- By CNI
- Category: နိုင်ငံရေး
- Hits: 2488
CNI International News
တိုကျိုး၊ မေလ ၂၄
ဂျပန်၏ ၂၀၂၄ ခုနှစ် ကာကွယ်ရေး စက္ကူဖြူစာတမ်းတွင် မြောက်ကိုရီးယား၏ အောင်မြင်တိုးတက်မှုရှိနေသည့် နျူကလီးယားနှင့် ဒုံးကျည်စွမ်းဆောင်ရည်များကို အလေးထားဖော်ပြလိမ့်မည်ဖြစ်ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
တရုတ်နှင့် ထိုင်ဝမ်အကြား စစ်ရေးချိန်ခွင်လျှာသည် တရုတ်ဘက်သို့ ယိမ်းလာကြောင်း ဂျပန်က ယူဆထားပြီး ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက် ထိုင်ဝမ်သည် ၎င်း၏ ကိုယ်ပိုင်ကာကွယ်ရေးကဏ္ဍကို တိုးမြှင့်ခဲ့သည် ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ယူဆထားကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြပါရှိမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က မြောက်ကိုရီးယားသည် ၎င်း၏ Hwasong-18 လောင်စာတောင့်သုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် များကို ပစ်လွှတ်ခဲ့သလို စစ်ဘက်သုံး ကင်းထောက်ဂြိုဟ်တုတစ်စင်း လွှတ်တင်ကြောင်းလည်း ကြေညာခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်း၏ လက်နက်စနစ်များနှင့် ကင်းထောက်လှမ်းမှုများကို ပိုမို အရှိန်မြှင့် လုပ်ဆောင် နေခြင်းသည် နျူကလီးယားနှင့် ဒုံးကျည် စစ်ဆင်ရေး စွမ်းရည်များအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ထိုစက္ကူဖြူစာတမ်း၏ မူကြမ်းတွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်နေစဉ်
ထိုမူကြမ်းတွင် ၂၀၂၂ ခုနှစ်က စိစစ်တည်းဖြတ်ခဲ့သည့် တရုတ်စစ်တပ်နှင့်ပတ်သက်ပြီး ဂျပန်အမျိုုးသားလုံခြုံရေး မဟာဗျူဟာ၌ ပါရှိသည့် အကြောင်းအရာများကို ဖော်ပြထားပြီး တရုတ်စစ်တပ်နှင့်ပတ်သက်သည့် ခံစားချက် သည် ဂျပန်က ရင်ဆိုင်နေရသည့် အကြီးဆုံး မဟာဗျူဟာမြောက် စိန်ခေါ်မှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်တပ်၏ လှုပ်ရှားမှုများသည် လက်တွေ့ကျသည့် တိုက်ခိုက်ရေး စွမ်းဆောင်ရည် များကို မြှင့်တင်နေသော အငြင်းပွားစရာမလိုသည့် အခြေအနေကို ဖန်တီးရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း မူကြမ်းတွင် ဖော်ပြခဲ့သည်။
ထို့ပြင် အဆိုပါ စက္ကူဖြူစာတမ်း မူကြမ်းတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ဂါဇာတွင် အစ္စရေးနှင့် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမာ့စ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် အခြေအနေကိုလည်း ရည်ညွှန်း ဖော်ပြထားသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးအတွက် အလွန်အရေးကြီးကြောင်း စက္ကူဖြူစာတမ်း မူကြမ်းမှာ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကို တွေ့ရစဉ်
ထို့နောက် မကြာသေးမီ နှစ်များအတွင်း ဂျပန်၏ ကမ်းရိုးတန်းများနှင့်နီးသည့် ရုရှား၏ အရှေ့ဖျားဒေသတွင် ရုရှားစစ်တပ်၏ လက်နက်ပစ္စည်းများ ဖြန့်ကြက်ချထားမှုသည် စိုးရိမ်စရာကောင်းကြောင်း မူကြမ်းတွင် ဖော်ပြခဲ့သည်။
ထို့ပြင် စက္ကူဖြူစာတမ်းတွင် မြေပြင်၊ ရေပြင်နှင့် ဝေဟင်များတွင် ဂျပန်စစ်တပ်၏ ပူးတွဲစစ်ရေးဌာနချုပ် တစ်ခု တည်ဆောက်မည့် အစီအစဉ်နှင့် ကာကွယ်ရေး စွမ်းဆောင်ရည်များကို တိုးမြှင့်မည့် ဂျပန်၏ အားထုတ်ကြိုးပမ်း မှုကို အလေးထား ဖော်ပြသွားမည်ဖြစ်သည်။
၂၀၂၄ ခုနှစ်သည် ဂျပန်စစ်တပ် တည်ထောင်သည့် နှစ်ပေါင်း ၇၀ ပြည့်နှစ်ဖြစ်ပြီး ယခုနှစ် စက္ကူဖြူစာတမ်းသည် အကြိမ် ၅၀ ပြည့်နှစ် စက္ကူဖြူစာတမ်း ထုတ်ပြန်မှု ဖြစ်လာမည်ဖြစ်ကာ ပထမဆုံး စက္ကူဖြူစာတမ်းကို ၁၉၇၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့သည်။
Source: Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1651
CNI International News
ဟနွိုင်း၊ မေလ ၂၃
ဗီယက်နမ်၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အစီအစဉ်အတွင်း ဗီယက်နမ်သမ္မတသည် ရာထူးမှ နုတ်ထွက် သွားခဲ့ပြီးနောက် ဗီယက်နမ်လွှတ်တော်က ပြည်သူ့လုံခြုံရေးဝန်ကြီး တိုလမ် (To Lam)ကို သမ္မတသစ်အဖြစ် အတည်ပြုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
တစ်ပါတီစနစ်ကျင့်သုံးသည့် ဗီယက်နမ်၏ လုပ်ထုံးလုပ်နည်းအတိုင်း အမျိုးသားလွှတ်တော်သည် အသက် ၆၆ နှစ်အရွယ် လမ်ကို သမ္မတအဖြစ် တညီတညွတ်တည်း မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။
လမ်သည် ပြီးခဲ့သည့် သီတင်းပတ်က သမ္မတအဖြစ် အဆိုပြုခံခဲ့ရပြီးနောက် ယခုအခါတွင် သမ္မတဖြစ်လာခဲ့သည်။
လမ်သည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကို ကြီးကြပ်ရသည့် ကော်မတီ၏ လက်ထောက် အကြီးအကဲဖြစ်ပြီး ထိုအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များအတွင်း အစိုးရထိပ်သီး အရာရှိများ၊ စီးပွားရေးခေါင်းဆောင်များ အပါအဝင် လူပေါင်းထောင်ချီ ဖမ်းဆီးခံခဲ့ရသည်။

ဗီယက်နမ် သမ္မတဖြစ်လာတဲ့ တိုလမ်ကို တွေ့ရစဉ်
လမ်သည် မတ်လအတွင်းက စည်းကမ်းချိုးဖောက်မှုများဖြင့် ရာထူးမှ နုတ်ထွက်ခဲ့သည့် သမ္မတ ဗိုဗန်သွန်း (Vo Van Thuong) ၏ နေရာကို အစားထိုး ဆက်ခံသူ ဖြစ်သည်။
ဧပြီလအတွင်းကလည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် စည်းကမ်းချိုးဖောက်မှုများကြောင့် ရာထူးမှ နုတ်ထွက် ခဲ့သည်။
လမ်သည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီကို လက်နက်သဖွယ် အသုံးချပြီး ၎င်း၏ နိုင်ငံရေး ပြိုင်ဘက်များကို ရှင်းလင်းခဲ့ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
လမ်သည် သမ္မတအဖြစ် ပထမဆုံးအကြိမ် ပြောကြားသည့် မှတ်ချက်စကားများအတွင်း အကျင့်ပျက်ခြစားမှုကို ပြတ်ပြတ်သားသား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကို ပြောကြားခဲ့သည်။
ဗီယက်နမ်တွင် သမ္မတရာထူးသည် အမည်ခံ သက်သက်သာဖြစ်သော်လည်း ထိပ်သီးရာထူးနေရာ ၄ ခုထဲတွင် ပါဝင်သည်။

ဗီယက်နမ် သမ္မတဖြစ်လာတဲ့ တိုလမ်ကို တွေ့ရစဉ်
ဗီယက်နမ်၏ ဩဇာအကြီးဆုံး ထိပ်သီးရာထူးနေရာ ၄ ခုမှာ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်ရာထူး၊ သမ္မတ ရာထူး၊ ဝန်ကြီးချုပ်ရာထူးနှင့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးများဖြစ်သည်။
လက်ရှိ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် ငုယင်ဖူထရောင် (Nguyen Phu Trong) ၏ ငါးနှစ်သက်တမ်းရှိသည့် တတိယအကြိမ်မြောက် သက်တမ်းသည် ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
ထို့ကြောင့် လမ်သည် ထိပ်သီးရာထူးနေရာ ၄ ခုတွင် ပါဝင်သော သမ္မတရာထူးကို အသုံးချပြီး ဗီယက်နမ်၏ ဩဇာ အကြီးမားဆုံး ရာထူးဖြစ်သည့် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် နေရာကို ရယူဖွယ်ရှိကြောင်း ကင်ဘာရာ (Canberra) မြို့တော်ရှိ ဩစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ အကယ်ဒမီ၏ ဂုဏ်ထူးဆောင် ပါမောက္ခ ကားလ် သေယာ (Carl Yhayer) က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 2329
CNI International News
ဆိုးလ်၊ မေလ ၂၃
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ ဓာတ်ပုံကို ယခင်ခေါင်းဆောင်များဖြစ်သည့် ၎င်း၏ အဖိုးဖြစ်သူ ကင်မ်အီဆွန်း (Kim Il Sung)နှင့် အဖေဖြစ်သူ ကင်မ်ဂျုံအီ (Kim Jong Il) တို့၏ ဓာတ်ပုံများ ဘေးတွင် ပထမဆုံးအကြိမ်အဖြစ် ချိတ်ဆွဲထားသည့် ဓာတ်ပုံများကို မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်း အေဂျင်စီက ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ကင်မ်၏ ဓာတ်ပုံကို ယခင်ခေါင်းဆောင်များနှင့် တစ်တန်းတည်းထားပြီး ချိတ်ဆွဲမှုသည် ပထမဆုံးအကြိမ် ဖြစ်ပြီး ကင်မ်ဂျုံအန်၏ ဩဇာကို ပိုမိုကြီးမားစေရန် လုပ်ဆောင်မှုတစ်ခု ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ အာဏာရ အလုပ်သမားပါတီအတွက် ကေဒါများကို လေ့ကျင့်ပေးသည့် သင်တန်းကျောင်း ဖွင့်ပွဲတစ်ခုတွင် KCNA သတင်းအေဂျင်စီက ထိုဓာတ်ပုံများကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဖိုးနဲ့ဖခင်တို့ ပုံများဘေးတွင် ကင်မ်ရဲ့ပုံကိုပါ ချိတ်ထားစဉ်
အခြားဓာတ်ပုံများထဲတွင် ကင်မ်သည် ၎င်းတို့ ကင်မ်မျိုးဆက်၏ ဓာတ်ပုံများ ချိတ်ဆွဲထားသည့် စာသင်ခန်းထဲ၌ အစိုးရအဖွဲ့ဝန်ကြီးချုပ် အပါအဝင် လက်ထောက်များကို အမှာစကား ပြောကြားနေပုံများကို ဖော်ပြထားသည်။
ထိုကျောင်းကို ကင်မ်အီဆွန်းနှင့် ကင်ဂျုံအီတို့၏ ရုပ်တုများထားရှိသည့် နေရာနှင့် အနီးတွင် ဖွင့်လှစ်ရန် ရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် သွားလေသူ ခေါင်းဆောင်ကြီးများသည် ကျောင်းသားများ၏ စကားသံကို ကြားနိုင်လိမ့်မည်ဖြစ်ကြောင်း ကင်မ်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
ကင်မ်၏ ဓာတ်ပုံကို အဖိုးဖြစ်သူနှင့် ဖခင်ဖြစ်သူတို့၏ဘေးတွင် တစ်တန်းတည်း ထားရှိခဲ့သည့် ရည်ရွယ်ချက်နှင့် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ၊ ပြည်သူပိုင် နေရာများတွင်လည်း ထိုကဲ့သို့ ဓာတ်ပုံများကို တစ်တန်းတည်း ထားပြီး ချိတ်ဆွဲရန် ရှိ/မရှိကိုတော့ KCNA က ဖော်ပြခဲ့ခြင်း မရှိပါ။
ကင်မ်မိသားစုသည် ဒုတိယကမ္ဘာစစ်ပြီးနောက် ထူထောင်ခဲ့သည့် မြောက်ကိုရီးယားနိုင်ငံကို သားစဉ်မြေးဆက် အုပ်ချုပ်ခဲ့ပြီး နိုင်ငံအတွင်း ကင်မ်မိသားစုကို ပုဂ္ဂိုလ်ရေးအရ ကြည်ညိုကိုးကွယ်မှုများ ရှိစေရန် အားထုတ်ကြိုးပမ်း ခဲ့သည်။

ကျောင်းဖွင့်ပွဲကိုတွေ့ရစဉ်
မကြာသေးမီကလည်း ကင်မ်ဂျုံအန်ကို “ရင်းနှီးဖော်ရွှေသည့် ဖခင်ကြီး” ၊ “မဟာခေါင်းဆောင်ကြီး” အဖြစ် တင်စား ဂုဏ်ပြုထားသည့် သီချင်းတစ်ပုဒ်ကို ထုတ်လွှင့်ခဲ့ပြီး ကင်မ်၏ ဂုဏ်သိက္ခာကို အရောင်တင်ပေးခဲ့သည်။
မြောက်ကိုရီးယားတွင် ဧပြီ ၁၅ ရက်၌ ကျရောက်သည့် ကင်မ်အီဆွန်း၏ မွေးနေ့ကို အထိန်းအမှတ်ပြုလုပ်သည့် အနေဖြင့် “နေမင်းကြီး၏ နေ့ရက်” ဟု တင်စားထားသည့် အသုံးအနှုန်းကို ဆက်လက်အသုံးပြုခဲ့ခြင်း မရှိတော့သဖြင့် လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအန်၏ ဩဇာအာဏာကိုသာ လူထုက အာရုံပိုစိုက်စေရန် လုပ်ဆောင်သည့် ကြိုးပမ်းချက်တစ်ခု ဖြစ်နိုင်ကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2010
CNI International News
ကိုလံဘို၊ မေလ ၂၃
သီရိလင်္ကာနိုင်ငံသည် BRICS အဖွဲ့ဝင်အဖြစ် အိန္ဒိယ၏ အကူအညီဖြင့် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းနေသည်ဟု NDTV မှ ဖော်ပြခဲ့သည်။
ထိုအဖွဲ့ထဲတွင် အိန္ဒိယနိုင်ငံ ပါဝင်ခဲ့ပြီးနောက် ကောင်းမွန်သည့် အဖွဲ့ဖြစ်လာခဲ့သည်ဟု သီရိလင်္ကာနိုင်ငံခြားရေး ဝန်ကြီး အလီ ဆာဘရီ (Ali Sabry) က ပြောကြားခဲ့သည်။
သီရိလင်္ကာသည် BRICS အဖွဲ့ဝင်ဖြစ်ရန် တရားဝင် လျှောက်ထားမည့် အချိန်တွင် အိန္ဒိယ၏ အကူအညီကို အရင်ဆုံး ရယူသွားမည်ဟု ဆာဘရီက ပြောသည်။
“BRICS အဖွဲ့ဝင်ဖြစ်ဖို့ ကျနော်တို့ ဆက်လက် လုပ်ဆောင်သွားမှာပါ။ အစိုးရအဖွဲ့ကလည်း ကျနော်တို့ကို ကူညီပေး ဖို့ ဆပ်ကော်မတီ ဖွဲ့စည်းခဲ့ပြီးပါပြီ။ ကျနော်တို့မှာ ရွေးချယ်စရာတွေ အများကြီး ရှိပါလိမ့်မယ်။ BRICS အဖွဲ့ထဲမှာ အိန္ဒိယ ပါဝင်လာချိန်ကစပြီး ကောင်းမွန်တဲ့အဖွဲ့ ဖြစ်လာခဲ့ပါတယ်” ဟု မစ္စတာ ဆာဘရီက ANI သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံခြားရေး ဝန်ကြီး အလီ ဆာဘရီကို တွေ့ရစဉ်
“ကျနော်တို့ အရင်ဆုံး ဆွေးနွေးသွားမယ့် နိုင်ငံကတော့ အိန္ဒိယဖြစ်ပါတယ်။ BRICS အဖွဲ့ဝင်ဖြစ်ဖို့ အိန္ဒိယရဲ့ အကူအညီကို ရယူသွားမှာပါ။ အဲဒါကြောင့် ရုရှားမှာပြုလုပ်မယ့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ ကျနော် ဖိတ်ကြားခံထားရပါတယ်။ အဲဒီအစည်းအဝေးမှာ ကျနော်တို့ အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းသွား မှာပါ” ဟု ဆာဘရီက ပြောသည်။
ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအသစ်များ ဖြစ်သည့် အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နှင့် ယူအေအီးနိုင်ငံတို့ ထပ်မံပါဝင်လာခဲ့သည့် BRICS အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌနေရာကို ရုရှားက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစပြီး တာဝန်ယူခဲ့သည်။
အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နှင့် ယူအေအီးနိုင်ငံတို့သည် BRICS ၏ တန်းပြည့် အဖွဲ့ဝင်သစ်များ ဖြစ်လာခဲ့ပြီး နိုင်ငံတကာရေးရာကိစ္စများတွင် ထိုအဖွဲ့၏ အခန်းကဏ္ဍသည် ပိုမိုခိုင်မာသည့် နေရာမှ ပါဝင်လာခဲ့သည်။
သီရိလင်္ကာအနေဖြင့် အိန္ဒိယမှ ထိပ်သီးခေါင်းဆောင်များ၏ ခရီးစဉ်ကို လက်ခံကြိုဆိုရန် အစီအစဉ် ရှိ/မရှိ မေးမြန်း ခဲ့ချိန်တွင် ဆာဘရီက သီရိလင်္ကာသမ္မတ ရာနေးလ် ဝီကရီမီဆင်းဟီ (Ranil Wickremesinghe) သည် မကြာသေး မီက အိန္ဒိယသို့ သွားရောက်ခဲ့ပြီး လက်ရှိတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် ကိုယ်စားလှယ်အဖွဲ့ ကို သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံရန် စီစဉ်နေကြောင်း ဖြေကြားခဲ့သည်။

သီရိလင်္ကာသမ္မတ ရာနေးလ် ဝီကရီမီဆင်းဟီနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
“အိန္ဒိယဝန်ကြီးချုပ်ရဲ့ ခရီးစဉ် အမြန်ဆုံး ဖြစ်မြောက်ရေးအတွက် ကျနော်တို့ မျှော်မှန်းထားပါတယ်။ သီရိလင်္ကာ သမ္မတဟာ ပြီးခဲ့တဲ့နှစ်တုန်းက အိန္ဒိယကို သွားရောက်ခဲ့ပြီးပါပြီ။ ဒီတစ်ကြိမ်ကတော့ အိန္ဒိယဝန်ကြီးချုပ်က သီရိလင်္ကာကို လာဖို့အလှည့်ပဲ ဖြစ်ပါတယ်” ဟု ဆာဘရီက ဆိုသည်။
မိမိတို့အနေဖြင့် မဝေးတော့မည့် အနာဂတ်တွင် ထိပ်သီး စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာမည့် ဝန်ကြီးချုပ်မိုဒီ၏ ခရီးစဉ်ကို မျှော်လင့်နေကြောင်း၊ ထိုခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးကို မြင့်တက် စေလိမ့်မည်ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
သီရိလင်္ကာသမ္မတ ဝီကရီမီဆင်းဟီသည် ပြီးခဲ့သည့်နှစ် ဇူလိုင် ၂၁ ရက်က အိန္ဒိယသို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ် သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း ၎င်း၏ ပထမဆုံး အိန္ဒိယခရီးစဉ် ဖြစ်ခဲ့သည်။
Source: NDTV
- By CNI
- Category: နိုင်ငံရေး
- Hits: 2064
CNI International News
ဘေကျင်း၊ မေလ ၂၃
တောင်အာရှဒေသတွင် ရောင်းချသည့် တရုတ်၏ စစ်လက်နက်ပစ္စည်းများသည် အရည်အသွေးပိုင်းတွင် အားနည်းချက်များရှိနေပြီး အရည်အသွေးနိမ့်များကို ရောင်းချနေသည်ဟု Khabarhub သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
တရုတ်၏ စစ်လက်နက်ပစ္စည်း တင်ပို့ကုန်များသည် အလွန်ခေတ်မီသည်ဟု အစပိုင်းတွင် ထင်မြင်ရသော်လည်း ထိုစစ်လက်နက်ပစ္စည်းများကို တင်သွင်းဝယ်ယူသည့်နိုင်ငံများက လက်တွေ့စမ်းသပ်ရာမှာတော့ အရည်အသွေး နိမ့်မှုများ ကြုံတွေ့ရသည်ဟု ပြောသည်။
အထူးသဖြင့် တောင်အာရှဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်၏ အနီးကပ်ဆုံး စစ်ဘက်ဆိုင်ရာ မိတ်ဖက်နိုင်ငံများထဲ၌ ပါဝင်လာခဲ့သည်။

တရုတ်ထုတ် စစ်လက်နက်ကို ပြသထားစဉ်
ပြီးခဲ့သည့် နှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်သည် သဘောတူညီမှုများ၊ ဖလှယ်မှုများ အပါအဝင် စီမံကိန်း အများအပြားမှတဆင့် စီးပွားရေးနှင့် စစ်ရေး မိတ်ဖက်ဆက်ဆံမှုကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းခဲ့သည်။
မည်သို့ပင်ဆိုစေ တရုတ်က ဘင်္ဂလားဒေ့ရှ်အား တင်ပို့ရောင်းချသည့် စစ်လက်နက်ပစ္စည်းများတွင် ချွတ်ယွင်းချက် များရှိနေသည့် ပြဿနာများကြောင့် ထိုမိတ်ဖက်ဆက်ဆံမှုသည် သိသာထင်ရှားသော ဖိအားများအောက်သို့ ရောက်ရှိခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သည် ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်ထံမှ အသေးစား စစ်သင်္ဘောများ၊ ရေတပ်သုံး အမြောက် များ၊ သင်္ဘောဖျက် ဒုံးကျည်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များ အပါအဝင် အကြီးစား စစ်လက်နက် ပစ္စည်း အများအပြားကို ဝယ်ယူခဲ့သည်။
ထိုလက်နက်ပစ္စည်းများ၏ ချွတ်ယွင်းမှုများသည် ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ ထိရောက်မှုကို အဟန့်အတားဖြစ်စေရုံ သာမက နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း မသိမသာ တင်းမာလာစေခဲ့သည်။
ပြီးခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်သည် အကြီးစား စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချသည့် အဓိကနိုင်ငံ ဖြစ်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ လက်နက်များ တင်ပို့ရောင်းချသော ထိပ်သီးနိုင်ငံများစာရင်းတွင် အမေရိကန်၊ ရုရှား၊ ပြင်သစ်နှင့် ဂျာမနီတို့ပြီးလျှင် ပဉ္စမနေရာ၌ ရှိခဲ့သည်။
တရုတ် လက်နက်ရောင်းချမှု အများစုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများက ဝယ်ယူခဲ့သည်။
တရုတ်၏ လက်နက်တင်ပို့ ရောင်းချသည့် နိုင်ငံများထဲတွင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နီပေါနှင့် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့သည်။
Source: khabarhub
- By CNI
- Category: နိုင်ငံရေး
- Hits: 2925
CNI International News
ဘေကျင်း၊ မေလ ၂၂
တရုတ်နိုင်ငံပိုင်မီဒီယာသည် AI နည်းပညာဖြင့် ဖန်တီးထားသည့် ဝါဒဖြန့်မှုကို ပြုလုပ်ခြင်းဖြင့် တရုတ်နိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ၏ အတွေးအမြင်များကို ပုံဖော်ရန် ကြိုးပမ်းခဲ့သည်ဟု Express သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြ ခဲ့သည်။
ထို့ပြင် တရုတ်သည် အနောက်နိုင်ငံများ၏ ဖော်ပြချက်များကို စိန်ခေါ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ အတွေးအမြင်များ ကို ပုံဖော်ရန် အွန်လိုင်းပေါ်တွင် သြဇာလွှမ်းမိုးမှုရှိသူများနှင့် ခေတ်မီ AI နည်းပညာကို အသုံးပြုသည့် ဝါဒဖြန့် လှုပ်ရှားမှုအား အရှိန်မြှင့်တင်နေသည်ဟု ဆိုသည်။
ပြီးခဲ့သည့်လက တရုတ်နိုင်ငံပိုင် CCTV ရုပ်သံ၏ နိုင်ငံတကာသတင်းဌာနခွဲဖြစ်သည့် CGTN သတင်းတွင် "ကျိုးပျက်နေသည့် အမေရိကန်" ဟု ဖော်ပြထားသည့် AI ဖြင့် ဖန်တီးထားသော ဗွီဒီယိုများကို ဆက်တိုက် ထုတ်လွှင်ခဲ့သည်ဟု ဗြိတိန်၏ City AM သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထိုဗွီဒီယိုများထဲတွင် အမေရိကန်၏ လူတန်းစာအလွှာများ ကွဲပြားမှု၊ အလုပ်သမား ပြဿနာများနှင့် စစ်ဘက် ဆိုင်ရာ အဆောက်အအုံများကဲ့သို့ အကြောင်းအရာများကို အလေးထား ဖော်ပြခဲ့သည်။

အမေရိကန်ကို AI နဲ့တိုက်ခိုက်ထားစဉ်
ထိုလုပ်ဆောင်ချက်သည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ "တရုတ်အကြောင်း အကောင်းပြောရေး" ဆိုသည့် ကျယ်ပြန့်သည့် မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
တရုတ်သည် ကမ္ဘာ့တောင်ခြမ်းဒေသတွင် သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန်နှင့် အမေရိကန်၏ ရန်လိုမှုများကို တန်ပြန်ရန် ကြိုပမ်းနေချိန်တွင် တရုတ်မီဒီယာများသည် တရုတ်နိုင်ငံအကြောင်း ထိထိရောက်ရောက် ဖော်ပြရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်။
ရည်ရွယ်ချက်မှာ တရုတ်၏ စီးပွားရေး အင်အားကိုသာမက ယဉ်ကျေးမှုနှင့် ပထဝီနိုင်ငံရေး ခေါင်းဆောင်မှု အပိုင်းကိုပါ ပြသရန်ဖြစ်သည်။
မကြာသေးမီကလည်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနသည် AI ဖြင့် ဖန်တီးထားသည့် သီချင်းတစ်ပုဒ်ကို ထုတ်လွှင်ခဲ့ပြီး ထိုသီချင်းထဲတွင် အမေရိကန်၏ ကြွေးမြီပြဿနာအား လှောင်ပြောင်ထားသည်။
ထိုကဲ့သို့ AI နည်းပညာဖြင့် ဝါဒဖြန့်သည့် အားထုတ်ကြိုးပမ်းမှုများသည် အမေရိကန် လူ့အဖွဲ့အစည်းအတွင်း စိုးရိမ်မှုများကို ဖြစ်စေရန်နှင့် ပြည်တွင်းတွင် သဘောထားကွဲလွဲမှု ပိုမိုမြင့်တက်စေရန်ဖြစ်သည်ဟု Express သတင်းတွင် ဖော်ပြခဲ့သည်။
Source: express.co.uk
- By CNI
- Category: နိုင်ငံရေး
- Hits: 1918
CNI International News
တီဟီရန်၊ မေလ ၂၁
အီရန်နိုင်ငံတွင် သမ္မတ အီဘရာဟင်မ် ရာအီစီ (Ebrahim Raisi) သည် မေလ ၁၉ ရက်က ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားသဖြင့် ဒုတိယသမ္မတဖြစ်သူ မိုဟာမက် မွတ်ခ်ဘာ (Mohammad Mokhber) က ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်တွင် ပထမဆုံး ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်သည့် မွတ်ခ်ဘာ (၆၈ နှစ်) ၏ အဓိကအချက် တစ်ချို့ကို လေ့လာကြည့်မည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
ယာယီသမ္မတ၊ မွတ်ခ်ဘာသည် လွှတ်တော်ဥက္ကဋ္ဌ၊ တရားရေးဌာန အကြီးအကဲတို့နှင့်အတူ လူပုဂ္ဂိုလ် ၃ ဦးရှိသည့် ကောင်စီတွင် ပါဝင်နေသည်။ ထိုကောင်စီသည် သမ္မတသေဆုံးပြီးနောက် ရက်ပေါင်း ၅၀ အတွင်း သမ္မတ ရွေးကောက်ပွဲ ပြုလုပ်ရမည်ဖြစ်သည်။
၁၉၅၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်တွင် မွေးဖွားခဲ့သည့် မွတ်ခ်ဘာသည် ရာအီစီကဲ့သို့ပင် အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ (Ali Khamenei) နှင့် နီးစပ်သည့် ဆက်ဆံရေးရှိပြီး ၂၀၂၁ ခုနှစ်က ရာအီစီသည် သမ္မတအဖြစ် ရွေးကောက်ခံရချိန်တွင် ဒုတိယသမ္မတ ဖြစ်လာခဲ့သည်။
မွတ်ခ်ဘာသည် အောက်တိုဘာလက ရုရှားနိုင်ငံ၊ မော်စကို (Moscow) မြို့တော်သို့ သွားရောက်ခဲ့သည့် အီရန် ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သည်။

အီရန်ယာယီသမ္မတ မိုဟာမက် မွတ်ခ်ဘာကို တွေ့ရစဉ်
ထိုခရီးစဉ်အတွင်း ရုရှားစစ်တပ်အား မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များနှင့် ဒရုန်းများ ထောက်ပံ့ပေးရန် သဘောတူခဲ့သည်ဟု သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
မွတ်ခ်ဘာသည် ယခင်က ခါမေနီနှင့် ဆက်နွှယ်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေဖြစ်သည့် Setad တွင် အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်က ဥရောပသမဂ္ဂသည် မွတ်ခ်ဘာ အပါအဝင် အီရန်၏ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် လှုပ်ရှားမှုများတွင် ပါဝင်မှုစွဲချက်ဖြင့် ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
၂ နှစ်အကြာတွင်မူ မွတ်ခ်ဘာအား ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ပြန်လည်ဖယ်ရှားခဲ့သည်။
၂၀၁၃ ခုနှစ်တွင် အမေရိကန် ဘဏ္ဍာရေးဌာနက Setad နှင့် ကုမ္ပဏီ ၃၇ ခုကို ပိတ်ဆို့မှုစာရင်း၌ ထည့်သွင်းခဲ့ သည်။
Setad Ejraiye Farmane Hazrate Emam ဟု အမည် အပြည့်အစုံရှိသည့် Setad ကုမ္ပဏီသည် ခါမေနီ၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်လုပ်ကိုင်ပြီး ခါမေနီ မတိုင်မီ ယခင် အီရန် အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ ရူဟိုလာ ခိုမေနီ၏ အမိန့်ဖြင့် တည်ထောက်ခဲ့ခြင်းဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2035
CNI International News
ဝါရှင်တန်၊ မေလ ၂၁
အမေရိကန်သည် တရုတ်၏ လူမှုမီဒီယာ အက်ပလီကေးရှင်းဖြစ်သည့် TikTok အား သူလျှိုလုပ်မှုနှင့် အချက်အလက်များကို တရုတ်အစိုးရအား မျှဝေမှုစွဲချက်များဖြင့် ပိတ်ပင်တော့မည့် အခြေအနေသို့ ရောက်ရှိလာ ခဲ့သည်ဟု ဟောင်ကောင်ပို့စ်မှ ဖော်ပြခဲ့သည်။
အမေရိကန်မတိုင်မီ TikTok ကို အမျိုးသားလုံခြုံရေး စိုးရိမ်မှုများကြောင့် ပိတ်ပင်ထားသည့် နိုင်ငံအချို့လည်း ရှိခဲ့သည်။
အမေရိကန်၏ ဗာဂျီးနီးယား (Virginia) ပြည်နယ်မှ အထက်လွှတ်တော်အမတ် မာ့ခ် ဝါနာ (Mark Warner) ကမူ တရုတ်ကွန်မြူနစ်ပါတီသည် TikTok ကို ဝါဒဖြန့်သည့် လက်ကိုင်တုတ် တစ်ခုအဖြစ် အသုံးချနေပြီး အမေရိကန် အသုံးပြုသူ သန်း ၁၇၀ ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို စုဆောင်းရရှိနိုင်သဖြင့် ထိုပြဿနာသည် အမျိုးသား လုံခြုံရေး အန္တရာယ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
TikTok ကို ပိုင်ဆိုင်သည့် တရုတ်၏ ByteDance ကုမ္ပဏီအနေဖြင့် TikTok အား ရောင်းချခြင်း မပြုပါက အမေရိကန်နိုင်ငံမှာ TikTok ကို လုပ်ငန်းလည်ပတ်ခွင့် မပြုတော့မည့် ဥပဒေအား အတည်ပြုခဲ့သည်။

Tik Tok သုံးစွဲမှုအပေါ် သဘောထားပြနေကြစဉ်
ထိုဥပဒေကို အထက်လွှတ်တော်ကလည်း အတည်ပြုခဲ့သည်။
TikTok သည် တရုတ်အစိုးရနှင့် မျှဝေထားသည့် အချက်အလက်များကို ရှင်းထုတ်နိုင်သဖြင့် TikTok အား ရောင်းချမှုသည် အမေရိကန် အသုံးပြုသူများကို မထိခိုက်စေရန် လုပ်ဆောင်ရမည့် အချက်လည်း ပါဝင်နေသည်။
အချက်အလက် ကာကွယ်ရေးနှင့် စားသုံးသူ ကိုယ်ရေး အချက်အလက် လုံခြုံရေးကျွမ်းကျင်သူ ဆာရာ ကောလင်း (Sara Collins) ကလည်း တရုတ်အစိုးရသည် TikTok ကို ထိန်းချုပ်ထားမှုကြောင့် TikTok အား မှန်မှန်ကန်ကန် နှင့် စေ့စပ်သေချာစွာ လေ့လာစောင့်ကြည့်ရန်လိုကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယသည် TikTok အပါအဝင် တရုတ် အက်ပလီကေးရှင်း အချို့ကို လုံခြုံရေးစိုးရိမ်မှုများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ပိတ်ပင်ခဲ့သည်။
တရုတ် အက်ပလီကေးရှင်းများက စုဆောင်းခဲ့သည့် အချက်အလက်များသည် အိန္ဒိယ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိခိုက်စေနိုင်ကြောင်း အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။

အိမ်ဖြူတော်နဲ့ Tik Tok အက်စ်ကိုတွေ့ရစဉ်
အိန္ဒိယနိုင်ငံ၏ လုပ်ဆောင်ချက် အပြီးတွင် ဒိန်းမတ်၊ ဘယ်ဂျီယံ၊ ပြင်သစ်၊ ထိုင်ဝမ်နှင့် ဥရောပသမဂ္ဂတို့ကလည်း TikTok ကို ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။
ဥရောပသမဂ္ဂသည် ဆိုက်ဘာလုံခြုံရေး အစီအမံ တစ်ခုအဖြစ် ၎င်းဝန်ထမ်းများ၏ ဖုန်းထဲတွင် TikTok အက်ပလီကေးရှင်းကို အသုံးပြုခွင့် ပိတ်ပင်ခဲ့သည်။
ပြင်သစ်နိုင်ငံကလည်း TikTok ကို ၂၀၂၃ ခုနှစ်တွင် ပိတ်ပင်ခဲ့သည်။
TikTok သည် ဆိုက်ဘာလုံခြုံရေးနှင့် အချက်အလက် ကာကွယ်မှုအဆင့်သည် လုံလောက်မှု မရှိကြောင်း ပြင်သစ်အစိုးရအဖွဲ့က ပြောကြားခဲ့သည်။
အလားတူ ဒိန်းမတ်နိုင်ငံကလည်း သူလျှိုလုပ်မှု စိုးရိမ်ချက်များကြောင့် TikTok ကို ၂၀၂၃ ခုနှစ်တွင် ပိတ်ပင်ခဲ့ပြီး TikTok သည် အသုံးပြုသူများ၏ အအခွင့်အရေးများနှင့် ဖုန်းများထဲကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ ကြောင်း ပြောကြားခဲ့သည်။
Source: ဟောင်ကောင်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 2102
CNI International News
တိုင်ပေ၊ မေလ ၂၁
ထိုင်ဝမ်တွင် သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဝီလျံ လိုင်ချင်တေ(William Lai Ching-te) သည် မေလ ၂၀ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး တရုတ်၏ ခြိမ်းခြောက်မှုများကို ရပ်တန့်ရန်နှင့် ထိုင်ဝမ်၏ ဒီမိုကရေစီစနစ်ကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
လိုင်နှင့် ဒုသမ္မတ ရှန်ပီကင် (Hsia Bi-khim) သည် တိုင်ပေ (Taipei) မြို့တော်ရှိ သမ္မတရုံးတွင် ထိုင်ဝမ်ကို ထူထောင်ခဲ့သည့် ဆွန်ယက်ဆင် (Sun Yat-sen) ၏ ရုပ်တုရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြခြင်း ဖြစ်သည်။
အသက် ၆၄ နှစ်အရွယ် လိုင်ကို လွှတ်တော်ဥက္ကဋ္ဌက သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာ တံဆိပ်နှင့် ဂုဏ်ထူးဆောင် တံဆိပ်တစ်ခု ပေးအပ်ခဲ့သည်။
ထိုတံဆိပ်နှစ်ခု စလုံးကို တရုတ်ပြည်တွင်းစစ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်တွင် အမျိုးသားရေးဝါဒီများက ထိုင်ဝမ်သို့ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တေ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တွေ့ရစဉ်
ရာထူးမှ ထွက်ခွာတော့မည့် သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) ကလည်း ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ ပြီး သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နှုတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။
သမ္မတရုံး အဆောက်အအုံတွင် ပြုလုပ်သည့် အခမ်းအနား၌ လိုင်က မေလ ၂၀ ရက်၏ အရေးပါပုံကို မိန့်ခွန်း ပြောကြားခဲ့သည်။
ထိုင်ဝမ်တွင် မေလ ၂၀ ရက်သည် ၁၉၄၉ ခုနှစ်က မာရှယ်လော ထုတ်ပြန်ခဲ့သည့်နေ့ဖြစ်ပြီး ၁၉၉၇ ခုနှစ်၌ ထိုင်ဝမ်၏ ပထမဆုံး ရွေးကောက်ခံသမ္မတက ကျမ်းသစ္စာကျိန်ဆိုခဲ့သည့်နေ့ ဖြစ်သည်။
ထိုနေ့သည် အချုပ်အခြာအာဏာနှင့် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် နိုင်ငံများသည် ပြည်သူများ၏ လက်ထဲတွင်သာရှိကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကို သတင်းစကားပေးပို့သည့် နေ့ရက်ဖြစ်သည်ဟု လိုင်က ပြောသည်။

ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တေ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တွေ့ရစဉ်
ထိုင်ဝမ်အနေဖြင့် မိမိ၏ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များအပေါ် အလျှော့ပေးသွားမည် မဟုတ်ဘဲ ထိုင်ဝမ်ရေလက် ကြား အပါအဝင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ တရုတ်အနေဖြင့် ထိုင်ဝမ်ကို ရန်စမှုများအား ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူ သွားမည်ဟု ပြောကြားခဲ့ကာ ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များနှင့် သင်္ဘောများကို နေ့စဉ်နီးပါး စေလွှတ်ခဲ့ သည်။
လိုင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် နိုင်ငံ ၁၂ နိုင်ငံမှ ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
