CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇

အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ် အပေါ်မှာ စိတ်ပျက်လာတာကြောင့် အက်စတွန်ဗီလာအသင်း တိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ယူဖို့အတွက် ချဉ်းကပ်မှုအသစ် ပြုလုပ်ဖို့ စဉ်းစားနေ ပါတယ်။ 

စပို့တင်းလစ္စဘွန်းအသင်းဟာ ယိုကီရက်စ်အတွက် ယူရိုသန်း ၈၀ ကျော် လိုချင်နေပြီး အာဆင်နယ်အသင်းက ယူရိုသန်း ၆၀ နီးပါးနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတာကြောင့် ဆွေးနွေးမှုတွေဟာ အောင်မြင်မှု မရရှိသေးတာပါ။ 

နွေရာသီမှာ တိုက်စစ်မှူးသစ် တစ်ဦးခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး စာရင်းထဲမှာ ယိုကီရက်စ်နဲ့ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကိုတို့ ပါဝင်နေတာဖြစ်ပါတယ်။ 

အခုအချိန်မှာ အာဆင်နယ်အသင်းဟာ ဝက်ကင်စ်ဘက်ကို စိတ်ဝင်စားမှု ပြန်ရောက်ရှိလာခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဝက်ကင်စ်ကို ခေါ်ယူဖို့ နောက်ကျ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

ဝက်ကင်စ်ကို တွေ့ရစဉ်

၂၀၂၀ ခုနှစ်က ဘရန်ဖို့ဒ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဝက်ကင်စ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ၅ ရာသီကြာ ပါဝင်ကစားထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၇၅ ဂိုး သွင်းယူထားတာပါ။

အသက် ၂၉ နှစ်အရွယ်ရှိ ဝက်ကင်စ်နဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိ နေပါတယ်။ 

အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီက တိုက်စစ်မှူး ဒူရန်ကို လက်လွှတ်ခဲ့ရတာကြောင့် ဝက်ကင်စ်ကို အာဆင်နယ်အသင်းထံ ရောင်းချဖို့ ငြင်းဆန်ခဲ့တာပါ။ 

အက်စတွန်ဗီလာအသင်း အနေနဲ့ နွေရာသီမှာ ဝက်ကင်စ်အတွက် အာဆင်နယ်အသင်းက တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လာရင် စဉ်းစားဖွယ်ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အသင်းလိုအပ်တဲ့ နေရာတွေကို အားဖြည့်ဖို့ စီစဉ်နေပြီး ဆိုစီဒက်အသင်း ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။ 

Source: Goal