- By CNI
- Category: နိုင်ငံရေး
- Hits: 748
CNI International News
ဝါဆော၊ သြဂုတ် ၁၆
ပိုလန်နိုင်ငံ ဝါဆောမြို့တော်တွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံး စစ်ရေးပြအခမ်းအနားကို သြဂုတ် ၁၅ ရက်က ပြုလုပ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
နေတိုးအဖွဲ့ဝင်ဖြစ်သည့် ပိုလန်သည် ရုရှားကို စစ်အင်အားပြရန်နှင့် အောက်တိုဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များကို မဲဆွယ်စည်းရုံးသည့်အနေဖြင့် ထိုစစ်ရေးပြ အခမ်းအနားကို ခမ်းနားစွာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ယူဆထားသည်။
ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက် ပိုလန်၏ အာဏာရပါတီဖြစ်သည့် Law and Justice ပါတီသည် နိုင်ငံ၏ စစ်အင်အားကို မြှင့်တင်ရန် ဦးစားပေးလုပ်ဆောင်ခဲ့သည်။
ထို့နောက် နိုင်ငံ့ လုံခြုံရေးအာမခံချက်ကို ပြသသည့်အနေဖြင့် စစ်လက်နက် အင်အားများကို ပြသပြီး မဲဆန္ဒရှင် များအား မဲဆွယ်စည်းရုံးသည့်ပုံစံမျိုး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
"ဒီစစ်ရေးပြ အခမ်းအနားကတော့ အရင်လုပ်ခဲ့တဲ့ စစ်ရေးပြ အခမ်းအနားတွေနဲ့ မတူပါဘူး။ ဒီစစ်ရေးပြ အခမ်းအ နားမှာ ပိုလန်စစ်တပ်ရဲ့ အဆင့်မြှင့်တင် မွမ်းမံထားတဲ့ စစ်လက်နက် အင်အားတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်"ဟု ပိုလန်ကာကွယ်ရေးဝန်ကြီး မာရီရုစ် ဘလက်ဆက်က သြဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ပိုလန်စစ်ရေးပြနေစဉ်
ဝါဆောတိုက်ပွဲ (Battle of Warsaw) တွင် ဆိုဗီယက်ယူနီယံအား ပိုလန်က အနိုင်ရခဲ့သည့် ၁၀၃ နှစ်ပြည့် နှစ်ပတ် လည်တွင် ပြုလုပ်ခဲ့သည့် ပိုလန် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ ပိုလန်နှင့် အခြားနေတိုး အဖွဲ့ဝင် နိုင်ငံ များမှ စစ်သား ၂၀၀၀ သည် စစ်လက်နက်ပစ္စည်းပေါင်း ၂၀၀ နှင့် လေယာဉ် ၉၂ စင်းနှင့်အတူ ဝါဆောမြို့တော်သို့ ချီတက်ခဲ့ကြသည်။
ထိုစစ်ရေးပြ အခမ်းအနားအတွင်း ပြသခဲ့သည့် စစ်လက်နက် ပစ္စည်းများအနက် အမေရိကန်မှ ဝယ်ယူခဲ့သည့် M1A1 Abrams တင့်ကားများ၊ တောင်ကိုရီးယားလုပ် K2 တင့်ကားများနှင့် K9 ဟောင်ဝပ်ဇာ အမြောက်များ၊ HIMARS ဒုံးပစ်လောင်ချာများနှင့် Patriot လေကြောင်း ကာကွယ်ရေးစနစ်များ ပါဝင်ခဲ့သည်။
ထို့ပြင် ပိုလန်နိုင်ငံလုပ် Borsuk ခြေလျင်တပ် တိုက်ခိုက်ရေးယာဉ်များနှင့် Rosomak ကျည်ကာကားများလည်း ပါဝင်ခဲ့သည်။
အဆိုပါ စစ်ရေးပြ အခမ်းအနားသည် ယခင်အစိုးရလက်ထက်က ရင်းနှီးမြှုပ်နှံမှု နည်းပါးခဲ့သည့် စစ်တပ်ကို ပြန်လည် တည်ဆောက်ခဲ့ရသည့် အခြေအနေကို ဖော်ပြရာရောက်သည်ဟု ၂၀၁၅ ခုနှစ်ကတည်းက အာဏာရ ခဲ့သည့် Law and Justice ပါတီက ပြောကြားခဲ့သည်။
ထို့ပြင် ယခုနှစ် ကာကွယ်ရေး ဘတ်ဂျက်အတွက် နိုင်ငံ့ဂျီဒီပီ၏ ၄ ရာခိုင်နှုန်းခန့်ကို သုံးစွဲခဲ့ပြီး စစ်တပ်၏ အင်အားကိုလည်း နှစ်ဆ မြှင့်တင်ခဲ့သည်ဟု Law and Justice ပါတီက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ အတိုက်အခံ လွှတ်တော်အမတ်များကမူ အာဏာရပါတီသည် နိုင်ငံရေး အမြတ်ထုတ်ရန်အတွက် စစ်တပ်ကို အသုံးချခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By cni
- Category: နိုင်ငံရေး
- Hits: 582
CNI International News
နယူးဒေလီ၊ သြဂုတ် ၁၆
အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် အိန္ဒိယ၏ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်တွင် ငြိမ်းချမ်းရေး ပြန်လည် ရရှိနေပြီဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
မဏိပူရပြည်နယ်တွင် မေလကတည်းက လူမျိုးစု အကြမ်းဖက်မှုများကြောင့် လူ ၁၈၀ ထက်မနည်း သေဆုံးခဲ့ကာ လူပေါင်း သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ပေါ်ခဲ့သည်။
အိန္ဒိယဗဟိုအစိုးရသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မဏိပူရပြည်နယ်သို့ လုံခြုံရေးတပ်ဖွဲ့များ ဖြန့်ကြက်ချထားခဲ့သည်။
အိန္ဒိယတွင် လာမည့်နှစ် မေလ၌ ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ မိုဒီ၏ အာဏာရ BJP ပါတီ လွှမ်းမိုးထားသည့် မဏိပူရပြည်နယ်၌ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မဏိပူရပြည်နယ် လူမျိုးစုအဓိကရုန်းကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသူများကိုတွေ့ရစဉ်
"ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မဏိပူရမှာ ငြိမ်းချမ်းနေတဲ့ သတင်းတွေကို ကျနော်တို့ ရရှိခဲ့ပါတယ်။ အိန္ဒိယဟာ မဏိပူရ ဒေသခံတွေနဲ့ အတူရှိနေပါတယ်။ မဏိပူရ ဒေသခံတွေအနေနဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ကိုင်ဆွဲသွားဖို့ တစ်နိုင်ငံလုံးက ဆန္ဒရှိနေပါတယ်" ဟု မိုဒီက သြဂုတ် ၁၅ ရက်တွင် ကျရောက်သည့် အိန္ဒိယ၏ လွတ်လပ်ရေးနေ့ တွင် နယူးဒေလီမြို့တော်ရှိ Red Fort (အနီရောင်ခံတပ်)ခံတပ်တွင် မိန့်ခွန်းပြောကြားခဲ့သည်။
မဏိပူရပြည်နယ်တွင် ကူကီး (Kuki) လူမျိုးစုနှင့် ကသည်း (Meitei) လူမျိုးစုများအကြား ပညာရေး၊ အလုပ်အကိုင်၊ သြဇာလွှမ်းမိုးမှုများနှင့်ပတ်သက်ပြီး အစိုးရထံမှ အကျိုးအမြတ်များ ရရှိရေးအတွက် ပြိုင်ဆိုင်ရာမှ အကြမ်းဖက်မှု များ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူများထဲတွင် အမျိုးသမီး ၂၁ ဦး ပါဝင်ခဲ့ပြီး အဓမ္မပြုကျင့်မှုဖြစ်စဉ်များ ရှိခဲ့သဖြင့် လုံခြုံရေးကို ပြန်လည် ထိန်းသိမ်းရန် BJP ပါတီ၏ စွမ်းဆောင်နိုင်စွမ်းအပေါ် ပြည်တွင်း/ပြည်ပမှ မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
မဏိပူရပြည်နယ်အတွင်းက လူမျိုးစုအဓိကရုန်းအတွင်း ကားများမီးရှို့ခံရစဉ်
မိုဒီကမူ မဏိပူရပြည်နယ်တွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီး ပြင်းထန်စွာ အရေးယူမည်ဟု ကတိပြုခဲ့သည်။
သို့သော် အတိုက်အခံများကတော့ မိုဒီ၏ အစိုးရအဖွဲ့သည် မဏိပူရပြည်နယ်တွင် စိတ်သဘောထားကွဲစေရန် လုပ်ဆောင်နေကြောင်းနှင့် ပဋိပက္ခများကို အဆုံးသတ်စေရန် လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း စွပ်စွဲခဲ့သည်။
ထို့နောက် မိုဒီအစိုးရက ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး မဏိပူရပြည်နယ် အရေးနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုတင်သွင်းသည့် မဲခွဲဆုံးဖြတ်မှု၌ အတိုက်အခံများကို အနိုင်ရခဲ့သည်။
ထို့ပြင် ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရသည် မဏိပူရပြည်နယ် အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အားထုတ် ကြိုးပမ်းခဲ့ပြီး နောက်ထပ်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု မိုဒီက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By Cni
- Category: နိုင်ငံရေး
- Hits: 612
CNI International News
မော်စကို၊ သြဂုတ် ၁၆
နိုင်ငံအများစုသည် ၎င်းတို့၏ အချုပ်အခြာအာဏာအတွက် ရပ်တည်ရန် ပြင်ဆင်လာခဲ့ပြီးဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ပူတင်သည် ၁၁ ကြိမ်မြောက် မော်စကို နိုင်ငံတကာ လုံခြုံရေး ညီလာခံ (Moscow Conference on International Security) သို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များကို ဗွီဒီယိုမှတဆင့် မိန့်ခွန်းပြောကြားရာတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကမ္ဘာကြီး၏ အနာဂတ်ကို ပုံဖော်ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် ပူးပေါင်းဆောင်ရွက်ကြရန် အချိန်တန်ပြီဟုလည်း ပူတင်က ပြောကြားခဲ့သည်။
"ဝင်ရိုးစုံကမ္ဘာ ပေါ်ပေါက်လာမယ့် အခင်းအကျင်း တစ်ခုဆီကို ဦးတည်ပြီး ရွေ့လျားနေတာကို ကျနော်တို့ မြင်တွေ့ နေရပါတယ်။ နိုင်ငံအများစုဟာလည်း သူတို့ရဲ့ အချုပ်အခြာ အာဏာတွေ၊ အမျိုးသား အကျိုးစီးပွားတွေ၊ ဓလေ့ ထုံးတမ်းတွေ၊ ယဉ်ကျေးမှုနဲ့ လူနေမှုဘဝတွေအတွက် ရပ်တည်ဖို့ ပြင်ဆင်ထားခဲ့ပြီး ဖြစ်ပါတယ်"ဟု ပူတင်က ပြောသည်။
မော်စကို နိုင်ငံတကာ လုံခြုံရေး ညီလာခံ ကျင်းပနေစဉ်
စီးပွားရေးစင်တာ အသစ်များနှင့် နိုင်ငံရေးသြဇာ ခိုင်မာမှုရှိလာသည့် အခြေအနေကိုလည်း ပူတင်က အလေးထား ပြောကြားခဲ့သည်။
"အဲဒီအခြေအနေက သန်းနဲ့ချီတဲ့ လူတွေရဲ့ ချမ်းသာသုခနဲ့ လူနေမှု အဆင့်အတန်း မြှင့်တင်ဖို့အပြင် စီးပွားရေး၊ လူမှုရေး၊ နည်းပညာနဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေကို အဖြေရှာနိုင်ဖို့အတွက် အားထုတ်ကြိုးပမ်းမှုတွေနဲ့ တည်ငြိမ်ပြီး တိုးတက်မှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် အထောက်အကူ ဖြစ်စေပါတယ်"ဟု ပူတင်က ပြောသည်။
မော်စကို ညီလာခံကဲ့သို့ ပွင့်လင်း၊ ရိုးသားမှုရှိပြီး ဘက်မလိုက်သည့် ဆွေးနွေးညှိနှိုင်းမှုများသည် အလွန်အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာ အသိုင်းအဝိုင်းသည် အနာဂတ်ကို ပုံဖော် ရာတွင် သာတူညီမျှမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် လိုအပ်ကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်။
Source: Tass
- By cni
- Category: နိုင်ငံရေး
- Hits: 830
CNI International News
ဒက်ကာ၊ သြဂုတ် ၁၅
မာလီနိုင်ငံတွင် လုံခြုံရေးအခြေအနေ ယိုယွင်းလာသဖြင့် မာလီမြောက်ပိုင်းရှိ စစ်စခန်းတစ်ခုတွင် တပ်စွဲထားသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည် ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
စစ်ဆင်ရေးတစ်ခုအတွင်း ပစ်ခတ်ခံရမှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု ကုလငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့က နာရီအနည်းငယ် အကြာတွင် ထပ်မံ ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၁၁ ရက်က မာလီမြောက်ပိုင်း ဘား (Ber) ကျေးရွာတွင် မာလီစစ်တပ်နှင့် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးနှင့် စစ်သွေးကြွ ၂၄ ဦး သေဆုံးခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါဒေသတွင် တပ်စွဲထားသည့် မာလီဆိုင်ရာ ကုလငြိမ်းချမ်းရေး ထိန်းသိမ်း ရေးတပ်ဖွဲ့ (MINUSMA) ၏ ရုပ်သိမ်းမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
သြဂုတ် ၁၁ ရက်က ဘားကျေးရွားတွင် မာလီစစ်တပ်နှင့် ရုရှား၏ ကြေးစားစစ်သားအုပ်စု ဝဂ်နာတပ်ဖွဲ့ဝင်များ သည် မိမိတို့အဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တူအာရက် (Tuareg) လူမျိုးစု၏ သူပုန်ဟောင်းများက ပြောကြားခဲ့သည်။
"ဒေသဆိုင်ရာ လုံခြုံရေး အခြေအနေ ယိုယွင်းလာပြီး မိမိတို့ တပ်ဖွဲ့အတွက် အန္တရာယ်တွေ မြင့်တက်လာတာ ကြောင့် MINUSMA ဟာ ဘားကျေးရွာကနေ တပ်ဖွဲ့တွေ ရုပ်သိမ်းမှုကို လျင်လျင်မြန်မြန် ဆောင်ရွက်ခဲ့ပါတယ်"ဟု မကြာသေးမီက X ဟု အမည်ပြောင်းလဲခဲ့သည့် Twitter တွင် ကုလတပ်ဖွဲ့က ရေးသားဖော်ပြခဲ့သည်။
မာလီနိုင်ငံမှာ လုံခြုံရေးကင်းလှည့်နေစဉ်
ထို့ပြင် သက်ဆိုင်ရာ အဖွဲ့များ အားလုံးအနေနှင့် ကုလတပ်ဖွဲ့များ၏ လုပ်ငန်းစဉ်ကို ပိုမိုရှုတ်ထွေးစေနိုင်မည့် လုပ်ရပ်များကို လုပ်ဆောင်ခြင်း မပြုရန်လည်း တိုက်တွန်းခဲ့သည်။
တပ်ဖွဲ့များ ရုပ်သိမ်းမှုတွင် ပါဝင်သည့် စစ်သား အရေအတွက်နှင့် မည်သည့်ရက်တွင် ရုပ်သိမ်းခဲ့သည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။
သြဂုတ် ၁၃ ရက်တွင် Twitter ခေါ် X တွင် တင်ခဲ့သည့် ပို့စ်တစ်ခုတွင် MINUSMA မော်တော်ယာဉ်တန်းသည် ဘားကျေးရွာမှ ယနေ့ထွက်ခွာခဲ့ပြီး လမ်းတွင် နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရကာ တပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။
မာလီနိုင်ငံရှိ ကုလတပ်ဖွဲ့ကိုတွေ့ရစဉ်
ထိုဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်များကို တင်ဘက်တူ (Timbuktu) မြို့သို့ ပို့ဆောင်ပြီး ဆေးဝါးကုသ ပေးခဲ့သည် ဟုလည်း ဖော်ပြခဲ့သည်။
ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှု မြောက်သည် ဟုလည်း MINUSMA က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
စစ်သွေးကြွများနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ကုလတပ်ဖွဲ့ဝင်များ တပ်စွဲခဲ့သည့် ဘားကျေးရွာရှိ စစ်စခန်းကို စစ်တပ်က လွှဲပြောင်းရယူခဲ့သည်ဟု မာလီစစ်တပ်က သြဂုတ် ၁၃ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 711
CNI International News
ပြုံယမ်း ၊ သြဂုတ် ၁၅
တောင်ကိုရီးယားနှင့် အမေရိကန်သည် နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုများအတွက် ပြင်ဆင်နေချိန်တွင် ကင်မ်ဂျုံအန် (Kim Jong Un)က ဒုံးကျည်များနှင့် လက်နက်ခဲယမ်း ထုတ်လုပ်မှုများကို အရှိန်မြှင့်တင်ရန် တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံ အပါအဝင် စစ်ဘက်ဆိုင်ရာ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံများသို့ သွားရောက် စစ်ဆေးကြည့်ရှုခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
သြဂုတ် ၁၁ နှင့် ၁၂ ရက်တွင် ကင်မ်သည် နည်းဗျူဟာမြောက် ဒုံးကျည်များ၊ ဒုံးပစ်လောင်ချာစနစ်များ၊ ကျည်ကာ ကားများနှင့် အမြောက်ဆန်များ ထုတ်လုပ်သည့် အဓိက ခဲယမ်းစက်ရုံများသို့ သွားရောက်ခဲ့ပြီး သာလွန်စစ် အင်အားကို စိတ်ချသေချာစေရန် လက်နက်ထုတ်လုပ်မှုများကို မြှင့်တင်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
ကျည်ကာကားကို ကင်မ်မောင်းနေစဉ်
ရှေ့တန်းစစ်မြေပြင် တပ်ဖွဲ့များကို ခိုင်မာအားကောင်းစေရေးနှင့် စစ်အင်အား တိုးမြှင့်ရေးအတွက် ဒုံးကျည်များ တိုးမြှင့်ထုတ်လုပ်ရန် အရေးကြီးသည့် ရည်မှန်းချက်ကို ကင်မ်က ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
"စစ်ပွဲအတွက် ပြင်ဆင်မှုအဆင့်ဟာ ခဲယမ်းစက်ရုံတွေရဲ့ ထုတ်လုပ်ဖြန့်ချိနိုင်မှု အခြေအနေအပေါ် မူတည်နေပါ တယ်။ အဲဒီစက်ရုံတွေဟာ စစ်တပ်ရဲ့ စစ်ပြင်ဆင်မှုကို အရှိန်မြှင့်တင်ပေးဖို့ ကြီးမားတဲ့ တာဝန်ရှိနေပါတယ်"ဟု ကင်မ်က ပြောသည်။
အခြားစက်ရုံများသို့ သွားရောက်ကြည့်ရှုသည့် ခရီးစဉ်တွင်လည်း ကင်မ်သည် တိုက်ခိုက်ရေး ကျည်ကာကားများကို စမ်းသပ်မောင်းနှင်ခဲ့ပြီး အတွဲလိုက် ဒုံးပစ်လောင်ချာများ ထုတ်လုပ်မှုကို အဆင့်မြှင့်တင်သည့် လုပ်ငန်းစဉ်များတွင် တိုးတက်မှုများ ရရှိခဲ့သည့်အပေါ် ချီးကျူးခဲ့သည်။
ရှေ့တန်းစစ်မြေပြင်မှ အမြောက်တပ်များကို အင်အားတောင့်တင်း စေရေးအတွက် အမြောက်ဆန်များ တိုးမြှင့် ထုတ်လုပ်ရန် အလွန်အမင်း လိုအပ်သည်ဟုလည်း ကင်မ်က ပြောကြားခဲ့သည်။
ဒုံးကျည်စက်ရုံကို ကင်မ်စစ်ဆေးနေစဉ်
တောင်ကိုရီးယားနှင့် အမေရိကန်ကမူ နှစ်စဉ်ပြုလုပ်နေကျ Ulchi Freedom Guardian စစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့် စွမ်းဆောင်ရည်များကို မြှင့်တင်ရန်ဖြစ်သည်ဟု ကြေညာထားသည်။
မြောက်ကိုရီးယားကမူ ထိုစစ်ရေး လေ့ကျင့်မှုများသည် နျူကလီးယား စစ်ပွဲအတွက် အစမ်းလေ့ကျင့်နေသည့် လုပ်ဆောင်မှုများ ဖြစ်သည်ဟုဆိုကာ ဝေဖန်ရှုတ်ချခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 686
CNI International News
ဘန်ကောက်၊ သြဂုတ် ၁၅
ဖြူးထိုင်းပါတီက ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းပြီးချိန်တွင် ပထမဆုံးပြုလုပ်မည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲ သင့်/မသင့် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ပြီး အဖြေရှာသွားမည်ဟု The Nation မှ ရေးသားဖော်ပြခဲ့သည်။
ဖြူးထိုင်းပါတီ၏ အဓိကရည်မှန်းချက်သည် ၂၀၁၄ ခုနှစ်က အာဏာသိမ်း ခေါင်းဆောင်များ ရေးဆွဲခဲ့သည့် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အစားထိုးရန် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲရန်ဖြစ်သည်ဟု ဖြူးထိုင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ထရီချာဒါ သီရိသဒ္ဓါ (Treechada Srithada) က ပြောသည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲမှုနှင့် ၂၀၁၇ ခုနှစ်၊ ဧပြီ ၆ ရက်က အကျုံးဝင် သက်ရောက်ခဲ့သည့် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနေရာကို အစားထိုးရန် လူထုဆန္ဒခံယူပွဲ ပြုလုပ်သွားမည်ဟု ထရီချာဒါက ပြော သည်။
ဖြူးထိုင်းပါတီ ၀န်ကြီးချုပ်လောင်း ၂ ဦးကိုတွေ့ရစဉ်
နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒရှင်အများစုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေးအဖွဲ့ (CDA) ကို ဖွဲ့စည်းရန် ဆန္ဒရှိနေသည်ဟု ဖြူးထိုင်းပါတီက ယုံကြည်ကြောင်း ၎င်းက ဆိုသည်။
"ဖြူးထိုင်းပါတီဟာ ညွန့်ပေါင်းအစိုးရ ဖွဲ့ပြီးတဲ့နောက် ပထမဆုံးပြုလုပ်မယ့် အစိုးရအဖွဲ့ အစည်းအဝေးမှာ CDA ဖွဲ့စည်းရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်မယ့်အကြောင်းကို သြဂုတ် ၂ ရက်နဲ့ ၆ ရက်တွေကတည်းက အစီအရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်"ဟု ထရီချာဒါက ပြောသည်။
ပါတီအနေနှင့် ပြောကြားခဲ့သည့် ကတိစကားများအတိုင်း လုပ်ဆောင်မည်ဖြစ်ပြီး မဲဆန္ဒရှင်များသည် ဒီမိုကရေစီ ကို စောင့်ဆိုင်းနေကြသဖြင့် အချိန်ဆွဲ လုပ်ဆောင်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။
ဖြူးထိုင်းပါတီ လူထုစည်းရုံးရေးလုပ်နေစဉ်
ထို့ပြင် ဖြူးထိုင်းပါတီသည် စစ်တပ်လိုလားသည့် အထက်လွှတ်တော်အမတ်များ၏ လုပ်ပိုင်ခွင့်ကို ပယ်ဖျက်ရန်နှင့် CDA ဖွဲ့စည်းရေးအတွက် ပဋိညာဉ်ကို ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေသည့် အောက်လွှတ်တော်၏ ကြိုးပမ်းမှုတွင် Move Forward ပါတီနှင့် ပူးပေါင်းသွားမည်ဟုလည်း ထရီချာဒါက ပြောသည်။
သို့သော် အထက်လွှတ်တော်တွင် လုပ်ပိုင်ခွင့်အာဏာများ အများဆုံး ရရှိထားသဖြင့် အဆိုပါ ကြိုးပမ်းမှုသည် ပိတ်ပင်ခံရဖွယ် ရှိနေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် မူကြမ်းရေးဆွဲမှုအတွက် လူထုဆန္ဒခံယူပွဲ နှစ်ကြိမ်ပြုလုပ်ရန် လိုအပ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ထုတ်ပြန်ထားသဖြင့် CDA မဖွဲ့စည်းမီ လူထုဆန္ဒခံယူပွဲ တစ်ကြိမ် ပြုလုပ်ရမည်ဖြစ်ပြီး ဥပဒေမူကြမ်း အလုံးစုံ ရေးဆွဲပြီးချိန်တွင် ဒုတိယအကြိမ်မြောက် လူထုဆန္ဒခံယူပွဲကို ပြုလုပ်ရမည် ဖြစ်သည်။
Source: The Nation

- By CNI
- Category: နိုင်ငံရေး
- Hits: 664
CNI InternationaNews
တိုင်ပေ၊ သြဂုတ် ၁၅
ထိုင်ဝမ်သည် အာဏာရှင်များ၏ ခြိမ်းခြောက်မှုကို နောက်မဆုတ်တမ်း ရင်ဆိုင်သွားမည်ဟု ထိုင်ဝမ်ဒုတိယသမ္မတ ဝီလျံ လိုင် (William Lai) က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
လိုင်သည် ပါရာဂွေးသို့ သွားရောက်သည့် ခရီးစဉ်အတွင်း အမေရိကန်၌ ခရီးတစ်ထောက် ဝင်ရောက် ရပ်နားခဲ့ပြီး နောက် တရုတ်က လိုင်၏ ခရီးစဉ်ကို ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။
တရုတ်၏ သတိပေးမှုကို တုံ့ပြန်သည့်အနေနှင့် လိုင်က နယူးယောက်တွင် ၎င်းအား ထောက်ခံသူများနှင့် တွေ့ဆုံပွဲ အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ထိုင်ဝမ် လုံခြုံပြီဆိုရင် ကမ္ဘာကြီးက လုံခြုံပါတယ်။ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းနေရင် ကမ္ဘာကြီးကလည်း ငြိမ်းချမ်းနေပါလိမ့်မယ်။ ထိုင်ဝမ်ဟာ အာဏာရှင်တွေရဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို နောက်မဆုတ်ဘဲ ရင်ဆိုင်သွားမှာဖြစ်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ရဲ့ တန်ဖိုးကို ကိုင်ဆွဲသွားမှာ ဖြစ်ပါတယ်" ဟု လိုင်က ပြော သည်။
ထိုင်ဝမ်နဲ့တရုတ်နယ်မြေကိုတွေ့ရစဉ်
လာမည့်နှစ် ဇန်နဝါရီလတွင် ပြုလုပ်မည့် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲ၌ အနိုင်ရရန် ရေပန်းစားနေသည့် လိုင် သည် ပါရာဂွေးသို့ သွားရောက်သည့် ခရီးစဉ်အတွင်း နယူးယောက်တွင် ခရီးတစ်ထောက် ဝင်ရောက် ရပ်နားခဲ့ခြင်း ဖြစ်သည်။
သူသည် ပါရာဂွေးတွင် သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဆန်တီယေဂို ပီနာ (Santiago Pena) ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်မည် ဖြစ်သည်။
ပါရာဂွေးသည် ထိုင်ဝမ်အား သံတမန်ရေးအရ အသိအမှတ်ပြုသည့် နိုင်ငံ ၁၃ နိုင်ငံထဲတွင် ပါဝင်သည့် နိုင်ငံဖြစ် သည်။
လိုင်သည် ပါရာဂွေးမှ ထိုင်ဝမ်သို့ အပြန်ခရီးတွင်လည်း အမေရိကန်၏ ဆန်ဖရန်စစ္စကိုမြို့သို့ ဝင်ရောက်မည်ဖြစ်ပြီး အဆိုပါ ခရီးတစ်ထောက် ဝင်ရောက်ရပ်နားမှုသည် ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်သည်ဟု ထိုင်ဝမ်နှင့် အမေရိကန်က ပြောကြားခဲ့သည်။
သို့သော် တရုတ်ကမူ အမေရိကန်သို့ ဝင်ရောက်သည့် လိုင်၏ ခရီးစဉ်ကို ရှုတ်ချခဲ့ပြီး လိုင်သည် ပြဿနာကို ဖန်တီး သည့် ခွဲထွက်ရေးဝါဒီ တစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။
တရုတ်စစ်တပ်ကိုတွေ့ရစဉ်
တရုတ်ကမူ ထိုင်ဝမ်သည် ၎င်း၏ အရေးအကြီးဆုံး သံတမန်ရေးကိစ္စ တစ်ခုအဖြစ် မှတ်ယူထားပြီး ထိုင်ဝမ်အရေး သည် အမေရိကန်နှင့် တရုတ်အကြား ထိပ်တိုက်တွေ့စေသည့် အဓိက အကြောင်းအရာတစ်ခု ဖြစ်နေသည်။
ထိုင်ဝမ်နှင့် တရုတ်အကြား ငြိမ်းချမ်းရေးနှင့် ရှိရင်းစွဲ အခြေအနေကို ထိန်းသိမ်းမည်ဟု ကတိပြုခဲ့သည့် လိုင်သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် တရုတ်နှင့်ဆွေးနွေးမှုများ ပြုလုပ်ရန် ဆန္ဒရှိသည်ဟုလည်း ပြောကြားခဲ့ သည်။
သို့သော် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ကာကွယ်သွားမည်ဖြစ်ပြီး ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ပြည်သူ များကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဟုလည်း လိုင်က ထပ်လောင်း ပြောကြားခဲ့သည်။
တရုတ်ကမူ ထိုင်ဝမ်သည် တရုတ်၏ နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူမည်ဟု ပြောကြားထားသည်။
Source: အယ်လ်ဂျာဇီးယား

- By CNI
- Category: နိုင်ငံရေး
- Hits: 796
CNI International News
ကီတို၊ သြဂုတ် ၁၄
အီကွေဒေါနိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦးကို လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည့် စစ်ဆင်ရေးတစ်ခု၌ အီကွေဒေါစစ်သားများ ထောင်နှင့်ချီ ပါဝင်ခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ ဖော်ပြခဲ့သည်။
ဖီတို (Fito) ဟု လူသိများသည့် လူဆိုးဂိုဏ်းခေါင်းဆောင် ဟိုဆေး အဒေါ်လ်ဖို မာစီးယက်စ် (Jose Adolfo Macias) သည် မကြာသေးမီက အီကွေဒေါတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဖာနန်ဒို ဗီလာဗီဆန်စီယို (Fernando Villavicencio) အား အသက်အန္တရာယ် ခြိမ်းခြောက်သည့် မက်ဆေ့ချ်များ ပေးပို့ခဲ့သည်ဟု စွပ်စွဲခံထားရသူ ဖြစ်သည်။
အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မည်ဟု ကြွေးကြော်ခဲ့သည့် ဖာနန်ဒိုသည် သြဂုတ် ၉ ရက်က ကီတိုမြို့တော်တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲမှ အပြန်တွင် ဦးခေါင်းကို သေနတ်ဖြင့် သုံးချက် အပစ်ခံခဲ့ရပြီး သေဆုံးခဲ့သည်။
ဖာနန်ဒိုသည် သူ မသေဆုံးမီအချိန်က သူ့ကို ဖီတိုက အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။
လုပ်ကြံသတ်ဖြတ်ခံလိုက်ရသော ဖာနန်ဒို ဗီလာဗီဆန်စီယိုကို တွေ့ရစဉ်
"ကျနော် ဒါတွေကို ဆက်လုပ်နေဦးမယ်ဆိုရင် Los Choneros (လူဆိုးဂိုဏ်း) က ကျနော့်ကို ရှင်းပစ်ပါလိမ့်မယ်"ဟု ဖာနန်ဒိုက ပြောကြားခဲ့သည်။
ဖာနန်ဒို လုပ်ကြံသတ်ဖြတ်ခံရမှုသည် အီကွေဒေါ တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ပြီး မကြာသေးမီ နှစ်များ အတွင်းက ကိုလံဘီယာနှင့် မက္ကဆီကို နိုင်ငံများမှ မူးယစ်ဆေးဝါးဂိုဏ်းများကြောင့် အကြမ်းဖက်မှုများ မြင့်တက် လာသည့် အခြေအနေကို မီးမောင်းထိုး ပြသရာ ရောက်ခဲ့သည်။
လူဆိုးဂိုဏ်းခေါင်းဆောင် ဟိုဆေး အဒေါ်လ်ဖို မာစီးယက်စ်ကို ထောင်ပြောင်းနေစဉ်
သြဂုတ် ၁၂ ရက်တွင် ဖာနန်ဒို၏ Construye ပါတီသည် လုပ်ကြံသတ်ဖြတ်ခံခဲ့သည့် ဖာနန်ဒိုနေရာတွင် ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအဖြစ် အန်ဒရီယာ ဂွန်ဇာလက် (Andrea Gonzelez) ကို ကြေညာခဲ့သည်။
အမျိုးသမီးတစ်ဦးဖြစ်သည့် ဂွန်ဇာလက်သည် သဘာဝပတ်ဝန်းကျင် အရေးကို အာရုံစိုက်လုပ်ဆောင်သူဖြစ်ပြီး ဖာနန်ဒို၏ ဂုဏ်သိက္ခာနှင့် ရည်ရွယ်ချက်များကို ထိန်းသိမ်း လုပ်ဆောင်သွားမည့်သူ ဖြစ်သည်ဟု Construye ပါတီက ပြောကြားခဲ့သည်။
လူဆိုးဂိုဏ်းခေါင်းဆောင် ဖီတိုသည် ၂၀၁၁ ခုနှစ်ကတည်းက ဂွာယာကွီ (Guayaquil) မြို့ရှိ အမှတ် ၈ အကျဉ်း ထောင်တွင် အကျဉ်းချ ခံထားရသူဖြစ်ပြီး သူ့ကို ထောင်ပြောင်းရွှေ့သည့် ဗွီဒီယိုမှတ်တမ်းများတွင် စစ်သားများစွာ ပါဝင်ခဲ့သည်ကို မြင်တွေ့ရသည်။
ဖီဒိုကို လုံခြုံရေး အမြင့်ဆုံး ထောင်ဖြစ်သည့် La Roca သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု အီကွေဒေါသမ္မတ ဂွီလာမို လက်ဆို (Guillermo Lasso) က ပြောကြားခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 817
CNI International News
ပေကျင်း၊ သြဂုတ် ၁၄
အမေရိကန်သို့ ထိုင်ဝမ်ဒုတိယသမ္မတ ဝီလျံလိုင် (William Lai) ရောက်ရှိခဲ့ပြီးနောက် တရုတ်က ၎င်း၏ အချုပ် အခြာအာဏာကို ကာကွယ်ရန် ပြင်းထန်ပြီး ပြတ်သားသည့် အစီအစဉ်များ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
လိုင်သည် ပါရာဂွေးသို့ သွားရောက်သည့် ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ခရီးတစ်ထောက် ဝင်ရောက် ရပ်နားခဲ့ပြီးနောက် တရုတ်က သြဂုတ် ၁၃ ရက်နေ့တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
လာမည့်နှစ် ဇန်နဝါရီလတွင် ပြုလုပ်မည့် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲ၌ အနိုင်ရရှိရန် ရေပန်းစားနေသည့် လိုင်သည် ပါရာဂွေးနိုင်ငံတွင် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည့် ဆန်တီယေဂို ပီနာ (Santiago Pena) ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မည်ဖြစ်သည်။
တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်းနင်ကို တွေ့ရစဉ်
ပါရာဂွေးနိုင်ငံမှ ထိုင်ဝမ်သို့ အပြန်ခရီးတွင်လည်း လိုင်သည် အမေရိကန်၏ ဆန်ဖရန်စစ္စကိုမြို့သို့ ဝင်ရောက်ရန် စီစဉ်ထားသည်။
ထိုင်ဝမ်ကို တရုတ်၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားသည့် တရုတ်အစိုးရကမူ လိုင်၏ ခရီးစဉ်ကို ရှုတ်ချ ခဲ့သည်။
နယူးယောက်သို့ လိုင် ရောက်ရှိခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ အစီအရင်ခံစာမှာတော့ ထိုင်ဝမ်၏ လွတ်လပ်ရေး ခွဲထွက်ဝါဒီများ အမေရိကန်သို့ သွားရောက်မှုကို ဆန့်ကျင် ကန့်ကွက်ကြောင်း ဖော်ပြခဲ့သည်။
လိုင်သည် ထိုင်ဝမ်၏ ခွဲထွက်ရေး သဘောထားကို ခေါင်းမာစွာ ဆုပ်ကိုင်ထားသူဖြစ်ပြီး ပြဿနာများကို ဆက်တိုက် ဖန်တီးနေသူဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထိုင်ဝမ်ဒုတိယသမ္မတ ဝီလျံလိုင်နဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကိုတွေ့ရစဉ်
ထိုင်ဝမ်သည် တရုတ်၏ အဓိက ကိုယ်ကျိုးစီးပွားဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ မြင့်တက်နေ ရသည့် အကြောင်းအရင်းသည် အမေရိကန်အပေါ် ထိုင်ဝမ်၏ မှီခိုအားထားမှုကြောင့် ဖြစ်သည်ဟု တရုတ်က ပြောကြားခဲ့သည်။
တရုတ်အနေနှင့် လိုင်၏ ခရီးစဉ်ကို အနီးကပ် စောင့်ကြည့်နေပြီး မိမိတို့၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို ကာကွယ်ရန် ပြတ်သားသည့် အစီအစဉ်များကို လုပ်ဆောင်သွားမည်ဟုလည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
လိုင်သည် ထိုင်ဝမ် လွတ်လပ်ရေးနှင့်ပတ်သက်ပြီး ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) ထက်ပိုပြီး ပြောကြားလေ့ရှိသူဖြစ်သည်။
ထိုင်ဝမ်သမ္မတ ဆိုင်သည်လည်း ထိုင်ဝမ်သည် တရုတ်၏ နယ်နိမိတ်မဟုတ်ကြောင်း ငြင်းဆိုထားသူ ဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား