CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈

စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက နည်းပြဟောင်း ပိုစတီကိုဂလူးကို ထုတ်ပယ်ခဲ့တာဟာ စိတ်ပိုင်းဆိုင်ရာ ခက်ခဲခဲ့ ပေမယ့် ကလပ်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ 

လီဗိုင်းက “ကျနော်ဟာ သူ့ကို အလွန်ကျေးဇူးတင်ပါတယ်။ သူဟာ ပထမရာသီမှာ အဆင့် ၅ နဲ့ရာသီ အဆုံးသတ် ခဲ့ပြီး ဒုတိယမြောက်ရာသီမှာ ဆုဖလား ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင် နိုင်ဖို့ လိုအပ်တာကြောင့် အပြောင်းအလဲလုပ်ဖို့ လိုတယ်လို့ ခံစားခဲ့ရပါတယ်။ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး သူဟာ ကလပ်ရဲ့သမိုင်းမှာ အစိတ်အပိုင်းအဖြစ် အမြဲတမ်းရှိနေမှာပါ။ ဒါက စုပေါင်း ဆုံးဖြတ်ချက်ဖြစ်ပြီး ကျနော့်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကလပ်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ ယုံကြည်တယ်”လို့ ပြောခဲ့တာပါ။ 

အသက် ၅၉ နှစ်အရွယ်ရှိ ပိုစတီကိုဂလူးဟာ စပါးအသင်းကို နှစ်ပေါင်း ၁၇ နှစ်အတွင်း ပထမဆုံးဆုဖလားအဖြစ် ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နိုင်အောင် ကိုင်တွယ်ပေးနိုင် ခဲ့ပါ တယ်။ 

စပါးအသင်း အောင်ပွဲခံနေကြစဉ်

စပါးအသင်းဟာ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၁၇ နဲ့ ရာသီ အဆုံးသတ်ခဲ့တာပါ။

အဲဒါကြောင့် စပါးအသင်း တာဝန်ရှိသူတွေဟာ ယူရိုပါလိဂ်ဖလား ရယူအပြီး ၁၆ ရက်အကြာမှာ ပိုစတီကိုဂလူးကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်း ကစားသမားတွေနဲ့ ပရိသတ်တွေဟာ ပိုစတီကိုဂလူးကို ထုတ်ပယ်ခဲ့တဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။

စပါးအသင်း အကြီးအကဲ လီဗိုင်းကတော့ ယူရိုပါလိဂ်ဖလား ရယူနိုင်တာဟာ အသင်းအတွက် မလုံလောက်ဘဲ ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်တာကြောင့် ပိုစတီကိုဂလူးကို နည်းပြရာထူးကနေ ထုတ်ပယ် ခဲ့တာလို့ ပြောခဲ့ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ ဘရန်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့ပါတယ်။ 

လီဗိုင်းဟာ စပါးအသင်းဥက္ကဋ္ဌအဖြစ် ၂၀၀၁ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး သောမတ်စ်ဖရန့်ခ် ဟာ သူ့ရဲ့လက်ထက်မှာ အသင်းရဲ့ ၁၃ ဦးမြောက် အမြဲတမ်းနည်းပြတစ်ဦး ဖြစ်လာခဲ့ပါတယ်။ 

Source: ESPN