CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၂၇

ဘရာဇီးလ်အသင်းနည်းပြသစ် အန်ဆယ်လော့တီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် သူ့ရဲပထမဆုံး လူစာရင်းကို ထုတ်ပြန်ခဲ့တာမှာ နေမာကို ချန်လှပ်ခဲ့ပြီး ကတ်စီမီရို၊ ရစ်ချာလီဆန်နဲ့ အန်တိုနီတို့ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ နေမာဟာ ကြွက်သားဒဏ်ရာကနေ သက်သာပြီး နောက် ဆန်းတို့စ်အသင်းအတွက် နောက်ဆုံး ၂ ပွဲမှာ ပါဝင်ကစားထားတာပါ။

နေမာဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာက ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိပြီးနောက်ပိုင်း ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ 

နေမာဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိခြင်း မရှိသေးတာကြောင့် ဘရာဇီးလ်အသင်း လူစာရင်းနဲ့ ဝေးကွာနေတာပါ။ 

အန်ဆယ်လော့တီက “ကျနော်ဟာ ပုံစံကောင်းရှိနေတဲ့ ကစားသမားတွေကို ရွေးချယ်ဖို့ ကြိုးစားခဲ့ပြီး နေမာဟာ မကြာသေးခင်ချိန်က ဒဏ်ရာရရှိခဲ့ပါတယ်။ နေမာဟာ အလွန်အရေးပါတဲ့ ကစားသမားဆိုတာ လူတိုင်းသိပါတယ်။ သူဟာ ဒီနေရာမှာ အမြဲတမ်းရှိခဲ့သလို အမြဲတမ်းလည်းရှိနေမှာပါ”လို့ ပြောခဲ့ပါတယ်။ 

ကတ်စီမီရိုကို တွေ့ရစဉ်

စပါးအသင်း တိုက်စစ်မှူး ရစ်ချာလီဆန်နဲ့ ယူနိုက်တက်အသင်း ကွင်းလယ်လူ ကတ်စီမီရိုတို့ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ နောက်ပိုင်းမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိတော့ပါဘူး။ 

ဘရာဇီးလ်အသင်းနည်းပြသစ် အန်ဆယ်လော့တီက ကတ်စီမီရိုဟာ သူ့ရဲ့အမြင်မှာ အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး သူနဲ့အတူရှိရတာ ကံကောင်းသလို နိုင်ငံအသင်းမှာ သူ့လို ကစားသမားမျိုး လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

အငှားကစားနေတဲ့ ဘက်တစ်အသင်းမှာ ပုံစံကောင်းတွေ ပြသနေတာကြောင့် ဘရာဇီးလ်အသင်း လူစာရင်းထဲမှာ ပြန်လည် ရွေးချယ်ခံခဲ့ရတဲ့ အန်တိုနီဟာ ပွဲကစားခွင့်နေရာအတွက် ဘာစီလိုနာအသင်းက ရာဖင်ညာ၊ ရီးရယ်လ် အသင်းက ဗီနီစီးယက်စ်တို့နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတာပါ။ 

ဘရာဇီးလ်အသင်းဟာ ခြေစစ်ပွဲတွေအဖြစ် ဇွန်လ ၅ ရက်မှာ အီကွေဒေါ၊ ၁၀ ရက်မှာ ပါရာဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN