CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁
အင်္ဂလန်အသင်းဟာ ဆီနီဂေါအသင်းကို ခြေစမ်းပွဲမှာ ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး ၄ ရက်အတွင်း ၂ ကြိမ်မြောက် ကွင်းထဲမှာ လှောင်ပြောင်မှုတွေ ခံခဲ့ရပေမယ့် နည်းပြတူချယ်လ်က ထိတ်လန့်နေစရာ မလိုဘူးလို့ ပြောခဲ့ပါတယ်။
တူချယ်လ်က “ထိတ်လန့်နေစရာ မလိုပါဘူး၊ ကျနော်တို့ဟာ စမ်းသပ်တဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ကျနော်တို့ဟာ ခြေစစ်ပွဲ ၃ ပွဲ ကစားထားပြီး ရမှတ် ၉ မှတ် ရရှိထားသလို ပေးဂိုးလည်း မပေးရသေးပါဘူး။ ကျနော်ဟာ ရှုံးနိမ့် ရတာကို မုန်းတီးတဲ့သူ ဖြစ်ပေမယ့် ခက်ခဲတဲ့ စမ်းသပ်မှုအတွက် ဝမ်းသာပါတယ်။ ကျနော်တို့ဟာ လာမယ့်အပတ် မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားမှာမဟုတ်ပါဘူး။ ဒီနှစ်ထဲပွဲတွေ ယှဉ်ပြိုင်ရဦးမှာဖြစ်လို့ ပြိုင်ဆိုင်မှုတွေ ပိုရလာမယ် လို့ ထင်ပါတယ်။ ကျနော်တို့ဟာ ဆီနီဂေါရဲ့ အရည်အသွေးကို ခံစားခဲ့ရပြီး ဒီပွဲက စမ်းသပ်ဖို့ မှန်ကန်တဲ့အရာ”လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ဒီပွဲမှာ အသင်းခေါင်းဆောင် ဟာရီကိန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဆား၊ ဒီယာရာနဲ့ ဆာဘလီတို့က ဆီနီဂေါအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
နည်းပြ တူချယ်လ်ကို တွေ့ရစဉ်
အင်္ဂလန်အသင်းဟာ ဆီနီဂေါအသင်းကို အရေးနိမ့်ခဲ့တာကြောင့် နည်းပြ တူချယ်လ် လက်ထက်မှာ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရသလို ဆီနီဂေါအသင်းဟာ အင်္ဂလန်အသင်းကို အနိုင်ရတဲ့ ပထမဆုံး အာဖရိကအသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ အန်ဒိုရာအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှု တွေ ခံခဲ့ရသလို ဆီနီဂေါအသင်းနဲ့ ပွဲမှာလည်း လှောင်ပြောင်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဝေးကွာနေသေးတာကြောင့် ထိတ်လန့်နေစရာ မလိုဘူးလို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက သူတို့ဟာ ဒီပွဲမှာ လုံလောက်မှု မရှိတဲ့အတွက် ပိုကောင်းအောင် လုပ်ဖို့ လိုအပ်ပြီး နောက်လာမယ့် နိုင်ငံအသင်းရဲ့ စခန်းသွင်း လေ့ကျင့်မှုတိုင်းက အလွန်အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
ဟာရီကိန်းဟာ အန်ဒိုရာအသင်းနဲ့ ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ခဲ့တာပါ။
အင်္ဂလန်အသင်းဟာ စက်တင်ဘာမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် အန်ဒိုရာ၊ ဆားဘီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail