CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၁၃
အစ္စရေးကို ဟားမာ့စ်က တိုက်ခိုက်ခဲ့ပြီးကတည်းက X လူမှုမီဒီယာသည် ဟားမာ့စ်အဖွဲ့နှင့် ဆက်နွှယ်မှုရှိသည့် ရာနှင့်ချီသော အကောင့်များကို ဖယ်ရှားခဲ့သည်ဟု X စီအီးအို လင်ဒါ ယာဆာရီနို (Linda Yaccarino) က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထို့ပြင် ဟားမာ့စ်အဖွဲ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရေးသားဖော်ပြမှုများကိုလည်း ဖယ်ရှားခဲ့ ကြောင်း လင်ဒါက ပြောကြားခဲ့သည်။
ဘီလျံနာတစ်ဦးဖြစ်သူ အီလွန်မာ့စ် (Elon Musk) ပိုင်ဆိုင်သည့် X လူမှုမီဒီယာပေါ်တွင် သတင်းအမှားများ ပျံ့နှံ့ နေမှုနှင့်ပတ်သက်ပြီး စောဒကတက်မှုများ မြင့်တက်နေချိန်၌ ဟားမာ့စ်အဖွဲ့နှင့် ဆက်နွှယ်မှုရှိသည့် အကောင့်များ ကို ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
အီလွန်မာ့စ်သည် ယခင်က Twitter ဟု လူသိများခဲ့သည့် ထိုလူမှုမီဒီယာကို ဝယ်ယူခဲ့ပြီးနောက် ကုမ္ပဏီ၏ content များကို စိစစ်ပေးရသည့် ဝန်ထမ်းအများအပြားအား ရာထူးမှ ထုတ်ပယ်ခဲ့ကာ ကုမ္ပဏီ၏ အမည်ကို X ဟု ပြောင်းလဲခဲ့သည်။
ဟားမာ့စ်အဖွဲ့သည် ဥရောပသမဂ္ဂ (EU) ၏ အွန်လိုင်း content စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သဖြင့် ၂၄ နာရီအတွင်း သတင်းအမှားများ ပျံ့နှံ့နေမှုအား တိုက်ဖျက်ရန် အီလွန်မာ့စ်ကို EU က အောက်တိုဘာ ၁၁ ရက်တွင် တိုက်တွန်းခဲ့သည်။
ဟားမာ့စ် အဖွဲ့ကိုတွေ့ရစဉ်
X လူမှုမီဒီယာသည် ဥရောပသမဂ္ဂအတွင်း သတင်းအမှားများ ဖြန့်ရန် အသုံးချခံနေရကြောင်း ဥရောပသမဂ္ဂ၏ အင်တာနက် ဈေးကွက်ရေးရာ အကြီးအကဲ သီယာရီ ဘရက်တန် (Thierry Braton) က ပြောကြားခဲ့သည်။
EU ၏ ဒစ်ဂျစ်တယ် ဝန်ဆောင်မှု အက်ဥပဒေသစ် (DSA) အရ X နှင့် Facebook အပါအဝင် ကြီးမားသည့်် အွန်လိုင်း ပလက်ဖောင်းများ အနေနှင့် ပြည်သူ့လုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် သတင်းအမှားများ ပျံ့နှံ့နေမှုကို တိုက်ဖျက်ရန်နှင့် တရားမဝင် အကြောင်းအရာများအား ဖယ်ရှားရန် လိုအပ်မည်ဖြစ်သည်။
X လူမှုမီဒီယာသည် သတင်းအမှားများ လျင်မြန်စွာ ပျံ့နှံ့နေမှုကို တိုက်ဖျက်ရန် အာရုံစိုက် လုပ်ဆောင်နေကြောင်း လင်ဒါက ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များအား ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
"ကျမတို့အနေနဲ့ ကျမတို့ လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေကို နောက်ထပ် တင်ပြသွားမှာဖြစ်ပြီး ဥရောပသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်"ဟု လင်ဒါက ဘရက်တန်သို့ ပေးပို့သည့် စာတစ်စောင်တွင် ရေးသားခဲ့ ပြီး ထိုပေးစာကို X လူမှုမီဒီယာတွင် တင်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်