CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၁၂
လက်ရှိ ဖြစ်ပွားနေသည့် ဟားမာ့စ်-အစ္စရေး ပဋိပက္ခသည် ၂၀၂၄ ခုနှစ်တွင် ပြုလုပ်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒအပေါ် သက်ရောက်မှုရှိနေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အထူးသဖြင့် နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်ပြီး ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ဘက်များနှင့် ခပ်ကင်းကင်း နေထိုင်ခဲ့သည့် ရီပတ်ဘလစ်ကန်ပါတီဝင် တစ်ဦးဖြစ်သူ နစ်ကီ ဟာလေ (Nikki Haley) အတွက် အထောက်အကူ ဖြစ်စေခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းဖြစ်သည့် ဟာလေသည် တာဝန်ထမ်းဆောင်ခဲ့ချိန်က ပြောကြား ခဲ့သည့် မိန့်ခွန်းများအတွင်း တရုတ်နှင့် ရုရှား၏ ခြိမ်းခြောက်မှုများကို အသားပေး ဖော်ပြခဲ့သည်။
လက်ရှိတွင် ဟာလေသည် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်း နေရာအတွက် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) လောက် လူကြိုက်မများသော်လည်း မကြာသေးမီက ပြုလုပ် ခဲ့သည့် ပါတီတွင်း စကားရည်လုပွဲနှစ်ခုတွင် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်ပြီး ၎င်း၏ ရပ်တည် ချက်ကို ပြသရန် ကြိုးပမ်းခဲ့သည်။
အစ္စရေးက ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်ထားစဉ်
ဟာလေသည် အစ္စရေး-ဟားမာ့စ် စစ်ပွဲကို သူ၏ ကွန်ဆာဗေးတစ် ပြည်တွင်းရေး ဦးစားပေး ကိစ္စရပ်များထဲတွင် ထည့်သွင်းခဲ့သည်။
ထို့ပြင် အစ္စရေးနှင့် အမေရိကန်အနေဖြင့် တစ်စုံတစ်ရာကြောင့် အာရုံလွှဲခံရမည့် အခြေအနေကို ခံနိုင်ရည်ရှိအောင် လုပ်ဆောင်ရန် ဟာလေက တိုက်တွန်းခဲ့သည်။
"အမေရိကန်မှာ သဘောထားတွေ ဘယ်လောက်တောင် ကွဲပြားနေလဲ၊ ဘယ်လိုမျိုး အာရုံအလွှဲခံနေရာတာကို သေချာ ကြည့်မယ်ဆိုရင် ရှင်တို့ တွေ့ရမှာပါ။ ကျမတို့ရဲ့ ရန်သူတွေက အဲဒါကို သတိထားမိနေပါပြီ။ ဒါဟာ အားနည်းချက် တစ်ခုပါပဲ"ဟု ဟာလေက ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
ထို့အတူ အစ္စရေးသည် အာရုံအလွှဲခံ လိုက်ရသည့်အတွက် ယခုကဲ့သို့ တိုက်ခိုက် ခံနေရခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် အစ္စရေးကဲ့သို့ မဖြစ်စေရန် အာရုံအလွှဲခံရမည့် အခြေအနေကို ရှောင်လွှဲသင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက်ကာသီ (Kevin McCarthy) ကို ဖြုတ်ချမှု၊ နိုင်ငံ့ကြွေးမြီ များ မြင့်တက်မှု၊ အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ရွှေ့ပြောင်းများ တရားမဝင် ဝင်ရောက်မှုနှင့် မူးယစ်ဆေးဝါး များ ဖမ်းဆီးရမှုတို့သည် အမေရိကန်ပြည်သူများအတွက် အာရုံအလွှဲခံနေရသည့် ဖြစ်စဉ်များ ဖြစ်သည်ဟု ဟာလေ က ပြောကြားခဲ့သည်။
Source: အေပီ