- By CNI
- Category: နိုင်ငံရေး
- Hits: 820
CNI International News
တီဟီရန်၊ မေလ ၁၁
အီရန်နိုင်ငံတွင် မတ်လက ကျင်းပခဲ့သည့် ပထမအဆင့် လွှတ်တော်ရွေးကောက်ပွဲတွင် သဘောထား တင်းမာသည့် နိုင်ငံရေးသမားများက အသာစီးရရှိခဲ့ပြီးနောက် နိုင်ငံ၏ပါလီမန်၌ ကျန်ရှိနေသော ရာထူးနေရာများအတွက် နောက်ဆုံးအဆင့် ရွေးကောက်ပွဲကို မေလ ၁၀ ရက်တွင် ကျင်းပခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ် ၂၂ ခုမှ ပြိုင်ပွဲဝင် ကိုယ်စားလှယ်လောင်း ၉၀ ဦးအနက် ၄၅ ဦးကို ပြည်သူများက ရွေးချယ်သွားမည်ဖြစ်ကာ ၎င်းတို့ထဲမှ ၁၅ ဦးသည် သဘောထား အလယ်အလတ်သမားများဖြစ်သည်။
တီဟီရန်မြို့တော်တွင် ကိုယ်စားလှယ်လောင်း ၃၂ ဦးမှ ၁၆ ဦးကို ရွေးချယ်သွားမည်ဖြစ်ကာ ၎င်းတို့အားလုံးသည် သဘောထား တင်းမာသူများဖြစ်သည်။
ပိုမိုသေးငယ်သော မဲဆန္ဒနယ်များတွင် မဲရေတွက်မှုသည် သတ်မှတ်ချိန်ထက်စောပြီး နိုင်ဖွယ်ရှိသော်လည်း နောက်ဆုံး ရလဒ်များကို မေလ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာမည်ဟု ယူဆရသည်။

အီရန်မှာ ရွေးကောက်ပွဲ မဲထည့်နေကြစဉ်
အီရန်၏ ပါလီမန်သည် တိုင်းပြည်အုပ်ချုပ်ရေးတွင် ဒုတိယနေရာမှ ရပ်တည်လျက်ရှိသည်။
အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာအလီခါမေနီ(Ayatollah Ali Khamenei)သည် အရေးကြီးသော နိုင်ငံ့ကိစ္စရပ်တိုင်းတွင် နောက်ဆုံး အဆုံးအဖြတ်ပေးသူဖြစ်သည်။
ရွေးကောက်ပွဲ စတင်ပြီးနောက် ခါမေနီသည် မေလ ၁၀ ရက်က မဲပေးနေပုံကို နိုင်ငံပိုင်ရုပ်သံ သတင်းတွင် ဖော်ပြ ထားသည်။
ခါမေနီက ပြည်သူများကို မဲပေးကြရန် တိုက်တွန်းခဲ့ပြီး နောက်ဆုံးအဆင့် ရွေးကောက်ပွဲသည် အဓိက ရွေးကောက်ပွဲ တစ်ခုအဖြစ် အရေးပါသည်ဟု ပြောကြားခဲ့သည်။
မတ်လတွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ နေရာ ၂၄၅ နေရာ၌ နေရာ ၂၀၀ ကို သဘောထား တင်းမာသူများက အနိုင်ရရှိထားပြီး ကျန်ရှိသည့် နေရာ ၄၅ နေရာကို အလယ်အလတ် သဘောထားရှိသူများက ရရှိထားသည်။

မဲစာရင်းစောင့် အီရန်အမျိုးသမီးတွေကို တွေ့ရစဉ်
မဲပေးသူ ၄၁ ရာခိုင်နှုန်းအောက်သာ ရှိသည့်အတွက် မဲအရေအတွက် စုစုပေါင်း၂၅ သန်းရှိသည်။
ယခင်မဲပေးသူ အနိမ့်ဆုံး ရွေးကောက်ပွဲမှာ ၂၀၂၀ ပါလီမန်ရွေးကောက်ပွဲ ကာလကဖြစ်ပြီး ထိုအချိန်က မဲပေးသူ ၄၂ ရာခိုင်နှုန်း ရှိခဲ့သည်။
ပြုပြင်ပြောင်းလဲရေးဝါဒီများဟု လူသိများသည့် အစိုးရအပြောင်းအလဲကို လိုလားသော နိုင်ငံရေးသမားများကို ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့် တားမြစ်ပိတ်ပင်ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 943
CNI International News
မော်စကို၊ မေလ ၁၀
ရုရှားသမ္မတ ပူတင် (Vladimir Putin)က အနောက်နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဖြစ်ပွားမည့် အန္တရာယ် ရှိလာစေရန် လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့သည်။
ထို့အပြင် ကမ္ဘာ့အကြီးဆုံး နျူကလီးယားအင်အားကြီး နိုင်ငံဖြစ်သည့် ရုရှားအပေါ် မည်သူကိုမျှ ခြိမ်းခြောက်ခွင့် ပြုသွားမည် မဟုတ်ကြောင်း မေလ ၉ ရက်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပူတင်သည် ဒုတိယကမ္ဘာစစ်က ဂျာမနီတို့အပေါ် ဆိုဗီယက်ယူနီယံ၏ အောင်ပွဲရရှိသည့် အထိန်းအမှတ် အခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အနောက်နိုင်ငံများက ထောက်ပံ့ပေးထားသည့် ယူကရိန်းတပ်ဖွဲ့များကို ရုရှားတပ်ဖွဲ့များက တိုက်ခိုက်နေချိန်တွင် ပူတင်က စိတ်ကြီးဝင်နေသည့် အထက်တန်းလွှာ အနောက်အုပ်စုသည် နာဇီဂျာမနီတို့ကို နှိမ်နင်းရာတွင် ပါဝင်ခဲ့ သည့် ဆိုဗီယက်ယူနီယံ၏ ခိုင်မာသော အခန်းကဏ္ဍကို မေ့လျော့နေကြကြောင်း စွပ်စွဲခဲ့သည်။

ဘိုင်ဒန်နဲ့ ဥရောပခေါင်းဆောင်တွေကိုတွေ့ရစဉ်
"အဲဒီလို မတန်တဆ ရည်မှန်းချက်တွေက ဘယ်အခြေအနေကို ဦးတည်သွားမလဲဆိုတာကို ကျနော်တို့ သိပါတယ်။ ရုရှားဟာ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတစ်ခုကို တားဆီးဖို့အတွက် လုပ်စရာရှိတာမှန်သမျှ လုပ်ဆောင်သွားမှာပါ။ ဒါအပြင် ဘယ်သူ့ကိုမှ ကျနော်တို့ကို ခြိမ်းခြောက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ မဟာဗျူဟာမြောက် တပ်ဖွဲ့တွေဟာ တိုက်ပွဲဝင်ဖို့အတွက် အမြဲတမ်း အဆင့်သင့် ဖြစ်နေပါတယ်" ဟု ပူတင်က ရင်ပြင်နီတွင် ပြုလုပ် သည့် အောင်ပွဲနေ့ (Victory Day) အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်။
အနောက်အုပ်စုသည် ရုရှား၏ သြဇာလွှမ်းမိုးမှု နယ်ပယ်ကို ကျူးကျော်ထိပါးခြင်းအားဖြင့် ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်း ပြိုကျခဲ့ပြီးနောက် ရုရှားကို အရှက်ရစေရန် လုပ်ဆောင်ခဲ့ကြောင်းလည်း ပူတင်က ပြောကြား ခဲ့သည်။
ယူကရိန်းနှင့် အနောက်နိုင်ငံများကမူ ပူတင်သည် အင်ပါယာ ချဲ့ထွင်မှုပုံစံဖြင့် နယ်မြေများကို သိမ်းပိုက်နေ ကြောင်း ပြောကြားခဲ့ပြီး လက်ရှိတွင် ခရိုင်းမီးယားဒေသ အပါအဝင် ယူကရိန်း၏ နယ်မြေ ၁၈ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည့် ရုရှားအား အနိုင်တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်က ယူကရိန်းတွင် သန်းနှင့်ချီသည့်လူများ သေဆုံးမှု အပါအဝင် ဆိုဗီယက်ယူနီယံသည် လူပေါင်း ၂၇ သန်းကို ဆုံးရှုံးခဲ့ရသော်လည်း နာဇီတပ်ဖွဲ့များကို ဘာလင် (Berlin)သို့ ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။

ရုရှားစစ်တပ်ကို အင်အားကိုတွေ့ရစဉ်
၁၉၄၅ ခုနှစ်က နာဇီခေါင်းဆောင် ဟစ်တလာ (Hitler) သည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပြီးနောက် ဆိုဗီယက် အောင်လံတံခွန်ကို ဂျာမနီအစိုးရရုံး အဆောက်အအုံဖြစ်သည့် Reichstag တွင် လွှင့်ထူခဲ့သည်။
"အနောက်အုပ်စုဟာ ဒုတိယကမ္ဘာစစ်က သင်ခန်းစာတွေကို မေ့လျော့နေတာ ဖြစ်နိုင်ပါတယ်" ဟု ပူတင်က ပြောကြားခဲ့ပြီး နာဇီဂျာမနီအပေါ် အနိုင်ရရန် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် မဟာမိတ်များအားလုံးကို ရုရှားက ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။
နာဇီဂျာမနီ၏ အကြွင်းမဲ့ လက်နက်ချမှုသည် ၁၉၄၅ ခုနှစ် မေလ ၈ ရက် ည ၁၁ နာရီ ၁ မိနစ်တွင်ဖြစ်ပြီး ထိုနေ့ကို ဥရောပအောင်ပွဲနေ့ (Victory in Europe Day) အဖြစ် ပြင်သစ်၊ဗြိတိန်နှင့် အမေရိကန်တို့က သတ်မှတ်ခဲ့သော် လည်း ရုရှားတွင်မူ မေလ ၉ ရက်ကို ဆိုဗီယက်ယူနီယံ၏ အောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1000
CNI International News
ဟောင်ကောင်၊ မေလ ၉
ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြမှုများအတွင်း သီဆိုလေ့ရှိသည့် Glory to Hong Kong အမည်ရှိ တေးသီချင်ကို ပိတ်ပင်ရန် တောင်းဆိုချက်အား ဟောင်ကောင်၏ အယူခံတရားရုံးက အတည်ပြုခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်က ထိုသီချင်းကို ပိတ်ပင်ရန် အစိုးရ၏ တောင်းဆိုချက်ကို အောက်တရားရုံးက ငြင်းပယ်ခဲ့ပြီးနောက် အယူခံတရားရုံးမှ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ထိုသီချင်းကို ပိတ်ပင်မှုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် စိုးရိမ်ဖွယ် အကျိုးဆက်များ ဖြစ်လာလိမ့် မည်ဟု တရားသူကြီးတစ်ဦးက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ အယူခံတရားရုံးသည် အစိုးရကို မျက်နှာသာပေးသည့် အနေဖြင့် အောက်တရားရုံး၏ ငြင်းပယ်မှု ကို ပြောင်းလဲခဲ့သည်။

ဟောင်ကောင်က ဆန္ဒပြသူများကိုတွေ့ရစဉ်
ထိုသီချင်းကို ပိတ်ပင်ရန် အတည်ပြုခဲ့သဖြင့် ဟောင်ကောင်၏ လွတ်လပ်ခွင့်အပေါ် နောက်ထပ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
ထိုသီချင်းအား ထုတ်လွှင့်ခြင်း၊ ဖျော်ဖြေခြင်း၊ စာအုပ်ထုတ်ခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကမ်းလှမ်းခြင်း၊ ဖြန့်ချိခြင်း၊ ပြသခြင်း သို့မဟုတ် ပုံစံတစ်မျိုးဖြင့် ထပ်မံ ထုတ်လုပ်ခြင်းများသည် အမျိုးသား လုံခြုံရေးအတွက် အန္တ့ရာယ်ရှိစေကြောင်း အောက်တရားရုံးက ပြောကြားခဲ့သည်။
ထိုဖော်ပြချက်များထဲမှ တစ်ချက်ချက်နှင့် ညှိစွန်းခဲ့မည်ဆိုပါက ရာဇဝတ်မှုဆိုင်ရာ အရေးယူ ဆောင်ရွက်မှုများနှင့် ချက်ချင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း စီရင်ချက်တွင် ဖော်ပြခဲ့သော်လည်း မည်သည့် ရာဇဝတ်မှုဆိုင်ရာ အရေးယူ ဆောင်ရွက်ချက်များ ပြုလုပ်မည်ဆိုခြင်းကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဟောင်ကောင်က ဆန္ဒပြသူများကိုတွေ့ရစဉ်
ထိုသီချင်းကို ပိတ်ပင်မှုသည် အမျိုးသားလုံခြုံရေးကို ကာကွယ်ရမည့် ဟောင်ကောင် အာဏာပိုင်များ၏ တာဝန် ဝတ္တရားကို ဖြည့်ဆည်းရန် မဖြစ်မနေ ဆောင်ရွက်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက မေလ ၈ ရက်တွင် ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်က ဟောင်ကောင်တရားရုံး တစ်ခုသည် ထိုသီချင်းအား အင်တာနက်ပေါ်မှ တားမြစ်ပိတ်ပင်ရန် အစိုးရ၏ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပြီး တရားသူကြီး အန်သိုနီ ချန်း (Anthony Chan) ကလည်း ထိုသို့ ပိတ်ပင်ခြင်းသည် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ချိုးဖောက်ရာ ရောက်သည်ဟု ယူဆကြောင်း ပြောကြားခဲ့ သည်။
၂၀၁၉ ခုနှစ်က ဒီမိုကရေစီလိုလားသည့် ဆန္ဒပြမှုများအတွင်း ကန်တိုးနိစ် (Cantonese) ဘာသာစကားဖြင့် ရေးသားထားသည့် ထိုသီချင်းထဲတွင် “ငါတို့ခေတ်ရဲ့ တော်လှန်ရေး၊ အခုကစပြီး ထာဝရ ပြည်သူတွေ ကြီးစိုးပါစေ၊ ဂုဏ်ယူရပါစေ၊ လွတ်လပ်ပါစေ၊ ဂုဏ်ကျက်သရေဆောင် ဟောင်ကောင်ဖြစ်ပါစေ”ဆိုသည့် သီချင်းစာသားများ ပါဝင်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1846
CNI International News
ကိယက်ဗ်၊ မေလ ၉
ရုရှားသည် မေလ ၈ ရက် နံနက်အစောပိုင်းက ယူကရိန်း၏ အရေးကြီးသည့် စွမ်းအင်အခြေခံ အဆောက်အအုံများ ကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် ယူကရိန်းနိုင်ငံအတွင်းရှိ ဆိုဗီယက်ခေတ်က ဆောက်လုပ်ခဲ့ သော အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၃ ခု အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည်ဟု ယူကရိန်းအရာရှိများက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များသည် သီတင်းပတ်များစွာအတွင်း ရုရှား၏ အကြီးဆုံး လေကြောင်းတိုက်ခိုက်မှုတွင် ဒုံးကျည် ၅၅ စင်းအနက် ၃၉ စင်းနှင့် ဒရုန်း ၂၁ စင်းအနက် အစင်း ၂၀ ကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။
“ကျနော်တို့ရဲ့ စွမ်းအင်ကဏ္ဍကို ရုရှားက နောက်တကြိမ် အကြီးစား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်” ဟု ယူကရိန်းစွမ်းအင်ဝန်ကြီး ဂျာမန် ဂါလူရှ်ချန်ကို (German Galushchenko) က Telegram တွင် ရေးသားခဲ့ သည်။

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးနေပုံကိုတွေ့ရစဉ်
ရုရှား၏ တိုက်ခိုက်မှုများကြောင့် ကိယက်ဗ် (Kyiv) ဒေသတွင် လူနှစ်ဦး ဒဏ်ရာရခဲ့ကာ ကီရိုဗိုရက် (Kirovohrad) ဒေသ၌ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီး အိုင်ဟော် ကလီမန်ကို (Ihor Klymenko) က ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသမား ၃၅၀ ခန့်သည် စွမ်းအင်စက်ရုံများ၊ လူနေအိမ် ၃၀ ၊ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ် များ၊ ကိုယ်ပိုင်ကားများနှင့် မီးသတ်စခန်းတစ်ခုတွင် ထိခိုက်ပျက်စီးမှုများကို အနည်းဆုံး ဖြစ်စေရန် စီမံဆောင်ရွက် နေသည်ဟု ၎င်းက ဆိုသည်။
ပေါ်တာဗာ (Poltava) ၊ ကီရိုဗိုရက်၊ ဇာပိုရီရှား (Zaporizhzhia) ၊ လွီဗွီ (Lviv) ၊ အိုင်ဗန်နို-ဖရန်ကစ်စ် (Ivano-Frankivsk) နှင့် ဗင်နက်ရှာ (Vinnytsia) ဒေသများရှိ စွမ်းအင်စက်ရုံများနှင့် ဓာတ်အားပေးစခန်းများ ပစ်မှတ်ထား ခံခဲ့ရသည်ဟု ဂါလူရှ်ချန်ကိုက ပြောသည်။

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးနေပုံကိုတွေ့ရစဉ်
ထိုတိုက်ခိုက်မှုသည် မတ်လကစပြီး ယူကရိန်း၏ အရေးကြီးသည့် စွမ်းအင်အခြေခံ အဆောက်အအုံများကို တိုက်ခိုက်နေသည့် ရုရှား၏ နောက်ဆုံး တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ယူကရိန်း၏ နယ်မြေဒေသအချို့တွင် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့သည်။
ထို့နောက် စွမ်းအင်စက်ရုံများ တိုက်ခိုက်ခံရမှု၏ အကျိုးဆက်သည် စွမ်းအင်သုံးစွဲမှုများ မြင့်တက်လေ့ရှိသည့် နွေရာသီနှင့် ဆောင်းရာသီများတွင် ထိုအကျိုးဆက်ကို ဆိုးရွားစွာ ခံစားရမည်ဖြစ်သည်။
နိုင်ငံအရှေ့တောင်ပိုင်း ဇာပိုရီရှားဒေသမှလွဲပြီး ကျန်ဒေသများသည် ယူကရိန်း၏ အရှေ့ပိုင်း စစ်မျက်နှာပြင်နှင့် ကွာဝေးသည့် နေရာများတွင် တည်ရှိသည်။ ထိုစစ်မျက်နှာပြင်တွင် ရုရှားက မြေပြင်အသာစီးရမှုများ ရှိနေသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2471
CNI International New
နယူးဒေလီ၊ မေလ ၈
အိန္ဒိယတွင် သီတင်း ၆ ပတ်ကြာမြင့်မည့် ရွေးကောက်ပွဲကို ကျင်းပနေချိန်မှာ ဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၏ ရုပ်ပုံများသည် ဆန်အိတ်များပေါ်မှအစ မြို့များ၊ နယ်များတွင် ကြီးမားသည့် ပိုစတာများပေါ်၌ မြင်တွေ့နေရ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မိုဒီ၏ BJP ပါတီကလည်း မိုဒီ၏ ထင်ရှားကျော်ကြားမှုကို အမှီပြုပြီး အောက်လွှတ်တော်တွင် နေရာအများစု အနိုင်ရရန် ကြိုပမ်းနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မိုဒီသည် စီပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံ အဆောက်အအုံ အဆင့်မြှင့်တင်မှုများနှင့် ကမ္ဘာ့စင်မြင့်ထက်တွင် အိန္ဒိယ၏ တိုးတက်ကောင်းမွန်စွာ ရပ်တည်နိုင်ရန် လုပ်ဆောင်ပေးခဲ့သည်။
ဟိန္ဒူအမျိုးသားရေးဝါဒီဖြစ်သည့် BJP ပါတီနှင့် ၎င်း၏ မဟာမိတ်များသည် ၅၄၃ နေရာရှိသည့် အောက်လွှတ်တော် တွင် နေရာ ၄၀၀ အထိရရှိရန် ပစ်မှတ်ထားခဲ့ပြီး အရေးကြီးသည့် မဲဆန္ဒနယ်များ၌ အတိုက်အခံများကို ကျော်လွှား ရန်အတွက် ဒေသန္တရနည်းဗျူဟာများ ချမှတ်လုပ်ဆောင်လျက်ရှိသည်။

BJP ပါတီ ထောက်ခံသူများကိုတွေ့ရစဉ်
၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သည့် အောက်လွှတ်တော် ရွေးကောက်ပွဲတွင် BJP နှင့် မဟာမိတ်များသည် ၅၄၃ နေရာ ရှိသည့် အောက်လွှတ်တော်၌ ၃၅၂ နေရာ အနိုင်ရရှိခဲ့သည်။
မိုဒီသည် ဇွန်လ ၁ ရက်တွင် အဆုံးသတ်မည့် လက်ရှိ ရွေးကောက်ပွဲတွင်လည်း တတိယသက်တမ်းကို အနိုင်ရရှိ လိမ့်မည်ဟု လူထုသဘောထားဆန္ဒ ကောက်ယူသည့် စစ်တမ်းများ၌ ဖော်ပြထားသည်။
သို့သော် အိန္ဒိယနိုင်ငံသမိုင်းတွင် အောက်လွှတ်တော် ရွေးကောက်ပွဲများ၌ ပါတီတစ်ခုတည်းက နေရာ ၄၀၀ ကျော်ကို အနိုင်ရရှိခဲ့ဖူးသည့်ဖြစ်စဉ် တစ်ကြိမ်သာရှိခဲ့ဖူးသည်။
ထိုပါတီမှာ လက်ရှိ အတိုက်အခံဖြစ်သည့် ကွန်ဂရက်ပါတီ ဖြစ်သည်။
ကွန်ဂရက်ပါတီခေါင်းဆောင် အင်ဒီရာ ဂန္ဒီ(India Gandhi) လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီးနောက် ၁၉၈၄ ခုနှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ကွန်ဂရက်ပါတီသည် နေရာ ၄၀၀ ကျော် အနိုင်ရခဲ့ခြင်းဖြစ်သည်။
မိုဒီ၏ BJP ပါတီ ဦးဆောင်သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ် (NDA) ညွန့်ပေါင်းအဖွဲ့မှ အရာရှိများကို ရိုက်တာသတင်းဌာနက အင်တာဗျူး ပြုလုပ်ချိန်တွင် BJP ပါတီ၏ အဓိက နည်းဗျူဟာ ၃ ခုကို ၎င်းတို့က ပြောကြားခဲ့သည်။

အမျိုးသမီး တစ်ဦးကို မဲထည့်အပြီးတွေ့ရစဉ်
ပထမနည်းဗျူဟာမှာ အတွေ့အကြုံ ရင့်ကျက်သည့် ပြိုင်ဘက် လွှတ်တော်အမတ်များ၏ နေရာကို ရယူရန် လူသိများထင်ရှားသည့် ကိုယ်စားလှယ်လောင်းများအား ထည့်သွင်းခြင်းဖြစ်သည်။
ထို့နောက် ဒုတိယနည်းဗျူဟာမှာ ခရစ်ယာန် ဘာသာဝင်များကဲ့သို့ လူနည်းစုများကို စည်းရုံးခြင်းအားဖြင့် အတိုက်အခံများ ခိုင်မာစွာ ခြေကုပ်ယူထားသည့် နိုင်ငံတောင်ပိုင်းဒေသအား ခြိမ်းခြောက်ရန် ဖြစ်သည်။
ထို့အပြင် တတိယနည်းဗျူဟာမှာ နိုင်ငံမြောက်ပိုင်းရှိ အတိုက်အခံအချို့ ထိန်းချုပ်ထားသည့် နေရာများတွင် ဟိန္ဒူ မဲဆန္ဒရှင်များကို အားပေးသော နိုင်ငံရေးနယ်နိမိတ်များအား ပြန်လည်ရေးဆွဲခြင်းဖြင့် အမြတ်ထုတ်ရန်ဖြစ်သည်ဟု NDA အရာရှိများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1466
CNI International News
ပေကျင်း ၊ မေလ ၈
တရုတ်သည် အထက်တန်းကျောင်းများနှင့် တက္ကသိုလ်များတွင် စစ်သင်တန်းများ သင်ကြားမည့် အဆိုပြုထား သော ဥပဒေအောက်တွင် မူလတန်းကဲ့သို့ ငယ်ရွယ်သည့် ကျောင်းသားများအကြား အမျိုးသားကာကွယ်ရေး သတိရှိမှုကို မြှင်တင်ရန် ဆန္ဒရှိနေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုဥပဒေ၏ ရည်ရွယ်ချက်မှာ လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်အားလုံးကို အမျိုးသားကာကွယ်ရေးနှင့်ပတ်သက်သည့် သီအိုရီ၊ ဗဟုသုတနှင့် အရည်အချင်းများကို သင်ကြားပေးရန်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးပညာရေး ဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။
တရုတ်သည် ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ် အရေးများတွင် အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေ သည့် အချိန်တွင် ၂၀၁၈ ခုနှစ်နောက်ပိုင်း ထိုဥပဒေကို ပထမဆုံးအကြိမ် ပြင်ဆင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် တက္ကသိုလ်အချို့၌ ကျောင်းသားများကို ကျည်အစစ်များ၊ တင့်ကားများဖြင့် စစ်သင်တန်းများ သင်ကြားပြသခွင့် ပြုထားသည်။

တရုတ်ကလေးငယ်များကိုတွေ့ရစဉ်
ထိုဥပဒေပြင်ဆင်သည့် မူကြမ်းကို တရုတ်အမျိုးသား ပြည်သူ့လွှတ်တော်၏ အမြဲတမ်းကောင်မတီက ပြီးခဲ့သည့် လကုန်ပိုင်းတွင် ပထမအကြိမ် ဖတ်ကြားခဲ့ပြီး လူထုကို မှတ်ချက်ပေးခွင့် ပြုခဲ့သည်။
အဆိုပါဥပဒေမူကြမ်းတွင် မူလတန်းအရွယ် ကျောင်းသားများအကြား အမျိုးသားကာကွယ်ရေး အသိကို နည်းနည်း ချင်းစီ သွပ်သွင်းပေးရန် တိုက်တွန်းထားသည်။
အလယ်တန်းကျောင်းသားများသည် အခြေခံဗဟုသုတနှင့် ကျွမ်းကျင်မှုများကို သင်ယူရမည်ဖြစ်ပြီး အထက်တန်း ကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများသည် စစ်သင်တန်းများကို မဖြစ်မနေ သင်ယူရမည်ဖြစ်သည်။
ထိုကဲ့သို့ ပညာရေးနှင့် စစ်သင်တန်းပေးမှုကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ လမ်းညွှန်မှု ဖြင့် သင်ကြားပြသပေးမည် ဖြစ်သည်။
ဒေသန္တရအစိုးရများအနေဖြင့် ကာကွယ်ရေးပညာရေး ကုန်ကျစရိတ်များကို ၎င်းတို့၏ အသုံးစရိတ်အတွင်း ထည့်သွင်းရန် လိုအပ်လိမ့်မည်ဖြစ်ပြီး ထိုဥပဒေချိုးဖောက်မှုများ ရှိလာခဲ့မည်ဆိုပါက ပြည်နယ်အေဂျင်စီများ၊ တက္ကသိုလ်များနှင့် အခြားအဖွဲ့များက တာဝန်ခံရမည်ဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 2086
CNI International News
ဘန်ကောက်၊ မေလ ၈
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) နှင့် မြန်မာနိုင်ငံမှ လက်နက်ကိုင်အုပ်စုများ ဆွေးနွေးမှုသည် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံမှုသာဖြစ်ပြီး ထိုင်းအစိုးရ၏ မူဝါဒနှင့် သက်ဆိုင်မှုမရှိကြောင်း ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာ (Maris Sangiampongsa) က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သက်ဆင်နှင့် မြန်မာနိုင်ငံမှ လက်နက်ကိုင်များ၏ ကိုယ်စားလှယ်များအကြား အစည်းအဝေးများ ပြုလုပ်ခဲ့သည့် သတင်းကို မစ္စတာ မာရစ်က ငြင်းဆိုခဲ့ခြင်းမရှိပေ။
ထိုအရေးကိစ္စသည် မြန်မာအစိုးရအတွက် ပြည်တွင်းရေးကိစ္စ တစ်ခုဖြစ်ပြီး ထိုင်းအစိုးရက ပါဝင်ပတ်သက်ခြင်း မရှိကြောင်း မာရစ်က ပြောသည်။
"မစ္စတာသက်ဆင်ဟာ လူသိများပြီး အဆက်အသွယ်တွေ ရှိခဲ့တယ်ဆိုတာ ကျနော်တို့ ဝန်ခံရမှာပါ။ သူက ဒီပြဿနာတွေကို ဖြေရှင်းရာမှာ ကူညီပေးနိုင်မယ်လို့ မြန်မာနိုင်ငံက ယူဆထားပါတယ်" ဟု မာရစ်က အစိုးရ အိမ်တော်တွင် အပတ်စဉ်ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး မတိုင်မီ ပြောကြားခဲ့သည်။

သက်ဆင်နဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်
"မြန်မာလက်နက်ကိုင် အုပ်စုတွေဟာ သူနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စမှာ အစိုးရအဖွဲ့ မပါဝင်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။
သက်ဆင်သည် ကချင်အမျိုးသားအဖွဲ့(KNO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသား တိုးတက် ရေးပါတီ(KNPP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ NUG စသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။
ထိုင်းနိုင်ငံ၊ တာ့ခ် (Tak) ပြည်နယ်၊ မဲဆောက် (Mae Sot) ခရိုင်နှင့် အဓိက ကုန်သွယ်ရေး နေရာတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ မြဝတီမြို့ကို KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ အလွတ်သဘော တွေ့ဆုံမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ပြောင်းလဲမှု မရှိကြောင်း မြန်မာနိုင်ငံနှင့် အတူတကွ ပူးပေါင်းဆောင်ရွက် မှုများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနှင့် ရင်ကြားစေ့ရေးတို့ကို အာရုံစိုက် လုပ်ဆောင်လျက်ရှိကြောင်း မာရစ်က ပြောသည်။

မြ၀တီကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
အကယ်၍ မြန်မာနိုင်ငံတွင် စစ်ပွဲကြာမြင့် နေမည်ဆိုပါက ထိုင်းနိုင်ငံကိုလည်း တိုက်ရိုက် ထိခိုက်လိမ့်မည် ဖြစ်ကြောင်း၊ ပဋိပက္ခကို အဆုံးသတ်ရန် အားထုတ်ကြိုးပမ်းမှုများသည် တိုးတက်မှုရှိကြောင်း မာရစ်က ပြောကြား ခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
မကြာသေးမီက ထိုင်းအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုတွင် မာရစ်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပြီး သူသည် သက်ဆင်နှင့် ကာလကြာရှည် နီးကပ်သည့် ဆက်ဆံရေးရှိသူ ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1735
CNI International News
လိုမီ၊ မေလ ၇
တိုဂိုတွင် ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲ၌ အာဏာရပါတီက နေရာအများစု အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သော်လည်း အတိုက်အခံများက လက်မခံကြောင်း ပြောကြားခဲ့သည်။
အတိုက်အခံများက ထိုရွေးကောက်ပွဲသည် သမ္မတ ဖော်ရီ ဂျီနက်ဆင်ဘီ (Faure Gnassingbe) ၏ သက်တမ်းကို ဆွဲဆန့်သည့် လုပ်ဆောင်မှု ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကြောင်း ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
မေလ ၄ ရက်နေ့ နှောင်းပိုင်းက ကနဦး ကြေညာခဲ့သည့် မဲရလဒ်တွင် အာဏာရ UNIR ပါတီသည် ၁၁၃ နေရာရှိ သည့် လွှတ်တော်တွင် ၁၀၈ နေရာကို အနိုင်ရကြောင်း ဖော်ပြခဲ့သည်။
ထိုရွေးကောက်ပွဲသည် သမ္မတရွေးကောက်ပွဲများကို ဖျက်သိမ်းပြီး သမ္မတအား လွှတ်တော်အမတ်များက ခန့်အပ် ပိုင်ခွင့်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အဆိုပြုထားသော အခြေအနေအတွက် စမ်းသပ်ချက်တစ်ခု ဖြစ်ခဲ့ သည်။

တိုဂို ရွေးကောက်ပွဲ မဲစာရင်းကို ကြည့်နေကြစဉ်
အဆိုပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် သမ္မတ၏ သက်တမ်းကို ၄ နှစ် သတ်မှတ်ထားပြီး သက်တမ်း ၂ ကြိမ် တာဝန်ထမ်းဆောင်ခွင့် ပြုထားသည်။
ထို့ကြောင့် ၂၀၀၅ ခုနှစ်ကတည်းက အာဏာရလာခဲ့သည့် အသက် ၅၇ နှစ်အရွယ် ဂျီနက်ဆင်ဘီသည် ၂၀၂၅ ခုနှစ် တွင် ၎င်း၏ လက်ရှိသမ္မတ သက်တမ်း ကုန်ဆုံးချိန်၌ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြင့် လွှတ်တော်၏ ရွေးချယ်မှုကို ရယူကာ ၂၀၃၃ ခုနှစ်အထိ သမ္မတသက်တမ်းကို ဆွဲဆန့်နိုင်မည်ဖြစ်သည်။
"တိုဂိုနိုင်ငံသားတွေက ကျနော်တို့ကို ထောက်ခံကြောင်း ပြတ်ပြတ်သားသား ပြသခဲ့ပါတယ်" ဟု အာဏာရပါတီ ပြောရေးဆိုခွင့်ရှိသူ ဂီလ်ဘတ် ဘာဝါရာ (Gilbert Bawara) က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
အတိုက်အခံများနှင့် ဘာသာရေး ခေါင်းဆောင်များကမူ မတ်လအတွင်းက လွှတ်တော်အမတ်များ ထုတ်ပြန်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ငြင်းပယ်ခဲ့ပြီး ဆန္ဒပြမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြသည်။
အနောက်အာဖရိကနိုင်ငံဖြစ်သည့် တိုဂိုကို မိသားစု တစ်စုတည်းကသာ ၅၇ နှစ်ကြာ အုပ်ချုပ်လာခဲ့ခြင်းဖြစ်ပြီး အီယာဒီမာ ဂျိနက်ဆင်ဘီ (Eyadema Gnassingbe) က စတင်အုပ်ချုပ်ခဲ့ကာ လက်ရှိတွင် ၎င်း၏ သားဖြစ်သူ ဖော်ရီ ဂျီနက်ဆင်ဘီက အာဏာလက်ဆင့်ကမ်းယူ၍ အုပ်ချုပ်နေခြင်းဖြစ်သည်။

တိုဂို ရွေးကောက်ပွဲ ကိုယ်စားလှယ်ကို တွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် တိုဂိုနိုင်ငံသား ၈ ဒသမ ၈ သန်း၏ ထက်ဝက်ခန့်က မဲပေးရန် စာရင်းသွင်းခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးနှင့်ပတ်သက်ပြီး အငြင်းပွားမှုများကြောင့် ထိုရွေးကောက်ပွဲကို နှစ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည်။
အတိုက်အခံပါတီ ပြောရေးဆိုခွင့်ရှိသူ အဲရစ် ဒူပိုင်း (Eric Dupuy) ကမူ ထိုရွေးကောက်ပွဲတွင် စစ်မှန်သည့် အတိုက်အခံမရှိဘဲ တိုဂိုသည် မြောက်ကိုရီးယားကဲ့သို့ ဖြစ်လာကြောင်း ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1951
CNI International News
နယူးဒေလီ၊ မေလ ၇
ပါကစ္စတန်က သိမ်းပိုက်ထားသည့် ကက်ရှ်မီးယားဒေသ (PoK)သည် အိန္ဒိယ၏ အစိတ်အပိုင်းဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S Jaishankar)က ပြောကြားခဲ့ကြောင်း The Print သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထို့ပြင် PoK သည် အိန္ဒိယ၏ အစိတ်အပိုင်းဖြစ်ကြောင်း ဖော်ပြထားသည့် အိန္ဒိယလွှတ်တော်၏ ကြေညာချက် လည်းရှိကြောင်း ဂျိုင်ရှန်ကာက ပြောသည်။
ပြည်သူများသည် PoK နှင့်ပတ်သက်ပြီး မေ့မေ့ပျောက်ပျောက် နေခဲ့ကြသော်လည်း လက်ရှိတွင် အိန္ဒိယပြည်သူ များ၏ ထိုဒေသအရေးကို သတိပြန်ဝင်လာခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ကက်ရှ်မီးယားဒေသကို တွေ့ရစဉ်
ကတ်တက် (Cuttack)မြို့တွင် ပြုလုပ်သည့် အမေးအဖြေ ကဏ္ဍတစ်ခု၌ PoK ဒေသအရေးနှင့်ပတ်သက်ပြီး အိန္ဒိယ၏ အစီအစဉ်များကို မေးမြန်းခံရချိန်၌ ဂျိုင်ရှန်ကာက "Pok ဟာ ဒီနိုင်ငံထဲက ဘယ်တော့မှ ထွက်သွားခဲ့ တာမျိုး မရှိပါဘူး။ ဒါဟာ ဒီနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ PoK ဟာ အိန္ဒိယရဲ့ အစိတ်အပိုင်းလို့ ဖော်ပြထား သည့် လွှတ်တော်ရဲ့ ကြေညာချက်လည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် PoK အခြေအနေကဘာလဲ။ အခြားလူတွေက ဘယ်လိုထိန်းချုပ်ထားတာလဲ။ ဘာမှမသက်ဆိုင်တဲ့ အပြင်လူတစ်ဦးက PoK ကို ခိုးယူသွားတာ ခင်ဗျားတို့လည်း သိပါတယ်။ ခင်ဗျားတို့ကပဲ အခြားနိုင်ငံကို ထိန်းချုပ်ခွင့် ပေးခဲ့တာပါ" ဟု ပြန်လည် ဖြေကြားခဲ့ သည်။
ထို့ပြင် ပါကစ္စတန်၏ လွတ်လပ်ရေးရသည့် အစောပိုင်းနှစ်များက ထိုဒေသကို ပါကစ္စတန်က ထိန်းချုပ်ခဲ့မှုကို မိမိတို့ မတားဆီးနိုင်ခဲ့ကြောင်း ထိုအခြေအနေသည် အလွန်ဝမ်းနည်းစရာ ကောင်းသည့် နိုင်ငံခြားရေး အကြောင်းအရာဖြစ်ပြီး ယခုလည်း ဆက်လက် ဖြစ်ပွားနေကြောင်း၊ အနာဂတ်တွင် မည်သို့ ဆက်ဖြစ်မည်ကို ပြောရန် ခက်ခဲကြောင်း ဂျိုင်ရှန်ကာက ပြောသည်။
သို့သော် ယနေ့တွင် PoK ဒေသအရေးကို အိန္ဒိယပြည်သူများက နောက်တစ်ကြိမ် သတိပြန်ဝင်လာခဲ့ကြောင်း၊ ထိုဒေသအရေးကို မိမိတို့ မေ့လျော့နေခဲ့ကြောင်း၊ ထိုကဲ့သို့ မေ့လျော့စေရန်လည်း အခြေအနေက အကြောင်းဖန် လာခဲ့ကြောင်း၊ ယနေ့တွင် ထိုဒေသအရေးနှင့် ပတ်သက်သည့် မေးခွန်းကို မေးမြန်းမှုသည် ကောင်းမွန်သည့် မေးခွန်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Article 370 နဲ့ လွှတ်တော်ကိုတွေ့ရစဉ်
ဂျမူးနှင့် ကက်ရှ်မီးယား (Jammu and Kashmir) ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားသည့် Article 370 ဥပဒေကို ပယ်ဖျက်မှုနှင့်ပတ်သက်ပြီး ပြောကြားရာတွင် ဂျိုင်ရှန်ကာက ထိုဥပဒေသည် လွန်ခဲ့သည့် အချိန်ကာလ များကတည်းက ဖျက်သိမ်းသင့်သည့် ဥပဒေဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုဥပဒေ မဖျက်သိမ်းမီ အချိန်က ဂျမူးနှင့် ကက်ရှ်မီးယားတွင် ခွဲထွက်ရေးဝါဒီနှင့် အစွန်းရောက်ဝါဒီများ တည်ရှိခဲ့ ကြောင်း ဂျိုင်ရှန်ကာက ပြောသည်။
အိန္ဒိယ၏ ဖွဲ့စည်းပုံတွင်လည်း ထိုဥပဒေကို ယာယီသာပြဋ္ဌာန်းသည့် ဥပဒေအဖြစ် ဖော်ပြထားပြီး ဖျက်သိမ်းရမည့် ဥပဒေအဖြစ် ဖော်ပြထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
"ကျနော်တို့ရဲ့ အကြီးဆုံးပြဿနာက Article 370 ဖြစ်ခဲ့ပါတယ်။ Article 370 ရှိနေတဲ့ ကာလပတ်လုံး ဂျမူးနဲ့ ကက်ရှ်မီးယားမှာ ခွဲထွက်ဝါဒီနဲ့ အစွန်းရောက်ဝါဒီတွေ ရှိနေမှာ ဖြစ်ပါတယ်။ အဲဒါတွေက အကြမ်းဖက်မှုတွေကို ဖြစ်စေခဲ့တယ်လို့ ကျနော် ပြောနိုင်ပါတယ်" ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။
Source: The Print
