- By CNI
- Category: နိုင်ငံရေး
- Hits: 745
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၂၉
မြောက်ကိုရီးယားနိုင်ငံသည် သီတင်းတစ်ပတ် မပြည့်မီအချိန်အတွင်း ဒုတိယမြောက် ဒုံးကျည်ပစ်လွှတ်မှုအဖြစ် ဇန်နဝါရီ ၂၈ ရက်တွင် အရှေ့ဘက်ကမ်းလွန် ရေပြင်များအတွင်းသို့ ခရုဇ်ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုဒုံးကျည်များကို ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်က ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေး အာဏာပိုင်များက လေ့လာဆန်းစစ်နေကြောင်း JCS က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဒုံးကျည်များသည် အကွာအဝေးမည်မျှအထိ ပျံသန်းခဲ့သည်ဆိုခြင်းကိုမူ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။
"ထောက်လှမ်းရေးသတင်း စုဆောင်းမှုများကို သတိဝီရိယထားပြီး လုပ်ဆောင်နေမှုနှင့်အတူ မိမိတို့ စစ်တပ်သည် အမေရိကန်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီး မြောက်ကိုရီးယား၏ နောက်ထပ် လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေကြောင်း” JCS က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်ကို တွေ့ရစဉ်
မြောက်ကိုရီးယားသည် နျူကလီးယား တပ်ဆင်နိုင်သည်ဟု ပြောကြားထားသည့်် Pulhwasal-3-31 အမည်ရှိ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် အသစ်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုလို ဒုံးကျည်များ ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် နျူကလီးယားတိုက်ခိုက်ရေး စွမ်းဆောင်ရည်များရှိသည့် Pulhwasal-3-31 ခရုဇ်ဒုံးကျည် ကို ဇန်နဝါရီ ၂၄ ရက်က စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ထိုဒုံးကျည်အမျိုးအစား စမ်းသပ်မှုသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။
မြောက်ကိုရီးယားသည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအား ထိပ်တိုက်တွေ့မှုကို တိုးမြှင့်နေသော်လည်း မကြာမီအချိန်အတွင်း စစ်ရေးအရ အရေးယူလုပ်ဆောင်မည့် အရိပ်လက္ခဏာများကို မတွေ့ရကြောင်း အမေရိကန် နှင့် တောင်ကိုရီးယားအရာရှိများက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ရည်ရွယ်ချက်ကို ဖျက်သိမ်း ခဲ့ပြီး တရုတ်၊ ရုရှားတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်လျက်ရှိသည်။

မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်နေတဲ့သတင်းကို ကြေညာနေစဉ်
ထို့နောက် ပဲ့ထိန်းဒုံးကျည်စီမံကိန်းတွင် တိုးတက်မှုများ ရရှိခဲ့ပြီးနောက် ရန်လိုသည့် လုပ်ဆေင်ချက်များကို ဆက်လက် လုပ်ဆောင်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဇန်နဝါရီ ၂၈ ရက် အစောပိုင်းကလည်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက မကြာသေးမီ သီတင်းပတ်များအတွင်းက ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလကျင့်မှုများကို ရှုတ်ချခဲ့ပြီး နောက်ဆက်တွဲ အကျိုးဆက်များ ရှိလာလိမ့်မည်ဟု သတိပေးခဲ့သည်။
၂၀၂၄ ခုနှစ် စတင်ခဲ့ချိန်ကတည်းက မိမိတို့နိုင်ငံကို ဆန့်ကျင်သည့် နျူကလီးယားစစ်ရေး လေ့ကျင့်မှုများအား ပိုမို ရမ်းကားစွာ ပြုလုပ်လာသဖြင့် မိမိတို့သည် ပြင်းထန်သည့် စစ်ပွဲအတွက် အလုံးစုံ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 824
CNI International News
မော်စကို၊ ဇန်နဝါရီ ၂၆
ရုရှားနိုင်ငံ၏ Tactical Missiles Corporation ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့်် Tsirkon ဟိုက်ပါဆိုးနစ်ဒုံးကျည်သည် ရန်သူများ၏ ဒုံးကျည်ဖျက် လက်နက်များနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ အားလုံးနီးပါးကို ကျော်လွှား နိုင်စွမ်းရှိကြောင်း ထိုကုမ္ပဏီ၏ စီအီးအို ဘိုးရစ် အော့ဘ်နိုဆော့ဗ် (Boris Obnosov) က Rossiya-24 ရုပ်သံနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
"အခုချိန်အထိတော့ Tsirkon ဒုံးကျည်စနစ်ရဲ့ ဝိသေသလက္ခဏာတွေဟာ အရမ်းခေတ်မီ ဆန်းပြားပါတယ်။ ဒါ့အပြင် အဲဒီဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ဖို့အတွက် အရမ်းထိရောက်မှုရှိတဲ့ ဒုံးကျည်ဖျက် လက်နက်တွေနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ လိုအပ်ပါတယ်။ ဒီနေ့အချိန်အထိတော့ Tsirkon ဒုံးကျည်ဟာ ရန်သူတွေရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကို ကျော်လွှားနိုင်စွမ်းရှိနေတယ်လို့ ပြောနိုင်ပါတယ်" ဟု အော့ဘ်နိုဆော့ဗ်က ပြောသည်။

ဘိုးရစ် အော့ဘ်နိုဆော့ဗ်နဲ့ ပူတင်ကိုတွေ့ရစဉ်
သင်္ဘောပေါ်မှ ပစ်လွှတ်ရသည့် Tsirkon ဟိုက်ပါဆိုးနစ်ဒုံးကျည်ကို Tactical Missiles Corporation ၏ လက်အောက်ခံ Machine-Building ကုမ္ပဏီ၏ သုတေသနနှင့် ထုတ်လုပ်ရေးအဖွဲ့က ဒီဇိုင်းထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုဒုံးကျည် ပထမဆုံးအကြိမ် စမ်းသပ်မှုကို Severodvinsk နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောမှတဆင့် ရေအောက်မှ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1103
CNI International News
အေဒင်၊ ဇန်နဝါရီ ၂၆
ကုလသမဂ္ဂ၏ အမေရိကန်နှင့် ဗြိတိန်ဝန်ထမ်းများနှင့် ဆန်နာ (Sanaa) မြို့တော်အခြေစိုက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တစ်လအတွင်း ယီမင်နိုင်ငံမှ ထွက်ခွာရန် ဟူရ်သီသူပုန်အဖွဲ့က ဇန်နဝါရီ ၂၄ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များသည် အခြားနိုင်ငံများ၏ ကူညီထောက်ပံ့မှုနှင့်အတူ ယီမင်နိုင်ငံအတွင်းရှိ အီရန် က ကျောထောက်နောက်ခံ ပေးထားသည့် ဟူရ်သီအဖွဲ့၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ပြီးနောက် ထိုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်သည် ပင်လယ်နီ (Red Sea)တွင် အစ္စရေးနှင့် ဆက်နွှယ်မှုရှိသည့် ကုန်တင်သင်္ဘောများကို ပစ်မှတ် ထားသော ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများကို တန်ပြန်တိုက်ခိုက်နေချိန်တွင် ဟူရ်သီအဖွဲ့ကို အကြမ်းဖက်အဖွဲ့ စာရင်းမှာ ပြန်လည်ထည့်သွင်း သတ်မှတ်ခဲ့သည်။
ဟူရ်သီအဖွဲ့ကမူ ပင်လယ်နီတွင် ၎င်းတို့၏ တိုက်ခိုက်မှုများသည် အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်နေသည့် ဂါဇာဒေသ အတွင်းရှိ ပါလက်စတိုင်းတို့နှင့် စည်းလုံးညီညွတ်စွာရှိကြောင်း ပြသခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယီမင်နိုင်ငံအတွင်း အမေရိကန်၊ ဗြိတိန်နိုင်ငံသားများနှင့် လက်တွဲလုပ်ကိုင်နေသူများအနေဖြင့် ရက်ပေါင်း ၃၀ အတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရန် ဟူရ်သီ နိုင်ငံခြားရေးဝန်ကြီးဌာနက ယီမင်ရှိ ကုလသမဂ္ဂ၏ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအရာရှိ ပီတာ ဟော့ကင်းစ် (Peter Hawkins) ထံ စာတစ်စောင် ပေးပို့ခဲ့သည်ဟု ဆိုသည်။

ဟူရ်သီသူပုန်ကိုတွေ့ရစဉ်
ထို့ပြင် ယီမင်နိုင်ငံအတွင်း လုပ်ငန်းများ လုပ်ကိုင်နေသည့် ပြည်ပအဖွဲ့အစည်းများ အနေဖြင့်လည်း အမေရိကန်နှင့် ဗြိတိန် နိုင်ငံသားများကို ဝန်ထမ်းအဖြစ် ငှားရမ်းခြင်းမလုပ်ရန် ထိုစာထဲတွင် ညွှန်ကြားခဲ့သည်။
ဟူရ်သီအဖွဲ့၏ ထိပ်သီး စေ့စပ်ညှိနှိုင်းရေးအရာရှိ မိုဟာမက် အဗ္ဗဒူဆာလမ်က ထိုစာပေးပို့မှုကို အတည်ပြုခဲ့ပြီး ဗြိတိန်နိုင်ငံသားဖြစ်သည့် ဟော့ကင်းစ်ကမူ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပေ။
ဟူရ်သီအဖွဲ့၏ ပေးစာနှင့်ပတ်သက်ပြီး သတင်းများ ရရှိခဲ့ကြောင်း၊ သို့သော် ယီမင်နိုင်ငံအတွင်းရှိ ကုလသမဂ္ဂ အေဂျင်စီများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကိုယ်စား မှတ်ချက်မပေးနိုင်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။
ဗြိတိန်သံရုံးကလည်း လက်ရှိတွင် ယီမင်နိုင်ငံအတွင်းမှ ဗြိတိန်နိုင်ငံသားများ ထွက်ခွာခြင်း မရှိသေးကြောင်း၊ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ကုလသမဂ္ဂနှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 799
CNI International News
မော်စကို၊ ဇန်နဝါရီ ၂၆
ဖမ်းဆီးရမိထားသည့် ယူကရိန်းစစ်သုံ့ပန်းများ တင်ဆောင်လာသည့် ရုရှားစစ်တပ်၏ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းကို ယူကရိန်းစစ်တပ်က ဇန်နဝါရီ ၂၄ ရက်တွင် ရည်ရွယ်ချက်ရှိရှိ ပစ်ချခဲ့သည်ဟု ရုရှားက စွပ်စွဲခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အကျဉ်းသားလဲလှယ်ရန်အတွက် ပျံသန်းလာသည့် ထိုလေယာဉ်ကို ပစ်ချမှုသည် အကြမ်းဖက် လုပ်ရပ်ဖြစ်ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယူကရိန်းစစ်သုံ့ပန်း ၆၅ ဦး အပါအဝင် လေယာဉ်ပေါ်လိုက်ပါလာသူ ၇၄ ဦးစလုံး သေဆုံးခဲ့သည်ဟု ရုရှားက ပြောသည်။
ယူကရိန်းနယ်စပ်အနီးရှိ ရုရှား၏ ဘယ်လ်ဂိုရော့ (Belgorod) မြို့အနီးတွင် ဖြစ်ပွားခဲ့သည့် ရုရှား၏ Ilyushin Il-76 စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ် ပစ်ချခံရမှုနှင့် ပတ်သက်ပြီး ယူကရိန်းက တိုက်ရိုက် မှတ်ချက်ပေးခဲ့ ခြင်းမရှိပေ။
အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါလာသူများသည် ယူကရိန်းစစ်သုံ့ပန်းများ ဟုတ်၊ မဟုတ်ကိုလည်း ယူကရိန်းက အတည်မပြုခဲ့ပေ။

ရုရှား၏ Ilyushin Il-76 စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်ကို တွေ့ရစဉ်
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) ကတော့ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်ပျက်ခဲ့ပုံများကို ရှင်းလင်းတိကျစွာ သိရှိရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ထိုလေယာဉ်ပေါ်တွင် လိုက်ပါလာသူများသည် မည်သူမည်ဝါ ဖြစ်သည်ဆိုခြင်းကို သိရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
"ရုရှားဟာ ယူကရိန်းအကျဉ်းသားတွေ၊ သူတို့ကို ချစ်ခင်တဲ့သူတွေရဲ့ ခံစားချက်တွေ၊ ကျနော်တို့ လူ့အသိုင်းအဝိုင်း ရဲ့ စိတ်ခံစားချက်တွေကို ကစားနေတယ်ဆိုတာ ရှင်းနေပါတယ်" ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင် (Vladimir Putin) ကလည်း ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပေ။
ရုရှားထောက်လှမ်းရေးအဖွဲ့နှင့် ဆက်နွှယ်မှုရှိသည့် Baza အမည်ရှိ Telegram ချန်နယ်တွင် တင်ထားသည့် ဗွီဒီယို တွင် ဘယ်လ်ဂိုရော့ဒေသရှိ ယာဘလိုနိုဗို (Yablonovo) ကျေးရွာအနီး၌ ပျက်ကျနေသော အကြီးစားလေယာဉ် တစ်စင်း၏ မီးလောင်ပေါက်ကွဲနေသည့် အပျက်အစီးများကို ဖော်ပြခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
ယူကရိန်းနှင့် အကျဉ်းသား လဲလှယ်ရန်အတွက် ပို့ဆောင်ခဲ့သည့် ထိုလေယာဉ်ပေါ်တွင် ရုရှားလေယာဉ် အမှုထမ်း သုံးဦးနှင့် ရုရှားစစ်သား ၃ ဦးလည်း လိုက်ပါခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့ပြင် ယူကရိန်းသည် ထိုလေယာဉ်ပေါ်တွင် ယူကရိန်းစစ်သုံ့ပန်းများ တင်ဆောင်လာသည်ကို ယူကရိန်းက သိရှိခဲ့ ကြောင်းနှင့် လေယာဉ်ပျက်ကျချိန်၌ ယူကရိန်းဘက်က ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့သည်ကို ရုရှား၏ ရေဒါစခန်းမှ တာဝန်ရှိသူများက ထောက်လှမ်း တွေ့ရှိခဲ့သည်ဟုလည် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1313
CNI International News
မော်စကို၊ ဇန်နဝါရီ ၂၅
ရုရှားသည် အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် လုပ်ဆောင်နေသည်ဟု ရုရှားအမျိုးသားလုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်သည့် ဒီမီထရီ မက်ဗီးဒက်ဗ် (Dmitry Medvedev) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ထိုသို့လုပ်ဆောင်ရခြင်းမှာ ၎င်းသည် နိုင်ငံတကာဆက်ဆံရေး အခင်းအကျင်းအသစ်တစ်ခု တည်ထောင်ရာ၌ အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့်ဖြစ်သည်။
"ရုရှားဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင်လုပ်ဆောင်ဖို့ အာရုံစိုက် ကြိုးပမ်းနေပါတယ်။ အဲဒီဒေသဟာ နိုင်ငံတကာဆက်ဆံရေးရဲ့ အခင်းအကျင်းအသစ်တစ်ခု ထူထောင်ရာမှာ ပိုပြီး တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်" ဟု ရုရှား၏ အာဏာရပါတီဖြစ်သည့် United Russia ပါတီ၏ ခေါင်းဆောင် မက်ဗီးဒက်ဗ်က အာဆီယံနိုင်ငံများ၏ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားသည် အာဆီယံ၏ ယုံကြည်အားထားရလောက်သည့် မိတ်ဖက်အဖြစ် နှစ်ပေါင်း ၃၀ ကျော်ကြာ ရပ်တည်ခဲ့သည်ဟုလည်း ရုရှားသမ္မတဟောင်း မက်ဗီးဒက်ဗ်က ပြောကြားခဲ့သည်။

ရုရှားအမျိုးသားလုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌ ဒီမီထရီ မက်ဗီးဒက်ဗ်
ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများ မြင့်တက်နေသည့်တိုင် ရုရှားနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုသည် အဆင်ပြေကောင်းမွန်ခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း ပြဿနာများတွင် ရုရှားနှင့် အာဆီယံ၏ ရပ်တည်ချက်များသည် နီးစပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြား ခဲ့သည်။
"ရုရှားနဲ့ အာဆီယံအကြား ခိုင်မာတဲ့ ဆက်ဆံရေးကို ဆက်လက်မြှင့်တင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ အာဆီယံအဖွဲ့အစည်းကြားမှာ နိုင်ငံရေးမနွှယ်ဘဲ သာတူညီမျှမှုရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုချဲ့ထွင်ဖို့ ဆုံးဖြတ်ထားပါတယ်" ဟု မက်ဗီးဒက်ဗ်က ပြောကြားခဲ့သည်။
ရုရှားသည် အရှေ့အာရှ ညီလာခံ (East Asia Summit) ၊ အာဆီယံ ဒေသတွင်း ဖိုရမ် (ASEAN Regional Forum) နှင့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေး
(ASEAN Defence Ministers' Meeting Plus) များတွင် အများသဘောဆန္ဒနှင့် သာတူညီမျှမှုရှိသည့် မူဝါဒများ အတိုင်း လုပ်ဆောင်နေပြီး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဟုလည်း မက်ဗီးဒက်ဗ်က ပြောကြားခဲ့သည်။
Source: TASS
- By CNI
- Category: နိုင်ငံရေး
- Hits: 1068
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၂၅
အမေရိကန်စစ်တပ်သည် အီရတ်နိုင်ငံရှိ အဆောက်အအုံ သုံးခုနှင့် ယီမင်နိုင်ငံရှိ အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် စစ်သွေးကြွများ အသုံးပြုသည့် သင်္ဘောဖျက်ဒုံးကျည်နှစ်စင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အီရတ်နှင့် ယီမင်တွင် တိုက်ခိုက်ခဲ့သော ပစ်မှတ်နေရာများသည် အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များ အား တိုက်ခိုက်နေသည့် တိုက်ခိုက်မှုများနှင့် ဆက်နွှယ်မှုရှိနေသည်။
ထို့နောက် ပင်လယ်နီ (Red Sea) အတွင်းရှိ အမေရိကန်စစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများကို ခြိမ်းခြောက် နေသည့် နေရာများဖြစ်သည်ဟု အမေရိကန်က ပြောသည်။
သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)၏ အမိန့်ဖြင့် အီရတ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုသည် အီရန်က ကျောထောက် နောက်ခံပေးထားသော ကာတာအစ်ဘ် ဟစ်ဇ်ဘိုလာ (Kataib Hezbollah) စစ်သွေးကြွအဖွဲ့နှင့် အီရတ်ရှိ အီရန်နှင့်ဆက်နွှယ်မှုရှိသည့် အုပ်စုများ အသုံးပြုသည့် အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(Lloyd Austin)က ပြောကြားခဲ့သည်။
"အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေကို အီရန်က ထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွ တွေက တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကို လက်တုန့်ပြန်တဲ့ အနေနဲ့ အခုလို တိကျသေချာမှုရှိတဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်" ဟု အော်စတင်က ပြောကြားခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒန်ကို တွေ့ရစဉ်
ထိုတိုက်ခိုက်မှုများသည် ဘဂ္ဂဒက် ( Baghdad) မြို့တော် တောင်ပိုင်းရှိ ဂျာ့ဖ် အယ် ရှက်ခါ (Jurf al-Sakhar) မြို့၊ အယ် ကာအင် (al-Qaim) မြို့နှင့် အီရတ်အနောက်ပိုင်း အမည်ဖော်ပြထားခြင်းမရှိသည့် စစ်သွေးကြွများ၏ အဆောက်အအုံများကို ထိမှန်ခဲ့သည်ဟု အမေရိကန်အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။
ဇန်နဝါရီ ၂၃ ရက်ကလည်း အမေရိကန်စစ်တပ်သည် ပင်လယ်နီတောင်ပိုင်းကို ဦးတည်ပစ်လွှတ်ရန် ချိန်ရွယ်ထား သည့် ဟူရ်သီသူပုန်အဖွဲ့၏ သင်္ဘောဖျက် ဒုံးကျည်နှစ်စင်းကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း အမေရိကန်ဗဟိုစစ် ဌာနချုပ် (CENTCOM) က ထုတ်ပြန်ခဲ့သည်။
"အမေရိကန်တပ်ဖွဲ့တွေဟာ ယီမင်နိုင်ငံက ဟူရ်သီတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ ဒုံးကျည်တွေကို လေ့လာခဲ့ပြီး အဲဒီဒုံးကျည်တွေဟာ ဒေသတွင်း အမေရိကန် ရေတပ်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု CENTCOM က ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တွေ့ရစဉ်
ထိုတိုက်ခိုက်မှုများသည် မကြာသေးမီ ရက်ပိုင်းအတွင်း စစ်သွေးကြွများ၏ တိုက်ခိုက်မှုများအပေါ် အမေရိကန်၏ တန်ပြန်တိုက်ခိုက်မှုများ မြင့်တက်လာသည့် အခြေအနေကို ဖော်ပြရာရောက်ခဲ့သည်။
အီရတ်ရှိ အမေရိကန်စစ်သားများ တပ်စွဲထားသည့် အယ် အာဆက် လေတပ်စခန်း (al-Asad Air Base) တွင် ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် အမေရိကန်စစ်မှုထမ်းများ ဒဏ်ရာရရှိခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန်က အီရတ်ရှိ ကာတာအစ် ဟစ်ဇ်ဘိုလာအဖွဲ့၏ စခန်းများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 707
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၂၅
မြောက်ကိုရီးယားသည် ၎င်း၏ အနောက်ဘက် ကမ်းလွန်ရေပြင်များအတွင်းသို့ ခရုဇ်ဒုံးကျည်များ ပစ်ခတ်ခဲ့သဖြင့်် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က နိုင်ငံ၏ နျူကလီးယား တိုက်ခိုက်ရေး စွမ်းဆောင်ရည်များကို မြှင့်တင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ဒုံးကျည်များကို ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီဝန်းကျင်တွင် မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သည့် ခရုဇ် ဒုံးကျည်များကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်းနှင့် နောက်ဆက်တွဲ အခြေအနေများကို အမေရိကန်နှင့်အတူ အနီးကပ်စောင့်ကြည့်နေကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ယခုလအတွင်း အာရှရှိ အမေရိကန်စစ်စခန်းများကို ပစ်ခတ်ရန် ရည်ရွယ်ထုတ်လုပ်ထား သည့် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့သည်။
ထိုဒုံးကျည် အမျိုးအစား ပစ်လွှတ်မှုသည် ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နေစဉ်
ထို့ပြင် ကိုရီးယားကျွန်းဆွယ်ရှိ ကမ်းလွန် နိုင်ငံတကာ ရေပြင်များတွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန် တို့၏ ပူးတွဲ ရေတပ်စစ်ရေး လေ့ကျင့်မှုများကိုလည်း မြောက်ကိုရီးယားက ဝေဖန်ခဲ့သည်။
ယခင်ပစ်လွှတ်ခဲ့သည့် ဒုံးကျည်သည် အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ် (hypersonic) ပဲ့ထိန်းဒုံးကျည် အမျိုး အစားဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သော်လည်း ထိုဒုံးကျည်ပစ်လွှတ်မှုကို လေ့လာဆန်းစစ် နေဆဲ ဖြစ်ကြောင်း အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
ထိုစစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်ဝင်ရောက်ရန်နှင့် နျူကလီးယားစစ်ပွဲ ဆင်နွှဲရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများထဲတွင် ပဲ့ထိန်းဒုံးကျည် များ ပစ်လွှတ်မှုကို တားမြစ်ထားသော်လည်း ခရုဇ်ဒုံးကျည်များ ပစ်လွှတ်မှုကိုမူ တားမြစ်ထားခြင်းမရှိပေ။
ပဲ့ထိန်းဒုံးကျည်များသည် အသံထက်မြန်သည့် အလျင်နှုန်းဖြင့် မြင့်မားစွာ ပျံသန်းနိုင်ပြီး ခရုဇ်ဒုံးကျည်များမှာမူ အသံလျင်နှုန်းအောက် လျော့နည်းသည့် အလျင်ဖြင့် ပျံသန်းကာ ပဲ့ထိန်းဒုံးကျည်များကဲ့သို့ မြင့်မားစွာ ပျံသန်းနိုင်ခြင်းမရှိပေ။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 927
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၂၅
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက Move Forward(MFP)ပါတီ ခေါင်းဆောင်ဟောင်း ပီတာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) အပေါ် တရားစွဲဆိုထားသည့် မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများ ပိုင်ဆိုင်မှု စွဲချက်များကို ပလပ်ခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ပီတာသည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ချိန်က မီဒီယာကုမ္ပဏီတစ်ခု၌ ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
သို့သော် ပီတာ ရှယ်ယာဝင်ခဲ့သည့် iTV ကုမ္ပဏီသည် မီဒီယာလုပ်ငန်းကို လုပ်ကိုင်တော့ခြင်းမရှိသဖြင့် ပီတာသည် iTV တွင် ရှယ်ယာများ ပိုင်ဆိုင်မှုသည် ဖွဲ့စည်းပုံအခြခံဥပဒေနှင့် ရွေးကောက်ပွဲစည်းကမ်းများကို ချိုးဖောက်ခြင်း မရှိကြောင်း တရားရုံးက အမိန့်ချခဲ့သည်။
ထို့ကြောင့် ပီတာသည် ထိုအမှုကြောင့် ပြီးခဲ့သည့်နှစ် ဇူလိုင်လကတည်းက ဆိုင်းငံ့ခံထားရသည့် လွှတ်တော်အမတ် နေရာကို ပြန်လည်ရရှိမည်ဖြစ်ပြီး နိုင်ငံရေးလောကထဲသို့ တစ်ကျော့ပြန် ဝင်ရောက်ရန် လမ်းပွင့်သွားစေခဲ့သည်။
တရားရုံး၏ စီရင်ချက်မချမီ ပီတာက သူ့အနေဖြင့် စွဲချက်မှ ကင်းလွတ်ခွင့် ရရှိမည်ဆိုပါက လွှတ်တော်အမတ် တာဝန်ကို မည်သည့်အချိန်တွင် ပြန်လည် ထမ်းဆောင်ရမည်ဆိုသည့်အချက်ကို လွှတ်တော်ဥက္ကဌ ဝမ် မူမာမက် နျူအာ မာသာ ( Wan Muhamad Noor Matha) နှင့် ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။

ထိုင်းတရားရုံးကို တွေ့ရစဉ်
MFP ပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရသည့် ပီတာသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ချိန်၌ iTV Plc ကုမ္ပဏီမှာ ရှယ်ယာ ၄၂,၀၀၀ ကို ပိုင်ဆိုင်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က စွပ်စွဲခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သူများကို သတင်းစာများနှင့် အခြားမီဒီယာလုပ်ငန်းများ၌ ရှယ်ယာများ ပိုင်ဆိုင်ခွင့် ပိတ်ပင်ထားသည်။
ထို့နောက် ရွေးကောက်ပွဲကော်မရှင်က ထိုအမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ခဲ့ပြီးနောက် ခုံရုံးက အဆိုပါအမှုကို အပြီးသတ် မဆုံးဖြတ်ခင် အချိန်အထိ ပီတာကို လွှတ်တော်အမတ်အဖြစ်မှ ယာယီဆိုင်းငံ့ထားရန် အမိန့်ချမှတ်ခဲ့သည်။
ပီတာကမူ iTV ကုမ္ပဏီသည် မီဒီယာလုပ်ငန်းကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ ထိုရှယ်ယာများသည်လည်း သူ့ဖခင်ထံမှ အမွေဆက်ခံ ရရှိခဲ့ခြင်းဖြစ်ကာ သူသည် ထိုရှယ်ယာများကို စီမံထိန်းသိမ်းသူအဖြစ်သာ ဆောင်ရွက်ခဲ့ကြောင်း ခုခံ လျှောက်လှဲခဲ့သည်။
အဆိုပါ ရှယ်ယာများ၏ ပမာဏသည် မပြောပလောက်သော ပမာဏဖြစ်ပြီး ထိုရှယ်ယာများကို လုပ်ငန်း လည်ပတ်ခွင့်လည်း မရှိကြောင်း ပီတာက ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 867
CNI International News
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၄
မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် (Mahathir Mohamad)က မိမိသားဖြစ်သူ၏ စီးပွားရေး လှုပ်ရှားမှုများကို နိုင်ငံ၏အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီက စုံစမ်းစစ်ဆေးနေမှုသည် နိုင်ငံရေးအရ စေ့ဆော်မှုကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ရှာဖွေခွင့်ဝရမ်းဖြင့် စုံစမ်းစစ်ဆေးမှုသည် နိုင်ငံရေးစေ့ဆော်မှုကြောင့်ဖြစ်ပြီး တခြားအကြောင်းပြချက် များကို မသိရကြောင်း မဟာသီယာက ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်ခဲ့သည့်် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။
မလေးရှားနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (MACC)က ၎င်း၏ သားအကြီးဆုံးဖြစ်သူ မီရာဇန် မဟာသီယာ (Mirzan Mahathir)အား ၁၉၈၁ ခုနှစ်မှစပြီး ၎င်း၏ ဝင်ငွေများအားလုံးကို ကြေညာရန် အမိန့် ထုတ်ပြန်ခဲ့သည်ဟု မဟာသီယာက ပြောကြားခဲ့သည်။

မဟာသီယာရဲ့ သားဖြစ်သူ မီရာဇန်မဟာသီယာကို တွေ့ရစဉ်
၁၉၈၁ ခုနှစ်တွင် မဟာသီယာသည် မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် အချိန်ဖြစ်သည်။
"မင်းဟာ ငါ့သားဖြစ်နေလို့ စုံစမ်းစစ်ဆေးခံရတာလို့ ကျနော့်သားကို ကျနော်ပြောခဲ့ပါတယ်" ဟု မဟာသီယာက ပြောကြားခဲ့ပြီး လက်ရှိဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်(Anwar Ibrahim)၏ အစိုးရအဖွဲ့သည် နိုင်ငံရေး အတိုက်အခံများကို နှိမ်နင်းရန် ဥပဒေကို အသုံးချနေသည်ဟု စွပ်စွဲခဲ့သည်။
MACC ၏ ပြောရေးဆိုခွင့်ရှိသူကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး Bloomberg News သတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုများကို တုန့်ပြန်ခဲ့ခြင်း မရှိပေ။
မဟာသီယာ၏ မဟာမိတ်ဖြစ်သည့် လက်ရှိဝန်ကြီးချုပ် အန်ဝါသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကြိုးပမ်းလုပ်ဆောင်ချက်များဖြင့် အာဏာရလာခဲ့ခြင်းဖြစ်သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကို တွေ့ရစဉ်
ပြီးခဲ့သည့်နှစ်က ၎င်း၏ ဒုတိယဝန်ကြီးချုပ် အာမက် ဇာဟစ် ဟာမီဒီ (Ahmad Zahid Hamidi) အပေါ် စွဲဆိုထား သည့် ပြစ်မှုဆိုင်ရာ စွဲချက် ၄၇ မှုကို အစိုးရက ရုပ်သိမ်းခဲ့ပြီးနောက် အန်ဝါ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ သည် ဝေဖန်ခံခဲ့ရသည်။
ထို့နောက် အန်ဝါက ၎င်းအား ထောက်ခံသူလည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် အာမက်၏ အမှုတွင် ကြားဝင်စွက်ဖက်ခြင်းမရှိကြောင်း၊ MACC ၏ စုံစမ်းစစ်ဆေးမှုများကိုလည်း ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
မဟာသီယာကမူ အစိုးရကို ဆန့်ကျင်သူများသည် ဥပဒေဆိုသည့် ခေါင်းစဉ်အောက်တွင် စုံစမ်းစစ်ဆေးခံရမည် ဖြစ်ပြီး အစိုးရအား ထောက်ခံသူများမှာမူ စွက်ချက် ၄၇ ခုကိုပင် ပြန်လည်ရုပ်သိမ်းခံခဲ့ရကြောင်း ဒုတိယ ဝန်ကြီးချုပ် အာမက်၏ ဖြစ်စဉ်ကို ရည်ညွှန်းပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
