CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကနေ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အဖြေရှာနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှ ပြောခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးက CNI သတင်းဌာနသို့ ပြောသည်။
NCA အကောင်အထည်ဖော်မှုတွင်လည်း အခက်အခဲများ ရှိခဲ့ကြောင်း၊ ပြည်သူများ လိုလားသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း မည်ကဲ့သို့ လျှောက်လှမ်းမလဲဆိုသည်ကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
နန်းယဉ်ယဉ်စိုးက “ကျမတို့တွေသည် NCA ကို ကိုယ်တိုင်ကိုယ်ကျ ရေးထိုးတဲ့ ဖြစ်စဉ်တွေမှာ ပါဝင်ခဲ့တဲ့ Joint Ownership ဖြစ်တဲ့အတွက်ကြောင့်မို့လို့ NCA အကောင်အထည်ဖော်ခဲ့တဲ့ တောက်လျှောက်မှာ အားနည်းချက်တွေ ရှိခဲ့တယ်၊ အားသာချက်တွေရှိခဲ့တယ်၊ စိန်ခေါ်မှုတွေ ရှိခဲ့တယ်၊ အခက်အခဲတွေ ရှိခဲ့တာပေါ့နော်၊ ဒီဟာတွေ အားလုံး ကို ဒီကနေ့ တွေ့ဆုံပွဲ အခင်းအကျင်းကနေ ကျမတို့ သင်ခန်းစာတွေယူပြီးတော့ ရှေ့ဆက်တိုင်းပြည်ရဲ့ ငြိမ်းချမ်း ရေး မြန်မာပြည်ရဲ့ အနာဂတ် ပြည်ထောင်စု၊ ပြည်ထောင်စုသားတွေ လိုလားတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးဖြစ်စဉ် ဘယ်လိုလျှောက်လှမ်းမလဲဆိုတဲ့ ပြန်ပြီးတော့မှ ထိတွေ့ဆက်ဆံမှုတွေနဲ့ ကြိုးပမ်းမှုတွေကို ကျမတို့ ဒီတွေ့ဆုံပွဲကနေ တက်ရောက်တဲ့ ပွဲကနေပြီးတော့ ဆွေးနွေးအဖြေရှာနိုင်မယ်လို့ ယုံကြည်တယ်ဆိုတာကို ကျမအနေနဲ့ ဖြည့်စွက်ပြီး ပြောချင်ပါတယ်” ဟု ပြောသည်။
PPST ပြောခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးကို တွေ့ရစဉ်
ယခုလ အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးခြင်း ၈ နှစ်ပြည့် အခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနားသို့ လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပြင် လက်မှတ်မထိုးရသေးသော အဖွဲ့အစည်းများနှင့် ပြင်ပနိုင်ငံများကိုလည်း ဖိတ်ကြားထားကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
အဆိုပါ ၈ နှစ်ပြည့် အခမ်းအနားကို အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၇) ဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း PPST ၏ ပြောခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးက ပြောသည်။
၎င်းက “ဒီအောက်တိုဘာ ၁၅ မှာ ကျင်းပမယ့် ဒီ NCA ၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျမတို့ NCA-S EAO ၇ ဖွဲ့က တက်ရောက်ဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီ ၇ ဖွဲ့မှာ ဆိုရင်တော့ ALP ပါမယ်၊ DKBA ပါမယ်၊ KNU/KNLA-PC ပါမယ်၊ LDU လားဟူပါမယ်၊ PNLO ပါမယ်၊ RCSS ပါမယ်၊ NMSP ပါမယ်၊ လက်ရှိ ကျမတို့ စစ်ကောင်စီနဲ့ သွားရောက်ဆွေးနွေးနေတဲ့ ၇ ဖွဲ့ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
NCA လက်မှတ်ထိုးခြင်း ၆ နှစ်ပြည့် အခမ်းအနား ကျင်းပခဲ့စဉ်
NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့မှာ တက်ရောက်မှာ မဟုတ်ဟု သိရ သော်လည်း အချို့သော အဖွဲ့ဝင်များမှာ ပုဂ္ဂိုလ်ရေးအရ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
NCA ကို KNU ၊ CNF၊ ABSDF၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO) တို့က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် NCA စာချုပ်ကို လက်မှတ်ထိုးခဲ့သည်။