CNI International News

တီဟီရန် ၊ အောက်တိုဘာ ၁၃

အီရန်သမ္မတ အီဘရာဟင် ရာအီစီ (Ebrahim Raisi) နှင့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် (Mohammed bin Salman) တို့သည် လက်ရှိဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမာ့စ် စစ်ပွဲအပေါ် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။ 

ယခု ဖုန်းဆက်သွယ် ပြောဆိုမှုသည် ဆော်ဒီနှင့်အီရန်အကြား ဆက်ဆံရေး ပုံမှန်ပြန်လည် ထူထောင်ခဲ့ပြီးနောက် အီရန်သမ္မတနှင့် ဆော်ဒီအိမ်ရှေ့မင်းသားအကြား ပထမဆုံးအကြိမ် ဖုန်းဆက်သွယ် ပြောဆိုမှု ဖြစ်သည်။ 

အောက်တိုဘာ ၁၁ ရက်က နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် ပါလက်စတိုင်းအပေါ် ဆန့်ကျင်သည့် စစ်ရာဇဝတ်မှု များ အဆုံးသတ်စေရန် လိုအပ်သည့် အချက်များကို ဆွေးနွေးခဲ့ကြသည်ဟု အီရန်သမ္မတ၏ နိုင်ငံရေးလက်ထောက် မိုဟာမက် ဂျမ်ရှီဒီ (Mohammad Jamshidi) က X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်နေစဉ်

ခေါင်းဆောင် နှစ်ဦးစလုံးသည် အစ္စလာမ်မစ် စည်းလုံးညီညွတ်မှုအရေးကို အလေးထား ပြောဆိုခဲ့ကြပြီး အစိုးရ တစ်ရပ်၏ ရာဇဝတ်မှုများနှင့် အမေရိကန်၏ လုပ်ဆောင်ချက်များသည် လုံခြုံရေးကို ပျက်စီးစေနိုင်လိမ့်မည်ကို ယုံကြည်ကြောင်း ဂျမ်ရှီဒီက ပြောကြားခဲ့သည်။

ဆော်ဒီအိမ်ရှေ့မင်းသား ဆယ်လ်မန်ကလည်း နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာရန် လိုအပ်ကြောင်းနှင့် ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် ဆိုးရွားသော  လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေနှင့် အရပ်သားများအပေါ် သက်ရောက်မှုများကို အလွန်စိုးရိမ်ကြောင်း ပြော ကြားခဲ့သည်ဟု ဆော်ဒီနိုင်ငံပိုင် SPA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထို့ပြင် ဆော်ဒီအိမ်ရှေ့စံ ဆယ်လ်မန်က ဆော်ဒီအာရေဗျနိုင်ငံသည် လက်ရှိဖြစ်ပွားနေသည့် အစ္စရေး-ဟားမာ့စ် ပဋိပက္ခကို အဆုံးသတ်ရန် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို တတ်အားသရွေ့ လုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့သည်ဟု SPA က ဖော်ပြခဲ့သည်။ 

ဂါဇာဒေသ ပျက်စီးမှုကိုတွေ့ရစဉ်

ဟားမာ့စ် လက်နက်ကိုင်အဖွဲ့က အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံအား ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက ဂါဇာဒေသကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် လေးရက်မြောက်နေ့တွင် အီရန်နှင့် ဆော်ဒီ ခေါင်းဆောင်များအကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၁၂၀၀ ကျော် သေဆုံးခဲ့ပြီး ဟားမာ့စ်၏ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့သည်ဟု အစ္စရေးနှင့် ပါလက်စတိုင်း အရာရှိ များက ပြောကြားခဲ့သည်။ 

ဆော်ဒီတွင် လူသိများထင်ရှားသည့် ရှီးယိုက်ခေါင်းဆောင်တစ်ဦး ကွပ်မျက်ခံခဲ့ရပြီးနောက် အီရန်တွင် ဆန္ဒပြ သူများက ဆော်ဒီ သံတမန်အဖွဲ့ကို တိုက်ခိုက်ခဲ့သည့်် ၂၀၁၆ ခုနှစ်တွင် ဆော်ဒီနှင့် အီရန်အကြား သံတမန် ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။

သို့သော် ယခုနှစ်မတ်လတွင် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် သံတမန် ဆက်ဆံရေးများကို ပုံမှန် ပြန်လည် ထူထောင်ခဲ့သည်။ 

Source: အယ်လ်ဂျာဇီးယား