CNI International News
ဒူဘိုင်း၊ အောက်တိုဘာ ၁၂
အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဟားမာ့စ် (Hamas) လက်နက်ကိုင်အဖွဲ့၏ စစ်ဆင်ရေးကို နောက်ကွယ်မှ ကြိုးကိုင်နေသည့် ဟားမာ့စ်တပ်မှူးတစ်ဦးကို အစ္စရေးက ဖော်ထုတ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
Al Aqsa Flood အမည်ရှိ ထိုစစ်ဆင်ရေးကို နောက်ကွယ်မှ လျှို့ဝှက်စွာ ကြိုးကိုင်စေခိုင်းနေသူသည် ပါလက်စတိုင်း စစ်သွေးကြွ တစ်ဦးဖြစ်သည့် မိုဟာမက် ဒီအစ်ဖ် (Mohammed Deif)ဖြစ်သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။
အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်အဖွဲ့က အစ္စရေးကို ထောင်နှင့်ချီသည့် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက် ချိန်၌ အစ္စရေး၏ ဖမ်းဆီးရန် အလိုအရှိဆုံး စာရင်းမှာ ထိပ်ဆုံးနေရာက ပါဝင်နေသည့် ဒီအစ်ဖ်၏ အသံဖိုင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ တိုက်ခိုက်ခံထားရစဉ်
ထိုအသံဖိုင်ထဲတွင် လက်ရှိ ပြုလုပ်နေသည့် ဟားမာ့စ်အဖွဲ့၏ စစ်ဆင်ရေးသည် ၂၀၂၁ ခုနှစ်၊ မေလက အစ္စလာမ်တို့ ၏ တတိယမြောက် အမြင့်မြတ်ဆုံး နေရာဖြစ်သည့် ဂျေရုဆလင်မြို့ရှိ Al Aqsa ဗလီကို အစ္စရေးက ဝင်ရောက် စီးနင်းခဲ့မှုအတွက် တုန့်ပြန်သော စစ်ဆင်ရေးဖြစ်သည်ဟု ဒီအစ်ဖ်က ပြောကြားခဲ့သည်။
ဟားမာ့စ်တပ်မှူး ဒီအစ်ဖ် စီစဉ်လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးအတွင်း အစ္စရေးနိုင်ငံ၌ သေဆုံးသူ ၁၂၀၀ ကျော်ရှိခဲ့ သည်ဟု ဂါဇာကမ်းမြောင်ဒေသရှိ ဟားမာ့စ်အဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
"ရာမဒန် (Ramadan) ဥပုပ်ကာလမှာ အစ္စရေးတပ်ဖွဲ့တွေဟာ Al Aqsa ဗလီကို ဝင်ရောက်စီးနင်းခဲ့ပြီး ဘုရားဝတ် ပြုသူတွေကို ရိုက်နှက်တိုက်ခိုက်တာ၊ အသက်အရွယ် ကြီးရင့်သူတွေကို တရွတ်တိုက်ဆွဲသွားတာ၊ လူငယ်တွေကို ဗလီအပြင်ဘက် မောင်းထုတ်တာတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီဖြစ်စဉ် ကြောင့် ပါလက်စတိုင်းတွေနဲ့ အာရပ်တွေကြားထဲမှာ အစ္စရေးအပေါ် ဒေါသထွက်ခဲ့ကြပါတယ်" ဟု အမည်မဖော် လိုသည့် ထိုသတင်းရင်းမြစ်က ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် ၂၀၂၁ ခုနှစ်တွင် အစ္စရေးနှင့် ဟားမာ့စ်အကြား ၁၁ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ တိုက်ခိုက်ခံထားရစဉ်
ထိုဖြစ်စဉ်အပြီး ၂ နှစ်ကျော်အကြာတွင် ယခုကဲ့သို့ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ဆင်ရေးကို ကြိုးကိုင်ခဲ့သည်ဆိုသည့် ဒီအစ်ဖ်၏ ဓာတ်ပုံ ၃ ပုံသာ ထွက်ပေါ်ခဲ့သည်။
ပထမတစ်ပုံမှာ အသက် ၂၀ အရွယ်က ရိုက်ကူးထားသည့် ပုံဖြစ်ပြီး ဒုတိယပုံမှာ မျက်နှာဖုံး ဝတ်ဆင်ထားသည့် ပုံဖြစ်၍ တတိယပုံမှာ သူ့အရိပ်ကိုသာ မြင်တွေ့ရသည့် ပုံဖြစ်သည်။
၁၉၄၈ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲအပြီးတွင် တည်ထောင်ခဲ့သည့် Khan Yunis ဒုက္ခသည်စခန်း၌ ၁၉၆၅ ခုနှစ်က မွေးဖွားခဲ့သည့် ဒီအစ်ဖ်သည် မိုဟာမက် မာစရီ (Mohammad Masri) အမည်ဖြင့် ကြီးပြင်းခဲ့ပြီး နောက်ပိုင်းတွင် မိုဟာမက် ဒီအစ်ဖ် အမည်ဖြင့် လူသိများထင်ရှားလာသည့် စစ်သွေးကြွ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
လက်ရှိအချိန်အထိ ဒီအစ်ဖ်သည် မည်သည့်နေရာတွင် နေထိုင်သည်ဆိုခြင်းကို အတိအကျ မသိရသေးဘဲ သူသည် ဂါဇာကမ်းမြောင်ဒေသ၌ ရှိနေနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်ကလည်း ယခုစစ်ပွဲတွင် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို ဒီအစ်ဖ်က နောက်ကွယ်မှ ကြိုးကိုင်နေ ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ