CNI International News

ဂါဇာ၊ အောက်တိုဘာ ၁၁

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း အိမ်တစ်လုံး ပျက်စီးသည့်အခါ တိုင်း ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ တစ်ဦးကို သတိပေးချက်မရှိဘဲ သတ်ပစ်မည်ဟု ဟားမာ့စ် (Hamas) အဖွဲ့က ခြိမ်းခြောက်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အစ္စရေးသည် အရန်တပ်ဖွဲ့ဝင် ၃၀၀,၀၀၀ ခန့်ကို စည်းရုံးနေသည်။

ထို့နောက် ဂါဇာဒေသအတွင်းရှိ သန်းနှင့်ချီသည့် ပါလက်စတိုင်းများကို အစားအစာ၊ သောက်သုံးရေနှင့် လောင်စာ များကို ဖြတ်တောက်ရန် ဂါဇာကမ်းမြောင်ဒေသအား ပိတ်ဆို့ထားချိန် ယခုကဲ့သို့ ဟားမာ့စ်အဖွဲ့၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အစ္စရေးက ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်စဉ်

စက်တင်ဘာ ၇ ရက်က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အစ္စရေးတွင် သေဆုံးသူ ၉၀၀ အထိ မြင့်တက်လာခဲ့သည်။

ထို့နောက် ဂါဇာဒေသတွင် အစ္စရေး၏ လက်တုန့်ပြန် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၇၀၀ ကျော် သေဆုံးကာ ၃၇၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ဂါဇာဒေသတွင် အစ္စရေးတိုက်လေယာဉ်များ၊ ဒရုန်းများ၊ အမြောက်များဖြင့် တိုက်ခိုက်ခံခဲ့ရသည့် ပစ်မှတ်များထဲ တွင် လူနေတိုက်ခန်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဗလီများ ပါဝင်ခဲ့သည်ဟု မီဒီယာများ၏ ဖော်ပြချက် နှင့် မျက်မြင်များ၏ ပြောကြားချက်များအရ သိရသည်။

ဟားမာ့စ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဘူ အူဘာအီဒါ (Abu Ubaida) ကမူ ဟားမာ့စ်အဖွဲ့က ဖမ်းဆီးရမိထား သည့် ဒါဇင်နှင့်ချီသည့် အစ္စရေး ဓားစာခံများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

အစ္စရေးက ပါလက်စတိုင်း အရပ်သားတစ်ဦး၏ အိမ်တစ်လုံးကို ဗုံးတစ်ခါ ကြဲချိန်တိုင်းတွင် ဖမ်းဆီးရမိထားသည့် အစ္စရေး ဓားစာခံတစ်ဦး အသတ်ခံရလိမ့်မည်ဟု အူဘာဒီဒါက ပြောသည်။

အစ္စရေး လုံခြုံရေးတပ်ဖွဲ့နဲ့အစ္စရေးနိုင်ငံသား မိသားစုကိုတွေ့ရစဉ်

ပြီးခဲ့သည့် သီတင်းပတ်ကုန်အတွင်း ဟားမာ့စ်အဖွဲ့၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများအတွင်း အစ္စရေး နိုင်ငံ သား ၁၀၀ ကျော်သည် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည်ဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အီလီ ကိုဟန် (Eli Cohan) က ပြောကြားခဲ့သည်။

အောက်တိုဘာ ၉ ရက်တွင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသကို ပိုမိုပြင်းထန်စွာ လက်တုန့်ပြန် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့် (Yoav Gallant) က ပြောကြားခဲ့သဖြင့် လူ ၂ ဒသမ ၃ သန်းခန့် နေထိုင်သည့် ဂါဇာဒေသအပေါ် အစ္စရေး၏ ပိတ်ဆို့မှုကို နိုင်ငံတကာက ဝေဖန်ရှုတ်ချခဲ့သည်။

ဂဲလန့်ကမူ အစ္စရေးသည် ဂါဇာဒေသကို အလုံးစုံ ပိတ်ဆို့ထားကြောင်းနှင့် လျှပ်စစ်ဓာတ်အား၊ အစားအစာ၊ သောက်သုံးရေနှင့် ဓာတ်ငွေ့များ တင်သွင်းမှုကို ဖြတ်တောက်ထားသလို အလုံးစုံ ပိတ်ဆို့သွားမည်ဟု ပြောကြား ခဲ့သည်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ကမူ ဂါဇာဒေသကို ပိတ်ဆို့သည့် အစ္စရေး၏ ကြေညာချက်ကို အလွန်စိုးရိမ်ကြောင်းနှင့် ထိုကဲ့သို့ ပိတ်ဆို့မှုသည် ယခင်ကတည်းက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ဂါဇာဒေသခံများ၏ အခြေအနေကို ပိုမိုဆိုးရွား စေနိုင်ကြောင်း ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား