CNI International News
တိုကျို၊ အောက်တိုဘာ ၁၃
နယ်ချဲ့ဝါဒီများကို တိုက်ခိုက်နေသည့် ရုရှားပြည်သူများ၏ တိုက်ပွဲသည် အောင်မြင်မှု ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un)က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ထို့ပြင် ရုရှားနှင့် ဆက်ဆံရေးကို အဆင့်သစ် တစ်ခုအထိ ပိုမိုမြှင့်တင်နိုင်ရန် ယုံကြည်သည်ဟုလည်း ကင်မ်က ပြောကြားခဲ့သည်။
ရုရှားနှင့် မြောက်ကိုရီးယားအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့် နှစ်ပတ်လည် အခါသမယ တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ထံ ဂုဏ်ပြုကြောင်း ပေးပို့သည့် သဝဏ်လွှာထဲတွင် ကင်မ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပူတင် ထောက်ခံသော ရုရှားပြည်သူများကိုတွေ့ရစဉ်
"မကြာသေးခင်က ရုရှားကို သွားရောက်ခဲ့တဲ့ ချစ်ကြည်ရေးခရီးစဉ်အတွက် ကျနော် အရမ်းကို ကျေနပ်အားရမှု ရှိပါတယ်။ ပြီးတော့ ရဲဘော်ကြီး ပူတင်နဲ့အတူ နှစ်နိုင်ငံအကြား ပြည့်စုံကျယ်ပြန့်တဲ့ သဘောထားတွေကို ဖလှယ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့တာတွေအတွက်လည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်။ နှစ်နိုင်ငံအကြား ရာစုနှစ် တစ်စုပြီး တစ်စု ချစ်ကြည်ရင်းနှီးမှုတွေ၊ စည်းလုံးညီညွတ်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာလည်း ပိုမိုခိုင်မာ လာတယ်ဆိုတာကို ယုံကြည်လာပါတယ်။ အနာဂတ်မှာလည်း ဆက်ဆံရေးဟာ ဆက်လက် မြင့်တက်လာမယ် ဆိုတာ ယုံကြည်ပါတယ်"ဟု ကင်မ်က ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ပူတင် ထောက်ခံသော ရုရှားပြည်သူများကိုတွေ့ရစဉ်
ထို့ပြင် ပူတင်အနေဖြင့် ကျန်းမာရေး ကောင်းမွန်ပါစေကြောင်းနှင့် အလုပ်တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း ကင်မ်က ဆုတောင်းမေတ္တာပို့သခဲ့သည်။
ရုရှားပြည်သူများ အနေနှင့်လည်း အင်အားကြီးမားသည့် နိုင်ငံကို ထူထောင်ရာတွင် နယ်ချဲ့ဝါဒီများအပေါ် အောင်မြင်စွာ တိုက်ထုတ်နိုင်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာ၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့ကို ကာကွယ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
Source: တာ့စ်