
- By CNI
- Category: နိုင်ငံရေး
- Hits: 645
CNI International News
ဖနွမ်ပင် ၊ သြဂုတ် ၈
ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ် သီဟမုဏိ (Norodom Sihamoni) သည် ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) ၏ သားဖြစ်သူ ဟွန်မာနက် (Hun Manet) ကို ဝန်ကြီးချုပ်သစ်အဖြစ် အမည်စာရင်း တင်သွင်းမှုအား သြဂုတ် ၇ ရက် တွင် အတည်ပြုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ်ရာထူးအတွက် ဘုရင်၏ အတည်ပြုချက်ကို ရရှိခဲ့သည့် ဟွန်မာနက်သည် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ကို ရရှိရန် လိုအပ်ဦးမည် ဖြစ်သည်။
ဇူလိုင် ၂၃ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)က သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့သဖြင့် ဟွန်မာနက်သည် လွှတ်တော်၌ ဝန်ကြီးချုပ်ရာထူး နေရာအတွက် အတည်ပြုချက်ကို လွယ်လင့်တကူ ရရှိလိမ့်မည် ဖြစ်သည်။
ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ် သီဟမုဏိကိုတွေ့ရစဉ်
ဘုရင်၏ အတည်ပြု အမိန့်ကို ခမာနီပြောက်ကျားဟောင်း တစ်ဦးဖြစ်ပြီး နိုင်ငံကို ဆယ်စုနှစ် လေးစုနီးပါးကြာ အုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ် ဟွန်ဆန်က ၎င်း၏လူမှုမီဒီယာတွင် အရင်ဆုံး တင်ခဲ့ခြင်း ဖြစ်သည်။
သြဂုတ် ၅ ရက်က အသက် ၇၁ နှစ်ပြည့်ခဲ့သည့် ဟွန်ဆန်သည် ၎င်း၏ သားဖြစ်သူအား ပါတီတွင်း အာဏာယှဉ် ပြိုင်မှုမှ ကာကွယ်ရန် လူသိရှင်ကြား အာဏာလွှဲပြောင်းကြောင်း ကြေညာခဲ့သည်။
ဟွန်မာနက်နဲ့ ဟွန်ဆန်ကိုတွေ့ရစဉ်
သို့သော် ဟွန်ဆန်သည် CPP ၏ အဓိက နေရာကို ဆက်လက် ရယူထားလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဟွန်ဆန်ကလည်း သြဂုတ် ၆ ရက်တွင် သူတာဝန် ထမ်းဆောင်ခဲ့ရသည့် အခြေအနေများကို အသေးစိတ် ပြောကြားခဲ့ပြီး သူ့အနေနှင့် ခေါင်းဆောင်မှု နေရာတွင် ဆက်လက် တာဝန်ယူသွားဦးမည်ဟု ကြေညာခဲ့သည်။
"၂၀၂၃ ခုနှစ် မကုန်ခင်အချိန်အထိ အခြားရာထူးနေရာတွေမှာ ကျနော် ဆက်လက် တာဝန်ထမ်းဆောင်သွားမှာပါ။ အရမ်းခက်ခဲခဲ့တဲ့ အချိန်တွေမှာ ကျနော့်သားကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျနော့် ဇနီးကိုလည်း ကျနော် ကျေးဇူး တင် ပါတယ်"ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။
သြဂုတ် ၂၂ ရက်တွင် ကမ္ဘောဒီးယားလွှတ်တော်သည် ဟွန်မာနက်ကို ဝန်ကြီးချုပ်ရာထူး နေရာအတွက် အတည်ပြု ရန် မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 612
CNI International News
ဘန်ကောက် ၊ သြဂုတ် ၇
ထိုင်းတွင် ဒီမိုကရက်တစ်ပါတီ (Democrat Party) သည် ခေါင်းဆောင်သစ်တစ်ဦး ရွေးကောက်ရန်နှင့် အုပ်ချုပ် ရေး ဘုတ်အဖွဲ့ ဖွဲ့စည်းရန် ပါတီညီလာခံ ပြုလုပ်နိုင်ခဲ့ခြင်း မရှိသဖြင့် ပါတီတွင်း သဘောထား ကွဲလွဲမှုများ ပိုမို နက်ရှိုင်းလာဖွယ်ရှိသည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ပါတီ၏ ပဋိညာဉ်စာတမ်းအရ ပါတီညီလာခံ ပြုလုပ်ပြီး မဲပေးရွေးချယ်ရန် ပါတီဝင် ၂၅၀ ဦး လိုအပ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် မဲပေးမည့် ပါတီဝင် ၂၂၃ ဦးသာ ရှိခဲ့သဖြင့် သြဂုတ် ၆ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ပါတီအထွေထွေညီလာခံကို ရွှေ့ဆိုင်းခဲ့ရသည်။
မဲပေးမည့် ပါတီဝင် လုံလောက်မှုမရှိသဖြင့် ပါတီညီလာခံကို ရွှေ့ဆိုင်းရမှုသည် ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။ ပထမအကြိမ် ပါတီညီလာခံကို ဇူလိုင် ၉ ရက်တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ညီလာခံ တက်ရောက် မည့် ပါတီဝင် ၂၅၀ ဦး မပြည့်သဖြင့် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
ဒီမိုကရက်တစ်ပါတီ ပါတီအတွင်းရေးမှူးချုပ် ချာလမ်ချိုင်း သီရိအွန်ကို တွေ့ရစဉ်
ယခုကဲ့သို့ ပါတီညီလာခံကို နှစ်ကြိမ် ရွှေ့ဆိုင်းရခြင်းသည် ယခင်ပါတီ ခေါင်းဆောင်ဟောင်း အဘီဆစ် ဝိဇ္ဇာဇီဝ (Abhisit Vejjajiva) ကို ပြန်လည်တင်မြှောက်ပြီး ပါတီကို လက်ရှိဖြစ်ပွားနေသည့် အကျပ်အတည်းအတွင်းမှ ဆွဲထုတ်ရန် ဆန္ဒရှိနေသည့် ဒီမိုကရက်အချို့၏ နည်းပရိယာယ်ဟု ယူဆရသည်။
လွှတ်တော် ကိုယ်စားလှယ် မဟုတ်သည့်် ပါတီဝင်များသည် လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ပါတီဝင် များနှင့် ပါတီရွေးကောက်ပွဲတွင် နေရာရရှိမှုကို ၇၀/၃၀ အချိုးချထားသည့် ပဋိညာဉ်ကို ပြင်ဆင်ရန် သို့မဟုတ် ဖြေလျှော့ရန် တိုက်တွန်းခဲ့သည်။
ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် တစ်ဦးကိုတွေ့ရစဉ်
ထိုပဋိညာဉ်ကို ပြင်ဆင်ခြင်းမပြုပါက လက်ရှိ ပါတီအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ချာလမ်ချိုင်း သီရိအွန် (Chalermchai Sri-on) သည် ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ခံရလိမ့်မည်ဟု အဘီဆစ်ကို ထောက်ခံသည့် ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ်ဟောင်း အများစုက ယူဆထားကြသည်။
ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးကမူ ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့အတွင်း ပါဝင်လိုသည့် အစီအစဉ်များကို ချပြခဲ့သည့် ချာလမ်ချိုင်းအား ထောက်ခံလျက်ရှိသည်။
မည်သို့ပင်ဆိုစေ ပါတီတွင်း မဲခွဲဆုံးဖြတ်မှုတွင် ပါဝင်မည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း အများစုက ဖြူထိုင်းပါတီကို ၎င်းတို့၏ အကြီးမားဆုံး ရန်ဘက်အဖြစ် ယူဆထားပြီး ပါတီခေါင်းဆောင်ဟောင်း အဘီဆစ်ကို ပြန်လည်တင်မြှောက်ရန် ဆန္ဒရှိနေသည်။
Source: The Nation

- By CNI
- Category: နိုင်ငံရေး
- Hits: 613
CNI International News
မော်စကို၊ သြဂုတ် ၇
ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ လေတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ ရည်ရွယ်ထားသည့် ပစ်မှတ်များအား ထိမှန်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ရော့ဗ်နို (Rovno) ဒေသရှိ ဒူဘနိုမြို့နှင့် ခါမယ်နစ်စကီး (Khmelnitsky) ဒေသရှိ စတာရိုကွန်စတန်တီနော့ဗ် (Starokonstantinov) မြို့များရှိ ယူကရိန်း၏ လေတပ်စခန်းများကို ညအချိန်တွင် ပစ်မှတ်တိကျမှုရှိသည့် လက်နက်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုတွင် ရည်ရွယ်ထားသည့် ပစ်မှတ်များကို ထိမှန် ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အိုင်ဂေါ် ကိုနာရှန်ကော့ဗ် (Igor Konashenkov) က အကျဉ်းချုံးပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စတာရိုကွန်စတန်တီနော့ဗ်မြို့က ယူကရိန်းလေတပ်စခန်းကို တွေ့ရစဉ်
"ပြီးခဲ့တဲ့ညက ရုရှားပြည်ထောင်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ တာဝေးပစ် ဝေဟင်နဲ့ ရေပြင်အခြေစိုက် တိကျမှု ရှိတဲ့ လက်နက်တွေကို အသုံးပြုပြီး ခါမယ်နစ်စကီးဒေသက စတာရိုကွန်စတန်တီနော့ဗ်မြို့နဲ့ ရော့ဗ်နို ဒေသက ဒူဘနိုမြို့အနီးမှာရှိတဲ့ ယူကရိန်း လေတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုရဲ့ ရည်မှန်းချက်ဟာ အောင်မြင်ခဲ့ပြီး သတ်မှတ်ထားတဲ့ ပစ်မှတ်အားလုံးကို ထိမှန်ခဲ့ပါတယ်" ဟု အိုင်ဂေါ်က ပြောသည်။
ပြီးခဲ့သည့် ရက်ကလည်း ရုရှားတပ်ဖွဲ့သည် အထူးစစ်ဆင်ရေးကို ဆက်လက်ပြုလုပ်ခဲ့ပြီး ဒွန်းနက်စ် (Donetsk)၊ ဇာပိုရိုရှား (Zaporozhye)၊ ကရက်စ်နီ လီမန် (Krasny Liman)၊ ကူးပန့် (Kupansk) နှင့် ဒွန်းနက်စ် တောင်ပိုင်း ဒေသများတွင် ယူကရိန်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို တွန်းလှန်ခဲ့ပြီး တိုက်ခိုက်အနိုင်ယူခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
Source: တာ့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 706
CNI International News
ဘန်ကောက် ၊ သြဂုတ် ၇
ထိုင်းနိုင်ငံတွင် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ကြီးမားသည့် နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ဖြူးထိုင်း ပါတီက ဝန်ခံခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အဆိုပါ အကျပ်အတည်းကို ကျော်လွှားရန် ကြိုးပမ်းနေသည်ဟုလည်း ဖြူးထိုင်းပါတီက ပြောသည်။
အစိုးရဖွဲ့စည်းရေးအတွက် အချိန်ကန့်သတ်ထားသည့် ဖွဲ့စည်းပုံ၏ ကန့်သတ်ချက်ကြောင့် ထိုအကျပ်အတည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်း၏ ပြေပြစ်မှုမရှိသည့် အုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံနှင့် မတူ ကွဲပြားသည့် နိုင်ငံရေးအုပ်စုများအကြား ပဋိပက္ခများ ရှိနေကြောင်း ဖြူးထိုင်းပါတီ၏ လက်ထောက်ခေါင်းဆောင် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ပြောသည်။
ဖြူးထိုင်းပါတီ၏ လက်ထောက်ခေါင်းဆောင် ဖွမ်သမ် ဝီချာယာချိုကို တွေ့ရစဉ်
"လက်ရှိ အခြေအနေအရ အစိုးရဖွဲ့ဖို့ မလွယ်ကူပါဘူး။ ကျနော်တို့ပါတီဟာ ညွန့်ပေါင်းမဟာမိတ်ရဲ့ ခေါင်းဆောင် ပါတီ ဖြစ်တာကြောင့် ကျနော်တို့ရဲ့ ရပ်တည်ချက်နဲ့ ခေါင်းဆောင်မှုအပိုင်းကို ခိုင်မာနေစေဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ညွန့်ပေါင်း မဟာမိတ်ပါတီတွေအကြား မတူကွဲပြားမှုတွေကို ကိုယ်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်သလို နိုင်ငံကိုလည်း ဒီအကျပ်အတည်းကနေ ဆွဲထုတ်နိုင်မှာ မဟုတ်ပါဘူး"ဟု ဖွမ်သမ်က ပြောသည်။
ထိုင်းတွင် ပြည်တွင်း၊ ပြည်ပ အခြေအနေ အရပ်ရပ်ကြောင့် ပြီးခဲ့သည့် ၈ နှစ်မှ ၉ နှစ်အတွင်း ပြည်သူများနှင့် နိုင်ငံရေး အခင်းအကျင်းသည် သိသာထင်ရှားစွာ ပြောင်းလဲခဲ့သည်။
လက်ရှိ အခြေအနေအရ ဖြူးထိုင်းပါတီသည် အစိုးရအဖွဲ့သစ်ကို ဦးဆောင်ချိန်တွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက် ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင် ပြည်သူများကို ကတိပေးခဲ့သည့် မူဝါဒများကို အကောင်အထည်ဖော်ရန် လုပ် ဆောင်နေသည်ဟု ဖွမ်သမ်က ပြောသည်။
ထိုင်းပြည်သူလူထုကိုတွေ့ရစဉ်
"ကျနော်တို့ရဲ့ ပြဿနာကို နိုင်ငံ့ ပြဿနာမျိုး ဖြစ်လာအောင် မလုပ်ပါဘူး။ ဒါ့အပြင် ပြည်သူတွေရဲ့ အကျိုးစီးပွား ထက် ကျနော်တို့ အကျိုးစီးပွားကိုပဲ ကာကွယ်နေတာမျိုးလည်း မလုပ်ပါဘူး " ဟု ဖွမ်သမ်က ပြောသည်။
ဖြူးထိုင်းသည် နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာရန် လက်တွေ့ကျပြီး ညင်သာသည့် ချဉ်းကပ်မှုဖြင့် လုပ်ဆောင်နေသလို သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ပြီး အကောင်းဆုံး အခြေအနေကို မျှော်လင့်ထားသည်ဟု ၎င်းက ဆိုသည်။
သြဂုတ် ၄ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် လွှတ်တော်တွင်း ဝန်ကြီးချုပ်ရွေးချယ်မှုကို ရွှေ့ဆိုင်းခဲ့သည့်တိုင် မိမိတို့ပါတီမှ အဆိုပြုတင်သွင်းသော ဝန်ကြီးချုပ် ကိုယ်စားလှယ်အတွက် လုံလောက်သည့် ထောက်ခံမဲရရှိရန် ယုံကြည်ထားသည်ဟု ဖြူးထိုင်းပါတီအတွင်းရေးမှူးချုပ် ပရာဆတ် ချန်တာရာရွန်ထောင် (Prasert Chantara ruang thong) က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 681
CNI International News
အဒစ် အဘာဘာ၊ သြဂုတ် ၅
အီသီယိုပီယားနိုင်ငံ၏ အမ်ဟာရာ (Amhara) ဒေသတွင် စစ်တပ်နှင့် ဒေသခံ လက်နက်ကိုင်များအကြား တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီးနောက် အီသီယိုပီးယား ဗဟိုအစိုးရသည် သြဂုတ် ၄ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
"ထိန်းမနိုင်သိမ်းမရတဲ့ အခြေအနေကို ထိန်းချုပ်ဖို့ ခက်ခဲလာတာကြောင့် တရားရေးစနစ်အပေါ် အခြေခံပြီး အရေးပေါ်အခြေအနေကို ကြေညာခဲ့တာ ဖြစ်ပါတယ်"ဟု အီသီယိုပီးယား ဝန်ကြီးချုပ် အဘီ အာမက် (Abiy Ahmed) ၏ ရုံးက ထုတ်ပြန်ခဲ့သည်။
ထိုအရေးပေါ် အခြေအနေသည် အမ်ဟာရာ ဒေသတွင်သာ ကြေညာခြင်း သို့မဟုတ် တစ်နိုင်ငံလုံးတွင် ကြေညာ ခြင်း ဆိုသည်ကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
အီသီယိုပီးယားနိုင်ငံအတွင်းက လက်နက်ကိုင် တပ်ဖွဲ့ကိုတွေ့ရစဉ်
အီသီယိုပီးယား၏ ဒုတိယ လူဦးရေအများဆုံး ဒေသဖြစ်သည့် အမ်ဟာရာတွင် ယခုသီတင်းပတ် အစောပိုင်းက Fano ပြည်သူ့စစ်နှင့် အီသီယိုပီးယား အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ENDF) တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လုံခြုံရေး အကျပ်အတည်း ပေါ်ပေါက်ခဲ့သည်။
အမ်ဟာရာ၏ အိမ်နီးချင်း တီဂရေး (Tigray) ဒေသတွင် အစိုးရတပ်များနှင့် တီဂရေးလက်နက်ကိုင်များအကြား နှစ်နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ချိန်က Fano ပြည်သူ့စစ်သည် အစိုးရတပ်များကို ကူညီတိုက်ခိုက်ပေးခဲ့သည်။
တီဂရေးစစ်ပွဲသည် ပြီးခဲ့သည့် နိုဝင်ဘာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဖြင့် အဆုံးသတ်ခဲ့သည်။
သို့သော် အစိုးရတပ်များသည် အမ်ဟာရာဒေသ၏ လုံခြုံရေးကို လျစ်လျူရှုခဲ့ပြီးနောက် Fano ပြည်သူ့စစ်နှင့် အစိုးရတပ်များအကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့၀င် တစ်ဦးကိုတွေ့ရစဉ်
သြဂုတ် ၁ ရက်နှင့် ၂ ရက် တွင် Fano ပြည်သူ့စစ်နှင့် ENDF တပ်ဖွဲ့များသည် ဒီဘရီ တာဘော် (Debre Tabor) မြို့အနီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသည့် ဆရာဝန်တစ်ဦးနှင့် ရဲအရာရှိတစ်ဦးတို့က ပြောကြားခဲ့သည်။
သြဂုတ် ၃ ရက်တွင်မူ အမ်ဟာရာဒေသ အစိုးရက အရေးပေါ်အခြေအနေကို ကြေညာရန် ဗဟိုအစိုးရကို တောင်းဆိုခဲ့သည်။
အမ်ဟာရာ အာဏာပိုင်များသည် ဒေသအတွင်း စီးပွားရေး၊ လူမှုရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတို့ကို ဆိုးရွားခြင်းမရှိစေရန် သင့်လျော်သည့် စီမံချက်များ ချမှတ်လုပ်ဆောင်ရန် အီသီယိုပီးယား ဝန်ကြီးချုပ်ထံ စာတစ်စောင် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား

- By CNI
- Category: နိုင်ငံရေး
- Hits: 721
CNI International News
ဝါရှင်တန်၊ သြဂုတ် ၅
မြောက်ကိုရီးယားသည် ရုရှားကို ယူကရိန်းစစ်ပွဲအတွင်း အသုံးပြုနိုင်မည့် လက်နက်ခဲယမ်းများ အပါအဝင် စစ်ရေး အကူအညီများ ထောက်ပံ့ပေးရန် စဉ်းစားနေသည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) အရာရှိ တစ်ဦးက ပြောကြားခဲ့ကြောင်း The Korea Times မှ ဖော်ပြခဲ့သည်။
အမေရိကန်သည် ယူကရိန်းကို တိုက်ခိုက်နေသည့် ရုရှား၏ တရားမဝင် စစ်ပွဲကို ထောက်ပံ့ပေးမည့် အားထုတ် ကြိုးပမ်းမှုများအပေါ် ပိတ်ဆို့မှုများ ဆက်လက် ချမှတ်သွားမည်ဟု NSC ၏ မဟာဗျူဟာ ဆက်သွယ်ရေး ညှိနှိုင်း ဆောင်ရွက်ရေး အရာရှိ ဂျွန်ကာဘီ (John Kirby) က ပြောသည်။
"ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွိုင်ဂူ (Sergei Shoigu) ဟာ မြောက်ကိုရီးယားဆီက လက်နက်ခဲယမ်းများ ဝယ်ယူဖို့အတွက် မကြာသေးခင်က မြောက်ကိုရီးယားကို သွားရောက်ခဲ့ပါတယ်" ဟု ကာဘီက ပြောသည်။
အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) အရာရှိ ဂျွန်ကာဘီကို တွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က ရုရှားကာကွယ်ရေးဝန်ကြီးသည် မြောက်ကိုရီးယားတွင် ပြုလုပ်ခဲ့သည့် ကိုရီးယားစစ်ပွဲ အဆုံးသတ်သည့် နှစ်ပေါင်း ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ပြုံယမ်းမြို့တော်သို့ သွားရောက် ခဲ့သည်။
"ကျနော်တို့ ရထားတဲ့ သတင်းတွေအရ ရုရှားဟာ DPRK ဆီက လက်နက်ကြီး ကျည်ဆန်တွေ ဝယ်ယူဖို့နဲ့ DPRK နဲ့ ရုရှားအကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ ကြိုးပမ်းနေတာကို သိရပါတယ်" ဟု ကာဘီက မြောက်ကိုရီးယား၏ တရားဝင် အမည်ဖြစ်သည့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (Democratic People's Republic of Korea) ၏ အတိုကောက် DPRK ကို ရည်ညွှန်း ပြောကြားခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များသည် ရုရှားထံ သွားရောက်မည်ဟု ယူဆရသည့် သင်္ဘောတစ်စင်းပေါ်မှ မြောက်ကိုရီးယားလုပ် ရော့ကက်များကို စီးနင်းရမိခဲ့သည်ဟု Financial Times သတင်းစာက ဖော်ပြခဲ့ပြီးနောက် ကာဘီ၏ ပြောကြား ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်က ရုရှားကာကွယ်ရေး၀န်ကြီး ဆာဂျေရွိုင်ဂူကို လက်နက်တွေ ပြသနေစဉ်
"မြောက်ကိုရီးယားနဲ့ ရုရှားအကြား လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်တွေဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ပြဋ္ဌာန်းချက်တွေကို တိုက်ရိုက်ချိုးဖောက်မှု ဖြစ်ပါတယ်"ဟု ကာဘီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရုရှားသည် မြောက်ကိုရီးယားထံမှ လက်နက်များကို မှီခိုနေရခြင်းသည် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ရုရှားအစိုးရ၏ ဆိုးရွားသည့် အခြေအနေကို ဖော်ပြရာ ရောက်နေသည်ဟုလည်း ကာဘီက ပြောသည်။
"ပူတင်ဟာ ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတွေဆီက လက်နက်တွေကို ဝယ်ယူနေပြီး တရုတ်ရဲ့ လက်နက်တွေကိုလည်း ဝယ်ယူဖို့ ကြိုးစားခဲ့တာ သေချာပါတယ်"ဟု ကာဘီက ပြောကြားခဲ့သည်။
Source: The Korea Times
- By CNI
- Category: နိုင်ငံရေး
- Hits: 772
CNI International News
ဘန်ကောက်၊ သြဂုတ် ၅
ထိုင်းနိုင်ငံတွင် ရေရာမှုမရှိသေးသည့် နိုင်ငံရေး အခင်းအကျင်းကြောင့် ဝန်ကြီးချုပ် ရွေးချယ်ရေးအတွက် မဲခွဲဆုံးဖြတ်မည့်ရက်ကို ထပ်မံ ရွှေ့ဆိုင်းခဲ့သဖြင့် ဖြူးထိုင်းပါတီ၏ အစိုးရဖွဲ့ရေး ရည်မှန်းချက်ကို ထိခိုက် စေခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ယခင်က ဝန်ကြီးချုပ် မဲပေးရွေးချယ်မှုကို သြဂုတ် ၄ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ထိုအစီအစဉ်ကို လွှတ်တော်ဥက္ကဋ္ဌ ဝမ် မူမာမက် နျူအာ မာသာ (Wan Muhamad Noor Matha) က သြဂုတ် ၃ ရက်တွင် ဖျက်သိမ်းခဲ့သည်။
ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ရွေးကောက်ပွဲအနိုင်ရ Move Forward (MFP) ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရတ် (Pita Limjaroenrat) အား ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းမှုကို လွတ်တော်က ပိတ်ပင် ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံနှင့် ညီ၊မညီ စဉ်းစားဆုံးဖြတ်မည်ဖြစ်သဖြင့် ဝန်ကြီးချုပ် ရွေးချယ်ရေးကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သြဂုတ် ၂ ရက်တွင် ထိပ်သီး ဝန်ကြီးနေရာ ၅ နေရာအတွက် ကိုယ်စားလှယ်လောင်း စာရင်းကို ကြေညာခဲ့သည့် ဖြူးထိုင်းပါတီအတွက် ၎င်း၏ အစီအစဉ်ကို ပြန်လည်ရုတ်သိမ်းရမည့် အခြေအနေသို့ ရောက်ရှိ စေခဲ့သည်။
သက်ဆင်ကိုတွေ့ရစဉ်
ထိုသို့ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် သြဂုတ် ၁၀ ရက်တွင် ထိုင်းသို့ ပြန်လာမည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည်လည်း ၎င်း၏ ပြည်တော်ပြန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ယခုဖြစ်ပွားနေသည့် နိုင်ငံရေး အခင်းအကျင်းကြောင့် ဖြူးထိုင်းသည် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ကြေညာခဲ့သည့် ဆရတ်သာ သာဗင်စင် (Srettha Thavisin) အစား အခြားပါတီတစ်ခုမှ ဝန်ကြီးချုပ် ကိုယ်စားလှယ် တစ်ဦးကို အမည်စာရင်း တင်သွင်းဖွယ် ရှိနေသည်ဟုလည်း ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။
ထိုင်းအိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ပရာယွတ်ကိုတွေ့ရစဉ်
သြဂုတ် ၂ ရက်တွင် ဖြူးထိုင်းသည် MFP နှင့် လမ်းခွဲခဲ့ပြီး MFP ကို ညွန့်ပေါင်းအဖွဲ့မှ ထုတ်ပယ်ခဲ့ကာ ဖြူးထိုင်း၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအတွက် အခြားပါတီများထံမှ ထောက်ခံမှုများ ရရှိရန် ကြိုးပမ်းသွားမည်ဟု ကြေညာခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကမူ ပီတာကို ဝန်ကြီးချုပ်ရာထူး နေရာအတွက် ပိတ်ပင်ခြင်းနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုအမှုကို သြဂုတ် ၁၆ ရက်တွင် ဆုံးဖြတ်ချက် ချဖွယ် ရှိသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 683
CNI International News
နိုင်ရိုဘီ၊ သြဂုတ် ၄
ဟေတီတွင် နိုင်ငံပေါင်းစုံ ပါဝင်သည့်တပ်ဖွဲ့ကို ကင်ညာက ဦးဆောင်ရန် အမေရိကန်အစိုးရက အလိုရှိနေပြီး ကင်ညာရဲအရာရှိများကိုလည်း အကြမ်းဖက် အနိုင်ကျင့်မှုများ မပြုလုပ်ရန် သတိပေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့ သည်။
လက်ရှိတွင် ကင်ညာရဲအရာရှိ ၁၀၀၀ သည် ရာဇဝတ်ဂိုဏ်းများကို တိုက်ဖျက်သည့် စစ်ဆင်ရေးတွင် ပါဝင်ရန် ဟေတီသို့ သွားရောက်ဖွယ် ရှိနေသည်။
ကင်ညာတွင် COVID-19 ကာဖျူးမိန့် ထုတ်ပြန်ချိန် ကာလအတွင်း ကင်ညာရဲတပ်ဖွဲ့သည် အရပ်သားများကို ပစ်ခတ်မှုများ အပါအဝင် သတ်ဖြတ်မှုများနှင့် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့များက စွပ်စွဲခဲ့သည်။
ဆန္ဒပြမှုများကို နှိမ်နင်းနေတဲ့ ကင်ညာရဲတပ်ဖွဲ့ကိုတွေ့ရစဉ်
ထို့ကြောင့် ယခုစစ်ဆင်ရေးသည် ကင်ညာရဲတပ်ဖွဲ့အတွက် စိန်ခေါ်မှုရှိသည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာ နိုင်သည်။
ကင်ညာတွင် ဇူလိုင်လအတွင်း ရဲအရာရှိများသည် လူပေါင်း ၃၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဖြစ်စဉ်အားလုံး သည် အတိုက်အခံများ၏ ဆန္ဒပြမှုများအတွင်း ကင်ညာ၏ အဆင်းရဲဆုံး ဒေသများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း အဖွဲ့အစည်းတစ်ခုက ပြောသည်။
"ကျည်အစစ်တွေ အသုံးပြုပြီး ပစ်ခတ်တာ အပါအဝင် လူ့အသက်တွေကို ဆုံးရှုံးစေပြီး အကြမ်းဖက်မှုတွေ မြင့် တက် လာတာတွေကြောင့် ကျနော်တို့ ဝမ်းနည်းခဲ့ရပါတယ်"ဟု ဇူလိုင်လလယ်ပိုင်းက ဆန္ဒပြမှုများ ဖြစ်ပွားချိန် အတွင်း အမေရိကန်က အခြားနိုင်ငံ ၁၁ နိုင်ငံနှင့်အတူ ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ယခုလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အလှည့်ကျ ဥက္ကဋ္ဌနေရာကို ရယူထားသည့် အမေရိကန်သည် ဟေတီတွင် ကင်ညာရဲတပ်ဖွဲ့ ဦးဆောင်သည့် မစ်ရှင်တစ်ခုအား ခွင့်ပြုသည့် ကြေညာချက် တစ်စောင် ထုတ်ပြန်ရန် ပြင်ဆင်နေသည်။
ကင်ညာရဲတပ်ဖွဲ့သည် ပြည်ပစစ်ဆင်ရေးများတွင် အတွေ့အကြုံနည်းပါးပြီး ဟေတီတွင် အသုံးပြုသည့် ပြင်သစ် ဘာသာစကားကိုလည်း ကျွမ်းကျင်စွာ ပြောဆိုတတ်ခြင်း မရှိပေ။
ဆန္ဒပြမှုများကို နှိမ်နင်းနေတဲ့ ကင်ညာရဲတပ်ဖွဲ့ကိုတွေ့ရစဉ်
"ဒါက ထုံးတမ်းစဉ်လာအရ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့လို မဟုတ်ပါဘူး" ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် လင်ဒါ သောမတ်စ် ဂရင်းဖီးလ် (Linda Thomas Greenfield) က သြဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ အနောက်ခြမ်းဒေသရှိ အဆင်းရဲဆုံး ဟေတီနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထိန်းသိမ်းရန် အားထုတ် ကြိုးပမ်းမှုအတွက် နိုင်ငံတစ်နိုင်ငံက ဦးဆောင်ပြုလုပ်ရန် ကုလသမဂ္ဂက ကိုးလကျော်ကြာ မေတ္တာရပ် ခံခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။
ကင်ညာအစိုးရကမူ ဟေတီတွင် နိုင်ငံပေါင်းစုံ တပ်ဖွဲ့ကို ဦးဆောင်ရန် စိတ်ဝင်စားကြောင်းနှင့် ဟေတီ အမျိုးသား ရဲတပ်ဖွဲ့ကို လေ့ကျင့်ပေးရန် ရဲအရာရှိ ၁၀၀၀ စေလွှတ်နေကြောင်း ကင်ညာ နိုင်ငံခြားရေးဝန်ကြီး အဲလ်ဖရက် မူတူအာ (Alfred Mutua) က ပြောကြားခဲ့သည်။
"ကင်ညာဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အာဖရိကလူမျိုးတွေနဲ့အတူ ရပ်တည်နေပါတယ်" ဟု အဲလ်ဖရက်က ပြောကြားခဲ့သည်။
သို့သော် ဟေတီသို့ပို့ဆောင်သည့် တပ်ဖွဲ့များအကြောင်းနှင့် ဟေတီတပ်ဖွဲ့ကို ဦးဆောင်မှုအတွက် မည်သည့် အကျိုးအမြတ်များ ရရှိလိမ့်မည်ဆိုခြင်းကိုမူ ကင်ညာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 808
CNI Internataional News
နီယာမေ၊ သြဂုတ် ၄
နိုက်ဂျာတွင် အာဏာသိမ်းမှုကို ထောက်ခံသူများသည် သြဂုတ် ၃ ရက်က နီယာမေမြို့တော်တွင် စုရုံးခဲ့ကြပြီး အာဏာသိမ်းမှုကို ဝေဖန်ခဲ့သည့် ပြင်သစ်နှင့် အခြားနိုင်ငံများကို ဝေဖန်ရှုတ်ချခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
နိုက်ဂျာ၏ လွတ်လပ်ရေးနေ့တွင် စစ်အာဏာသိမ်းအုပ်စုနှင့် မြို့ပြ လူမှုရေးအဖွဲ့များက စီစဉ်ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြစုရုံးမှုတွင် ပါဝင်သူ များပြားခဲ့သည်။
နီယာမေမြို့တော်တွင် ဆန္ဒပြသူများသည် မကြာသေးမီ နှစ်များအတွင်းက အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့သည့် အိမ်နီးချင်း နိုင်ငံများထံမှ ထောက်ခံမှုများကို တောင်းဆိုသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။
ဆန္ဒပြသူအချို့သည် ရုရှားအလံများကို ဝှေ့ယမ်းခဲ့ပြီး အမျိုးသားတစ်ဦးကတော့ နိုက်ဂျာနှင့် ရုရှားအလံကို ပေါင်းစပ်ထားသည့် အလံကို ဝှေ့ယမ်းခဲ့သည်။
နိုက်ဂျာ အာဏာသိမ်းမှုနဲ့ ရုရှားကို ထောက်ခံကြောင်း ပြသနေကြစဉ်
ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုတွင် ပြင်သစ်ထံမှ လွတ်လပ်ရေး ရပြီးနောက် နိုက်ဂျာ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသည့် သမ္မတ မိုဟာမက် ဘာဇုမ်း (Mohamad Bazoum) သည် ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။
ထို့နောက် နိုင်ငံအတွင်း ပြင်သစ်ဆန့်ကျင်မှုများ မြင့်တက်ခဲ့သဖြင့် အာဖရိက၏ ဆာဟယ်ဒေသတွင် အစွန်းရောက် များကို နှိမ်နင်းနေသည့် အနာဂတ် စစ်ဆင်ရေးများအပေါ် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
ဆာဟယ်ဒေသသည် အနောက်နိုင်ငံများနှင့် ရုရှားအကြား သြဇာလွှမ်းမိုးရေးအတွက် အားပြိုင်နေသည့် ဒေသ တစ်ခု ဖြစ်သည်။
နိုက်ဂျာအာဏာသိမ်းမှုကို အနောက်နိုင်ငံများနှင့် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့အစည်း (ECOWAS) တို့က ရှုတ်ချခဲ့သည်။
ECOWAS ကမူ ဘာဇုမ်းကို အာဏာပြန်မအပ်ပါက အာဏာသိမ်းအုပ်စုကို အင်အားသုံးပြီး ဖယ်ရှားသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
နီယာမေမြို့တော်တွင် တင်းမာမှုများ မြင့်တက်နေသဖြင့် ဥရောပ နိုင်ငံသား အများအပြားသည် နိုက်ဂျာရှိ ၎င်းတို့ နိုင်ငံသားများကို ရွှေ့ပြောင်းပေးခဲ့ကြသည်။
နိုက်ဂျာ အာဏာသိမ်းမှုကို ထောက်ခံသူများကို တွေ့ရစဉ်
သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုတွင် ပါဝင်သူ အများစုက အာဏာသိမ်းမှုကို ထောက်ခံကြောင်းနှင့် ပြည်ပ၏ ကြားဝင်စွက်ဖက်မှုကို ရှုတ်ချကြောင်း ပြောကြားခဲ့သည်။
ကျန်သည့် ပြည်သူအများစုကမူ အာဏာသိမ်းမှုကို ထောက်ခံခြင်း ရှိ/မရှိ ရှင်းလင်းစွာ မသိရသေးဘဲ သြဂုတ် ၃ ရက်တွင် နီယာမေမြို့တော်၏ နေရာဒေသအများစု၌ ပြည်သူများသည် ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေ ကြ သည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဟမ်မာနီ တီယာနီ (Abdourahmane Tiani) ကမူ အာဏာ သိမ်းမှုများ ရှုတ်ချသူများကို ပြစ်တင်ဝေဖန်ခဲ့ပြီး ပြည်သူများအနေဖြင့် နိုင်ငံကို ကာကွယ်ရေးအတွက် အသင့် ပြင်ထားရန် သြဂုတ် ၂ ရက်က နိုင်ငံတော်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ECOWAS ကမူ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် ဘာဇုမ်းကို သြဂုတ် ၆ ရက် နောက်ဆုံးထားပြီး အာဏာပြန်အပ်ရန် နိုက်ဂျာစစ်ခေါင်းဆောင်များကို သတိပေးခဲ့သည်။
Source: အေပီ