CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂
လူထုထိခိုက် သေဆုံးမှုနည်းရန် လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် တိုက်ပွဲဖြစ်ပွားမှုကို ချင့်ချိန်သင့်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက CNI သတင်းဌာနသို့ ပြောသည်။
ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာ၊ မြို့ပြများတွင် တိုက်ပွဲဖြစ်ပွားမှုကို ရှောင်ရှားသင့်ကြောင်း၊ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် လူထုထိခိုက်မှု ဖြစ်ပွားနိုင်သည်ကို သိရှိထားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
လွေးချီဆငါးက “အရပ်သား ထိခိုက်မှု နည်းအောင်ဆိုရင်တော့ တိုက်ပွဲဖြစ်တာပဲဖြစ်ဖြစ်၊ တခြားစစ်ဆင်ရေး ကိစ္စ တွေပဲဖြစ်ဖြစ်၊ ကျေးရွာတွေ အနီးအနားမှာ မြို့တွေ အနီးအနားမှာ လူထုတွေ နေထိုင်ရာ ဧရိယာတွေမှာ မဟုတ်တဲ့ ပုံစံမျိုးတွေတော့ ရှောင်တယ်၊ ဒါလုပ်ခြင်းအားဖြင့် ပြည်သူလူထု အပေါ်မှာ ဘယ်လို သက်ရောက်နိုင်မလဲဆိုတဲ့ ချင့်ချိန်မှုတွေ ဆောင်ရွက်မှုတွေကို အရင်ဆုံး လေ့လာသင့်တယ်လို့တော့ မြင်တာပေါ့နော်၊ ဒါဖြစ်သွားပြီ၊ ဒီဧရိယာ မှာ ဒါမျိုးတိုက်ခိုက်မှု လုပ်ပြီဆိုရင်တော့ လူထုတွေ ဘယ်လောက်အထိ ထိခိုက်နစ်နာ နိုင်မလဲဆိုတဲ့ဟာ ချင့်ချိန် စေချင်တယ်၊ ဒီအပေါ်မှာ ကြည့်ခြင်းအားဖြင့် ပြည်သူလူထုအပေါ်မှာ ထိခိုက်မှုတွေက နည်းနည်းလေးတော့ လျော့ ကျသွားနိုင်မယ်လို့တော့ ထင်တာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
၂၀၁၇ ခုနှစ်က တပ်မတော်နှင့် AA တိုက်ပွဲကြောင့် ပလက်၀မြို့နယ်၊ ရှင်းလက်၀မှာ တိုက်ပွဲရှောင်နေကြသူ များကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အခင်းအကျင်းများကြောင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိနေသည်။
အဆိုပါ ပဋိပက္ခများကြောင့် လူသေဆုံးမှု၊ နေအိမ် မီးလောင်ပျက်စီးမှု၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု၊ အရပ်သားများ ဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင် ရမှုများ ဖြစ်ပွားနေသည်။
မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို အရပ်သား ထိခိုက်သေဆုံးမှု မရှိရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီဟာတွေကြတော့ လက်နက်ကိုင် အဖွဲ့အစည်းပေါ့ဗျာ၊ စကစဖြစ်ဖြစ်၊ တော်လှန်ရေး အဖွဲ့အစည်းပဲ ဖြစ်ဖြစ် နှစ်ဖွဲ့စလုံး အပေါ်မှာပဲ မူတည်ပါတယ်။ ဒါကတော့ ဘယ်လောက်အထိ ရှောင်မလဲ၊ ဘယ်လောက်အထိ လုပ်မလဲ၊ နောက်တစ်ချက်ကတော့ ကျနော်တို့ ကချင်လူမျိုးတွေရဲ့ ကျေးရွာဆိုရင် ဟိုးတုန်းကတည်းက အကုန် လုံး ပျက်စီးကုန်တာပေါ့ဗျာ၊ မီးရှို့တာတို့ ဘာတို့ အကုန်လုံး လက်နက်ကိုင် အဖွဲ့အစည်းတွေ တော်လှန်ရေး ဖြစ်ပြီ ဆိုတာကတော့ မလွှဲမသွေကြုံနေရမယ့် အပိုင်းတွေ ဖြစ်ပါတယ်၊ ဒါပေမဲ့ ကာယကံရှင် လက်နက်ကိုင်တဲ့ အဖွဲ့ အစည်းတွေဟာ ဒီဟာကို ဘယ်လိုမျိုး ရှောင်ရမလဲ ပြည်သူလူထုကို တစ်သားတည်းဖြစ်ဖို့ ပြည်သူလူထုနဲ့ တစ်သားတည်း ဖြစ်ဖို့ဆိုတာက ဒါတွေကို ရှောင်ဖို့ လိုတာပေါ့ဗျာ၊ ဒါမှမဟုတ်ဘူးဆိုရင် အမုန်းပွားပြီးမှ နောင် ခေတ်အဆက်ဆက် ဒီဟာတွေက ပုံရိပ်ကျန်ဖို့ပဲ ရှိပါတယ်၊ အခုလည်း အခြေအနေမျိုး ကျနော်တို့ကြတော့ လုပ်ပါ၊ မလုပ်ပါဆိုတဲ့ဟာမျိုး ကျနော်တို့ဆီမှာလည်း ပြောပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ စစ်တပ်ကနေ ဒါတွေကတော့ ဘယ်လို မျိုး လုပ်ရင်ကောင်းမလဲ၊ ဘာတွေ ဘယ်လိုမျိုး ရှောင်ရမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်၊ ကျနော်တို့ကတော့ ဒီဟာမျိုး မီးရှို့တာတို့၊ သတ်ဖြတ်တာတို့ မြင်တွေ့နေရတာတော့ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒီဟာကို မကြိုက်ပါ ဘူး။ ဒါကြောင့်မို့လို့ ဒီဟာတွေက ရှောင်သင့်တယ်ဆိုတဲ့ဟာမျိုးတော့ ကျနော်ပြောလိုပါတယ်” ဟု ပြောသည်။
၂၀၁၇ ခုနှစ်က တပ်မတော်နှင့် AA တိုက်ပွဲကြောင့် ပလက်၀မြို့နယ်၊ ရှင်းလက်၀မှာ တိုက်ပွဲရှောင်နေကြသူ များကို တွေ့ရစဉ်
၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့အထိ ကုလသမဂ္ဂ၏ နောက်ဆုံး ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ တစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၂) သန်းနီးပါးရှိလာပြီ ဖြစ်ကြောင်း UNOCHA က ယနေ့ (အောက်တိုဘာ ၁၂) ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့အတူ လူဦးရေ ၁ ဒသမ ၇ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာ့တပ်မတော်၏ အရပ်သား အစိုးရကို ဖြုတ်ချလိုက်ပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရ သူများ ဖြစ်ကြောင်း ဖော်ပြထားသည်။