CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားကို အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ တက်ရောက်မည် ဖြစ်ကြောင်း NCA လက်မှတ် ထိုးထားသည့် လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှ ပြောခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးက CNI သတင်းဌာနသို့ ပြောသည်။
တက်ရောက်မည့် အဖွဲ့များမှာ နေပြည်တော်တွင် နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသော အဖွဲ့များဖြစ်ကြောင်း ၎င်းက ပြောသည်။
နန်းယဉ်ယဉ်စိုးက “ဒီအောက်တိုဘာ ၁၅ မှာ ကျင်းပမယ့် ဒီ NCA ၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျမ တို့ NCA-S EAO ၇ ဖွဲ့က တက်ရောက်ဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီ ၇ ဖွဲ့မှာ ဆိုရင်တော့ ALP ပါမယ်၊ DKBA ပါမယ်၊ KNU/KNLA-PC ပါမယ်၊ LDU လားဟူပါမယ်၊ PNLO ပါမယ်၊ RCSS ပါမယ်၊ NMSP ပါမယ်၊ လက်ရှိ ကျမတို့ စစ်ကောင်စီနဲ့ သွားရောက်ဆွေးနွေးနေတဲ့ ၇ ဖွဲ့ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA စာချုပ် ရေးထိုးနေကြစဉ်
ယခုလ အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးခြင်း ၈ နှစ်ပြည့် အခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနားသို့ လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပြင် လက်မှတ်မထိုးရသေးသော အဖွဲ့အစည်းများနှင့် ပြင်ပနိုင်ငံများကိုလည်း ဖိတ်ကြားထားကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
NCA (၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကနေ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အဖြေရှာနိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း (PPST)မှ ပြောခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးက ပြောသည်။
အဆိုပါ နှစ်ပတ်လည် အခမ်းအနားမှတဆင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဖြစ်လာမည်ဆိုခြင်းက ယုံကြည်ရ ခက်သေးကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြော သည်။
NSPNC နဲ့ အပစ်ရပ် ၇ ဖွဲ့ တွေ့ဆုံ ဆွေးနွေးစဉ်
၎င်းက “ဒီ NCA နှစ်ပတ်လည် အနေနဲ့ကတော့ ဖြစ်လာနိုင်မယ်လို့တော့ ယုံကြည်ရ ခက်တယ်လေ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဆွေးနွေးတွေ ရှိတယ်လို့ ကျနော်တို့ ကြားတယ်၊ အဲဒီဆွေးနွေးပွဲကနေ ထွက်လာတဲ့ အဖြေပေါ်မှာ မူတည် ပြီးတော့ ကျနော်တို့ ပြောရမှာပေါ့နော်၊ လောလောဆယ်တော့ ဒီအခမ်းအနား တစ်ခုတည်း ကျနော်တို့ ပြောလို့ မရဘူးပေါ့” ဟု ပြောသည်။
မြန်မာ့တပ်မတော်က အာဏာရယူမှုကို ဖယ်ရှားပြီး နိုင်ငံရေးတွင် စစ်တပ် ပါဝင်နေမှုကို အဆုံးသတ်နိုင်မှ တွေ့ဆုံ ဆွေးနွေးနိုင်မည်ဟု NCA လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့မှ အောက်တိုဘာ ၁၂ ရက် မှာ ထုတ်ပြန်ခဲ့သည်။
NCA ကို KNU ၊ CNF၊ ABSDF၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO) တို့က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် NCA စာချုပ်ကို လက်မှတ်ထိုးခဲ့သည်။