CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀

ချယ်လ်ဆီးအသင်း ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်က သူချစ်တဲ့ ချယ်လ်ဆီးအသင်းကို နှုတ်ဆက်မှု ပြုလုပ်ချင်တဲ့ အတွက် တစ်နေ့မှာ အသင်းရဲ့ပွဲကို တက်ရောက်ကြည့်ရှု ချင်တယ်လို့ ပြောခဲ့တာကို The Inside Story of the Sale of Chelsea စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

အေဘရာမိုဗစ်ချ်က “တစ်နေ့မှာ ကျနော်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပွဲတစ်ပွဲကို တက်ရောက်ပြီး သေသေချာချာ လေး နှုတ်ဆက်မှုတွေ ပြုလုပ်နိုင်မယ့် အခြေအနေမျိုးရှိဖို့ မျှော်လင့်ပါတယ်။ ဒီထက် ကျနော် ဘာမှမလိုချင် ပါဘူး”လို့ ပြောခဲ့တာပါ။ 

အေဘရာမိုဗစ်ချ်ဟာ ယူကရိန်းကို ကျူးကျော်မှု ပြုလုပ်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်ရဲ့ မဟာမိတ်ဖြစ်ကြောင်း စွပ်စွဲမှု တွေကြောင့် ချယ်လ်ဆီးအသင်းကို ရောင်းချဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ဘူးလို့ ၂၀၂၂ ခုနှစ်၊ မတ်လမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

အေဘရာမိုဗစ်ချ်ဟာ ဗြိတိန်အစိုးရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တွေကိုလည်း ခံခဲ့ရတာပါ။ 

အေဘရာမိုဗစ်ချ်ကို တွေ့ရစဉ်

အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးအသင်းကို တော့ဒ်ဘိုလေ ဦးဆောင်တဲ့ အစုအဖွဲ့ထံကို ပေါင် ၂.၅ ဘီလီယံနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ 

အေဘရာမိုဗစ်ချ်ဟာ ဒီငွေကြေးတွေကို ပိတ်ခံထားရတဲ့ ဗြိတိန်ဘဏ်အကောင့်ထဲမှာ ထည့်ထားတာပါ။ 

အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးအသင်းကို ၂၀၀၃ ခုနှစ်မှာ ပေါင်သန်း ၁၄၀ နဲ့ ဝယ်ယူခဲ့ပြီး အသင်းကို ဆုဖလား တွေ ရယူနိုင်တဲ့ ခေတ်ကို စတင်ခဲ့တာဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ အေဘရာမိုဗစ်ချ် လက်ထက်မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ အပါအဝင် ဆုဖလား အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့တာပါ။ 

အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးအသင်းကို ရောင်းချခဲ့ပြီးနောက် အခြားဘယ်ကလပ်ကိုမှ ပိုင်ဆိုင်လိုခြင်း မရှိတော့ဘူးလို့လည်း ဒီစာအုပ်အတွက် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်က “ပရော်ဖက်ရှင်နယ် အခန်းကဏ္ဍမှာတော့ ကျနော်ဟာ ဘောလုံးအသင်း တစ်သင်းရဲ့ ဘယ် အခန်း ကဏ္ဍကိုမှ စိတ်မဝင်စားတော့ပါဘူး။ ခြားနားမှုတစ်ခုကို ဖန်တီးနိုင်တဲ့ အစပျိုးမှုရှိခဲ့ရင်တော့ အကယ်ဒမီနဲ့ လူငယ်တွေကို ကူညီပေးနိုင်တဲ့ အရာရှိနိုင်ပါတယ်။ ဒါပေမယ့် ကလပ်အသင်းရဲ့ပိုင်ရှင် ဒါမှမဟုတ် ပရော်ဖက်ရှင် နယ် အခန်းကဏ္ဍကတော့ ဒီဘဝမှာ ပြီးဆုံးသွားပြီ”လို့ ပြောခဲ့တာပါ။

အေဘရာမိုဗစ်ချ် ထွက်ခွာပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်သစ် လက်ထက်မှာ ပထမဆုံးဆုဖလားအဖြစ် ပြီးခဲ့တဲ့ရာသီက ကွန်းဖရန့်လိဂ်ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source: Dailymail