CNI International News
ကိယက်ဗ်၊ အောက်တိုဘာ ၁၃
ယူကရိန်းတပ်ဖွဲ့များသည် နိုင်ငံတောင်ပိုင်းရှိ စစ်မြေပြင်တွင် ရုရှား၏ ခံစစ်စည်းများကို ထိုးဖောက်ရန် ကြိုးပမ်း နေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များသည် Robotyne ကျေးရွာကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာခဲ့ပြီး ရုရှား၏ ခံစစ် စည်းကို ထိုးဖောက်ရန် နည်းလမ်းရှာတွေ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်း၏ တန်ပြန်ထိုးစစ်တွင် သီတင်းပတ် ခြောက်ပတ်ကြာသည်အထိ အောင်မြင်မှု တစ်စုံတစ်ရာ မရခဲ့ဘဲ ယူကရိန်း၏ အမှတ် ၆၅ တပ်မဟာသည် ထိုကျေးရွာကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိကြောင်း ဝန်ခံခဲ့သည်။
သြဂုတ်လက ဇာပိုရီရှား (Zaporizhzhia) ဒေသရှိ ထိုကျေးရွာကို ပြန်လည် သိမ်းယူနိုင်ခဲ့ခြင်းသည် ယူကရိန်း တပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်တွင် မဟာဗျူဟာမြောက် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်။
ယူကရိန်းစစ်ပွဲ ရှေ့တန်းတစ်နေရာကို တွေ့ရစဉ်
သို့သော် ခံစစ်ကို အခိုင်အမာ ပြင်ဆင်ထားသည့်် ရုရှားတပ်ဖွဲ့များကို ထိုးဖောက်တိုက်ခိုက်ရာတွင် ထိခိုက်ကျဆုံးမှု များစွာ ရှိခဲ့သည်ဟု တန်ပြန်ထိုးစစ်၌ ပါဝင်တိုက်ခိုက်နေသော ယူကရိန်းစစ်သား ၈ ဦးက အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြားခဲ့သည်။
လက်ရှိတွင် ယူကရိန်းတပ်ဖွဲ့များသည် စစ်သည်အင်အား၊ လက်နက်ခဲယမ်းနှင့် ဒရုန်းများ လျော့နည်းလာသည်ဟု ထို စစ်သားများက ဆိုသည်။
ယူကရိန်း၏ အမှတ် ၆၅ တပ်မဟာမှ အမှတ် ၁ တပ်ရင်း၏ တပ်မှူးတစ်ဦးဖြစ်သူ အိုင်ဂေါ် ကော်ရိုးလ် (Igor Korol) ကမူ သြဂုတ် ၂၈ ရက်တွင် Robotyne ကျေးရွာကို ပြန်လည် သိမ်းယူနိုင်ခဲ့ခြင်းသည် မဟာဗျူဟာအရ တန်ဖိုးမရှိကြောင်း ပြောကြားခဲ့သည်။
"ကျနော်တို့က ကြီးမားတဲ့ အောင်ပွဲတွေကိုပဲ ကြေညာချင်တာပါ။ လက်တွေ့ အခြေအနေကတော့ မျှော်မှန်းထား တာနဲ့ ခြားနားနေပါတယ်"ဟု ကော်ရိုးလ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုနေရာနှင့် အနီးတစ်ဝိုက်တွင် ရုရှားတပ်ဖွဲ့များ၏ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ယူကရိန်း တပ်ဖွဲ့များသည် စိတ်ချလက်ချ သွားလာနိုင်ခြင်း မရှိကြောင်းလည်း ကော်ရိုးလ်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်