CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

ထိုင်းနိုင်ငံသား သေဆုံးမှုနှင့်လက်ဗွေတွေ့ရှိထားသည့် ရခိုင်လူငယ်၏ မိသားစုဝင်များသည် သားဖြစ်သူ၏ အမှု အား ဖြေရှင်းရန် ငွေကြေးမတတ်နိုင်သည့်အတွက် အကူအညီလိုအပ်နေကြောင်း ၎င်း၏ မိဘနှစ်ပါးက CNI သတင်းဌာနသို့ ပြောသည်။

“ရှေ့နေငှားရမ်းတဲ့ကိစ္စမှာ ဘတ်သုံးသောင်း (မြန်မာငွေ ဆယ်ငါးသိန်းကျော်) ရှေ့နေကို ပေးရမယ်။ နောက် ဘတ်က တစ်သိန်းလောက်(မြန်မာငွေ ငါးဆယ့်နှစ်သိန်းကျော်)လက်ထဲမှာ လိုတယ်လို့ ပြောတယ်။ လိုလည်း လိုမယ်လေ။ အမှုလိုက်တယ်ဆိုတော့ လိုမှာပေါ့။ ငါတို့ ဘတ် သုံးသောင်းလောက်ကို ထည့်ပေးတယ်။ ငါတို့မှာ ဘတ် သုံးသောင်းထက်ပိုလို့မရှိတော့ ကုန်ပြီ။ အခု ဘတ်သုံးသောင်းထည့်ဖို့ ပိုက်ဆံက အဲဒီအိမ်ပေါင်ထားတဲ့ အထဲက အိမ်နဲ့မြေကို ရောင်းပြီးတော့ နင်တို့ကိုပေးမှာ။ မဟုတ်ရင်အပ်မှာ။ အဲဒီလို အတောင်းပန်ခံပြီးတော့ နောက်ထပ် အမေတို့ကျန်တာတွေကို ကိုက်ပြီးတော့ ထုတ်ပေးပါလို့ ဆိုပြီးတော့ အဲ့ဒါကို လွှဲလိုက်တာ”ဟု ပြောသည်။

လက်ဗွေတွေ့ရှိထားသည့် ရခိုင်လူငယ်၏ မိသားစုများသည် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကြွီတဲရွာတွင် နေထိုင်နေခြင်းဖြစ်ကာ ဖခင်ဖြစ်သူမှာ လက်သမားအလုပ်လုပ်ကိုင်နေကြောင်း၊ သားဖြစ်သူနှစ်ဦးသည် ရွာမှ လူတချို့နှင့် မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် နေအိမ်အားပေါင်နှံကာ ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ဗွေတွေ့ရှိသည့် ရခိုင်လူငယ်၏ မိဘများကိုတွေ့ရစဉ်

ထိုင်းနိုင်ငံတွင် အမှုတစ်ခုလိုက်လျှင် ရှေ့နေတစ်ဦးအား ဝန်ဆောင်ခအဖြစ် ဘတ်ငွေ သိန်းဂဏာန်းပေးရသော် လည်း ယခုအမှုတွင်လိုက်ပေးနေသည့် ရှေ့နေသည် ကူညီသည့်အနေဖြင့် ဘတ်ငွေသုံးသောင်းသာ ယူကြောင်း သိရသည်။

သို့သော် အမှုအတွက် ရှေ့နေနှင့် သွားရေးလာရေးတို့တွင် ကုန်ကျမှုများအပြင် အမှုမှာ မည်သည့်ကာလတွင် ပြီးစီးမည်ကို မသိရှိရသေးဖြင့် မည်မျှကုန်ကျမည်ကိုမပြောနိုင်သော်လည်း ဘတ်ငွေ သိန်းဂဏန်းခန့်ကုန်ကျနိုင် သည်ဟု အဖမ်းခံရချိန်မှ စတင်ကာ ယနေ့အထိ လိုက်ပါကူညီပေးနေသည့် MWRN မှ မြန်မာအလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက CNI သတင်းဌာနသို့ပြောသည်။

“သူတို့ဆီကပေးတဲ့ ပိုက်ဆံက နှစ်သောင်းကျော်(ဘတ်ငွေ) ပဲ ပေးသေးတယ်။ ‌ရှေ့နေကို ပေးဖို့တောင် မလောက်ဘူး။ အခုကျနော့်ဆီက စိုက်ထားတာ ရှစ်ထောင်စိုက်ထားရပြီးပြီ။ ကျနော့်မှာလည်း နောက်ထပ်စိုက်ဖို့ အတွက် အဆင်မပြေဘူးလေ။ ဒီအမှုနဲ့ပတ်သက်လို့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကူညီထောက်ပံ့တာမရှိဘူး။ ဆက်သွယ်လာတာလည်း မရှိသေးဘူး။ ကိုယ့်ဘာသာကိုယ် မရှိလည်း ဆွဲငှားပြီးတော့ အမှုကို ဆက်လုပ် နေရတယ်။ မိသားစုကလည်း အဆင်မပြေဘူးဆိုတော့ အခက်အခဲတွေက များတယ်။ အမှုရဲ့အတိုင်းအတာက ဘယ်လောက်ကြာမလဲဆိုတာကတော့ အမှုလိုက်တဲ့အခါမှ သိရမှာပေါ့။ အခုကတည်းက ဘာမှပြောလို့မရဘူး။ ဘယ်လောက်ကုန်မယ်ဆိုတာလည်း ပြောလို့မရဘူး။ အာမခံကနေပြီးတော့ အမှန်တကယ် အာမခံလို့ရမယ်ဆိုရင် ငွေကြေးက ဘယ်လောက်ကုန်မယ်ဆိုတာ ကျနော်တို့မသိရဘူး။ ဒါပေမယ့် ခန့်မှန်းခြေကတော့ သိန်းဂဏာန်း ရှိတယ်” ဟု ပြောသည်။

အဆိုပါ ရခိုင်လူငယ်သည် အလောင်းနှင့်ဆက်စပ်ပြီး လက်ဗွေတွေ့ရှိခဲ့ခြင်းဖြစ်ကာ အာမခံရရှိရန် ရှေ့နေနှင့် ဆောင်ရွက်လုပ်ဆောင်နေကြောင်း သိရသည်။

 

လက်ဗွေတွေ့ရှိသည့် ရခိုင်လူငယ်ကို လက်ထိပ်ခတ်ကာ ခေါ်ဆောင်လာစဉ်

ထို့အပြင် အဆိုပါအမှုမှ မျက်မြင်သက်သေတို့အား ဇွန်လ ၃၀ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း လည်း ကိုသိန်းထွန်းက ဆက်ပြောသည်။

၎င်းက“အခုက အမှုနဲ့ပတ်သက်တဲ့သူတွေကို စစ်ဆေးဖို့အတွက် တရားရုံးမှာစာသွားတင်တာ။ ခွင့်ပြုချက်က ဒီနေ့မှရတယ်။ အဲဒီတရားရုံးက ခွင့်ပြုချက်ရမှ အဲဒီသက်သေတွေကို ကျနော်တို့က စစ်ခွင့်ရှိမှာ။ မနက်ဖြန် သွားစစ်မယ်။ ပြီးလို့ရှိရင် လူသတ်မှုဖြစ်တဲ့ အခင်းဖြစ်ပွားတဲ့နေရာ အဲဒီနေရာတွေကိုပါ ကျနော်တို့သွားမယ်။ အကုန်လုံးအသေးစိတ်ပြန်ပြီးတော့” ဟု ပြောသည်။

ထိုင်းနိုင်ငံသားသေဆုံးမှုနှင့်ပတ်သက်၍ မလေးရှားသို့ တရားမဝင်ဝင်ရောက်မည့် မြန်မာအလုပ်သမား ၄၀၀ ‌ကျော် အား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို လက်ဗွေတွေ့ရှိသူနှင့် မျက်မြင်သက်သေများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လက်ဗွေတွေ့ရှိသည့် ရခိုင်လူငယ်၏ မိသားစုဝင်များက ၎င်းသည် လူသတ်မှု ကျူးလွန်သည့် တရားခံ မဖြစ်နိုင် ကြောင်း၊ ဝင်းနှင့်ဇော်ကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ပြောသည်။