်။
ဘရန့်ဝိတ်နဲ့ အဲဗာတန်အသင်းရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၇ ခုနှစ် ရာသီကုန်အထိ သက်တမ်းရှိနေပါတယ်။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီက အဲဗာတန်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဘရန့်ဝိတ်ဟာ အသင်းအတွက် ပွဲပေါင်း ၈၆ ပွဲ ကစားထားပြီး ၄ ဂိုးသွင်းယူကာ အင်္ဂလန်အသင်းကြီးအတွက် ၁ ပွဲ ပါဝင်ကစားထားတာပါ။
လာမယ့်ရာသီမှာ ကွင်းသစ်ကို ပြောင်းရွှေ့ပြီး ကစားမယ့် အဲဗာတန်အသင်းဟာ ရာသီသစ်မှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Goal