CNI International News

ဝါဆော၊ အောက်တိုဘာ ၁၁

ပိုလန်နိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလို၌ ပိုလန်စစ်တပ်၏ ထိပ်သီးတပ်မှူး နှစ်ဦးသည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထို တပ်မှူးနှစ်ဦး နုတ်ထွက်မှုသည် လက်ရှိ ကွန်ဆာဗေးတစ် အစိုးရလက်ထက် ချမှတ်ကျင့်သုံးခဲ့သည့် အခြေအနေများကို မေးခွန်းများ ထွက်ပေါ်စေခဲ့သည်ဟု ပိုလန်စစ်တပ်က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ပိုလန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရက်ဂျ်မွန် အန်ဒရေးဂျက်ခ် (Rajmund Andrzejczak) နှင့် စစ်ဆင်ရေး တပ်မှူး ဗိုလ်ချုပ်ကြီး တိုးမက်စ် ပီယိုထရိုစကီး (Tomasz Piotrowski)တို့၏ ရာထူးမှ နုတ်ထွက်စာကို သမ္မတ အန်ဒရေးဂျ် ဒူဒါ (Andrzej Duda)က လက်ခံခဲ့သည်။

 ပိုလန်သမ္မတ အန်ဒရေးဂျ် ဒူဒါကို တွေ့ရစဉ်

ထို့နောက် ၎င်းတို့နှစ်ဦး၏ ရာထူးနေရာကို လာမည့်ရက်ပိုင်းအတွင်း အစားထိုး ခန့်အပ်သွားမည်ဟု ပိုလန်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

သို့သော် ပိုလန်၏ ထိပ်သီးတပ်မှူးနှစ်ဦး နုတ်ထွက်မှုသည် အိမ်နီးချင်း ယူကရိန်းနိုင်ငံတွင် စစ်ပွဲ ဖြစ်ပွားနေချိန် အတွင်း လက်ရှိ ကွန်ဆာဗေးတစ် အစိုးရလက်ထက် ပိုလန်စစ်တပ်၏ အနေအထားကို မေးခွန်းများ ထွက်ပေါ်စေ ခဲ့သည်။

ပိုလန်မီဒီယာများကမူ ယခု နုတ်ထွက်သွားခဲ့သည့် ထိပ်သီးတပ်မှူးနှစ်ဦးနှင့် ပိုလန်ကာကွယ်ရေးဝန်ကြီး မာရီရုဇ် ဘလက်ရှ်တက်ခ် (Mariusz Blaszczak) တို့အကြား တင်းမာမှုများ မြင့်တက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

 ပိုလန်စစ်တပ်ကိုတွေ့ရစဉ်

တပ်မှူးနှစ်ဦး၏ နုတ်ထွက်စာကို အောက်တိုဘာ ၉ ရက်တွင် အစိုးရအဖွဲ့ထံ တင်သွင်းခဲ့ကြောင်း ပိုလန်အမျိုးသား လုံခြုံရေး ဗျူရို၏ အကြီးအကဲ ယာဆက် ရှယ်ရက်ဒါ (Jacek Siewiera) က ပြောကြားခဲ့သည်။

ပိုလန်စစ်တပ်၏ အဓိက လှုပ်ရှားမှုများနှင့် စီမံကွပ်ကဲရေးအတွက် နုတ်ထွက်သွားသည့် ထိပ်သီးတပ်မှူးနှစ်ဦး၏ နေရာကို ရက်ပိုင်းအတွင်း ခန့်အပ်သွားမည်ဟုလည်း ၎င်းက ပြောသည်။

ပိုလန်တွင် အောက်တိုဘာ ၁၅ ရက်၌ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ထိုရွေးကောက်ပွဲသည် ဥရောပ သမဂ္ဂကို အယုံအကြည်မရှိသည့် လက်ရှိ ကွန်ဆာဗေးတစ်အစိုးရနှင့် ဥရောပသမဂ္ဂကို လိုလားသည့် အတိုက်အခံ ပါတီတို့အကြား အားပြိုင်မှု ဖြစ်လာလိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။