- By CNI
- Category: နိုင်ငံရေး
- Hits: 2214
CNI International News
နယူးဒေလီ၊ မေလ ၁၆
အိန္ဒိယနှင့် ဩစတြေးလျအကြား ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သည့် ခြေလှမ်း တစ်ရပ်အနေဖြင့် ၁၆ ကြိမ်မြောက် အိန္ဒိယရေတပ်-ဩစတြေးလျရေတပ် ဆွေးနွေးပွဲအား မေလ ၁၄ ရက်က အောင်မြင်စွာ နိဂုံးချုပ်ခဲ့သည်ဟု Devdiscourse သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အန္ဒိယရေတပ်၏ ဒုတိယရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး နီယာဘဟေး ဘက်ပ်နာ (Nirbhay Bapna) နှင့် ဩစတြေးလျ တော်ဝင်ရေတပ်မှ ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်နသန် အာလေး (Jonathan Earley) တို့က ကြီးမှူး ကျင်းပသည့် ထိုဆွေးနွေးပွဲသည် နှစ်နိုင်ငံရေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုများတွင် သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ခဲ့သည်။
“၁၆ ကြိမ်မြောက် အိန္ဒိယရေတပ်-ဩစတြေးလျရေတပ် ၊ ရေတပ်အချင်းချင်း ဆွေးနွေးမှုတွေကို ကိုချီ (Kochi) မြို့မှာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီး အိန္ဒိယနဲ့ ဩစတြေးလျအကြား ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုမှာ ကြီးမားတဲ့ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူခဲ့ပါတယ်။
အိန္ဒိယရေတပ်ဗိုလ်ချုပ်ကြီး ဘက်ပ်နာနဲ့ ဩစတြေးလျ ရေတပ်ဗိုလ်ချုပ်ကြီး အာလေးတို့က ပူးတွဲပြီး ကြီးမှူးကျင်းပတဲ့ အဲဒီဆွေးနွေးပွဲတွေမှာ ပူးပေါင်း စစ်ဆင်ရေးကို တိုးမြှင့်ရေး၊ ပင်လယ်ရေကြောင်းဆိုင်ရာ မိတ်ဖက်ဆက်ဆံမှုအတွက် လမ်းကြောင်းသစ်တွေနဲ့ ဆက်ဆံရေးကို ခိုင်မာစေရေးတို့ကို အဓိကထားပြီး ဆွေးနွေးခဲ့ပါတယ်” ဟု အိန္ဒိယရေတပ်က မေလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယနဲ့ ဩစတြေးလျရေတပ်ကို တွေ့ရစဉ်
ဆွေးနွေးညှိနှိုင်းမှုများတွင် ပင်လယ်ရေကြောင်း ပိုင်နယ်များအတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် အားထုတ် ကြိုးပမ်းမှုကို ခိုင်မာစေရန်နှင့် ဆက်ဆံရေးများ နက်ရှိုင်းစေရန် ကတိကဝတ်များကို နှစ်ဖက်စလုံးက ဖော်ပြခဲ့ကြ သည်။
ထိုဆွေးနွေးပွဲများသည် အင်ဒို-ပစိဖိတ်ဒေသတွင် အိန္ဒိယနှင့် ဩစတြေးလျအကြား ပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာမြောက် အရးကြီးသည့် အခြေအနေကို မီးမောင်းထိုးပြသရာ ရောက်နေပြီး သမုဒ္ဒရာများအတွင်း ဟာကွက်များကို ဖြည့်ဆည်းခြင်းဖြင့် နှစ်နိုင်ငံရေတပ်များသည် ဒေသတွင် ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝ ရေးတို့ကို တိုးမြှင့်ရုံသာမက လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကိုလည်း စိတ်ချသေချာမှုရှိအောင် လုပ်ဆောင်ရန် မျှော်မှန်းထားသည်ဟု အိန္ဒိယရေတပ်က ပြောကြားခဲ့သည်။
မေလ ၁၂ ရက်ကလည်း အိန္ဒိယ၏ INS Kiltan သင်္ဘောသည် ဗီယက်နမ်နိုင်ငံ ကမ်ရန် ပင်လယ်အော် (Cam Ranh Bay) သို့ ရောက်ရှိခဲ့ပြီး ထိုသင်္ဘောကို ဗီယက်နမ်ရေတပ်နှင့် ဗီယက်နမ်ရှိ အိန္ဒိယသံရုံးတို့က ကြိုဆိုခဲ့ကြသည်။
ထိုခရီးစဉ်သည် အိန္ဒိယရေတပ်၏ အရှေ့ပိုင်း စစ်သင်္ဘောအုပ်စု၏ စစ်ဆင်ရေးဆိုင်ရာ ဖြန့်ကြက်ချထားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုသည့် ရည်ရွယ်ချက်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနဲ့ ဩစတြေးလျရေတပ် အကြီးအကဲများကို တွေ့ရစဉ်
အိန္ဒိယနှင့် ဗီယက်နမ်သည် ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ထား သည်။
ထိုဆက်ဆံရေးကို မြှင့်တင်သည့် အနေဖြင့် အိန္ဒိယရေတပ်၏ INS Kiltan စစ်သင်္ဘော ဗီယင်္ကနမ်သို့ ရောက်ရှိလာ သော ခရီးစဉ်တွင် နှစ်နိုင်ငံရေတပ်အကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ပြီး စံတန်ဖိုးများကို မျှဝေ မှုများ ပြုလုပ်ရန် အာရုံစိုက်လုပ်ဆောင်ခဲ့သည်။
ထိုခရီးစဉ်ကို နှစ်နိုင်ငံရေတပ်အကြား ပင်လယ်ပြင်တွင် ပင်လယ်ရေကြောင်းဆိုင်ရာ မိတ်ဖက်ဆက်ဆံမှု လေ့ကျင့် ခန်းများဖြင့် အဆုံးသတ်မည် ဖြစ်သည်။
ထိုလေ့ကျင့်ခန်းများသည် နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုနှင့် အကောင်းဆုံး စစ်ရေးဆောင်ရွက်ချက်များကို မျှဝေမှုများတွင် ပိုမိုခိုင်မာ အားကောင်းစေမည်ဖြစ်သည်။
Source: Devdiscourse
- By CNI
- Category: နိုင်ငံရေး
- Hits: 2513
CNI International News
ဘန်ကောက်၊ မေလ ၁၆
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် ထိုင်း-မြန်မာနယ်စပ်တွင် ငြိမ်းချမ်းရေးကို မြှင့်တင်လိုသည့် ဆန္ဒသာရှိကြောင်း ၎င်း၏သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ပြောကြားခဲ့သည်ဟု The Nation သတင်းစာမှ ဖော်ပြခဲ့သည်။
သက်ဆင်သည် ပုဂ္ဂိုလ်ရေးခင်မင်မှုကို အသုံးချပြီး မြန်မာနိုင်ငံ၏ လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေမှုအပေါ် ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန်က ကာကွယ်ပြောဆိုပေးခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီက သက်ဆင်သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို အဖြေရှာရန်အတွက် ကချင် လက်နက်ကိုင်နှင့် NUG ၏ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးနောက် သက်ဆင်သည် ရှမ်းပြည်ပြန်လည်ထူထောင်ကောင်စီ(RCSS)မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
သက်ဆင်၏ လုပ်ဆောင်ချက်များကို ထိုင်းနိုင်ငံအတွင်းရှိ အဖွဲ့အစည်းအချို့က ဝေဖန်ခဲ့ကြသည်။
ထို့နောက် အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာ အောက်လွှတ်တော်ကော်မတီက ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

သက်ဆင်ကိုတွေ့ရစဉ်
သက်ဆင်သည် အစိုးရအဖွဲ့ထဲတွင် မည်သည့်ရာထူးကိုမျှ ရယူထားခြင်းမရှိသဖြင့် ၎င်း၏ လုပ်ဆောင်ချက်များ သည် ထိုင်းနိုင်ငံ၏ နိုင်ငံတကာမူဝါဒကို မေးခွန်းများ ထွက်ပေါ်စေခဲ့ကြောင်း အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာ အောက်လွှတ်တော်ကော်မတီဥက္ကဋ္ဌ ရန်စီမန် ရိုမီ (Rangsiman Rome) က ပြောကြားခဲ့သည်။
ပေတုန်တန်ကမူ ရန်စီမန်၏ မှတ်ချက်ကို တုန့်ပြန်သည့်အနေဖြင့် သက်ဆင်သည် မိမိနိုင်ငံအရေးကို စိုးရိမ်နေ သည့် ထိုင်းနိုင်ငံသားတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ပြည်ပမှာ ၁၇ နှစ်လောက် နေခဲ့တာတောင်မှ သူဟာ ထိုင်းပြည်သူတွေကို ဂရုစိုက်နေတုန်းပါပဲ။ ပြီးတော့ သူတတ်နိုင်တဲ့ဘက်က ဘာမဆိုလုပ်ပေးဖို့ ကူညီချင်တဲ့သူပါ” ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
သက်ဆင်သည် အစိုးရအဖွဲ့ထဲတွင် မည်သည့်ရာထူးကိုမျှ ရယူထားခြင်း မရှိသော်လည်း သူသည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားအဖွဲ့များ အပါအဝင် မြန်မာ့တပ်မတော်နှင့် ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုရှိခဲ့သည်။
ထို့နောက် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးဂိုဏ်းများကို နှိမ်နင်းခဲ့ဖူးကြောင်း ပေတုန်တန်က ထပ်လောင်း ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 1743
CNI International News
အမ်မန်၊ မေလ ၁၆
အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ဂျော်ဒန်နိုင်ငံတွင် အီရန်က ဦးဆောင်ပြုလုပ်သည်ဟု သံသယရှိသော လက်နက်များ မှောင်ခိုကူးမည့် အစီအစဉ်တစ်ခုကို ဟန့်တားနိုင်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုလက်နက်မှောင်ခိုကူးမည့် အစီအစဉ်သည် ဂျော်ဒန်ဘုရင်၏ အတိုက်အခံများကို အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် အကူအညီ ပေးရန်ဖြစ်သည်ဟု ထိုအကြောင်းအရာနှင့် နီးစပ်သည့် ဂျော်ဒန် သတင်း အရင်းအမြစ်နှစ်ခုက ပြောကြားခဲ့သည်။
ထိုလက်နက်များကို ဆီးရီးယားရှိ အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် စစ်သွေးကြွများက ဂျော်ဒန် နိုင်ငံအတွင်းရှိ Muslim Brotherhood အဖွဲ့အစည်း၏ လက်အောက်ခံအဖွဲ့ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ထိုအဖွဲ့သည် ပါလက်စတိုင်း ဟားမာ့စ်အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု အမည်မဖော်လိုသူတစ်ဦးက ရိုက်တာ သို့ ပြောကြားခဲ့သည်။

ဂျော်ဒန်အစိုးရ ခေါင်းဆောင်ကိုတွေ့ရစဉ်
ထိုလက်နက်သေတ္တာကို မတ်လအတွင်းက ဖမ်းဆီးရမိခဲ့သည့် ဂျော်ဒန်နိုင်ငံအတွင်းရှိ ပါလက်စတိုင်းများ ဖွဲ့စည်းထားသော အဖွဲ့ဝင်များနှင့်အတူ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
အဆိုပါ ပူးပေါင်းကြံစည်မှုနှင့် ဖမ်းဆီးမှုများကို ယခုမှ ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် က ထောက်ခံပေးထားသည့် အစ္စရေးနှင့် အီရန်၏ တော်လှန်ရေး အင်အားစု ကွန်ရက်တွင် ပါဝင်သော ဟားမာ့စ် အဖွဲ့အကြား စစ်ပွဲဖြစ်ပွားနေမှုနှင့်အတူ အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်နေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။
ဂျော်ဒန် သတင်းရင်းမြစ်နှစ်ခုကမူ စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ပြုလုပ်နေဆဲဖြစ်သဖြင့် ထိုလက်နက်များ မှောင်ခိုကူးမှု၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် အဖျက်အမှောင့်လုပ်ငန်း၏ အကြောင်းအရာ အသေးစိတ်ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။
ပူးပေါင်းကြံစည်မှု၏ အဓိကရည်မှန်းချက်မှာ အမေရိကန် စစ်စခန်းများကို လက်ခံထားရှိပြီး အစ္စရေး၊ ဆီးရီးယား၊ အီရတ်တို့နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ဂျော်ဒန်နိုင်ငံကို တည်ငြိမ်မှု ပျက်ပြားစေရန် ဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဂျော်ဒန်လူထုကိုတွေ့ရစဉ်
မတ်လအတွင်းက သိမ်းဆည်းရမိခဲ့သည့် လက်နက်သေတ္တာထဲတွင် မည်သည့် လက်နက်အမျိုးအစားများ ပါဝင်သည်ကို အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိဘဲ မကြာသေးမီ လများအတွင်းက ဂျော်ဒန်ထောက်လှမ်းရေးအဖွဲ့ သည် မြေမြှုပ်မိုင်းများ၊ ကလက်ရှ်နီကော့ဗ် ရိုင်ဖယ်များနှင့် ၁၀၇ မမ Katyusha ဒုံးကျည်များ အပါအဝင် လက်နက်များ မှောင်ခိုကူးရန် အီရန်နှင့် ၎င်း၏မဟာမိတ်များ၏ အားထုတ်ကြိုးပမ်းမှုများကို ဟန့်တားနိုင်ခဲ့ သည်ဟု ဆိုသည်။
ဂျော်ဒန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ထိုလက်နက် အများစုသည် အစ္စရေးက သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း ပါလက်စတိုင်းနယ်မြေသို့ ပေးပို့ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ဂျော်ဒန် သတင်း အရင်းအမြစ်များက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1941
CNI International News
မူဇက်ဖာရာဘက်၊ မေလ ၁၆
ပါကစ္စတန်နိုင်ငံက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ(PoK)ဘက်ခြမ်းတွင် မကြာသေးမီက ဆန္ဒပြမှုများ၊ အဓိကရုဏ်းများ ဖြစ်ပွားခဲ့မှုနှင့်အတူ လူထု၏ ဖီဆန်ပုန်ကန်မှု ဖြစ်ပွားနေသည်ဟု ကျွမ်းကျင်သူများက ပြောကြား ခဲ့ကြောင်း Al Arabiya Post မှ ဖော်ပြခဲ့သည်။
PoK ဒေသ၏ မြို့တော်ဖြစ်သည့် မူဇက်ဖာရာဘက် (Muzaffarabad) တွင် မေလ ၉ ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြ မှုများကြောင့် စီးပွားရေးလုပ်ငန်းများ ပိတ်ထားရပြီး လမ်းများပေါ်တွင် ယာဉ်များ အသွားအလာ ကင်းမဲ့ခဲ့သည်။
မေလ ၉ ရက်က ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ အသုံးပြု၍ လူစုခွဲခဲ့ကာ ဆန္ဒပြသူများကလည်း ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခံများဖြင့် ပြန်လည် ပစ်ပေါက်ခဲ့ကြသည်။
ထိုဆန္ဒပြမှုများတွင် လွတ်လပ်ရေးအတွက် တောင်းဆိုသည့် ကြွေးကြော်သံများလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သည်။

PoK ဒေသ၏ မြို့တော်ဖြစ်သည့် မူဇက်ဖာရာဘက်ကို တွေ့ရစဉ်
၂၀၁၉ ခုနှစ်၊ ဩဂုတ်လက လွတ်လပ်ရေး တောင်းဆိုမှုကြောင့် ရာနှင့်ချီသည့် ဆန္ဒပြသူများသည် မျက်ရည်ယိုဗုံး များဖြင့် ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည်။
ပါကစ္စတန်အာဏာပိုင်များသည် PoK(ကက်ရှ်မီးယား)ဒေသနှင့် ထိုဒေသတွင် နေထိုင်သူများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သဖြင့် အတိတ်ကာလက ထိုကဲ့သို့သော ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ဖူးသည်။
ထို့နောက် PoK ဒေသတွင် လွတ်လပ်ရေး လိုလားသည့် လက်နက်ကိုင်အုပ်စုများ ပေါ်ပေါက်လာခဲ့ပြီး အကြမ်းဖက် သမားများ ခိုလှုံရာနေရာတစ်ခု ဖြစ်ခဲ့သည်။
PoK ဒေသတွင် လျှပ်စစ်ဓာတ်အား မီတာခများနှင့် ဂျုံစျေးနှုန်းများ မြင့်တက်နေမှုကြောင့် အမိန့်မနာခံရေး လှုပ်ရှားမှု (CDM)သည် လပေါင်းများစွာကြာ ဖြစ်ပွားခဲ့သလို ဒေသခံအများစုသည် ပြီးခဲ့သည့် နွေရာသီကစပြီး မီတာခများ ပေးဆောင်ခဲ့ခြင်းမရှိပေ။

ပါကစ္စတန်နဲ့ အိန္ဒိယရဲ့ နယ်မြေပိုင်ခြားမှုကို တွေ့ရစဉ်
ထိုကဲ့သို့ လူထု၏ ဆန္ဒပြမှုကြောင့် ရဲတပ်ဖွဲ့သည် မူဇက်ဖာရာဘက်မြို့တော်နှင့် မီယာပူရ (Mirpur) မြို့များတွင် ညအချိန် ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ပြီး ဆန္ဒပြခေါင်းဆောင်များနှင့် ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ သည်။
ဖမ်းဆီးခံရသူ အများစုမှာ မေလ ၁၁ ရက်က မူဇက်ဖာရာဘက်မြို့တော်သို့ ခရီးရှည်ချီတက် ဆန္ဒပြမှုပြုလုပ်ရန် တိုက်တွန်းခဲ့သည့် ဂျမူး-ကက်ရှ်မီးယား ပူးတွဲ အဝါမီ လုပ်ရှုားမှု ကော်မတီ (Jammu Kashmir Joint Awami Acttion Committtee) မှဖြစ်သည်။
ပါကစ္စတန်အစိုးရသည် ဒေသခံလူထု၏ တောင်းဆိုမှုများကို အလေးအနက်ထားပြီး ဖြေရှင်းပေးခဲ့ခြင်း မရှိသဖြင့် PoK ဒေသတွင် ယခုကဲ့သို့ ဆန္ဒပြမှုများနှင့် CDM လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
Source: Al Arabiya Post
- By CNI
- Category: နိုင်ငံရေး
- Hits: 1935
CNI International News
ဝါရှင်တန်၊ မေလ ၁၅
ယီမင်နိုင်ငံရှိ ဟူရ်သီသူပုန်အဖွဲ့အား မမျှော်မှန်းနိုင်လောက်အောင် များပြားသည့် လက်နက်များ ထောက်ပံ့ပေး နေမှုကို ရပ်တန့်ရန် အမေရိကန်က အီရန်ကို တိုက်တွန်းခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဟူရ်သီသူပုန်များသည် အီရန်က ထောက်ပံ့ပေးသည့် လက်နက်များဖြင့် ပင်လယ်နီ (Red Sea) နှင့် အခြားနေရာ ဒေသများတွင် ကုန်တင်သင်္ဘောများကို မဆင်မခြင် တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု အမေရိကန်က ပြောကြား ခဲ့သည်။
ယီမင်နိုင်ငံတွင် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန် အလားအလာကောင်းများ ရရှိလိုပါက အီရန်အနေဖြင့် ဟူရ်သီ အဖွဲ့အား ထောက်ပံ့ပေးနေပြီး တည်ငြိမ်မှု ပျက်ပြားစေမည့် လုပ်ဆောင်မှုများကို ရပ်တန့်ရန် ပူးပေါင်းတိုက်တွန်း ရမည်ဟု အမေရိကန်၏ လက်ထောက်သံအမတ်ဖြစ်သည့် ရောဘတ် ဝုဒ် (Robert Wood) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြောကြားခဲ့သည်။

အမေရိကန်၏ လက်ထောက်သံအမတ်ဖြစ်သည့် ရောဘတ်ဝုဒ်ကို တွေ့ရစဉ်
"လက်နက်ဝယ်ယူခွင့် ပိတ်ပင်မှုကို ဆက်လက် ချိုးဖောက်နေတာနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ စိုးရိမ်မှုကို အလေးထားဖော်ပြဖို့အတွက် ကျနော်တို့ဟာ ပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့သူတွေကို တားဆီးဖို့နဲ့ ပိတ်ဆို့မှုတွေ ခိုင်မာစေဖို့ အခုထက်ပိုပြီး လုပ်ဆောင်ရမှာပါ" ဟု ဝုဒ်က ပြောကြားခဲ့သည်။
ဟူရ်သီအဖွဲ့ကမူ ဂါဇာတွင် လူပေါင်း ၃၅,၀၀၀ ကျော် သေဆုံးစေခဲ့သည့် အစ္စရေး၏ စစ်ပွဲအား အဆုံးသတ်စေရန် အစ္စရေးကို ဖိအားပေးသည့်အနေဖြင့် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့(Gulf of Aden) တို့တွင် သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် လူ ၁၂၀၀ ခန့် သေဆုံးကာ လူပေါင်း ၂၅၀ ခန့် ဓားစာခံအဖြစ် ပြန်ပေးဆွဲခံခဲ့ရပြီးနောက် စစ်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဟူရ်သီသူပုန်ကို တွေ့ရစဉ်
ဟူရ်သီအဖွဲ့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက သင်္ဘောများကို တိုက်ခိုက်မှု အကြိမ်အရေအတွက် ၅၀ ကျော်ပြုလုပ်ခဲ့ပြီး သင်္ဘောတစ်စင်း နစ်မြှုပ်ခဲ့သည်ဟု အမေရိကန် ပင်လယ်ရေကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။
မကြာသေးမီ လများအတွင်းက အမေရိကန်ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးများသည် ယီမင်နိုင်ငံအတွင်းရှိ ဟူရ်သီအဖွဲ့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သဖြင့် ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများ လျော့ကျ သွားခဲ့သည်။
သို့သော်လည်း ဟူရ်သီအဖွဲ့သည် ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ သင်္ဘောများကို ရန်လိုမှုများ ဆက်ရှိနေသေးကြောင်း ယီမင်နိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် ဟန်းစ် ဂရန်းဘာ့ချ် (Hans Grundberg) က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 2749
CNI International News
မနီလာ၊ မေလ ၁၅
တောင်တရုတ်ပင်လယ်တွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများနှင့် ခြိမ်းခြောက်မှုများ မြင့်တက်လာခဲ့သဖြင့် ဖိလစ်ပိုင်သည် ၎င်း၏ စစ်တပ်ကို အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်နေရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသားများသည် ၎င်းတို့နိုင်ငံ၏ လေတပ်အင်အားနှင့် ပတ်သက်ပြီး ဟာသတစ်ခုသဖွယ် လှောင်ပြောင် ပြောဆိုလာခဲ့ကြသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသားများသည် "ဖိလစ်ပိုင် လေတပ်" ဆိုသည့် စကားလုံးကို "လေ" သာရှိပြီး "တပ်" မရှိသည့် လေတပ်အဖြစ် လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။
စစ်စစ်တွင်လည်း ဖိလစ်ပိုင်လေတပ်တွင် ဂျက်တိုက်လေယာဉ်များနှင့် ဒုံးကျည်များမရှိခဲ့ဘဲ သမားရိုးကျ စစ်လေယာဉ်များ အပေါ်သာ မှီခိုခဲ့ရခြင်းဖြစ်သည်။

တရုတ်စစ်တပ်ကို တွေ့ရစဉ်
ကျည်းတပ်နှင့် ရေတပ်တွင်မူ လက်နက်ပစ္စည်း အနေအထားသည် လေတပ်ထက် ပိုမိုသာလွန်သည်ဟု ပြောနိုင် သည်။
သို့သော်လည်း ဖိလစ်ပိုင်ရေတပ်တွင် ခေတ်မီစစ်သင်္ဘောများ မရှိခဲ့ပေ။ ကျည်းတပ်တွင်လည်း တင့်ကားများ၊ ခေတ်မီ လက်နက်ကြီးစနစ်များမရှိခဲ့ဘဲ သမားရိုးကျ အမြောက်တပ်ဖွဲ့ကိုသာ အားကိုးနေရသည်။
သို့သော် လက်ရှိတွင် ဖိလစ်ပိုင်သည် တိုက်လေယာဉ်များ၊ သင်္ဘောများ၊ တင့်ကားများ၊ လက်နက်ကြီးစနစ်များ၊ အသံထက် ၁၀ ဆခန့် ပိုမိုမြန်သည့် ဟိုက်ပါဆိုးနစ် (hypersonic) ဒုံးကျည်များ၊ လေကြောင်းကာကွယ်ရေး စနစ်များနှင့် ရေဒါများကို ဝယ်ယူပြီး စစ်တပ်အင်အားကို မြှင့်တင်ရန် လုပ်ဆာင်လာသည်ကို တွေ့ရပြီး ရေငုပ် သင်္ဘောများပင် ဝယ်ယူမည့်အထိ ရည်မှန်းထားသည်။
ဖိလစ်ပိုင်စစ်တပ်၏ ပြည်သူ့ရေးရာ ဆက်ဆံရေးရုံး၏ အကြီးအကဲ ဗိုလ်မှူးကြီး ဇာဇီ ထရီနီဒက် (Xerxes Trinidad) က စစ်တပ်အင်အား အဆင့်မြင့်တင် မွမ်းမံမှု အစီအစဉ်သည် ယခင်က တစ်ခါမှမမြင်ဖူးသည့် ဖိလစ်ပိုင်စစ်တပ်၏ အပြောင်းအလဲများကို ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်နက်ကြီးကို တွေ့ရစဉ်
လက်ရှိ ဖိလစ်ပိုင်စစ်တပ်၏ အနေအထားသည် လွန်ခဲ့သည့် ၁၅ နှစ်က အနေအထားနှင့် နှိုင်းယှဉ်ပါက ပိုမို ခေတ်မီလာကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ပင်လယ်ရေကြောင်းဆိုင်ရာ ထိပ်တိုက်တွေ့သည် အပြုအမူများ၊ နယ်နိမိတ် ပိုင်ဆိုင်ကြောင်း ထွက်ဆိုမှုများကြောင့် ဖိလစ်ပိုင်စစ်တပ်သည် ခေတ်မီစစ်လက်နက်ပစ္စည်းများ ပိုင်ဆိုင်ရေးနှင့် ကာကွယ်ရေးမဟာဗျူဟာကို အဆင့်မြှင့်တင်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
သို့သော်လည်း စစ်လက်နက်စ္စည်းများ ဝယ်ယူရေးနှင့်ပတ်သက်ပြီး ကြိုးပမ်းအားထုတ်မှုများသည် နှစ်ပေါင်းများ စွာကြာ နှောင့်နှေးကြန့်ကြာခဲ့ရသည့် ယခုကဲ့သို့ စစ်တပ်ကို အဆင့်မြှင့်တင်သော အပြောင်းအလဲများသည် တိုးတက်မှု နှေးကွေးနေဆဲဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: SCMP
- By CNI
- Category: နိုင်ငံရေး
- Hits: 1788
CNI International News
၂၀၂၄ ခုနှစ်၊ မေလ ၁၅
ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဒုတိယအကြီးအကဲဖြစ်သူ မစ္စတာ ကိုမူရာ မာဆာဟီရို (KOMURA Masahiro) သည် မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံမှုသည် မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီကျော်က ဖြစ်ပြီး KNU ဘက်က ဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်း၊ KNPP ဘက်က ဥက္ကဋ္ဌ ခူဦးရယ်တို့ တက်ရောက်ခဲ့သည်။
လွှတ်တော်ဆိုင်ရာ နိုင်ငံခြားရေးရာကော်မတီ ဒုတိယအကြီးအကဲဖြစ်သူ ကိုမူရာသည် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်ပြီး အမြင်များ ဖလှယ်ရန်အတွက် အထက်ပါ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

NCA လက်မှတ်ထိုးရာတွင် ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက အသိသက်သေအဖြစ် လက်မှတ်ထိုးနေစဉ်
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် များပြားသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများမှ တစ်ဆင့် ထွက်ပေါက်မရှိဘဲ ချောင်ပိတ်မိနေသည့် လက်ရှိအခြေအနေများကို အဖြေရှာရန် အားထုတ်ကြိုးပမ်း မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မစ္စတာကိုမူရာက ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ၏ တိုင်းရင်းသားအဖွဲ့များ၏ ကိုယ်စားလှယ်များကလည်း ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူများ ၏ အပြောင်းအလဲမရှိသည့် ထောက်ပံ့မှုအတွက် ကျေးဇူးတင်ကြောင်းနှင့် မြန်မာ့အရေးကို ဖြေရှင်းရာတွင် ဂျပန်၏ အခန်းကဏ္ဍကို မျှော်လင့်ချက်များ ထားရှိသည့်အကြောင်း ပြောကြားခဲ့သည်။
အလားတူ နှစ်ဖက်စလုံးက ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေကို ငြိမ်ချမ်းစွာအဖြေရှာရန် ရှေးရှုပြီး တစ်ဖက်နှင့်တစ်ဖက် အနီးကပ် ဆက်သွယ်မှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အတည်ပြုခဲ့ကြ ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနဲ့ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်
ဂျပန်အစိုးရသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ကူညီပံ့ပိုးပေးလျက်ရှိပြီး တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကိုလည်း အသိသက်သေအဖြစ် လက်မှတ်ထိုးထားသော နိုင်ငံဖြစ် သည်။
ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါသည် AA နှင့် မြန်မာ့တပ်မတော်ကြား အပစ်အခတ်ရပ်စဲနိုင် အောင် ကြားဝင်စေ့စပ်ပေးခဲ့သလို ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ် လျက်ရှိသည်။
အလားတူ ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ကိုလည်း ဂျပန်နီပွန်ဖောင်ဒေးရှင်းက ငြိမ်းချမ်းရေး အထိမ်းအမှတ် အနေဖြင့် တည်ဆောက်ပေးထားသည်။
Source: mofa.go.jp
- By CNI
- Category: နိုင်ငံရေး
- Hits: 2221
CNI International News
နယူးဒေလီ၊ မေလ ၁၅
ပါကစ္စတန်နိုင်ငံက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ (PoK) ၏ ဒေဒယယ် (Dadyal) ကျေးရွာတွင် ငွေကြေးဖောင်းပွမှုများ မြင့်တက်နေပြီး လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း The Asia Age သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မီယာပူရ (Mirpur) ခရိုင်တွင် ဖြစ်ပွားခဲ့သည့် ထိုဖြစ်စဉ်ကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး ပါကစ္စတန် အာဏာပိုင်များက မေလ ၁ ရက်တွင် ကာဖျူးမိန့် ထုတ်ပြန်ခဲ့ရသည်။
PoK ဒေသကို အာဇက် ကက်ရှ်မီးယား (Azad Kashmir) ဒေသအဖြစ်လည်း လူသိများသည်။
ဆန္ဒပြသူများသည် မူဇက်ဖာရာဘက် (Muzaffarabad) ခရိုင်တွင် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရိန်းဂျားတပ်ဖွဲ့များ ဖြန့်ကြက်ချထားမှုကို ဒေါသထွက်ခဲ့ကြခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကို မောင်းထုတ်ခဲ့ကြသည်။
မီယာပူရခရိုင်တွင် ကျောင်းသားများကိုလည်း မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်သည့် သတင်းမှား ထွက်ပေါ်ခဲ့သည်။
အာဏာပိုင်များ၏ ရက်စက်ကြမ်းကြုတ်မှုများသည် အစိုးရက ထောက်ခံပေးထားသည့် အကြမ်းဖက်မှုဖြစ်ပြီး ဥပဒေပိုဒ်ခွဲ ၁၄၄ (Article 144) ကို ထုတ်ပြန်ရန် နည်းဗျူဟာတစ်ခုဖြစ်၍ မေလ ၁၁ ရက်တွင် ပြုလုပ်မည့်ဆန္ဒပြမှု ကို နှိမ်နင်းသည့် ကြိုးပမ်းအားထုတ်မှုဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။

ပါကစ္စတန်ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူများ အဓိကရုန်းဖြစ်ကြစဉ်
စည်းလုံးသော ကက်ရှ်မီးယား ပြည်သူ့အမျိုးသားပါတီ (UKPNP) ကမူ ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုများနှင့် ပါကစ္စတန်က တရားမဝင် သိမ်းပိုက်ထားသည့်် ဒေသတွင် Article 144 ထုတ်ပြန်မှုကို ရှုတ်ချခဲ့သည်။
PoK အခြေစိုက် UKPNP သည် မကြာသေးမီက အလီ ရှမ်ရီရက်ဇ် (Ali Shamriaz) အပါအဝင် တက်ကြွလှုပ်ရှား သူများ ဖမ်းဆီးခံရမှုနှင့် PoK တွင် Article 144 ပြဋ္ဌာန်းမှုကို ပြင်းထန်စွာရှုတ်ချခဲ့သည်။
ပါကစ္စတန်အာဏာပိုင်များက ဖမ်းဆီးထားသူများကို ရိုက်နှက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းတို့ ပြုလုပ်နေသည် ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်နေသဖြင့် အကျဉ်းသားများ၏ လုံခြုံရေးကို လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်နေကြသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖြိုခွင်းမှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား ဖြန့်ကြက်ချထားမှုတို့အပေါ် တုန်လှုပ် ခြောက်ခြားမိကြောင်း ရှာအူကက် အလီ ကက်ရှ်မီရီ (Shaukat Ali Kashmiri) နှင့် နာစီယာ အဇစ် ခန်း (Nasir Aziz Khan) တို့ အပါအဝင် UKPNP ခေါင်းဆောင်များက ပြောကြားခဲ့သည်။
ထို့ပြင် ဖမ်းဆီးထားသည့် တက်ကြွလှုပ်ရှားသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးရန်နှင့်၊ PoK ဒေသ၏ ဆိုးရွား သည့် အခြေအနေကို ဖြရှင်းပေးရန် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များအား ကြားဝင်ဆောင်ရွက်ပေးရန် UKPNP ပါတီခေါင်းဆောင်များက တိုက်တွန်းခဲ့သည်။
Source: The Asian Age
- By CNI
- Category: နိုင်ငံရေး
- Hits: 2653
CNI International News
တိုကျို၊ မေလ ၁၄
ဂျပန်သည် ၎င်း၏ စစ်တပ်ကို အကြီးစား ပြင်ဆင်တည်ဆောက်မှုများ စတင်ပြုလုပ်နေချိန်တွင် စစ်တပ်အတွင်း လိုအပ်သည့် အမျိုးသမီးစစ်မှုထမ်း အရေအတွက်ကို ရရှိရန် ရုန်းကန်နေရသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
စစ်တပ်အတွင်း အမျိုးသမီး စစ်မှုထမ်းများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သည့် အမှုအခင်းများ ပေါ်ပေါက်ခဲ့ ပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လတွင် အဆုံးသတ်သော စစ်မှုထမ်းသစ် စုဆောင်းသည့်ကာလတွင် ဂျပန်စစ်တပ် (SDF) အတွင်းသို့ ဝင်ရောက်သည့် အမျိုးသမီးစစ်မှုထမ်း အရေအတွက်သည် ၁၂ ရာခိုင်နှုန်း လျော့ကျခဲ့သည်။
ထို့ကဲ့သို့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရသည့် ဖြစ်စဉ်များက အမျိုးသမီးများကို စစ်တပ်ထဲဝင်ရန် အဟန့်အတား ဖြစ်စေခဲ့သည်ဟု လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခဲ့ရသော နစ်နာသူအချို့က ပြောကြားခဲ့သည်။

ဂျပန်စစ်တပ်ထဲမှာ အမျိုးသမီးတွေကို မနှောင့်ယှဉ်သင့်ကြောင်း သင်တန်းပေးနေစဉ်
ထိုပြဿနာကို အရေးယူ ဖြေရှင်းရန် အစီအစဉ်များ လုပ်ဆောင်မည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ခဲ့သည့်တိုင် စစ်တပ်အတွင်း နှောင့်ယှက်မှု ပပျောက်ရေး လေ့ကျင့်သင်ကြားပေးသည့် စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်ရန် အစီအစဉ်များမရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
စစ်တပ်၏ နှောင့်ယှက်မှုဆိုင်ရာ ပညာပေး အစီအစဉ်တွင် လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုနှင့်ပတ်သက်ပြီး အနည်းငယ်သာပါရှိခဲ့ကာ လေးနက်မှုမရှိကြောင်း ဂျပန်အစိုးရက ဖွဲ့စည်းခဲ့သည့် ကျွမ်းကျင်သူများအဖွဲ့က သြဂုတ်လအတွင်း ထုတ်ပြန်ခဲ့သည်။
စစ်တပ်၏ ပညာပေး အစီအစဉ်ထဲမှ အချို့သင်ခန်းစာများသည် လက်တွေ့ အခြေအနေနှင့် ကွဲလွဲမှုရှိနေသည်ဟု ကျွမ်းကျင်သူများအဖွဲ့ အကြီးအကဲ မာကိုတို တာဒါကီ (Makoto Tadaki) က ပြောကြားခဲ့သည်။

ဂျပန်စစ်တပ်ကိုတွေ့ရစဉ်
အမျိုးသမီး စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် တာဒါကီသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှု အတွက် အစိုးရကို တရားစွဲဆိုထားသူဖြစ်ပြီး ထိုပညာပေး အစီအစဉ်သည် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ထိရောက်မှု မရှိခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
ဂျပန်သည် တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှားတို့၏ မြင့်တက်လာသည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရချိန် တွင် စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများအား အမြစ်ဖြတ် ပပျောက်စေရန် လုပ်ဆောင်သင့်ပြီး အမျိုးသမီးစစ်မှုထမ်း အရေအတွက်ကို မြှင့်တင်ရန် တိုက်တွန်းမှုများလည်း ထွက်ပေါ်လျက်ရှိသည်။
ဂျပန်စစ်တပ်တွင် အမျိုးသမီး စစ်မှုထမ်း အရေအတွက်သည် ၉ ရာခိုင်နှုန်းသာရှိပြိး ဂျပန်၏ မဟာမိတ်ဖြစ်သည့် အမေရိကန်စစ်တပ်၌ အမျိုးသမီးစစ်မှုထမ်း အရေအတွက် ၁၇ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက သိသာစွာ လျော့နည်း နေသည်။
Source: ရိုက်တာ
