CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈
အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်ဟာ ပိုလန်အသင်း နည်းပြသစ်ဖြစ်လာဖို့ လျှောက်ထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ပိုလန်အသင်း နည်းပြရာထူးနဲ့ နည်းပြလောကထဲကို ပြန်ဝင်ရောက်ဖွယ် ရှိနေပါတယ်။
အသက် ၅၄ နှစ်အရွယ်ရှိ ဆောက်ဂိတ်ဟာ စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲအပြီးမှာ အင်္ဂလန်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာပါ။
ဆောက်ဂိတ်ဟာ ယူနိုက်တက်အသင်း နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေလည်း ခံခဲ့ရပေမယ့် နည်းပြ လောကထဲကို အလျင်အမြန် ပြန်လာနိုင်မယ့် အလားအလာကို ပယ်ချခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဆောက်ဂိတ်ဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ ပြင်ဆင်နေပြီး ပိုလန်အသင်း နည်းပြသစ်ဖြစ်လာဖို့ လျှောက်ထားခဲ့တာပါ။
ဆောက်ဂိတ်ဟာ ပိုလန်အသင်းကို ကိုင်တွယ်ချင်တဲ့ သူ့ရဲ့စိတ်ဆန္ဒကိုလည်း ထုတ်ဖော်ထားတယ်လို့ သိရပါတယ်။
ပိုလန်နည်းပြနဲ့ ပိုလန်တိုက်စစ်မှူး ပိုဒေါစကီးကို တွေ့ရစဉ်
ပိုလန်အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က နည်းပြဖြစ်သူ ပရိုဘီယာ့ဇ် ရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။
ပရိုဘီယာ့ဇ်ဟာ လီဝန်ဒေါစကီးကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် လီဝန်ဒေါစကီး ကလည်း သူ့ရဲ့လက်ထက်မှာ ပိုလန်အသင်းအတွက် ပါဝင်ကစားပေးမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။
ပိုလန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ပွဲစဉ်မှာ ဖင်လန်အသင်းကို အရေးနိမ့်ပြီးနောက် ပရိုဘီယာ့ဇ်က လက်ရှိအခြေအနေမှာ နည်းပြရာထူးကနေ သူနုတ်ထွက်တာဟာ နိုင်ငံအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပိုလန်အသင်းရဲ့ နည်းပြသစ် စာရင်းထဲမှာ နာမည်ကြီး နည်းပြအချို့လည်း ပါဝင်နေတာပါ။
ပိုလန်အသင်းဟာ ခြေစစ်ပွဲ ၃ ပွဲကစားအပြီးမှာ ရမှတ် ၆ မှတ်နဲ့ အုပ်စုတွင်းအဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Metro