CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃

ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်နိုင်ပေမယ့် သူဟာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်ကြောင်း အရင်ဆုံးသက်သေပြဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ 

အန်ဆယ်လော့တီက “နေမာရဲ့ ကစားပုံကို ကျနော်တို့ စောင့်ကြည့်သွားမှာ မဟုတ်ပါဘူး။ သူ့ရဲ့အရည်အသွေးကို လူတိုင်းသိပါတယ်။ ခေတ်သစ် ဘောလုံးလောကမှာ သူ့ရဲ့အရည်အသွေးတွေကို အသုံးချဖို့အတွက်ဆိုရင် သူဟာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်ရပါမယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးပုံစံမှာရှိနေရင် နိုင်ငံအသင်း မှာ ရှိနေတာ ပြဿနာမဟုတ်ပါဘူး။ အားလုံးကလည်း နေမာကို ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးပုံစံနဲ့ နိုင်ငံအသင်း မှာ လိုချင်ကြပါတယ်”လို့ ESPN ကို ပြောခဲ့တာပါ။ 

ဘရာဇီးလ်အသင်းအတွက် ၇၉ ဂိုးသွင်းယူထားပြီး နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံးအဖြစ် ရပ်တည်နေတဲ့ နေမာ ဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်း နိုင်ငံအသင်းအတွက် ပါဝင် ကစားရခြင်း မရှိသေးတာဖြစ်ပါတယ်။ 

ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ နေမာဟာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လာပြီးနောက် ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဒဏ်ရာ ဆုတ်ယုတ်မှုတွေကြောင့် နည်းပြအန်ဆယ်လော့တီရဲ့ ဘရာဇီးလ်အသင်းလူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာပါ။ 

နေမာကို တွေ့ရစဉ်

နေမာကတော့ သူဟာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ မဆိုင်ဘဲ နည်းစနစ်ပိုင်းအရ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပြီး နည်းပြရဲ့ထင်မြင်ချက်ကို လေးစားသွားမှာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ 

ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက အသင်းရဲ့ လူစာရင်းမှာ နေမာ ပါဝင်ခြင်း ရှိ၊မရှိဆိုတာ သူ့ရဲ့ ကြံ့ခိုင်မှုအပေါ် မူတည်ပြီး ဆုံးဖြတ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ 

ဘရာဇီးလ်အသင်းဟာ လာမယ့် အောက်တိုဘာမှာ နိုင်ငံတကာ ခြေစမ်းပွဲတွေအဖြစ် တောင်ကိုရီးယား၊  ဂျပန် အသင်းတို့နဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး ဒီပွဲတွေမှာ နေမာ ပြန်ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source: ESPN