CNI International News
တဲလ် အဗစ်၊ အောက်တိုဘာ ၁၂
အစ္စရေးနိုင်ငံနှင့် ဟားမာ့စ် စစ်သွေးကြွ တပ်ဖွဲ့ကြား ဖြစ်ပွားနေသော စစ်ပွဲတွင် အမေရိကန်က အစ္စရေးကို စစ်ရေးနှင့်ထောက်လှမ်းရေး အကူအညီများ ပေးအပ်သွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က ပြောသည်။
လက်ရှိတွင် အစ္စရေးကို ဟားမာ့စ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၇ ရက်မှ စတင်ပြီး အောက်တို ဘာ ၁၁ ရက်အထိ နှစ်ဖက်စလုံးတွင် သေဆုံးသူ ၂၀၀၀ ကျော်အထိ ရှိလာခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။
သေဆုံးသူ စုစုပေါင်းအနက် အစ္စရေးဘက်တွင် လူပေါင်း ၁၂၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ဂါဇာဒေသတွင် လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကမူ အစ္စရေးကိုး စစ်ရေးနှင့် ထောက်လှမ်းရေး အကူအညီများ အပြည့်အဝ ပေးသွားမည်ဟု ကတိပြုခဲ့သည်။
တခြားတစ်ဖက်မှာတော့ တရုတ်က ပါလက်စတိုင်းအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ များပေးရန် တိုက်တွန်းခဲ့သည်။
ဟားမာ့စ်နဲ့ အစ္စရေး ဒုံးကျည်များဖြင့် ပစ်ခတ်နေကြစဉ်
ဘိုင်ဒန်သည် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) နှင့် ဖုန်းဆက်သွယ် ပြောကြားခဲ့ချိန်က အမေရိကန်၏ ကူညီထောက်ပံ့မှုကို အလေးပေး ပြောခဲ့သည်။
ထို့အပြင် အစ္စရေး၏ လိုအပ်ချက်များကို ကူညီပေးရန် အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) ကို စေလွှတ်ခဲ့သည်။
ဘလင်ကင်သည် အောက်တိုဘာ ၁၁ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံများသို့ သွားရောက်ပြီး အစ္စရေး-ဟားမာ့စ်ပဋိပက္ခကို လေ့လာသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ ဗုံးဒဏ် ခံထားရစဉ်
အရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ်၏ အထူးသံတမန်တစ်ဦးကမူ အစ္စရေး-ဟားမာ့စ် ပဋိပက္ခနှင့််ပတ်သက်ပြီး ပထမဆုံးအကြိမ် ပြောကြားခဲ့သည့် မှတ်ချက်စကားတွင် ပါလက်စတိုင်းများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် တိုက်တွန်းခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကမူ အစ္စရေး-ဟားမာ့စ် စစ်ပွဲ ဖြစ်ပွားပြီးချိန်နောက်ပိုင်း အစ္စရေးဝန်ကြီး ချုပ် နေတန်ယာဟု သို့မဟုတ် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (Palestinian Authority- PA) ၏ သမ္မတ မာမွတ် အာဘက်စ် (Mahmoud Abbas) တို့နှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့ခြင်း မရှိပေ။
ထိုအချိန်အတောအတွင်း အစ္စရေးကို ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်အဖွဲ့၏ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသားများကို ပြန်လည်လွတ်မြောက်စေရေးအတွက် ကြားဝင် စေ့စပ်ညှိနှိုင်း ပေးရန် အမေရိကန်က ကာတာနိုင်ငံကို တောင်းဆိုခဲ့သည်။
Source: ဘန်ကောက်ပို့စ်