- By CNI
- Category: နိုင်ငံရေး
- Hits: 3023
CNI International News
မော်စကို၊ မေလ ၁၄
ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် အံ့အားသင့်ဖွယ် ထိပ်သီးရာထူး အပြောင်းအလဲ တစ်ခုအနေဖြင့် စီးပွားရေးပညာရှင်တစ်ဦးကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် အဆိုတင်သွင်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
ပူတင်သည် ယူကရိန်းစစ်ပွဲကို အနိုင်ရရှိဖို့ ဘဏ္ဍာရေး ပိုမိုအဆင်ပြေ ချောမွေ့စေရန်နှင့် ဆန်းသစ်တီထွင်မှုကို ပိုမိုဖြစ်ထွန်းစေရန် ကြိုးပမ်းခြင်းအားဖြင့် စီးပွားရေးဆန်သည့် စစ်ပွဲဆင်နွှဲရန် ထိုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်နိုင် ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း စစ်ပွဲ ဖြစ်ပွားခဲ့သည်မှာ ၂ နှစ်ကျော် ကြာမြင့်လာသည်နှင့်အမျှ နှစ်ဖက်စလုံးတွင် ထိခိုက်ဆုံးရှုံးမှု များစွာ ရှိနေချိန်၌ ပူတင်က စီးပွားရေးကဏ္ဍကို အထူးစီမံကိုင်တွယ်ရသည့် ဝန်ကြီးချုပ်ဟောင်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် အသက် ၆၅ နှစ်အရွယ် စီးပွားရေးပညာရှင် အန်ဒရီ ဘယ်လူဆော့ဗ် (Andrei Belousov) ကို ၎င်း၏ ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့သည့် လက်ရှိကာကွယ်ရေးဝန်ကြီး ဆာဂျေရွိူင်ဂူ (Sergei Shoigu) နေရာ တွင် အစားထိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

စီးပွားရေးပညာရှင် အန်ဒရီ ဘယ်လူဆော့ဗ်ကို တွေ့ရစဉ်
ထို့နောက် ပူတင်သည် ရွိူင်ဂူကို ရုရှား၏ သြဇာကြီးမားသည့် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးအဖြစ် ပြောင်းလဲခန့်အပ်ရန် ဆန္ဒရှိနေသည်။
ထို့ကြောင့် ရွိူင်ဂူသည် ယခင်အတွင်းရေးမှူး နီကိုလိုင် ပက်ထရူးရှက်ဗ် (Nikolai Patrushev) နေရာကို အစားထိုး တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
ထို့ပြင် ရွိူင်ဂူသည် စစ်ဘက်-စက်မှု လုပ်ငန်းနှင့်သက်ဆိုင်သည့် တာဝန်များကိုလည်း တာဝန်ထမ်းဆောင်ရမည် ဖြစ်ပြီး ပက်ထရူးရှက်ဗ်ကိုမူ မည်သည့် ရာထူးနေရာသို့ လွှဲပြောင်း ခန့်အပ်မည်ဆိုခြင်းကို ကြေညာခြင်း မရှိသေး ပေ။
လွှတ်တော်က အတည်ပြုပေးရမည့် ထိုရာထူးနေရာ အပြောင်းအလဲများသည် ယူကရိန်းစစ်ပွဲ စတင်သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း ပူတင်၏ ထိပ်သီးခေါင်းဆောင်ပိုင်းတွင် အထင်ရှားဆုံး ရာထူးနေရာ ပြောင်းလဲမှု တစ်ခု ဖြစ်လာခဲ့သည်။

လက်ရှိကာကွယ်ရေးဝန်ကြီး ဆာဂျေရွိူင်ဂူကို တွေ့ရစဉ်
လက်ရှိ ရုရှား၏ အခြေအနေသည် ၁၉၈၀ ပြည့်နှစ်များအတွင်းက ဆိုဗီယက်ယူနီယံ၏ အခြေအနေသို့ ရောက်ရှိရန် နီးစပ်နေသဖြင့် ထိုကဲ့သို့ ရာထူးနေရာ အပြောင်းအလဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့သည်။
၁၉၈၀ ပြည့်နှစ်ကာလများက ဆိုဗီယက်ယူနီယံ၏ စစ်ရေနှင့် တရားဥပဒေစိုးမိုးရေး အာဏာပိုင်များ၏ အသုံးစရိတ်သည် နိုင်ငံ့ ဂျီဒီပီ၏ ၇ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
ထို့ကြောင့် လက်ရှိအခြေအနေတွင် စစ်အသုံးစရိတ်ကို နိုင်ငံ၏ အလုံးစုံစီးပွားရေးနှင့် ပိုမိုကောင်းမွန်စွာ ပေါင်းစပ်နိုင်ရန်အတွက် အရေးကြီးလာသဖြင့် ပူတင်သည် အရပ်ဖက် စီးပွားရေးပညာရှင်တစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် ဆန္ဒရှိခဲ့ခြင်းဖြစ်သည်ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1118
CNI International News
မနီလာ၊ မေလ ၁၄
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jnr) သည် ယခင်က သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) အား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲအတွက် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းပေးအပ်မည် မဟုတ်ကြောင်း သန္နိဋ္ဌာန်ချထားခဲ့သော်လည်း လက်ရှိတွင် ထိုအကြောင်းအရာသည် ပိုမိုရှုပ်ထွေးလာခဲ့သည်ဟု SCMP မှ ဖော်ပြခဲ့သည်။
မားကို့စ်၏ တရားရေးဝန်ကြီးဌာနသည် ဒူတာတေးအား ICC ၏ ဖမ်းဝရမ်း ထုတ်ပြန်မှုကို မည်ကဲ့သို့ တုန့်ပြန်ရမည် ဆိုခြင်းနှင့်ပတ်သက်ပြီး တရားရေးအရ အကြံပြုချက် ထုတ်ပြန်ခဲ့ပြီးနောက် ဒူတာတေး၏ အနာဂတ်အပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ICC သည် ဒူတာတေး၏ သမ္မတသက်တမ်းအတွင်း ကလေး ၁၂၂ ဦး အပါအဝင် လူပေါင်း ၈၀၀၀ ခန့် သေဆုံးခဲ့ သည့် မူးယစ်စစ်ပွဲနှင့်ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ ရှိ/မရှိ စုံစမ်းစစ်ဆေး လျက်ရှိသည်။

ဖိလစ်ပိုင်က မူးယစ်စစ်ပွဲကြောင့် သေဆုံးနေသူကိုတွေ့ရစဉ်
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ICC တွင် ဒူတာတေးကို တိုင်ချက်နှစ်ခု တင်သွင်းထားခဲ့ခြင်း ဖြစ်သည်။ ပထမတိုင်ချက် တစ်ခုကို ဖိလစ်ပိုင် ရဲအရာရှိဟောင်းတစ်ဦးက တင်သွင်းခဲ့ခြင်းဖြစ်သည်။
၎င်း၏ တိုင်ကြားလွှာတွင် ဒူတာတေးသည် ဒါဗောင်း (Davao) မြို့၏ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ချိန်က နိုင်ငံရေးပြိုင်ဘက်များနှင့် ရာဇဝတ်သားများကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ဒုတိယတိုင်ချက်တစ်ခုကို ဒူတာတေး၏ သမ္မတသက်တမ်းဖြစ်သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မူးယစ် ဆေးဝါး နှိမ်နင်းသည့် စစ်ပွဲအတွင်း သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုများနှင့် ဆွေမျိုးများက တင်သွင်းခဲ့ ခြင်းဖြစ်သည်။
ထိုအမှုနှင့်ပတ်သက်ပြီး ဒူတာတေးသည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေဆဲ ကာလဖြစ်သည့် ၂၀၁၉ ခုနှစ် တွင် ICC မှ ဖိလစ်ပိုင်နိုင်ငံကို နုတ်ထွက်ခဲ့သည်။

ဒူတာတေးကိုတွေ့ရစဉ်
ထို့နောက် ယခုနှစ် အစောပိုင်းတွင် ဒူတာတေးသည် တစ်ချိန်က နိုင်ငံရေးမိတ်ဖက်အဖြစ် လက်တွဲခဲ့သည့် လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်ကို မူးယစ်ဆေးစွဲခဲ့သူဖြစ်ကြောင်း လူသိရှင်ကြား ဝေဖန်ခဲ့ဖြင့် ဒူတာတေးနှင့် မားကို့စ်တို့အကြား အကွဲအပြဲသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။
မကြာသေးမီ လများအတွင်းကလည်း ဒူတာတေးနှင့် မားကို့စ်တို့အကြား သဘောထားကွဲလွဲမှုများ ပိုမိုမြင့်တက် လာခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် မားကို့စ်က ဖိလစ်ပိုင်နိုင်ငံသည် ICC သို့ ပြန်လည်ဝင်ရောက်မည်ဟု အတည်ပြုခဲ့ သဖြင့် ICC ကသာ ဒူတာတေးကို ဖမ်းဝရမ်းထုတ်ခဲ့မည်ဆိုပါက မားကို့စ်သည် လက်ခံနိုင်ခြေ ရှိ/မရှိ ဆိုခြင်းအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: SCMP
- By CNI
- Category: နိုင်ငံရေး
- Hits: 2350
CNI International News
ဘန်ကောက်၊ မေလ ၁၄
မကြာခင်က အကျဉ်းထောင်မှ ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည် မြန်မာနိုင်ငံ၏ ပဋိပက္ခကို ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းသည့် အရိပ်လက္ခဏာများ ထွက်ပေါ်ခဲ့သော်လည်း ထိုလုပ်ဆောင်ချက်များသည် အချိန်မတန်သေးကြောင်း သမ္မာဆက် (Thammasat) တက္ကသိုလ်မှ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ဧပြီလအတွင်းက သက်ဆင်သည် မြန်မာနိုင်ငံ၏ နစကနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်စေရန် အလားအလာကို ရှာဖွေသည့်အနေဖြင့် NUG ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
သက်ဆင်သည် KNU ၊ KNPP ၊ KIO ၊ RCSS တို့၏ ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ၎င်း၏ ကြားဝင်စေ့စပ်မှုကို ကမ်းလှမ်းခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
"အဲဒီလို ကမ်းလှမ်းတာဟာ အချိန်မတန်သေးပါဘူး။ နစကဟာ သူတို့ အကြမ်းဖက် အဖွဲ့တွေအဖြစ် ကြေညာထား တဲ့ EAO တွေနဲ့ ဘယ်တော့မှ တစ်တန်းတည်းထိုင်ပြီး ဆွေးနွေးမှာ မဟုတ်ပါဘူး" ဟု သမ္မာဆက်တက္ကသိုလ်၏ အရှေ့အာရှရေးရာလေ့လာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒူလ်ယာပက်ခ် ပရီချာရတ်ချ် (Dulyapak Preecharush) က Thai PBS World နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
EAO များသည် အပစ်အခတ်ရပ်စဲရေးအတွက် သက်ဆင်အား ကြားဝင်စေ့စပ်ခွင့်ပြုမည့် အချက်အလက်များကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သဖြင့် သက်ဆင်၏ အားထုတ်ကြိုးပမ်းမှုများသည် အောင်မြင်ခဲ့ခြင်းမရှိဟု မှတ်ယူရမည်ဖြစ်သည်။
သို့သော်လည်း သက်ဆင်သည် လက်လျှော့လိမ့်မည် မဟုတ်ကြောင်း ဒူလ်ယာပက်ခ်က ပြောသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
သက်ဆင်၏ အစီအစဉ်များနှင့် ပတ်သက်ပြီး နစက-ကလည်း တစ်စုံတစ်ရာ တုန့်ပြန်ခဲ့ခြင်းမရှိပေ။
မြန်မာနိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းပြမြေပုံအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သဖြင့် မည်သည့် ငြိမ်းချမ်းရေး အစီအစဉ်ကိုမှ စိတ်ဝင်စားဖွယ် မရှိကြောင်း ဒူလ်ယာပက်ခ်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) နှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲ အစီအစဉ်များကို ဆွေးနွေးဖွယ်ရှိသည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 2413
CNI International News
ဘဂ္ဂဒက်၊ မေလ ၁၃
အီရတ်နိုင်ငံ၏ သြဇာကြီးမားသည့် ရှီးယိုက်မွတ်ဆလင် (Shi'ite Muslim) ဘာသာရေးခေါင်းဆောင် မွတ်တာဒါ အယ်ဆားဒါး (Moqtada al-Sadr) သည် ၂၀၂၅ ခုနှစ်တွင် ပြုလုပ်ဖွယ်ရှိသည့် လွှတ်တော်ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အယ်ဆာဒါးသည် နိုင်ငံရေးလောကမှ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် နိုင်ငံရေး လောကသို့ ပြန်လည်ခြေချရန် ပြင်ဆင်နေသဖြင့် ၎င်း၏ ပြိုင်ဘက်ဖြစ်သည့် အခြား ရှီးယိုက်ပါတီများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကာ အီရတ်၏ တည်ငြိမ်မှုကို လျော့ပါးစေနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ အီရတ်၏ လူများစုဖြစ်သည့် ရှီးယိုက်မွတ်ဆလင် ပြည်သူများအကြား နိုင်ငံရေးလောကသို့ တစ်ကျော့ပြန် ဝင်ရောက်မည့် အယ်ဆာဒါးကို ကြိုဆိုဖွယ်ရှိနေပြီး ဘာသာတရား ကိုင်းရှိုင်းပြီး ဆင်းရဲသည့် ၎င်း၏ နောက်လိုက် အများအပြားက ၎င်းကို ဆင်းရဲသား နင်းပြားများဘက်မှ ရပ်တည်ကာကွယ်သူအဖြစ် ရှုမြင်ထား ကြသည်။

အယ်ဆာဒါးကို ထောက်ခံကြသူများကို တွေ့ရစဉ်
ရိုက်တာတင်းဌာနသည် အယ်ဆာဒါး၏ နိုင်ငံရေးပါတီအတွင်းမှ ရှီးယိုက်နိုင်ငံရေးသမားများ၊ ပြိုင်ဘက်အဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရအရာရှိများနှင့် လေ့လာစောင့်ကြည်သူများကို ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်။
"အခုအချိန်ဟာ Sadrist movement (အယ်ဆာဒါး၏ နိုင်ငံရေးပါတီ) ဟာ အရင်အချိန်တွေကထက် ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေနဲ့အတူ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့နေရာတွေကို အနိုင်ယူနိုင်ပါလိမ့်မယ်" ဟု အမည်မဖော်လိုသည့် Sadristmovement ပါတီ၏ လွှတ်တော်အမတ်ဟောင်းတစ်ဦးက ပြောကြားခဲ့သည်။
အယ်ဆာဒါးသည် ၂၀၂၁ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ၎င်း၏ လွှတ်တော်အမတ်များ ကို နုတ်ထွက်ရန် အမိန့်ပေးခဲ့သည်။
ထိုအချိန်က ပြိုင်ဘက် ရှီးယိုက်ပါတီများက ကာ့ဒ် (Kurdish) နှင့် ဆွန်နီ မွတ်ဆလင် (Sunni Muslim) ပါတီများ နှင့်အတူ အစိုးရဖွဲ့မည့် ၎င်း၏ အားထုတ်ကြိုးပမ်းမှုကို တားမြစ်ခဲ့ပြီးနောက် နိုင်ငံရေးလောကမှ ၅ နှစ်ကြာ နုတ်ထွက်မည်ဟု ကြေညာခဲ့သည်။

အယ်ဆာဒါးကို ထောက်ခံကြသူများကို တွေ့ရစဉ်
၂၀၀၃ ခုနှစ်က အီရတ်ကို အမေရိကန်ဦးဆောင်သည့် ကျူးကျော်ဝင်ရောက်မှု ဖြစ်ပွားခဲ့ချိန်ကတည်းက လူသိများထင်ရှားသည့် အမျိုးသားရေးဝါဒီ အယ်ဆာဒါးသည် အီရတ်အပေါ် အီရန်နှင့် အမေရိကန်တို့၏ ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်မှုများ ပြုလုပ်ခဲ့သည်။
အီရန်ကမူ နိုင်ငံရေးလောကအတွင်း အယ်ဆာဒါး၏ ပါဝင်မှုသည် အီရတ်၏ ရှီးယိုက်ကြီးစိုးသည့် နိုင်ငံရေးစနစ်ကို ရေရှည်ထိန်းသိမ်းရန် အရေးကြီးကြောင်း ရှုမြင်ထားသည်။
၂၀၀၄ ခုနှစ်က အမေရိကန်ကို စစ်ကြေညာပြီး တိုက်ခိုက်ခဲ့သည့် အယ်ဆာဒါးသည် အီရတ်၏ ကျိုးပျက်လွယ်သည့် တည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် အမေရိကန်က ရှုမြင်ထားသော်လည်း အယ်ဆာဒါးသည် အီရန်၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန် လိုအပ်သည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2177
CNI International News
ဝါရှင်တန်၊ မေလ ၁၃
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) က ရီပတ်ဘလစ်ကန် ကိုယ်စားပြု ကိုယ်စားလှယ် လောင်း နေရာအတွက် ပြိုင်ဘက်ဖြစ်ခဲ့ဖူးသည့် နစ်ကီ ဟာလေး (Nikki Haley) ကို နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ တွဲဖက်ကိုယ်စားလှယ်လောင်းအဖြစ် စဉ်းစားမထားကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
“နစ်ကီဟာလေးကို ဒုတိယသမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်းစဉ်းစားတဲ့ အထဲမှာ မပါပါဘူး။ ဒါပေမယ့် သူ့အတွက် ကျနော် ဆုမွန်ကောင်း တောင်းပေးပါတယ်”ဟု ထရမ့်က ၎င်း၏ ကိုယ်ပိုင် လူမှုမီဒီယာ ဖြစ်သည့် Truth Social တွင် ပြောကြားခဲ့သည်။
ဟာလေးသည် ရွေးကောက်ပွဲတွင် အနိုင်ရစေရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ထရမ့်က ယူဆခဲ့မည်ဆိုပါ က ထရမ့်သည် ဟာလေးကို ဒုတိယသမ္မတ နေရာအတွက် တွဲဖက်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ် လိမ့်မည်ဟု Axios သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပြီးနောက် ထရမ့်က ထိုသတင်းကို ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
တောင်ကာရိုလိုင်းနား (South Carolina)ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းဖြစ်သည့် ဟာလေးသည် မတ်လက ရီပတ်ဘလစ်ကန် ကိုယ်စားပြုသည့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း နေရာအတွက် ထရမ့်နှင့် ယှဉ်ပြိုင်ခဲ့သော်လည်း အရေးနိမ့်ခဲ့သူဖြစ်သည်။

နီကီဟာလေးကိုတွေ့ရစဉ်
ထရမ့်၏ ယခုပြောကြားချက်နှင့်ပတ်သက်ပြီး ဟာလေးက မှတ်ချက်မပေးခဲ့သော်လည်း သူသည် ထရမ့်ကို ပါတီ ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံပေးခဲ့ခြင်းမရှိကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။
ထရမ့်နှင့်အတူ ဒုတိယသမ္မတ နေရာအတွက် လျာထားသည့် တွဲဖက်ကိုယ်စားလှယ်လောင်း စာရင်းတွင် မြောက် ဒါကိုတာ (North Dakota)ပြည်နယ် အုပ်ချုပ်ရေးမှူး ဒေါက် ဘာဂွန် (Doug Burgum) ၊ တောင်ဒါကိုတာ (South Dakota)ပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ္စတီ နိုအမ် (Kristi Noem) ၊ အမေရိကန် အထက်လွှတ်တော် အမတ်များ ဖြစ်သည့် မာကို ရူဘီယို (Marco Rubio) ၊ တင်မ် စကောက် (Tim Scot) ၊ ဂျေဒီ ဗန့်စ် (J.D. Vance) နှင့် အောက်လွှတ်တော်အမတ် အလိစ် စတီဖန်းနစ် (Elise Stefanik) တို့ ပါဝင်လျက်ရှိသည်။
ဘာဂွန်နှင့် စကောက်တို့သည် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း နေရာအတွက် ထရမ့်နှင့် ယှဉ်ပြိုင်ခဲ့သော် လည်း အရေးနိမ့်ခဲ့ပြီး နိုအမ်သည် သူမ၏ အသက် ၁၄ လ အရွယ်သာရှိသေးသည့် ခွေးလေးကို အမိန့်မနာခံမှု ကြောင့် သေနတ်ဖြင့် ပစ်ခဲ့ဖူးသည့် အငြင်းပွားဖွယ် နောက်ခံသမိုင်းကြောင်း ရှိသူဖြစ်သည်။

ဘိုင်ဒန်ကိုတွေ့ရစဉ်
ထရမ့်သည် ၎င်း၏ တွဲဖက်ကိုယ်စားလှယ်လောင်းကို အလျင်စလို ရွေးချယ်မည် မဟုတ်ကြောင်း ၎င်း၏ အကြံပေး ပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။
ထရမ့်သည့် ဇူလိုင်လတွင် ဝစ္စကွန်ဆင် (Wisconsin) ပြည်နယ် မီလ်ဝွတ်ကီ (Milwaukee) မြို့တွင် ပြုလုပ်မည့် ရီပတ်ဘလစ်ကန်ညီလာခံ မတိုင်မီအထိ တရားဝင် ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်ခံရမည် မဟုတ်ပေ။
ထို့နောက် နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲတွင် လက်ရှိ ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2463
CNI International News
ကိယက်ဗ်၊ မေလ ၁၃
အနောက်နိုင်ငံများ၏ ကူညီထောက်ပံ့မှုများ ရှိနေသည့်တိုင် ယူကရိန်းစစ်တပ်သည် ရုရှားတပ်ဖွဲ့များ၏ အဆက် မပြတ် လေကြောင်းတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသဖြင့် လေကြောင်းကာကွယ်ရေး စနစ်များတွင် ခဲယမ်း ပြတ်လပ်လာခဲ့သည်ဟု Sputnik သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ယူကရိန်း၏ ဝေဟင်(ကောင်းကင်ယံ)တွင် ရုရှားဒရုန်းများကို ပစ်ချမည့် နယ်စပ်ဖြတ်ကျော် လေယာဉ်ပစ်တပ်ဖွဲ့ ထားရှိမည့် အနောက်အုပ်စု၏ အိုင်ဒီယာကို ဂျာမန်လွှတ်တော်အမတ်အချို့က အတည်ပြုခဲ့ပြီး ဖြစ်သည်။
“ဒါဟာ ယူကရိန်းလေကြောင်းကာကွယ်ရေး တပ်ဖွဲ့တွေအပေါ် ကျရောက်နေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျော့ကျ စေနိုင်ပြီး ရှေ့တန်းစစ်မြေပြင်ကို ကာကွယ်ဖို့ ပိုမိုအာရုံစိုက် လုပ်ဆောင်နိုင်ပါလိမ့်မယ်” ဟု ဂျာမနီ၏ ခရစ်ယာန် ဒီမိုကရက်တစ်သမဂ္ဂ (CDU) ပါတီမှ ဟိုဒရစ် ကီဆယ်ဗက်တာ (Roderich Kiesewetter) က ပြောကြားခဲ့ကြောင်း Frankfurter Allgemeine Zeitung သတင်းစာက ဖော်ပြခဲ့သည်။

ဒရုန်းတစ်စင်းကို စစ်သားတစ်ဦးလွှင့်တင်နေစဉ်
ဧပြီလအတွင်းက အစ္စရေးအား အီရန်က ဒုံးကျည် အများအပြားဖြင့် တိုက်ခိုက်ခဲ့ချိန်တွင် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က အစ္စရေးအား ကူညီပေးခဲ့သည့် ဖြစ်စဉ်သည် အခြားနိုင်ငံများအနေဖြင့် ပဋိပက္ခအတွင်းသို့ တိုက်ရိုက် ပါဝင်ရန်မလိုဘဲ သွယ်ဝိုက်ပါဝင်နိုင်သည့် အခြေအနေကို ပြသရာရောက်ကြောင်း ကီဆယ်ဗက်တာက ပြောကြားခဲ့ သည်။
Alliance 90/The Greens ပါတီမှ အက်ဂနိစ်ကာ ဘော်ဂါ (Agnieszka Brugger) ကလည်း ယူကရိန်းနှင့် နယ်စပ် ခြင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်များတွင် လေကြောင်းကာကွယ်ရေး စခန်းများ ထူထောင်မှု သည် အဆင်ပြေကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ဂျာမနီ၏ အနောက်ပိုင်းဒေသများကို ကာကွယ်ပေးနိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ပိုလန်နဲ့ ရိုမေးနီးယားနိုင်ငံတွေက ယူကရိန်းလေကြောင်း ကာကွယ်ရေးကဏ္ဍကို ရေရှည်မှာ လျစ်လျူရှုမထားသင့် ပါဘူး။ ဒါပေမယ့် ဒီကိစ္စဟာ လတ်တလော အချေအတင် ဆွေးနွေးရမယ့် ကိစ္စမဟုတ်သေးပါဘူး။ ဘာလို့လဲဆို တော့ ယူကရိန်းကို စစစ်လက်နက် ပစ္စည်းတွေနဲ့ ခဲယမ်းတွေကို ထောက်ပံ့ပေးဖို့ကို ဦးစားပေး လုပ်ဆောင်သင့်လို့ ဖြစ်ပါတယ်”ဟု ဘော်ဂါ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် အန်တန် ဟိုဖိုင်တာ (Anton Hofreiter) က ပြောကြားခဲ့ သည်။

လေကြောင်းရန် ကာကွယ်ရေးစနစ်ကို တွေ့ရစဉ်
ယူကရိန်းနယ်စပ်ဒေများရှိ လေပိုင်နက်ကို အဓိက အာရုံစိုက်သင့်ကြောင်း နေတိုးအဖွဲ့ဝင်များ၏ နယ်နိမိတ်အတွင်း လေကြောင်းကာကွယ်ရေးစခန်းများ ထားရှိခြင်းဖြင့် ထိုလေပိုင်နက်ကို ကာကွယ်ရမည်ဖြစ်ကြောင်း Free Democratic ပါတီမှ မားကပ်စ် ဖေဘာ (Marcus Faber) က ပြောကြားခဲ့သည်။
နေတိုးမဟာမိတ်နိုင်ငံများနေဖြင့် ပိုလန်နိုင်ငံ၏ နယ်နိမိတ် အတွင်းမှတဆင့် ယူကရိန်းကောင်းကင်ယံပေါ်ရှိ ရုရှား ဒုံးကျည်များနှင့် ဒရုန်းများကို ပစ်ချရန် များပြားသည့် Patriot လေကြောင်း ကာကွယ်ရေးစနစ်များကို အသုံးပြု သင့်ကြောင်း မြူးနစ်လုံခြုံရေး ညီလာခံတွင် သုတေသီတစ်ဦးဖြစ်သည့် နီကို လန်ဂီ (Nico Lange) က ပြောကြားခဲ့ သည်။
နီကိုလန်ဂီသည် Tagesschau TV သတင်း အစီအစဉ်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးမှာ အထက်ပါ အတိုင်း ပြောကြားခဲ့ပြီးနောက် ဂျာမန် လွှတ်တော်အမတ်အချို့၏ မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
Source: Sputnik
- By CNI
- Category: နိုင်ငံရေး
- Hits: 696
CNI International News
ကိယက်ဗ်၊ မေလ ၁၁
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) ကို လုပ်ကြံရန် အစီအစဉ်တစ်ခုတွင် ၎င်း၏အဖွဲ့ဝင်နှစ်ဦး ပါဝင်သည်ဟူသည့် စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ဇာလန်းစကီးက နိုင်ငံ့အစောင့်တပ်ဖွဲ့ အကြီးအကဲကို ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဇာလန်းစကီးနှင့် အခြား အရေးပါသော တာဝန်ရှိသူများကို လုပ်ကြံရန် ကြံစည်မှုတစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ ကြောင်း နိုင်ငံ့ထောက်လှမ်းရေးအဖွဲ့(SBU)က ယခုသီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် ဇာလန်းစကီးက မေလ ၉ ရက်၌ အစောင့်တပ်ဖွဲ့ ခေါင်းဆောင်ဟောင်း ဆာဟီရုဒ် (Serhiy Rud)ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။
ရုဒ်နေရာတွင် တာဝန်ထမ်းဆောင်မည့်သူ၏ အမည်ကို ယခုအချိန်အထိ ထုတ်ဖော် ပြောကြားထားခြင်း မရှိပေ။
ထိုလုပ်ကြံမှုသည် မေလ ၇ ရက်က သမ္မတသက်တမ်းသစ်အတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် ရုရှားသမ္မတ ပူတင်အတွက် လက်ဆောင်တစ်ခုအဖြစ် အဓိပ္ပာယ်သက်ရောက်ကြောင်း SBU က ဆိုသည်။
နိုင်ငံ့အစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးကြီးနှစ်ဦးသည် ဇာလန်းစကီးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး နောက်ပိုင်းတွင် သတ်ပစ်ရန် စီစဉ်ထားခဲ့ကြောင်း SBU က ပြောကြားခဲ့သည်။
SBU အကြီးအကဲ ဗာဆိုင်းမာလွတ်(Vasyl Maliuk)နှင့် စစ်တပ်ထောက်လှမ်းရေး အကြီးအကဲ ခိုင်လိုဘူဒါနော့ဗ် (Kyrylo Budanov)အပါအဝင် အခြား အရေးပါသည့် တာဝန်ရှိသူများကိုလည်း လုပ်ကြံမည့် အစီအစဉ်တွင် ပစ်မှတ်ထားခဲ့သည်ဟု ပြောကြားခဲ့သည်။

အစောင့်တပ်ဖွဲ့ ခေါင်းဆောင်ဟောင်း ဆာဟီရုဒ်ကို တွေ့ရစဉ်
သက်တော်စောင့်နှစ်ဦးသည် ရုရှား၏ လုံခြုံရေးတပ်ဖွဲ့(FSB)ထံ အရေးကြီးသော သတင်းအချက်အလက်များ ပေးပို့ခဲ့သည်ဟု SBU ၏ စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ရုရှားအစိုးရက မှတ်ချက်ပြု ထုတ်ပြန်ထားခြင်း မရှိပေ။
ယင်းသည် ယူကရိန်းသမ္မတ ကြုံတွေ့သည် ပထမဆုံးလုပ်ကြံ သတ်ဖြတ်မှု မဟုတ်ပေ။ စစ်ပွဲ စတင်ဖြစ်ပွားချိန် ကတည်းက ရုရှား၏ လုပ်ကြံမှု အစီအစဉ် ၅ ခုထက်မနည်းကို ဖော်ထုတ်သိရှိခဲ့သည်။
ဇာလန်းစကီး၏ အစိုးရသည် မကြာသေးမီလများအတွက် အခက်အခဲ အများအပြားကို ကြုံတွေ့ခဲ့ရကာ ရုရှားနှင့် ဖြစ်ပွားသည့် စစ်ပွဲကြောင့် နိုင်ငံ၏တိုးတက်မှုနှုန်း ရပ်တန့်သွားသည့်အပြင် တာဝန်ရှိသူများကလည်း အကျင့်ပျက် ခြစားမှု စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသောကြောင့် အရေးပါသည့် ဝန်ထမ်းနေရာအချို့ လှုပ်လှုပ်ခတ်ခတ် ဖြစ်ပေါ်ခဲ့သည်။
ဖေဖော်ဝါရီလက ဇာလန်းစကီးသည် ဗိုလ်ချုပ် ဗယ်လာရီဇာလူဇိုင်း(Valerii Zaluzhny) ကို ရာထူးမှ ထုတ်ပယ် ခဲ့ပြီးနောက် အိုလက်ဇန်းဒါး ဆိုစကီး(Oleksandr Syrskyii )ကို စစ်တပ် အကြီးအကဲအသစ်အဖြစ် ခန့်အပ်ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1255
CNI International News
ဘေကျင်း၊ မေ ၁၁
မဟာဗျူဟာမြောက် အရေးကြီးသည့် တောင်တရုတ်ပင်လယ်တွင် မကြာသေးမီက တရုတ်နှင့် ဖိလစ်ပိုင်အကြား ပင်လယ်ရေကြောင်းဆိုင်ရာ ထိပ်တိုက်တွေ့မှုများနှင့် တင်းမာမှုများ မြင့်တက်ခဲ့ပြီး ပေါက်ကွဲလုနီးပါး အခြေအနေ သို့ ရောက်ရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
နှစ်နိုင်ငံအကြား ပေါက်ကွဲလုနီးပါး အခြေအနေများအနက် တစ်ခုမှာ ဖိလစ်ပိုင်၏ ရေမိုင် ၂၀၀ အကျယ်အဝန်း ရှိသည့် အထူးစီးပွားရေးဇုန်အတွင်း တည်ရှိသည့် ကျွန်းစုများကို ပိုင်ဆိုင်ရေးဖြစ်သည်။
ထိုကျွန်းစုများသည် ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန် အတွင်းတွင်ရှိသော်လည်း တရုတ်က ၎င်းပိုင်ဆိုင်ကြောင်း ကြေညာထားသည်။
ထို့ပြင် တရုတ်သည် ငါးများပေါကြွယ်ဝသည့် စကာဘိုရော့ သောင်ခုံ (Scarborough Shoal) နှင့် ဖိလစ်ပိုင် စစ်သားများ စခန်းချထားသည့် သင်္ဘောအပျက် တစ်စီးအနီးရှိ Second Thomas သောင်ခုံတို့ အပါအဝင် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် ၉၀ နီးပါး လွှမ်းခြုံပါဝင်သည့် Nine-dash line အမည်ရှိ မြေပုံကို အသုံးပြု ခဲ့သဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် တင်းမာမှုမြင့်တက်ခဲ့သည်။

ဖိလစ်ပိုင်နဲ့တရုတ် ရေပိုင်နက်အငြင်းပွားနေစဉ်
၂၀၁၆ ခုနှစ်က သည်ဟိဂ် (The Hague) မြို့ရှိ နိုင်ငံတကာ အနုညာတခုံရုံးသည် Nine-dash line မြေပုံဖြင့် တရုတ်၏ နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာမှုများကို နိုင်ငံတကာဥပဒေအောက်တွင် တရားမဝင်ကြောင်း စီရင်ချက်ချခဲ့ပြီး ထိုအမှုတွင် ဖိလစ်ပိုင်ကို အနိုင်ပေးခဲ့သည်။
သို့သော် တရုတ်သည် ထိုစီရင်ချက်ကို လျစ်လျူရှုပြီး တောင်တရုတ်ပင်လယ်တွင် ၎င်း၏ လှုပ်ရှားမှုများကို မြှင့်တင်ခဲ့သည်။
ထို့ပြင် တရုတ်သည် ထိုဒေသများသို့ ကင်းလှည့်ရန် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောရာချီ စေလွှတ်ခဲ့သဖြင့် ဖိလစ်ပိုင် အပါအဝင် တောင်တရုတ်ပင်လယ်၏ နယ်မြေများကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် အခြား အိမ်နီးချင်းနိုင်ငံများနှင့် ပြိုင်ဆိုင်မှုများ မြင့်တက်ခဲ့သည်။
ထိုနိုင်ငံများထဲမှ ဖိလစ်ပိုင်နှင့် တရုတ်၏ ပြိုင်ဆိုင်မှုသည် အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်အတွင်း နှစ်နိုင်ငံ သင်္ဘောများအကြား ထိပ်တိုက်တွေ့မှုများ မြင့်တက်ခဲ့သည်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များသည် grey-zone ဟုခေါ်သည့် စစ်ပွဲနှင့် ငြိမ်းချမ်းရေးအကြား မရေရာသည့် အခြေအနေတစ်ရပ်ကို ဖန်တီးရန်လှု ပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

ဖိလစ်ပိုင်နဲ့တရုတ် ရေပိုင်နက်အငြင်းပွားနေစဉ်
အဆိုပါ လှုပ်ရှားမှုများအနက် တရုတ်ကမ်းခြေစောင့် သင်္ဘောများက ဖိလစ်ပိုင်ကင်းလှည့် သင်္ဘောများနှင့် ထောက်ပို့သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးခြင်း၊ စစ်ဘက်သုံး လေဆာရောင်ခြည်ဖြင့်ထိုးခြင်း၊ သင်္ဘောချင်း တိုက်မိစေရန် လုပ်ဆောင်ခြင်း အစရှိသည့် နည်းဗျူဟာများပါဝင်ခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့သည်။
မကြာသေးမီက Second Thomas သောင်ခုံအနီးတွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများက ဖိလစ်ပိုင် သင်္ဘောများကို မီးသတ်ပိုက်ဖြင့် ထိုးခဲ့သဖြင့် ဖိလစ်ပိုင်သင်္ဘောသားအချို့ ဒဏ်ရာရခဲ့ကာ သင်္ဘောများ ထိခိုက် ပျက်စီးခဲ့သည်။
တရုတ်၏ ထိုလုပ်ဆောင်ချက်များကို နိုင်ငံတကာက ဝေဖန်ရှုတ်ချခဲ့ကြပြီး အမေရိန်၊ ဂျပန်၊ သြစတြေးလျ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများ အပါအဝင် အင်အားကြီးနိုင်ငံများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1017
CNI International News
ဝါရှင်တန်၊ မေလ ၁၁
အမေရိကန်တွင် သမ္မတရွေးကောက်ပွဲ ကျင်းပရန် ခြောက်လသာ ကျန်ရှိတော့သည့် အချိန်တွင် လူထုသဘောထား စစ်တမ်း ကောက်ယူသူများသည် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) အား ထောက်ခံသူ အရေ အတွက်ကို အတိအကျသိရှိရန် ကြိုးပမ်းနေရသည်ဟု SCMP မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ကြိမ်ကလည်း ထရမ့်အား ထောက်ခံသူများသည် လူထုသဘောထားဆန္ဒ စစ်တမ်း ကောက်ယူမှုများတွင် ၎င်းတို့၏ အင်အားကို အတိအကျ ထုတ်ဖော်ပြသခဲ့ခြင်းမရှိဘဲ ရှောင်တိမ်းခဲ့ကြသည်။
၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီမှ ထရမ့်သည် ဒီမိုကရက်တစ် ဟီလာရီကလင်တန် (Hillary Clinton) ကို အနိုင်ရရှိခဲ့၍ တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့သည်။
သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ဒီမိုကရက်တစ်ဦးဖြစ်သည့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က အနိုင် ရခဲ့သဖြင့် လူထုသဘောထားဆန္ဒ စစ်တမ်းကောက်ယူသူများကို ခေါင်းရှုပ်စေခဲ့သည်။

ဘိုင်ဒန်ကို တွေ့ရစဉ်
၂၀၁၆ ရွေးကောက်ပွဲ အပြီးတွင် ပါတီနှစ်ရပ်အကြား ထောက်ခံသည့် မဲဆန္ဒရှင် အရေအတွက်ကို စစ်တမ်း ကောက်ယူမှုများရှိခဲ့သည့်တိုင် လက်ရှိ ရွေးကောက်ပွဲမတိုင်မီ အချိန်အထိ ဘိုင်ဒန်ကို ပိုမိုထင်ကြေးပေးခဲ့ပြီး ထရမ့်၏ ထောက်ခံမှုနှုန်းကို လျှော့တွက်ခဲ့ကြသည်။
"ရှက်ရွံ့နေသော ထရမ့် မဲပေးသူများ" ဟု လူသိများသည် ထရမ့်အား ထောက်ခံသူများသည် လူထုသဘောထား ဆန္ဒ စစ်တမ်းများကို ဖြေဆိုရာတွင် ၎င်းတို့၏ သဘောဆန္ဒကို ဖော်ပြရန် တွန့်ဆုတ်ခဲ့ကြသည်။
ထိုအခြေအနေကို ၂၀၁၆ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် တွေ့ရှိခဲ့ရသည်ဟု The New York Times သတင်းစာနှင့် ပူးတွဲပြုလုပ်သည့် စစ်တမ်းတစ်ခု၌ Siena College သုတေသန အင်စတီကျု၏ ညွှန်ကြားရေးမှူး ဒွန် လယ်ဗီ(Don Levy) က ပြောကြားခဲ့သည်။
ထရမ့်အား ထောက်ခံသူများသည် စစ်တမ်း ကောက်ယူသူများ၏ မေးခွန်းများကို ဖြေကြားရန် တွန့်ဆုတ်နေ ကြကြောင်း အဘယ်ကြောင့်ဆိုသော် မီဒီယာများသည် ထရမ့်အား ဆန့်ကျင်ရန် ပူပေါင်းကြံစည်နေကြောင်း ရီပတ်ဘလစ်ကန်များက ထရမ့် ထောက်ခံသူများကို နားထဲရိုက်သွင်း ထားခြင်းကြောင့်ဖြစ်ကြောင်း လယ်ဗီက ဆိုသည်။
ထိုအချက်ကို ဒီမိုကရက်တစ်ပါတီ၏ မဲဆွယ်စည်းရုံးရေး အဖွဲ့ဝင်ဖြစ်သည့် စီလင်ဒါ လိတ် (Celinda Lake) ကလည်း သဘောတူခဲ့သည်။

ဒေါ်နယ်ထရမ့် ထောက်ခံသူများကိုတွေ့ရစဉ်
"ဒေါ်နယ်ထရမ့်က သူ့ကို ထောက်ခံသူတွေကို စစ်တမ်းတွေ မဖြေကြဖို့ ပြောထားပါတယ်။ အရင်က ကျမတို့ ဒါမျိုးတစ်ခါမှ မကြုံဖူးပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်အထိ လူထုသဘောထားဆန္ဒ စစ်တမ်းများတွင် ထရမ့်နှင့် ဘိုင်ဒန်တို့သည် မတိမ်းမယိမ်း ဖြစ်နေပြီး နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စစ်တမ်းကောက်ယူသည့် အဖွဲ့များသည် ပြိုင်ဆိုင်မှုပြင်းထန်သည့် ပြည်နယ်များတွင် လူထုသဘောထားဆန္ဒများကို ကောက်ခံရန် အာရုံစိုက် လုပ်ဆောင် လာကြသည်။
ယခုနှစ် အမေရိကန်ရွေးကောက်ပွဲအတွက် ထရမ့်နှင့် ဘိုင်ဒန်တို့အကြား ပြိုင်ဆိုင်မှု ပြင်းထန်မည့် ပြည်နယ်များ ထဲတွင် အရီဇိုးနား (Arizona) ၊ ဂျော်ဂျီယာ (Georgia) ၊ မီချီဂန် (Michigan) ၊ နီဗားဒါး (Nevada) ၊ ပင်ဆယ်ဗေးနီး ယား (Pennsylvania) နှင့် ဝစ္စကွန်ဆင် ( Wisconsin) ပြည်နယ်တို့ ပါဝင်သည်။.
Source: SCMP
