- By CNI
- Category: နိုင်ငံရေး
- Hits: 2035
CNI International News
အစ္စလာမ်မာဘက်၊ မေလ ၂၀
ပါကစ္စတန်သည် အိန္ဒိယသမုဒ္ဒရာဒေသ (IOR) တွင် အိန္ဒိယ၏ မြင့်တက်လာသည့် ပင်လယ်ရေကြောင်းနှင့် ဒေသ တွင် ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန် တရုတ်၏ အကူအညီဖြင့် အာဖရိက-အာရှသမုဒ္ဒရာဖိုရမ်နှင့် ပင်လယ် ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AAO-FMC) ကို ထူထောင်ရန် စီစဉ်နေသည်ဟု South Asia Press သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ပါကစ္စတန်အစိုးရသည် ထိုအဖွဲ့ ဆွေးနွေးပွဲအတွက် ကရာချီ (Karachi) သို့မဟုတ် အစ္စလာမ်မာဘက် (Islamabad) ကဲ့သို့ ထိပ်သီးအဆင့်ရှိသည့် မြို့တစ်မြို့တွင် ရုံးခန်းဖွင့်လှစ်ရန် စဉ်းစားနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
သို့သော် ထိုအစီအစဉ်များကို အကောင်အထည်ဖော်ရန် ငွေကြေးများစွာ လိုအပ်သဖြင့် ပါကစ္စတန်သည် တရုတ်ထံမှ ငွေကြေး အကူအညီယူရန် ချဉ်းကပ်ခဲ့သည်။
တရုတ်နိုင်ငံကလည်း IOR တွင် ၎င်း၏ ပင်လယ်ရေကြောင်း ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် အားထုတ်ကြိုးပမ်း နေသဖြင့် ပါကစ္စတန်ကို အကူအညီပေးဖွယ်ရှိသည်။

ပါကစ္စတန်နဲ့ တရုတ် ရေတပ်ကိုတွေ့ရစဉ်
အပြန်အလှန်အနေဖြင့် ပါကစ္စတန်သည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန့် (CPEC) မှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာ သို့ ရောက်ရှိစေရန် တရုတ်အား ၎င်း၏ နယ်နိမိတ်ကို အသုံးပြုခွင့်ပေးခဲ့သည်။
ထို့ကြောင့် AAO-FMC ထူထောင်မည့် အစီအစဉ်သည် IOR ဒေသတွင် အိန္ဒိယကို ပစ်မှတ်ထားရန် တရုတ်၏ နောက်ထပ် အစီအစဉ်တစ်ခု ဖြစ်လာနိုင်သည်။
တရုတ်၏ များပြားသည့် ကြွေးမြီများ အောက်တွင် ရှိနေသည့် ပါကစ္စတန်သည် ဒေသတွင်း တရုတ်၏ အကျိုးစီးပွားများကို ဖြည့်ဆည်းပေးရန်အတွက် ၎င်း၏ အချုပ်အခြာအာဏာနှင့် နိုင်ငံခြားရေးမူဝါဒကို အလျှော့ပေးလိမ့်မည်ဖြစ်သည်။
ထိုအစီအစဉ်သည် အိန္ဒိယသမုဒ္ဒရာကို တန်ပြန်သည့် အနေဖြင့် အာဖရိက-အာရှသမုဒ္ဒရာ ဆိုသည့် စကားလုံးကို အသုံးပြုခဲ့သည့် ပါကစ္စတန်၏ ဝါဒဖြန့်မှုကို ထပ်လောင်း အတည်ပြုရန် ကြိုးပမ်းအားထုတ်မှုဖြစ်သည်။

အိန္ဒိယရေတပ်သင်္ဘောကိုတွေ့ရစဉ်
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၊ အရှေ့အာဖရိက ကမ်းရိုးတန်းနိုင်ငံများ၊ အနောက်အာရှနိုင်ငံများ ကမူ အိန္ဒိယသမုဒ္ဒရာဆိုသည့် အမည်နှင့် အသားကျနေပြီး အိန္ဒိယသမုဒ္ဒရာ ရပ်ဝန်းအသင်း (IORA) တွင် အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည်။
IORA သည် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေသည့် နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်း သဟဇာတဖြစ်မှုတို့ကို မြှင့်တင်ရန် ၁၉၉၇ ခုနှစ်က ဖွဲ့စည်းထူထောင်ခဲ့သည့် နိုင်ငံပေါင်းစုံပါဝင်သည့် အဖွဲ့ဖြစ် သည်။
ပါကစ္စတန်သည် IORA အဖွဲ့ဝင် မဟုတ်သလို တရုတ်ကလည်း အဖွဲ့ဝင်မဟုတ်ဘဲ မိတ်ဖက်နိုင်ငံအဖြစ်သာ ပါဝင် နေသည်။
ထို့ကြောင့် ပါကစ္စတန်နှင့် တရုတ်သည် IORA နှင့် စင်ပြိုင်အဖွဲ့ကို ထူထောင်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South Asia Press
- By CNI
- Category: နိုင်ငံရေး
- Hits: 2070
CNI International News
တိုင်ပေ၊ မေလ ၂၀
ထိုင်ဝမ်တွင် သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် လိုင်ချင်တယ် (Lai Ching-te) ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်မီ ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ထိုင်ဝမ်ကျွန်းများအနီး၌ ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင် နေသည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်၏ အဓိကကျွန်း ၃ ခုဖြစ်သည့် ကင်မန် (Kinmen) ၊ မတ်ဆု (Matsu) နှင့် ပန်ဂူ (Penghu) ကျွန်းများအနီး တွင် ၂၄ နာရီပတ်လုံး ကင်းလှည့်မှုများ ပြုလုပ်ရန် စစ်မှုထမ်းများ စေလွှတ်ထားသည်ဟု ထိုင်ဝမ်ကမ်းခြေစောင့် တပ် အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနကလည်း မေလ ၁၈ ရက်မှစပြီး မေလ ၁၉ ရက် နံနက် နံနက် ၆ နာရီအတွင်း တရုတ်လေယာဉ် ၇ စင်းနှင့် တရုတ်ရေတပ်သင်္ဘော ၇ စင်းကို ထိုင်ဝမ်ကျွန်းအနီးတွင် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ သည်။
လိုင်သည် မေလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်ပြီး ထိုကျမ်းသစ္စာ ကျိန်ဆိုပွဲကို ထိုင်ဝမ် နှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် နိုင်ငံအချို့မှ ခေါင်းဆောင်များက တက်ရောက်မည်ဖြစ်သည်။
ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် နိုင်ငံ ၁၂ နိုင်ငံသာရှိပြီး ထိုနိုင်ငံအများစုမှာ ဆင်းရဲသည့် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည်။

စစ်ရဟတ်ယာဉ်ကို တွေ့ရစဉ်
တရုတ်က ခွဲထွက်ဝါဒီအဖြစ် သတ်မှတ်ထားသည့် လိုင်သည် ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းအတွင်း တရုတ်နှင့် ထိုင်ဝမ်အကြား ရှိရင်းစွဲအခြေအနေကို ထိန်းသိမ်းထားခြင်းဖြင့် တည်ငြိမ်မှုကို စိတ်ချသေချာစေရန် လုပ်ဆောင် မည်ဟု ပြောကြားဖွယ်ရှိသည်။
၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ အတိုက်အခံ ထိုင်ဝမ်ပြည်သူ့ပါတီ (TPP) ကို ထောက်ခံသူများက တိုင်ပေ (Taipei) မြို့တော်ကို ချီတက်ပြီး လိုင်၏ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ကို ဆန့်ကျင် ကြောင်း ဆန္ဒပြမည်ဖြစ်သည်။
တရုတ်သည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး ထိုင်ဝမ်ကျွန်းအနီးသို့ တိုက်လေယာဉ်များ၊ ဒရုန်းများနှင့် သင်္ဘောများကို နေ့စဉ်နီးပါး စေလွှတ်ခဲ့သည်။
မကြာသေးမီ လများအတွင်းကလည်း တရုတ်ပြည်မကြီး၏ ရှားမန် (Xiamen) မြို့နှင့် ၃ မိုင်အကွာတွင်သာ တည်ရှိ သည့် ထိုင်ဝမ်၏ ကင်မန်ကျွန်းအနီးတွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများကို တွေ့ရှိခဲ့ရကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 2601
CNI International News
ခါကိဗ်၊ မေလ ၂၀
ရုရှားသည် ယူကရိန်း၏ အရှေ့မြောက်ပိုင်း ခါကိဗ် (Kharkiv) ဒေသမှ မြို့နှစ်မြို့ရှိ အရပ်သားများကို လက်နက်ကြီး များဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ခါကိဗ်ဒေသ၏ ခါကိဗ်မြို့တော်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ ၁၆ နှစ်အရွယ် ယောကျ်ားလေး တစ်ဦးနှင့် ၈ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရခဲ့သည့် ရုရှား၏ လေကြောင်း တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု မြောက်/မမြောက်ကို စုံစမ်းစစ်ဆေးနေသည်ဟု ယူကရိန်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
ရုရှားကမူ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းမရှိကြောင်း ထပ်တလဲလဲ ငြင်းဆိုခဲ့သော်လည်း ထောင်နှင့်ချီသည့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့သည်။
ရုရှားနယ်စပ်နှင့် ၃ မိုင်သာ ကွာဝေးသည့် ဗော့ချန့်စ် (Vovchansk) မြို့တွင် ရုရှား၏ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၆၀ အရွယ် အမျိုုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အခြား အရပ်သား ၃ ဦး ဒဏ်ရာရခဲ့သည်။

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့နေရာကို ယူကရိန်းလုံခြုံရေးက စစ်ဆေးနေစဉ်
ရုရှား၏ နယ်စပ်ဒေသဖြစ်သည့် ဘယ်လ်ဂိုရော့ (Belgorod) ဒေသတွင် ယူကရိန်းက ပစ်လွှတ်ခဲ့သည့် Tochka-U ဒုံးကျည်တစ်စင်းကို ရုရှားတပ်ဖွဲ့များမှ ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဘယ်လ်ဂိုရော့ဒေသရှိ လူနေ အဆောက်အဦ တစ်ခုကို ယူကရိန်းက ပစ်လွှတ်ခဲ့သည့် Tochka-U ဒုံးကျည် ထိမှန်ခဲ့သဖြင့် အဆောက်အဦပြိုကျကာ လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။
ဇာလန်းစကီးကမူ ယူကရိန်းတပ်ဖွဲ့များသည် ခါကိဗ်ဒေသနှင့် အခြားစစ်မြေပြင်များတွင် အခိုင်အမာ ခြေကုပ်ယူပြီး တပ်စွဲထားနိုင်ကြောင်း ညစဉ်ပြောကြားသည့် ဗွီဒီယိုမိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ကျူးကျော်သူတွေဟာ ခြေလျင်တပ်တွေနဲ့ ပစ္စည်းကိရိယာတွေ ဆုံးရှုံးနေပါတယ်။ ကျနော်တို့ရဲ့ နယ်မြေတွေကို အလျင်အမြန်ပြန်ရဖို့ မလိုတော့ပါဘူး”ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားတပ်ဖွဲ့များသည် ထိုးစစ်စတင်သည့် ၈ ရက်မြောက်နေ့ ဖြစ်သည် မေလ ၁၈ ရက်ညပိုင်းက ခါကိဗ်ဒေသ၏ စတာရီရှား (Starysia) ကျေးရွာကို သိမ်းပိုက်နိုင်ခဲကြောင်း ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1440
CNI International News
ဘန်ကောက်၊ မေလ ၁၈
ထိုင်းနှင့် တရုတ်အကြား ယခုသီတင်းပတ် အစောပိုင်းက ရေငုပ်သင်္ဘော ရောင်းဝယ်ရေးနှင့်ပတ်သက်ပြီး သဘောတူညီမှုတစ်ခု ရရှိခဲ့ပြီးနောက် တော်ဝင်ထိုင်းရေတပ် (RTN) သည် တရုတ်နိုင်ငံထံမှ ဘတ် ၁၃ ဒသမ ၅ ဘီလျံတန်ကြေးရှိ ရေငုပ်သင်္ဘောတစ်စင်း ဝယ်ယူရေးအစီအစဉ်ကို ဆက်လက် လုပ်ဆောင်နေသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန် (Sutin Klungsang) ၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆွမ်ဆက ရန်စီတာ (Somsak Rungsita) သည် မေလ ၁၄ ရက်က တရုတ်၏ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဗျူရို၏ လက်ထောက် ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ရှီရှောင်နင် (Shi Xion Ning) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးခဲ့သည်။
နောက်တစ်ရက်မှာပင် ရေငုပ်သင်္ဘော ရောင်းဝယ်ရေးနှင့် ပတ်သက်ပြီး တရုတ်ကိုယ်စားလှယ်အဖွဲ့သည် မစ္စတာ ဆူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ရေငုပ်သင်္ဘောနောက်ခံနဲ့ ထိုင်း-တရုတ် စစ်ဘက်ဆိုင်ရာ အရာရှိများကိုတွေ့ရစဉ်
ထိုတွေ့ဆုံမှုများတွင် နှစ်ဖက်စလုံးက S26T ယူအန် အမျိုးအစား ရေငုပ်သင်္ဘော တည်ဆောက်ရေးကို ဆက်လက် လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။
“နှစ်နိုင်ငံအကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကြောင့် ပြဿနာက ပြေလည်သွားပါပြီ” ဟု ထိုသတင်းရင်း မြစ်က ပြောကြားခဲ့သည်။
ဂျာမန်လုပ် MTU396 အင်ဂျင်နေရာကို အစားထိုးရန် ထိုရေငုပ်သင်္ဘောတွင် CHD620 လျှပ်စစ်မီးစက်ကို တပ်ဆင် သွားရန်လည်း နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်။
“CHD620 က ရေငုပ်သင်္ဘောမှာသုံးတဲ့ လျှပ်စစ်မီးစက် ဖြစ်ပါတယ်။ အင်ဂျင်သဘောမျိုးတော့ မဟုတ်ပါဘူး” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောသည်။
ထိုင်းရေတပ်သည် ယခင်ကလည်း တရုတ်တွင် CHD620 မီးစက် စမ်းသပ်မှုကို လေ့လာကြည့်ရှုရန် လုပ်ငန်း တာဝန်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။

ရေငုပ်သင်္ဘောရဲ့အတွင်းပိုင်း ဖွဲ့စည်းပုံကို ပြသထားစဉ်
ယခင်က CHD620 ကို တစ်ခါမှ အသုံးပြုခဲ့ဖူးခြင်း မရှိသည့်တိုင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနသည် ထိုမီးစက် ကို စက်မှုလုပ်ငန်းသုံး အတည်ပြု ထောက်ခံချက် ထုတ်ပေးခဲ့သည်။
ထို့ပြင် ထိုမီးစက်သည် လန်ဒန်အခြေစိုက် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ အမျိုးအစား သတ်မှတ်ရေး အဖွဲ့ဖြစ်သည့် Lloyd’s Refister ထံမှ ထောက်ခံချက်လည်း ရရှိထားသည်။
ပါကစ္စတန်နိုင်ငံသည်လည်း တရုတ်မှ ဝယ်ယူထားသည့် ရေငုပ်သင်္ဘော တစ်စစင်းတွင် ဂျာမန်လုပ် အင်ဂျင်နေရာ ကို CHD620 ဖြင့် အစားထိုးရန် တရုတ်နှင့် သဘောတူညီမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1870
CNI International News
ဘေကျင်း၊ မေလ ၁၈
ထိုင်ဝမ်တွင် သမ္မတသစ် လိုင်ချင်တေ (Lai Ching-te) ကျမ်းသစ္စာမကျိန်ဆိုမီ ရက်ပိုင်းအလိုတွင် ဖိအားများ တိုးမြှင့်စေရန်အတွက် တရုတ်က ထိုင်ဝမ်မှ နိုင်ငံရေးသမား ၅ ဦးကို ပိတ်ဆို့မှုများ ချမှတ်ခဲသည်။
ထို့နောက် တရုတ်အစိုးရသည် ခွဲထွက်ဝါဒီများကို အပြစ်ပေးရန် ဥပဒေတစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု Bloomberg မှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်၏ နိုင်ငံရေးသမားများ၏ မှတ်ချက်စကားများသည် ထိုင်ဝမ်ဒေသခံအချို့ကို လှည့်ဖျားနေကြောင်း ထိုင်ဝမ် ရေလက်ကြား၏ တစ်ဖက်တစ်ချက်စီတွင်ရှိသည့် ထိုင်ဝမ်နှင့် တရုတ်အကြား ရန်လိုမှုများနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်စေရန် သွေးထိုးလှုံ့ဆော်ပေးနေကြောင်း တရုတ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ချန်ပင်ဟွာ (Chen Binhua) က ပြောကြားခဲ့သည်။

တရုတ်က ပိတ်ဆို့အရေးခဲ့တဲ့ ထိုင်ဝမ်နိုင်ငံရေးသမား ၅ ဦးကိုတွေ့ရစဉ်
ပိတ်ဆို့မှု ချမှတ်ခံရသူ ၅ ဦးသည် လူဦးရေ ၂၃ သန်းခန့် နေထိုင်သည့် ထိုင်ဝမ်တွင် နိုင်ငံရေးစကားဝိုင်းများ၌ မကြာခဏ ပါဝင်ပြောကြားနေသူများ ဖြစ်သည်။
တရုတ်သည် ထိုင်ဝမ်အား ၎င်း၏ ပိုင်နက်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူသွားမည်ဟု ပြောကြားထားသည်။
ယခုပိတ်ဆို့မှုများ ချမှတ်မည့် တရုတ်၏ လုပ်ဆောင်ချက်များသည် မေလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမည့် လက်ရှိ ထိုင်ဝမ်ဒုသမ္မတ လိုင်ချင်တေ အပေါ်ထားရှိသည့် တရုတ်၏ သဘောထားကို ပြသခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
တရုတ်သည် ထိုင်ဝမ်၏ အာဏာရပါတီဖြစ်သည့် ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ (DPP) ကို ထိုင်ဝမ်နှင့် တရုတ်အကြား စစ်ဖြစ်စေရန် တွန်းပို့နေသည့် ခွဲထွက်ရေးဝါဒီအဖြစ် ရှုမြင်ထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ထို့ပြင် ထိုင်ဝမ်သည် တရုတ်၏ နယ်နိမိတ် မဟုတ်ကြောင်း ငြင်းဆိုထားသည့် လက်ရှိထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai In-wan) နှင့် ထိပ်သီးဆွေးနွေးပွဲများ ပြုလုပ်ရန် တရုတ်က ငြင်းဆိုခဲ့ပြီး ထိုင်ဝမ်အပေါ် စီးပွားရေး၊ သံတမန် ရေးနှင့် စစ်ရေးဖိအားများ တိုးမြှင့်ခဲ့သည်။
အထင်ရှားဆုံး ဥပမာတစ်ခုကို ပြသရမည်ဆိုပါက ၂၀၂၂ ခုနှစ်က အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပယ်လိုစီ (Nancy Pelosi) သည် ထိုင်ဝမ်သို့ ရောက်ရှိခဲ့ပြီးနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ထိုင်ဝမ်ကျွန်းအနီး ဝန်းကျင်တွင် အကြီးစားစစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။
လိုင်အနေဖြင့် ငြိမ်းချမ်းရေးနှင့် ဆိုးရွားသည့် ထိပ်တိုက်တွေ့ရေး လမ်းစဉ်အကြား တစ်ခုခုကို ရွေးချယ်ရမည်ဟု မစ္စတာ ချန်က ပြောကြားခဲ့သည်။
ယခု ပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး ချန်က အသေးစိတ် ပြောကြားခဲ့ခြင်း မရှိသော်လည်း အတိတ်ကာလက ထိုင်ဝမ် ထိပ်သီးခေါင်းဆောင်များအပေါ် ချမှတ်သည့် တရုတ်၏ ပိတ်ဆို့မှုများတွင် တရုတ်နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် အလုပ်လုပ်ခွင့်၊ ပြည်ဝင်ခွင့်များ ပိတ်ပင်ခဲ့ဖူးသည့် ဖြစ်စဉ်များ ရှိခဲ့သည်။
Source: Bloomberg
- By CNI
- Category: နိုင်ငံရေး
- Hits: 2430
CNI International News
နယူးဒေလီ၊ မေလ ၁၇
အိန္ဒိယနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပနေချိန်၌ AI နည်းပညာဖြင့် ပြုလုပ်ထားသည့် ဝန်ကြီးချုပ်မိုဒီ (Modi) ကနေသည့် ဗွီဒီယိုများ ထွက်ပေါ်လာကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုဗွီဒီယိုများထဲမှ တစ်ခုတွင် မိုဒီသည် ခေတ်ဆန်သည့် ဂျာကင်အင်္ကျီနှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ပြီး စတိတ် စင်ပေါ်တွင် ဘောလီးဝုဒ်သီချင်းနှင့် ကခုန်နေကာ စင်အောက်မှ ပရိသတ်များက အော်ဟစ်အားပေးနေပုံကို မြင်တွေ့ရသည်။
နောက်ထပ် ဗွီဒီယိုတစ်ခုထဲတွင် ထိုစတိတ်စင်ပေါ်၌ မိုဒီ၏ ပြိုင်ဘက်ဖြစ်သူ မာမာတာ ဘာနာဂျီ (Bamata Banerjee) သည် ဆာရီနှင့်ဆင်တူသည့် ဝတ်စုံကို ဝတ်ဆင်ပြီး ကခုန်နေပုံကို မြင်တွေ့ရသည်။
ရဲတပ်ဖွဲ့ကမူ ထို ဗွီဒီယိုများသည် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှု များ ပြုလုပ်လျက်ရှိသည်။
ထိုကဲ့သို့ AI နည်းပညာများကို အသုံးပြုပြီး ဗွီဒီယိုများ ဖန်တီးမှုသည် နည်းပညာကို တလွဲအသုံးချနေသည့် အခြေအနေအား ဖော်ပြရာရောက်ခဲ့ပြီး ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်သော အိန္ဒိယနိုင်ငံတွင် နည်းပညာဆိုင်ရာ စည်းကမ်းထိန်းသိမ်းသူများနှင့် လုံခြုံရေးအရာရှိများကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

မိုဒီ၏ ပြိုင်ဘက်ဖြစ်သူ မာမာတာ ဘာနာဂျီကို တွေ့ရစဉ်
AI ဗွီဒီယိုများသည် ဖန်တီးရလွယ်ကူပြီး နည်းပညာနှင့် အကျွမ်းတဝင် ရှိသူများကိုပင် လှည့်စားနိုင်လောက် သည်အထိ အရည်အသွေး ကောင်းမွန်ပြီး ပြည်သူများအကြား ယုန်ထင်ကြောင်ထင်ဖြစ်စေခဲ့သည်။
ထို့ပြင် လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိသည့် အိန္ဒိယနိုင်ငံတွင် ထိုကဲ့သို့ သတင်းအမှားများ ပြန့်နှံ့စေနိုင်သည့် AI ဗွီဒီယို များသည် ဂိုဏ်းဂဏကွဲမှုများနှင့် တင်းမာမှုများကို မြင့်တက်စေပြီး အထူးသဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲများ ပြုလုပ်နေချိန်တွင် စိုးရိမ်မှုများကို မြင့်တက်စေသည်။
ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စစ်တမ်းတွင် လာမည့် ၂ နှစ်အတွင်း အိန္ဒိယ၌ သတင်းအမှားများ ပျံ့နှံ့မှုအန္တရာယ်သည် ကူးစက်ရောဂါများ သို့မဟုတ် တရားမဝင် စီးပွားရေး လှုပ်ရှားမှုများ၏ အန္တရာယ်ထက် ပိုမိုမြင့်မားကြောင်း ပြောကြားခဲ့သည်။
“အိန္ဒိယမှာ AI ဓာတ်ပုံတွေနဲ့အတူ သတင်းအမှား ပျံ့နှံ့တဲ့ အန္တရာယ်ဟာ အရှိန်အဟုန် မြင့်လာနိုင်ပါတယ်” ဟု နယူးဒေလီအခြေစိုက် အတိုင်ပင်ခံကုမ္ပဏီမှ ကျွမ်းကျင်သူ ဆာဂါ ဗစ်ရှ်နွိုင်း (Sagar Vishnoi) က ပြောကြား ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1411
CNI International News
ဘန်စကာ ဘိုင်စတာရီကာ၊ မေ ၁၇
မေလ ၁၅ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည့် ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကို (Robert Fico) သည် အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီး တာဝန်ယူထားသူ တိုမက်စ် တာရာဘာက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ် ဖီကို (၅၉ နှစစ်) သည် အစိုးရအဖွဲ့ အစည်းအဝေးမှ ပြန်လာချိန်တွင် သေနတ်သမားက ဖီကိုအား သေနတ်ဖြင့် ၅ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်ခံရမှုကြောင့် အစောပိုင်းတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိခဲ့ပြီး ခွဲစိတ်ကုသ မှုခံယူခဲ့ရသည်။
“ကျနော် တော်တော်လန့် သွားခဲ့ပါတယ်။ ကံကောင်းတာက ခွဲစိတ်မှုဟာ အောင်မြင်သွားခဲ့ပါတယ်။ သူ အသက် ရှင် ပါလိမ့်မယ်။ အခုအချိန်မှာတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး” ဟု တာရာဘာက ဘီဘီစီသတင်းဌာန၏ Newshour အစီအစဉ်တွင် ပြောကြားခဲ့သည်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုအား ဆေးရုံသယ်သွားစဉ်
ကျည်ဆန်တစ်ခုသည် ဖီကို၏ အစာအိမ်ကို ဖောက်ထွက်သွားခဲ့ကြောင်း တာရာဘာက ပြောသည်။
လက်ရှိတွင် ဖီကိုသည် ခွဲစိတ်ခန်းမှ ထွက်လာပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်နေကြောင်း Aktuality.sk သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဖီကိုသည် သေနတ်ဒဏ်ရာအချို့ ရရှိခဲ့ပြီးနောက် ပြင်းထန်သည့် ဒဏ်ရာ အများအပြား ရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ရောဘတ် ကာလီနက် (Robert Kalinak)က ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်၏ အခြေအနေသည် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ပြည်ထဲရေးဝန်ကြီး မာတပ်စ် ဆူတက်ဂျ် အက်စ်တော့ခ် (Matus Sutai Estok)က ထပ်မံ၍ အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်အား ပစ်ခတ်သူသည် အသက် ၇၁ နှစ်အရွယ် သက်ကြီးပိုင်း အမျိုးသားဖြစ်သဖြင့် လူထုကို တုန်လှုပ် သွားစေခဲ့သည်။
လက်ရှိတွင် သေနတ်ဖြင့် ပစ်ခတ်သူကို လူသတ်ရန် ကြံစည်မှုဖြင့် တရားစွဲဆိုထားသည်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကိုကို တွေ့ရစဉ်
ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့ဝင်ဖြစ်သည့် ဆလိုဗက်ကီးယားတွင် နိုင်ငံရေး အကြမ်းဖက်မှုများသည် ရှားပါး ဖြစ်စဉ်ဖြစ်သည်။
ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့ အပါအဝင် ဥရောပသမဂ္ဂ ခေါင်းဆောင်များက ထိုပစ်ခတ်မှုကို ထိတ်လန့်ကြောင်း ဖော်ပြခဲ့ပြီး ရှုတ်ချခဲ့ကြသည်။
လူဦးရေ ၅ ဒသမ ၄ သန်း နေထိုင်သည့် ဆလိုဗက်ကီးယားနိုင်ငံတွင် မကြာသေးမီ နှစ်များအတွင်း နိုင်ငံရေး သဘောထား ကွဲလွဲမှုများနှင့် အငြင်းအခုံများ ဖြစ်ပွားခဲ့သည်။
ထို့နောက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်က ဖီကိုသည် ဝန်ကြီးချုပ်ရာထူးကို ဒုတိယအကြိမ် ပြန်လည် ရရှိခဲ့သည်။
ဖီကို အာဏာပြန်ရလာပြီးနောက် ဆလိုဗက်ကီးယား အစိုးရအဖွဲ့သည် ယူကရိန်းကို ထောက်ခံမှု လျှော့ချခဲ့ပြီး ရုရှားနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သဖြင့် အတိုက်အခံများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2146
CNI International News
နယူးဒေလီ၊ မေလ ၁၇
အိန္ဒိယစစ်တပ်သည် တရုတ်နယ်စပ်အနီးရှိ အရှေ့လာဒက် (Eastern Ladakh) ဒေသတွင် တင့်ကားများနှင့် ခြေလျင် တိုက်ခိုက်ရေးတပ်မှ ယာဉ်အစီးရေ ၅၀၀ နှင့်အတူ ထိုဒေသတွင် ကမ္ဘာ့အမြင့်ဆုံး တင့်ကားပြုပြင်ရေး စက်ရုံနှစ်ခုကို တည်ဆောက်ခဲ့ကြောင်း Economic Times မှ ဖော်ပြခဲ့သည်။
အိန္ဒိယသည် တရုတ်နယ်စပ်အနီးရှိ ညိုမာ (Nyoma) နှင့် DBO Sector ဒေသတွင် ကျည်ကာကားများ ပြုပြင် ထိန်းသိမ်းရေး စက်ရုံနှစ်ခုကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထိုဒေသသည် အမြင့်ပေပေါင်း ၁၄,၅၀၀ ခန့်၌ တည်ရှိသဖြင့် ကမ္ဘာ့အမြင့်ဆုံး တိုက်ပွဲဝင် တင့်ကားများနှင့် ခြေလျင်တပ် တိုက်ခိုက်ရေးယာဉ်များ ပြုပြင်သည့် စက်ရုံများအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အရှေ့လာဒက်ဒေသက တရုတ်နဲ့ အိန္ဒိယ နယ်နိမိတ်ကိုတွေ့ရစဉ်
၂၀၂၀ ပြည့်နှစ် ဧပြီလမှ မေလတွင် အိန္ဒိယနှင့် တရုတ် စစ်သားများအကြား ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ပြီးနောက် အိန္ဒိယသည် အရှေ့လာဒက်ဒေသ၌ Quick Reaction တိုက်ခိုက်ရေးယာဉ်များကဲ့သို့ အိန္ဒိယနိုင်ငံသို့ ကျည်ကာ ကားများ၊ BMP တိုက်ခိုက်ရေးယာဉ်များနှင့် တင့်ကားများကို ဖြန့်ကြက်ချထားခဲ့သည်။
“တင့်ကားတွေနဲ့ ခြေလျင် တိုက်ခိုက်ရေးယာဉ်တွေကို ပင်လယ်ရေမျက်နှာပြင်အထက် အရမ်းမြင့်တဲ့ နေရာဒေသ တွေမှာ ဖြန့်ကြက်ချထားခဲ့တာပါ။ အဲဒါကြောင့် အဲဒီလို မြေမျက်နှာပြင် အမြင့်မှာရှိတဲ့ တင့်ကားတွေကို မြေပြန့်ကို ပြန်ခေါ်ပြီး ပြုပြင်ထိန်းသိမ်းဖို့ ခက်ခဲပါတယ်” ဟု အိန္ဒိယစစ်တပ်အရာရှိများက ANI သတင်းဌာနသို့ ပြောကြားခဲ့ သည်။
“အဲဒီပြဿနာကို ဖြေရှင်းတဲ့ အနေနဲ့ အဲဒီဒေသမှာပဲ ကျည်ကာကားတွေ ပြုပြင်ထိန်းသိမ်းတဲ့ စက်ရုံတွေကို ညိုမာ ဒေသနဲ့ DBO Sector ဒေသတွေမှာ တည်ဆောက်ခဲ့ပါတယ်။ အဲဒီဒေသနှစ်ခုမှာ တင့်ကားတွေနဲ့ ခြေလျင်တပ် တိုက်ခိုက်ရေးယာဉ်တွေကို ပြုပြင်ထိန်းသိမ်းမှာဖြစ်ပြီး လာဒက်ဒေသ အရှေ့ပိုင်းကို အာရုံစိုက်သွားမှာ ဖြစ်ပါ တယ်” ဟု အိန္ဒိယစစ်တပ်အရာရှိများက ပြောကြားခဲ့သည်။
အိန္ဒိယစစ်တပ်သည် အပူချိန် အလွန်ကျဆင်းသည့် ဆောင်းရာသီတွင် ကုန်းမြင့်ဒေသများ၌ T-90 နှင့် T-72 တင့်ကားများ၊ BMP နှင့် K-9Vajra ဟောင်ဝဇ္ဇာများ အပါအဝင် ၎င်း၏တင့်ကားများကို လက်ခံထားရှိရေးအတွက် ကြီးမားသည့် အခြေခံ အဆောက်အအုံများကို ဖန်တီးခဲ့သည်။

အိန္ဒိယကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မနို့ဂျ် ပန်ဒီကို တွေ့ရစဉ်
မကြာသေးမီကလည်း အိန္ဒိယကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မနို့ဂျ် ပန်ဒီ (Manof Pande) သည် ကျည်ကာ တိုက်ခိုက်ရေးယာဉ် (AFV) များအတွက် အလတ်စား ပြုပြင်ထိန်းသိမ်ရေးစက်ရုံ တစ်ခုသို့ သွားရောက်ကြည့်ရှုခဲ့ သည်။
ကုန်းမြင့်ဒေသများတွင် တည်ဆောက်ခဲ့သည့် တင့်ကားပြုပြင် ထိန်းသိမ်းရေးစက်ရုံများသည် အပူချိန် အနုတ် ၄၀ ဒီဂရီအထိ ကျဆင်းသွားသည့် အခြေအနေမျိုးမှာပင် စက်ရုံကို လည်ပတ်နိုင်ကြောင်း အရာရှိများက ပြောကြားခဲ့ သည်။
ပြီးခဲ့သည့် ၄ နှစ်အတွင်း အိန္ဒိယနှင့် တရုတ်သည် လာဒက်ဒေသတွင် ထိပ်တိုက်တွေ့ခဲ့ပြီး နယ်စပ်ဒေသများ၌ စစ်သားအင်အား ၅၀,၀၀၀ စီ ဖြန့်ကြက်ချထားခဲ့သည်။
Source: Economic Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1545
CNI International News
အစ္စလာမ်မာဘက်၊ မေလ ၁၇
ပါကစ္စတန်က ထိန်းချုပ်ထားသည့် ဂျမူးနှင့် ကက်ရှ်မီးယား (PoKJ) ဒေသတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့၍ အကျပ်အတည်းသည် တောင်အာရှကို ရိုက်ခတ်နိုင်သည်ဟု Times of Israel သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထို့အပြင် အာဖဂန်နစ္စတန်တွင် တာလီဘန်အဖွဲ့ အာဏာပြန်ရလာပြီးနောက် ပါကစ္စတန်နိုင်ငံအပေါ် ရန်လိုနေမှု များနှင့်လည်း ရင်ဆိုင်နေရသည်။
ပါကစ္စတန်အစိုးရက အာဇက် ဂျမူးနှင့် ကက်ရှ်မီးယား (AJK) ဟု ခေါ်ဆိုသည့် ထိုဒေသတွင် မေလ ၁၀ ရက်မှ ၁၂ ရက်အထိ နေရာဒေသ အနှံ့အပြား၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့များအကြား အဓိကရုန်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ်ကို တွေ့ရစဉ်
ဂျုံစျေးနှုန်းများ မြင့်တက်ခြင်း၊ အစားအစာ စျေးနှုန်းများ ဖောင်းပွခြင်း၊ အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်း၊ အစိုးရ၏ ဂျုံထောက်ပံ့မှု ရပ်တန့်သွားခြင်း၊ မကြာခဏ လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခြင်းနှင့် PoJK ဒေသ၏ သဘာဝသယံဇာတများ အမြတ်ထုတ် ခံရခြင်းတို့ကြောင့် နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေးအဖွဲ့များ က ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်အစိုးရက ထိုဆန္ဒပြမှုများကို ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့ပြီး ဆန္ဒပြသူများ၊ လူ့အခွင့်အရေးအဖွဲ့ ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခြင်းတို့ ပြုလုပ်ခဲ့သဖြင့် ဆန္ဒပြမှုများ ငြိမ်သက်သွားခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဖြိုခွင်းရန် ပါကစ္စတန်အစိုးရက အာဇက်ကက်ရှ်မီးယားဒေသသို့ ရာနှင့်ချီသည့် စစ်သားများ ဖြန့်ကြက်ချထားခဲ့သည်။
မေလ ၁၁ ရက်က ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန် ရိန်းဂျားတပ်ရင်း ၃ ရင်းသည် AJK ဒေသအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် မူဇက်ဖာရာဘက် (Muzaffarabad) မြို့တော်တွင် ဆန္ဒပြသူများကို ဖြိုခွင်းခဲ့သဖြင့် ရာနှင့်ချီသည့် ဒေသခံများ ဒဏ်ရာရခဲ့သည်။

ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီ ဇာဒါရီကို တွေ့ရစဉ်
အာဇက် ကက်ရှ်မီးယား ဒေသအနှံ့နှင့် မူဇက်ဖာရာဘက်မြို့တော်တွင် အခြေအနေများ တင်းမာလျက်ရှိနေပြီး တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းရန် ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ်က (Shehbaz Sharif) က X လူမှုမီဒီယာတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်တွင် ရှရစ်ဖ်က အာဇက် ဂျမူးနှင့် ကက်ရှ်မီးယား(AJK)ဒေသ ဝန်ကြီးချုပ် ချောင်ဒရီ အန်ဝါ အူဟက် (Chaudhry Anwar-ul-Haq)အား ဂျမူး-ကက်ရှ်မီးယား ပူးတွဲ အဝါမီ လှုပ်ရှားမှု ကော်မတီ (JAAC) နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) ကလည်း AJK ဒေသတွင် ဖြစ်ပွားနေသည့် လက်ရှိ အခြေအနေအပေါ် ဝမ်းနည်းကြောင်း၊ ထိုဒေသတွင် ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလာရေးနှင့် အခြေခံ အဆောက်အအုံကဏ္ဍများ အပါအဝင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ဦးစားပေး လုပ်ဆောင်သင့် ကြောင်း ပြောကြားခဲ့သည်။
Source: Times of Israel
