CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၃

နိုင်ငံတစ်ဝန်းရှိ မကောင်းသတင်းနှင့် ကျော်ဇောသည့် သြဇာကြီးမားသူများ၏ စာရင်းကို အပြီးသတ် ကောက်ယူ နိုင်ခဲ့ပြီးဟု ထိုင်းပြည်ထဲရေး ဒုဝန်ကြီး ချာဒါ ထိုင်းဆက် (Chada Thaiset) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုစာရင်းကို အောက်တိုဘာ ၃ ရက်တွင် ပြုလုပ်မည့် ကော်မတီ အစည်းအဝေး၌ တင်သွင်းသွားမည်ဟု ၎င်းက ပြောသည်။

အဆိုပါ စာရင်းတွင် ပါဝင်သူ စုစုပေါင်း ၆၀၀ မှ ၇၀၀ အကြားရှိကြောင်း၊ ၎င်းတို့အနက် ၁၀၀ အောက်သည် အလွန် သတိထားရမည့် သူများဖြစ်ပြီး အနီရောင်အဆင့် သတ်မှတ်ထားသည့် အုပ်စု (Red group)တွင် ပါဝင်သည်ဟု ထိုင်းပြည်ထဲရေး ဒုဝန်ကြီး ချာဒါက ပြောသည်။

ကျန်သည့် လူပုဂ္ဂိုလ်များအနက် သေနတ်သမားများကို ငှားရမ်းသူများ၊ စောင့်ကြည့်စာရင်းတွင် ပါဝင်သူများ ဖြစ်ကာ အဝါရောင်အဆင့် သတ်မှတ်ထားသည့် အုပ်စု (Yellow group)အဖြစ် သတ်မှတ်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ချာဒါက အသေးစိတ် အချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

ထိုင်းမှာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိစဉ်

ထိုစာရင်းကို ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအေဂျင်စီများ၏ ဒေတာ အချက်အလက်များနှင့် တိုက်ဆိုင် စစ်ဆေးသွားမည် ဖြစ်သည်။ 

ထို့နောက် ယခု ကောက်ယူထားသော စာရင်းကို ပြည်ထဲရေးဝန်ကြီးဌာနက ဖွဲ့စည်းထူထောင်ထားသည့် ကော်မတီတွင် ပထမဆုံးအကြိမ် တင်ပြသွား မည်ဖြစ်သည်။ 

မကောင်းသတင်းနှင့် ကျော်ဇောသည့် သြဇာကြီးမားသူများအဖြစ် စံသတ်မှတ်ချက်များဖြစ်သော ရာဇဝတ်မှု ၁၆ မျိုးတွင် တစ်မျိုးမျိုးနှင့် ပါဝင်ပတ်သက်နေသည့် မှတ်တမ်းမှတ်ရာများကို စစ်ဆေးသွားမည်ဟုလည်း ချာဒါက ပြောသည်။

အဆိုပါ ရာဇဝတ်မှု ၁၆ မျိုးမှာ တရားမဝင် ငွေတိုးချေးမှု၊ အစိုးရအေဂျင်စီများထံမှ ကန်ထရိုက်များ ရရှိရန် ပူးပေါင်း လိမ်လည်မှု၊ ဘတ်စ်ကား ကုမ္ပဏီများထံမှ တရားမဝင် အကျိုးဆောင်ခများ ရယူမှု၊ စီးပွားရေး လုပ်ငန်းများကို ခြိမ်းခြောက်ငွေညှစ်မှု၊ မှောင်ခိုကူးမှု၊ လောင်းကစားလုပ်ငန်းများ လုပ်ကိုင်မှု၊ တရားမဝင် လိင်ကုန်ကူးမှု၊ လူမှောင်ခို ကူးမှု တို့ဖြစ်သည်။

ထိုင်း၀န်ကြီးချုပ်နဲ့ ချာဒါကိုတွေ့ရစဉ်

ထို့အပြင် အလုပ်သမားများကို လိမ်ညာခေါ်ယူမှု၊ ခရီးသွားများကို လိမ်ညာမှု၊ သေနတ်သမားများ ငှားရမ်းမှု၊ အကြွေးများကို အင်အားသုံးပြီး သိမ်းယူမှု၊ စစ်ပွဲသုံး လက်နက်များနှင့် အခြားလက်နက်များကို ရောင်းဝယ်မှု၊ နိုင်ငံပိုင်မြေ ကို ကျူးကျော်မှု သို့မဟုတ် သဘာဝသယံဇာတများကို ဖျက်ဆီးမှု၊ ပြည်သူပိုင် အဝေးပြေး လမ်းမ များနှင့် ပတ်သက်ပြီး လာဘ်ပေး-လာဘ်ယူမှု၊ တရားမဝင် မူးယစ်းဆေးဝါးများနှင့် ပါဝင်ပတ်သက်မှုတို့လည်း ပါဝင်သည်။

မစ္စတာချာဒါက သူသည် နိုင်ငံတစ်ဝန်းရှိ ရပ်/ကျေး ခေါင်းဆောင်များ၊ ဒေသန္တရ အစိုးရ အကြီးအကဲများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ သဘောထားများကို လေ့လာသွားမည်ဟု ပြောသည်။ 

ထို့ပြင် ဒေသခံ ခေါင်းဆောင်များကိုလည်း တရားမဝင် အလုပ်ကိစ္စများတွင် ပါဝင်ခြင်း မပြုရန် တိုက်တွန်း သွားမည်ဟု ၎င်းက ပြောသည်။

မစ္စတာ ချာဒါသည် ယခင်က ၎င်း၏ အူထိုင်း သာနီ (Uthai Thani) ပြည်နယ်တွင် မကောင်းသတင်းနှင့် ကျော်ဇော ခဲ့သည့် သြဇာကြီးမားသူ တစ်ဦးဖြစ်ခဲ့ဖူးပြီး မကောင်းသတင်းနှင့် ကျော်ဇော်သူများ စာရင်းတွင် ပါဝင်ခဲ့ဖူးကြောင်း ဝန်ခံခဲ့သည်။ 

"ဒါပေမယ့် ကျနော်ဟာ တရားမဝင် အလုပ်တွေကို မလုပ်တော့ဘူးဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ ကျနော်ဟာ မကောင်းသတင်းနဲ့ ကျော်ဇောသူ မဟုတ်တော့ပါဘူး။ အခုချိန်မှာ ကျနော်ဟာ နိုင်ငံအတွက် တာဝန် ထမ်းဆောင် နေတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ဖြစ်နေပါပြီ" ဟု ချာဒါက ကြေညာခဲ့သည်။

Source: ဘန်ကောက်ပို့စ်