- By CNI
- Category: နိုင်ငံရေး
- Hits: 872
CNI International News
မော်စကို၊ ဖေဖော်ဝါရီ ၂၉
အမေရိကန်ကြည်းတပ်သည် တပ်သားသစ်များ စုဆောင်းရေးအတွက် ဆယ်စုနှစ်တစ်စုကြာ ရုန်းကန်ခဲ့ရပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်တွင် စစ်တပ်၏ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်ဟု Sputnik မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး အစီအစဉ်များထဲတွင် လက်ရှိ မဖြည့်တင်းနိုင်ခဲ့သည့် တပ်သားနေရာ ၂၄,၀၀၀ ကို လျှော့ချမှုလည်းပါဝင်သည်။
ထိုအရေအတွက်သည် ကြည်းတပ်၏ တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း၏ ၅ ရာခိုင်နှုန်းဖြစ်သည်။
အမေရိကန်ကြည်းတပ်သည် ၎င်း၏ ဖွဲ့စည်းတည်ဆောက်ပုံကို လာမည့် ငါးနှစ်ကျော်အတွင်း အပြီးသတ်ဖွဲ့စည်း ရန် စီစဉ်ထားပြီး တပ်သားပေါင်း ၄၇၀,၀၀၀ ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။
“ကျနော်တို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ သောင်းကျန်းသူနှိမ်နင်းရေး လုပ်ငန်းစဉ်တွေကို ထားခဲ့တော့မှာ ပါ”ဟု အမေရိကန်စစ်တပ်၏ အတွင်းရေးမှူး ခရစ္စတင်း ဝါးမွတ်သ် (Christine Wormuth) က အီရတ်၊ အာဖဂန်နစ္စတန်နှင့် ဆီးရီးယားနိုင်ငံတို့အပေါ် ဆင်နွှဲသည့် အမေရိကန်၏ စစ်ပွဲများကို ရည်ညွှန်းပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်၏ အတွင်းရေးမှူး ခရစ္စတင်း ဝါးမွတ်သ်ကို တွေ့ရစဉ်
“ကျနော်တို့က အကြီးစား တိုက်ပွဲဝင် စစ်ဆင်ရေးတွေအတွက် ရပ်တည်ချက်တစ်ခုကို လိုချင်နေပါတယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် အမေရိကန်ကြည်းတပ်သည် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် အင်အားနှင့် အခြား အသေးစား တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များ၊ ပြည်ပစစ်တပ်များကို လေ့ကျင့်ပေးရန် တာဝန်ယူပေးနေရသည့် လုံခြုံရေး ထောက်ပံ့မှုဆိုင်ရာ တပ်ဖွဲ့ဝင် အင်အားများကို လျှော့ချသွားရန် စီစဉ်ထားသည်ဟုလည်း ဝါးမွတ်သ်က ပြောကြားခဲ့သည်။
ထိုအစီအစဉ်အရ အမေရိကန်သည် ရုရှား သို့မဟုတ် တရုတ်နှင့် အနာဂတ်တွင် စစ်ပွဲဖြစ်ပွားမည့် အခြေအနေကို ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
ထို့နောက် အသစ်ထပ်မံဖွဲ့စည်းမည့် တပ်ဖွဲ့သစ် ၅ ဖွဲ့အနက် ၃ ဖွဲ့သည် အာရှ-ပစိဖိတ်ဒေသ၏ တိုက်ပွဲ အခြေအနေ များကို တာဝန်ယူရမည်ဖြစ်သည်။
လက်ရှိ အမေရိကန်စစ်တပ်တွင် တပ်ဖွဲ့အမျိုးအစား ၇ မျိုး ခွဲခြားထားပြီး ထိုတပ်များမှာ ကြည်တပ်၊ ရေတပ်၊ လေတပ်၊ မရိန်းတပ်၊ ကမ်းခြေစောင့်တပ်၊ အာကာသတပ်နှင့် အမျိုးသားအစောင့်တပ်တို့ ဖြစ်သည်။
Source: Sputnik
- By CNI
- Category: နိုင်ငံရေး
- Hits: 643
CNI International News
ဆိုးလ်၊ ဖေဖော်ဝါရီ ၂၉
မြောက်ကိုရီးယားသည် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက သန်းနှင့်ချီသည့် လက်နက်ခဲယမ်းများပါဝင်သည့် ကွန်တိန်နာသေတ္တာ ၆၇၀၀ ခန့်ကို ပေးပို့ခဲ့ပြီး အပြန်အလှန်အနေဖြင့် ရုရှားထံမှ အစားအစာများနှင့် လက်နက် ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများကို လက်ခံရရှိခဲ့ကြောင်း တောင်ကိုရီးယားအရာရှိများက ပြောကြားခဲ့ သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားက ရုရှားကို ပေးပို့ခဲ့သည့် ကွန်တိန်နာ သေတ္တာများထဲတွင် ၁၂၅ မမ လက်နက်ကြီးကျည် အတောင့် ၃ သန်းကျော်နှင့် ၁၂၂ မမ လက်နက်ကြီးကျည် အတောင့် ၅ သိန်းကို သယ်ဆောင်သွားဖွယ်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်းဝန်ဆစ်ခ် (Shin Wonsik) က သတင်းထောက်များကို ပြောကြား ခဲ့သည်။
“အဲဒီ လက်နက်ကြီးကျည် အမျိုးအစား နှစ်ခုလုံးကို ရောနှောပြီး ပို့ဆောင်တာလည်း ဖြစ်နိုင်ပါတယ်။ လက်နက်ကြီးကျည် သန်းနဲ့ချီပြီး ပေးပို့ခဲ့တယ်ဆိုတာကတော့ ပြောနိုင်ပါတယ်”ဟု ရှင်းက ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
သို့သော် ထိုသတင်းကို ရရှိခဲ့သည့် အရင်းအမြစ်ကိုမူ ရှင်းက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်းဝန်ဆစ်ခ်ကို တွေ့ရစဉ်
ရာနှင့်ချီသည့် မြောက်ကိုရီးယား လက်နက်ခဲယမ်း စက်ရုံများသည် ကုန်ကြမ်းပစ္စည်းနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် လက်နက်ခဲယမ်း ထုတ်လုပ်နိုင်စွမ်းများ လျော့ကျခဲ့ပြီး ၃၀ ရာခိုင်နှုန်းသာ ထုတ်လုပ် နိုင်ခဲ့ကြောင်း၊ သို့သော် ရုရှားအတွက် လက်နက်ကြီးကျည်များ ထုတ်လုပ်ပေးသည့် စက်ရုံများမှာမူ အပြည့်အဝ လည်ပတ်နေကြောင်း ရှင်းက ပြောသည်။
အပြန်အလှန်အနေဖြင့် ရုရှားကလည်း မြောက်ကိုရီးယားကို လက်နက်များ ထုတ်လုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများနှင့် အစားအစာများ ပြန်လည်ထောက်ပံ့ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။
“အစားအစာရဖို့အတွက် ရုရှားကို လက်နက်တွေ အများအပြား ထောက်ပံ့နေပုံအရ မြောက်ကိုရီးယားဟာ ပြည်တွင်းက စားနပ်ရိက္ခာ စျေးနှုန်းတွေကို တည်ငြိမ်အောင် ကြိုးပမ်းနေတာလို့ ယူဆနိုင်ပါတယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောသည်။
မကြာသေးမီ နှစ်များအတွင်း ရုရှားနှင့် မြောက်ကိုရီးယား၏ ဆက်ဆံရေးသည် ပိုမိုနီးကပ်လာခဲ့သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ရုရှားသို့ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် အစည်းအဝေးလုပ်ကာ နှစ်နိုင်ငံအကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 791
CNI International News
တိုကျို၊ ဖေဖော်ဝါရီ ၂၉
ထိုင်ဝမ်တွင် အရေးပေါ် အခြေအနေ ဖြစ်ပွားလာခဲ့မည်ဆိုပါက ဂျပန်သည် ဆာကီရှီးမား (Sakishima) ကျွန်းစုပေါ် မှ ဒေသခံများကို ကာဂိုရှီးမား (Kagoshima)၊ ဖူကူအိုကာ (Fukouka) လေဆိပ်များမှတစ်ဆင့် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် စဉ်းစားနေသည်ဟု အစိုးရသတင်းရင်းမြစ်များက ပြောကြားခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။
ထိုအစီအစဉ်အရ ဆာကီရှီးမားကျွန်းစု၏ မီယာကို (Miyako) ဒေသမှ ဒေသခံများနှင့် ခရီးသွားများကို ကာဂိုရှီးမား လေဆိပ်၊ ယာအီယာမာ (Yaeyama) ဒေသမှ ဒေသခံများကို ဖူကူအိုကာ လေဆိပ်သို့ လွှဲပြောင်းပို့ဆောင်ရန် စဉ်စားနေသည်ဟု အဆိုပါ သတင်းရင်းမြစ်များက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ကျူးရှူး (Kyushu) ကျွန်း၏ ကာဂိုရှီးမားနှင့် ဖူကူအိုကာ စီရင်စုနယ်များက လေဆိပ်များမှတစ်ဆင့် ကျူးရှူးကျွန်း ပေါ်ရှိ မြို့နယ်များနှင့် အနီးနားရှိ ယာမာဂူချီ (Yamaguchi) စီရင်စုနယ်များသို့ လွှဲပြောင်းပို့ဆောင်မည်ဟု ဆိုသည်။
ထိုရွှေ့ပြောင်းကယ်ဆယ်ရေး အစီအစဉ်ကို ကျူးရှူးကျွန်းပေါ်ရှိ စီရင်စုနယ် အစိုးရနှင့် ယာမာဂူချီ အစိုးရတို့က ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲခဲ့သည့် ကနဦး အစီအစဉ်များ၏ လုပ်ထုံးလုပ်နည်းများ ဖြစ်လာမည် ဖြစ်သည်။

ကာဂိုရှီးမားဒေသကို တွေ့ရစဉ်
ဆာကီရှီးမားကျွန်းစုသည် အိုကီနာဝါ စီရင်စုနယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုင်ဝမ်နှင့် နီးကပ်စွာ တည်ရှိ သည်။
အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေး တင်းမာမှု မြင့်တက်လာချိန်တွင် ဆာကီရှီးမားကျွန်းစုပေါ်မှ ဒေသခံ များကို ဘေးလွတ်ရာ ရွှေ့ပြောင်းကယ်ဆယ်ရေး အစီအစဉ်များအား အဆင်ပြေချောမွေ့စေရန် ၂၀၂၂ ခုနှစ် ကုန်ပိုင်းက ပြန်လည်စိစစ်သုံးသပ်ခဲ့သည်ဟု ဂျပန်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာတွင် ဖော်ပြခဲ့သည်။
ဗဟိုအစိုးရသည် ဆာကီရှီမားကျွန်းစုပေါ်တွင် နေထိုင်သည့် ဒေသခံများနှင့် ခရီးသွား စုစုပေါင်း ၁၂,၀၀၀ ခန့်ကို ပုဂ္ဂလိကပိုင်လေယာဉ်များ၊ သင်္ဘောများဖြင့် ပြောင်းရွှေ့ပေးမည့် အစီအစဉ်ကိုလည်း ပြန်လည်စိစစ် သုံးသပ်လျက် ရှိသည်။
ထို့ပြင် ထိုင်ဝမ်တွင် အရေးပေါ် အခြေအနေ ဖြစ်ပွားလာခဲ့မည်ဆိုပါက အိုကီနာဝါ (Okinawa) ပြည်နယ်၏ အဓိက ကျွန်းပေါ်၌ နေထိုင်သူများကို နေအိမ်အတွင်း၌သာ နေထိုင်ရန် အာဏာပိုင်များက တိုက်တွန်းသွားမည်ဟု သတင်း ရင်းမြစ်များတွင် ဖော်ပြခဲ့သည်။
Source: Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1070
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈
ဟူရ်သီပစ်မှတ်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဟူရ်သီတို့၏ ဒုံးကျည်များ၊ မောင်းသူမဲ့ ရေယာဉ်များနှင့် ဒရုန်း များအား ဖျက်ဆီးပစ်ခဲ့သည်ဟု အမေရိကန်က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုများကို ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က ပြောကြားခဲ့သည်။
၎င်းတို့၏ တိုက်ခိုက်မှုများသည် ယီမင်ရှိ ဟူရ်သီတို့ ထိန်းချုပ်ထားသည့် နေရာဒေသများရှိ ပင်လယ်နီသို့ ပစ်လွှတ် ရန် ပြင်ဆင်ထားသော မောင်းသူမဲ့ရေယာဉ် ၃ စင်းနှင့် သင်္ဘောဖျက် ခရုဇ်ဒုံးကျည်နှစ်စင်းတို့ကို ထိမှန်ခဲ့ကြောင်း၊ နောက်ထပ် ဒရုန်းတစ်စင်းကိုလည်း ရေပြင်များအပေါ်တွင် ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့ကြောင်း CENTCOM က ထုတ်ပြန်ခဲ့သည်။
ထိုတိုက်ခိုက်မှုများသည် နိုင်ငံတကာပိုင် ရေပြင်နယ်နိမိတ်များကို ဘေးကင်းစေရန်၊ အမေရိကန် ရေတပ်သင်္ဘော များနှင့် ကုန်တင်သင်္ဘောများကို လုံခြုံမှုရှိစေရန်နှင့် လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်တို့ကို ကာကွယ်ရန် မိမိကိုယ်ကိုယ် ခုခံကာကွယ်သည့် အနေဖြင့် လုက်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန် ဗဟိုစစ်ဌာနချုပ်ကို တွေ့ရစဉ်
အီရန်၏ ကျောထောက်နောက်ခံကို ရရှိထားပြီး ယီမင်နိုင်ငံ၏ နယ်မြေအများစုကို ထိန်းချုပ်ထားသည့် ဟူရ်သီအဖွဲ့ သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ပင်လယ်နီ (Red Sea) ၊ အေဒင်ပင်လယ်ကွေ့ (Gulf of Aden) တို့တွင် အမေရိကန်၊ ဗြိတိန်၊ အစ္စရေးတို့နှင့် ဆက်နွှယ်မှုရှိသည့် သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။
ဟူရ်သီအဖွဲ့ကမူ ဂါဇာတွင် အစ္စရေး၏ စစ်ဆင်ရေးကို တုန့်ပြန်သည့် အနေဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုများကို ရပ်တန့်စေရန် အမေရိကန်နှင့် ဗြိတိန်က ဟူရ်သီအဖွဲ့ကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးများ ပြုလုပ်နေသည့်တိုင် ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ထိုတိုက်ခိုက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ကူး သင်္ဘောလမ်းကြောင်း စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းကို ထိခိုက်စေခဲ့သည်။
ထို့ပြင် သင်္ဘောကုမ္ပဏီများသည် ဟူရ်သီတို့၏ တိုက်ခိုက်မှုများကို ရှောင်လွှဲရန် အာဖရိကဘက်မှပတ်ပြီး သင်္ဘောများကို မောင်းနှင်ခဲ့သဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်မှု ပိုမိုအချိန်ကြာမြင့်ခြင်းနှင့် ကုန်ကျစရိတ်များကို ပိုမိုမြင့်တက်စေခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 776
CNI International News
ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၂၈
ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၂၅ ရက်က ကျင်းပခဲ့သည့် အထက်လွှတ်တော် ရွေးကောက်ပွဲ၌ အာဏာရ CPP ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မရှင်က အတည်ပြုခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
CPP ပါတီသည် မဲပေးရွေးချယ်ပိုင်ခွင့်ရှိသည့် လွှတ်တော်နေရာ ၅၈ နေရာတွင် ၅၅ နေရာကို အနိုင်ရရှိခဲ့ကြောင်း ကနဦး ထုတ်ပြန်ချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်သည် ဖေဖော်ဝါရီ ၂၆ ရက်မှစပြီး တရားဝင် မဲရလဒ်များကို စတင်ထုတ်ပြန်ခဲ့သည်။
ကျန် ၃ နေရာသည် ခမာစွမ်းအားပါတီဟု အမည်ပေးထားသည့် ညွန့်ပေါင်းပါတီအင်အားစုက အနိုင်ရရှိခဲ့သည်ဟု ကနဦး ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဟွန်ဆန်ကို တွေ့ရစဉ်
နေရာ ၆၂ နေရာရှိသည့် အထက်လွှတ်တော်တွင် ၅၈ နေရာကို လွှတ်တော်အမတ် ၁၂၅ ဦးနှင့် ဒေသန္တရ အုပ်ချုပ်ရေးမှူး ၁၁,၀၀၀ ကျော်က မဲပေးရွေးချယ်ခြင်းဖြစ်ပြီး ကျန် ၂ နေရာအား ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟမုနိ (Norodom Sihamoni) က ရွေးချယ်ခြင်းဖြစ်သည်။
ထို့နောက် နောက်ထပ် ကျန် ၂ နေရာကို အောက်လွှတ်တော်ဖြစ်သည့် အမျိုးသားလွှတ်တော်က ရွေးချယ်ခန့်အပ် ခြင်းဖြစ်သည်။
ယခုထွက်ရှိခဲ့သည့် မဲရလဒ်များကြောင့် CPP ပါတီ ဥက္ကဋ္ဌဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) သည် အထက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတော့မည်ဖြစ်သည်။

CPP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဆွတ် အိုင်ဆန်ကို တွေ့ရစဉ်
ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံကို ၃၈ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲအပြီးတွင် သားအကြီးဆုံးဖြစ်သူ ဟွန်မာနက် (Hun Manet)အား အာဏာလွှဲပြောင်းပေးခဲ့သည့် ဟွန်ဆန်သည် ယခုအခါမှာ တော့ အစိုးရအဖွဲ့အတွင်း တရားဝင် ရာထူးနေရာတစ်ခုကို ပြန်လည် ရရှိလာတော့မည် ဖြစ်သည်။
အထက်လွှတ်တော်၏ တာဝန်မှာ အောက်လွှတ်တော်က အတည်ပြုခဲ့သည့် ဥပဒေမူကြမ်းများနှင့် အဆိုပြုချက် များကို ထပ်ဆင့်အတည်ပြုရန်သာ ဖြစ်သော်လည်း အထက်လွှတ်တော်ဥက္ကဋ္ဌ ရာထူးသည် ကမ္ဘောဒီးယားဘုရင် ပြည်ပသို့ ရောက်နေသည့် အချိန်များတွင် နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်သည်။
ပါတီအနေဖြင့် တရားဝင် မဲရလဒ်များ အပြီးသတ် ထွက်ပေါ်ခဲ့ပြီးနောက် ဧပြီလအတွင်း ပြုလုပ်မည့် အထက် လွှတ်တော် အစည်းအဝေးတွင် ဟွန်ဆန်အား အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အဆိုပြုသွားမည်ဟု CPP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဆွတ် အိုင်ဆန် (Sok Eysan) က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 650
CNI International News
ဝါဆော၊ ဖေဖော်ဝါရီ ၂၈
နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့ တပ်ဖွဲ့များကို ယူကရိန်းသို့ စေလွှတ်ရန် သဘောမတူခဲ့ကြကြောင်း ပိုလန်သမ္မတ အန်ဇေ ဒူဒါ(Andrzej Duda)က ပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနမှ ဖော်ပြခဲ့သည်။
ဥရောပသမဂ္ဂ (EU) နှင့် နေတိုးနိုင်ငံအချို့သည် နှစ်နိုင်ငံသဘောတူညီချက်များကို အခြေခံပြီး ယူကရိန်းသို့ ၎င်းတို့၏ စစ်တပ်များ စေလွှတ်မည့် အလားအလာနှင့်ပတ်သက်ပြီး စဉ်းစားနေသည်ဟု စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖီကို (Robert Fico) က ပြောကြားခဲ့သည်။

ပိုလန်သမ္မတ အန်ဇေ ဒူဒါကို တွေ့ရစဉ်
“ယူကရိန်းကို ကျနော်တို့က ကူညီထောက်ပံ့ပေးမယ့် အခြေအနေကို ဆွေးနွေးနေတယ်ဆိုရင် နောက်ပိုင်းမှာ သက်ဆိုင်ရာ EU တစ်နိုင်ငံချင်းစီက ယူကရိန်းကို ဘယ်လိုထောက်ပံ့မှုတွေ ပေးကြမလဲဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ယူကရိန်းကို စစ်သားတွေ စေလွှတ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး အချေအတင် ဆွေးနွေးမှုတွေ ရှိခဲ့ပြီး တိကျတဲ့ သဘောတူညီချက် မရခဲ့ပါဘူး။ မတူကွဲပြားတဲ့ ရွေးချယ်စရာတွေရှိခဲ့ပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက်မျိုး မရရှိခဲ့ပါဘူး”ဟု ဒူဒါက ပြင်သစ်နိုင်ငံ ပါရီမြို့တော်တွင် ပြုလုပ်သည့် ယူကရိန်းအား အကူအညီပေးရေး ညီလာခံ အပြီးမှာ သတင်းထောက်များကို ပြောကြားခဲ့သည်။
ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) ကမူ ယူကရိန်းသို့ နေတိုးတပ်များ စေလွှတ်နိုင် ခြေနှင့်ပတ်သက်ပြီး ဘာကိုမျှ ယတိပြတ် မပြောနိုင်သေးကြောင်း ပြောကြားခဲ့သည်။
Source: Sputnik
- By CNI
- Category: နိုင်ငံရေး
- Hits: 1157
CNI International News
တယ်လ်အဗစ်၊ ဖေဖော်ဝါရီ ၂၇
ဂါဇာကမ်းမြောင်ဒေသတွင် ဟားမာ့စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲ ခဲ့မည်ဆိုသည့်တိုင် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်မှုများ အရှိန်မြှင့်တင်သွားမည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့် (Yoav Gallant) က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အစ္စရေး-ဟားမာ့စ်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက အစ္စရေးကို တောက်လျှောက် တိုက်ခိုက်လာခဲ့သည့် ဟစ်ဇ်ဘိုလာအဖွဲ့ကမူ အစ္စရေးနှင့်ဟားမာ့စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့မည်ဆိုလျှင် ၎င်းတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ပြောကြားထားသည်။
သို့သော် အစ္စရေးကာကွယ်ရေးဝန်ကြီးကမူ အစ္စရေးနှင့် ဟားမာ့စ်အကြား ယာယီ အပစ်အခတ်ရပ်စဲမှုသည် အစ္စရေး၏ မြောက်ပိုင်း လက်ဘနွန် စစ်မြေပြင်ကိုပါ အကျုံးဝင် သက်ရောက်လိမ့်မည်ဟု ယူဆထားပါက မှားယွင်း လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးအလံကိုတွေ့ရစဉ်
“ကျနော်တို့ဘက်က ဆက်ပြီး တိုက်ခိုက်သွားမှာပါ။ ကျနော်တို့ရဲ့ ရည်မှန်းချက် မပြည့်မချင်း အစ္စရေးတောင်ပိုင်း စစ်မြေပြင်ထက် ကျော်လွန်တဲ့ အခြားစစ်မြေပြင်တွေမှာပါ ဆက်လက် တိုက်ခိုက်သွားမှာပါ” ဟု ဂဲလန့်က ပြော သည်။
ထို့ပြင် သံတမန်ရေးအရ သော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း အစ္စရေး၏ နယ်စပ်အနီးမှ ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ထုတ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။
အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံတောင်ပိုင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာတွင် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးချိန်ကတည်းက ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးကို နေ့စဉ်နီးပါး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဟစ်ဇ်ဘိုလာကို တွေ့ရစဉ်
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ အဖွဲ့အကြား အပြန်အလှန် တိုက်ခိုက်မှုများကြောင့် အစ္စရေး-လက်ဘနွန် နယ်စပ် ဒေသများတွင် နေထိုင်သည့် သောင်းနှင့်ချီသည့် ဒေသခံများသည် အိမ်ပစ်ရာပစ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
ဟစ်ဇ်ဘိုလာ အဖွဲ့ခေါင်းဆောင် ဟက်ဆန် နာစရာလာ (Hassan Nasrallah) ကမူ ဂါဇာတွင် အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲမည်ဆိုပါက ၎င်းတို့အဖွဲ့ကလည်း အစ္စရေးအား တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။
သို့သော် အစ္စရေးအနေဖြင့် ဟားမာ့စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲပြီးနောက် လက်ဘနွန်တွင် တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်မည်ဆိုပါက ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ဆက်လက် တိုက်ခိုက်သွားမည်ဟု ၎င်းက သတိပေးခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1055
CNI International News
ဆော်ပိုလို ၊ ဖေဖော်ဝါရီ ၂၇
ဘရာဇီးလ်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆော်ပိုလို (Sao Paulo) မြို့တွင် သမ္မတဟောင်း ဘော်ဆိုနာရို (Jair Bolsonaro) အား ထောက်ခံသူများက ၎င်းအား ထောင်ဒဏ်ချမှတ်နိုင်သည့် တရားရေးဆိုင်ရာ အမှုအခင်းများကို စုံစမ်းစစ်ဆေးမှုများမှ ကာကွယ်ပေးရန် စုရုံးဆန္ဒပြခဲ့ကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
လက်ယာယိမ်းခေါင်းဆောင် ဘော်ဆိုနာရိုကမူ သူ့အနေဖြင့် အတိတ်ကို ပြည်ဖုံးကားချရန် ကြိုးပမ်းလိုကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။
ထိုပြောကြားချက်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က ပြောကြားခဲ့သည့် မိန့်ခွန်းများထက် လေသံ ပျော့ပြောင်းကာ ပြေလည်ရာ ပြေလည်ကြောင်း လုပ်ဆောင်လိုသည့် သဘောထားကို ပြသရာရောက်ခဲ့သည်။
ဘော်ဆိုနာရိုသည် ဘရာဇီးလ် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းအား ထောက်ခံသူများက အစိုးရ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုဖြင့် စွပ်စွဲ ခံခဲ့ရပြီး ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။

ဘော်ဆိုနာရိုကို တွေ့ရစဉ်
ဘော်ဆိုနာရိုကမူ ထိုဖြစ်စဉ်တွင် ဖမ်းဆီးအကျဉ်းချခံခဲ့ရသည့် ဒါဇင်နှင့်ချီသည့် ၎င်း၏ ထောက်ခံသူများကို ခွင့်လွှတ်ပေးရန် လိုလားလျက်ရှိသည်။
ထို့ပြင် ဘော်ဆိုနာရိုသည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန်အတွင်း ဆော်ဒီအာရေဗျနိုင်ငံထံမှ လက်ဝတ် ရတနာများကို တရားမဝင် လက်ခံရယူခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။
ဖေဖော်ဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုတွင် ဘော်ဆိုနာရိုအား ထောက်ခံသူများ၏ ဆန္ဒပြမှုကြောင့် ပေါ်လစ္စတာ ရိပ်သာလမ်းတွင် ဆန္ဒပြသူများဖြင့် ပြည့်နှက်သွားခဲ့သည်။
ထိုဆန္ဒပြမှုတွင် လူအင်အား ၁၈၅,၀၀၀ ခန့် ပါဝင်ခဲ့ကြသည်ဟု ဆော်ပေါ်လို တက္ကသိုလ်၏ သုတေသီအဖွဲ့တစ်ဖွဲ့ က ပြောကြားခဲ့သည်။
ဘော်ဆိုနာရိုကို ဘရာဇီးလ်တရားရုံးချုပ်က ဖိအားပေးနေမှုနှင့်ပတ်သက်ပြီး ၎င်းအား ထောက်ခံသူများက စောဒက တက်နေကြသည်။

ဘော်ဆိုနာရို ထောက်ခံသူများ ဘရာဇီးလ်မှာ ဆန္ဒပြနေကြစဉ်
လက်ရှိသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗား (Luiz Inacio Lula da Silva) သည် ၂၀၂၂ ခုနှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် တရားမျှတမှုမရှိဘဲ အနိုင်ရခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။
ဆန္ဒပြသူအချို့ကမူ ဂါဇာကမ်းမြောင်ဒေသတွင် စစ်ပွဲဆင်နွှဲနေသည့် အစ္စရေးစစ်တပ်၏ လုပ်ဆောင်ချက်ကို ဒုတိယကမ္ဘာစစ်က ဂျူးများအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် နှိုင်းယှဉ်ဝေဖန်ခဲ့သည့် သမ္မတ ဆေးလ်ဗား အား ဖီဆန်သည့်အနေဖြင့် အစ္စရေး အလံများကို ကိုင်ဆောင်ခဲ့ကြသည်။
“ကျနော်ကတော့ အတိတ်က ဖြစ်ရပ်တွေကို ပြည်ဖုံးကား ချချင်ပါတယ်။ ကျနော်တို့အနေနဲ့ ငြိမ်းချမ်းစွာ နေထိုင် နိုင်ဖို့ ကြိုးပမ်းရမှာပါ။ ဘရက်စီလီယာ (Brasilia) မြို့တော်မှာ အကျဉ်းချခံထားရတဲ့ သနားဖို့ကောင်းတဲ့ သူတွေကို ခွင့်လွှတ်ပေးသင့်ပါတယ်”ဟု ဘော်ဆိုနာရိုက အစ္စရေးအလံကိုကိုင်ပြီး ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1109
CNI International News
မော်စကို၊ ဖေဖော်ဝါရီ ၂၇
ရုရှားသည် ဒရုန်းများကို တန်ပြန်ရန်အတွက် ခေတ်မီဆန်းပြားသည့် ကာကွယ်ရေးစနစ်တစ်ခုအား ဖန်တီးခဲ့ သည်ဟု Sputnik သတင်းဌာနမှ ဖော်ပြခဲ့သည်။
အဆိုပါစနစ်သည် တစ်ချိန်တည်းမှာပင် နည်းလမ်းပေါင်းစုံဖြင့် ဒရုန်းများကို ထောက်လှမ်းခြင်းနှင့် ဖျက်ဆီးခြင်း တို့ ပြုလုပ်နိုင်ကြောင်း ထိုစနစ်ကို တီထွင်သည့် LLC Stupor ကုမ္ပဏီ၏ ညွှန်ကြားရေးမှူး ဗလာဒီဆလက်ဗ် ကူစတာရက်ဗ် (Vladislav Kustarev) က ပြောကြားခဲ့သည်။
ရုရှားအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ Rosgvardiya ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ရုရှားအထူးတပ်ဖွဲ့များ၏ အသုံး ပြုသူများ၊ ကျွမ်းကျင်ပညာရှင်များ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး မိမိတို့အနေဖြင့် ရေဒါစခန်း၊ ရေဒီယိုကြိမ်နှုန်း စကန်ဖတ်စနစ်၊ ဒရုန်းထောက်လှမ်းရေးစခန်း၊ အခြေအနေနှင့်အညီ တန်ပြန်ဆောင်ရွက်ရေး အစီအစဉ်များကဲ့သို့ ဆန်းပြားခေတ်မီသည့် စနစ်များကို အခြေခံပြီး Stupor ကာကွယ်ရေးစနစ်ကို ထုတ်လုပ်ခဲ့ ကြောင်း ကူစတာရက်ဗ်က ပြောသည်။
Stupor စနစ်ကို တီထွင်သူများသည် ၎င်းတို့၏ ကိုယ်ပိုင်ဆော့ဖ်ဝဲများ၏ အကူအညီဖြင့် ထိုစနစ်အတွင်းသို့ အမျိုးအစားစုံလင်သည့် အခြေခံ သဘောတရားများကို ပေါင်းစပ်ထည့်သွင်းခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒရုန်းကာကွယ်ရေးစနစ်ကို တွေ့ရစဉ်
ထိုလုပ်ဆောင်မှုများကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပတ်သက်ပြီး မှားယွင်းသည့် သတိပေးချက်များ ထုတ်ပြန်မှုကို လျှော့ချစေရန်နှင့် ကြီးမားသည့် စွမ်းဆောင်ရည်အား ရရှိစေခဲ့သည်ဟုလည်း ကူစတာရက်ဗ်က ပြောသည်။
ဆော့ဖ်ဝဲ အစုအဖွဲ့အတွင်း အသိဉာဏ်အတုဟုခေါ်သည့် AI နည်းပညာကို ပေါင်းစပ်ထည့်သွင်းထားမှုကြောင့် Stupor စနစ်သည် ထိန်းချုပ်အသုံးပြုသူ မရှိဘဲနှင့်လည်း အလုပ်လုပ်နိုင်သည်။
ဒေတာများကို ဖုန်းထဲသို့ တိုက်ရိုက် Upload လုပ်နိုင်ခြင်း၊ မိမိတို့ စနစ်အတွင်း အခြား ထုတ်လုပ်သူများ၏ စက်ပစ္စည်းများနှင့် ပေါင်းစပ် အသုံးပြုနိုင်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်သည်ဟု ကူစတာရက်ဗ်က ပြောသည်။

ဒရုန်းကာကွယ်ရေးလက်နက်ကို တွေ့ရစဉ်
ရုရှား၏ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ၊ စစ်စခန်းများကို ယူကရိန်းက ဒရုန်းများဖြင့် တိုက်ခိုက် နေချိန်တွင် ယခုကဲ့သို့ ကာကွယ်ရေးစနစ်များသည် အလွန်အားထားရကြောင်း၊ စျေးပေါသည့် ဒရုန်းများကို စျေးကြီးသည့် လက်နက်ခဲယမ်းများဖြင့် ကြားဖြတ်ပစ်ချနေရသော အခြေအနေကိုလည်း လျှော့ချနိုင်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။
လောင်စာနှင့် စွမ်းအင်စက်ရုံများတွင် ဒရုန်းများကို ထောက်လှမ်းပြီး တန်ပြန်ပစ်ချနိုင်သည့် စနစ်များကို ယခင် ကတည်းက တပ်ဆင်ထားသော်လည်း လက်တွေ့တွင် လူသားများ၏ မျက်လုံးဖြင့် မြင့်တွေ့ရန် ခက်ခဲ့သော ညအချိန် ဒရုန်းတိုက်ခိုက်မှုများကို တန်ပြန်ရန် ခက်ခဲခဲ့ကြောင်း ကူစတာရက်ဗ်က ပြောသည်။
ယခုတီထွင်ထားသည့် Stupor စနစ်သည် ဒရုန်းများ၏ အန္တရာယ်ကို ၃၆၀ ဒီဂရီအထိ သံကွန်ခြာဖြင့် အုပ်ထား သကဲ့သို့ အကာအကွယ် ပေးနိုင်လိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Source: Sputnik
