CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၁၅

မှုခင်းကိစ္စဖြင့် သံသယရှိသူကို သေသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့သဖြင့် ထောင်သွင်းအကျဉ်းချခံထားရသည့် ခရိုင်အဆင့် ရဲချုပ်ဟောင်း တစ်ဦးသည် သမားရိုးကျမဟုတ်ဘဲ ချမ်းသာကြွယ်ဝနေသူဖြစ်ကြောင်း တွေ့ရှိရပြီး နောက် ၎င်း၏ ဘတ်ငွေ ၁ ဒသမ ၃၅ ဘီလီယံ တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို ထိုင်းအစိုးရက သိမ်းယူခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

ပြောင်လက်တောက်ပသည့် ဇိမ်ခံကားများကို အရသာခံ စီးနင်းတတ်သဖြင့် ဂျိုးဖာရာရီဟု နာမည်ပြောင်ဖြင့် အခေါ်ခံရသူ ရဲချုပ်ဟောင်း သီတီဆန်အက်သန်နာဖွန်သည် ပြီးခဲ့သည့် ဇွန်လတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။

၎င်းသည် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် အကျင့်ပျက်ခြစားမှုအပေါ် ရှားရှားပါးပါး ဖော်ထုတ်တွေ့ရှိရသည့် ဖြစ်စဉ်တစ်ခု စစ်ဆေးပေါ်ပေါက်ပြီးနောက် ထိုကဲ့သို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုင်းအစိုးရကိုတွေ့ရစဉ်(Reuters)

“အစိုးရအရာရှိ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခြင်းမှ ရရှိသည့် ၎င်း၏ဝင်ငွေသည် ၎င်းပိုင်ဆိုင်မှုနှင့် ကိုက်ညီမှု မရှိကြောင်း” ထိုင်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ နီဝက်ချိုင်ဂေ့ မင်ကောလ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

သူ(ခရိုင်အဆင့် ရဲချုပ်ဟောင်း)သည် သမားရိုးကျ ချမ်းသာလာသည်ခြင်း မဟုတ်၍ ဘတ်ငွေ ၁ ဒသမ ၃၅ ဘီလီယံ တန်ဖိုးရှိ ၎င်း၏ ပိုင်ဆိုင်မှုများကို အစိုးရမှ သိမ်းယူသင့်ကြောင်း နီဝက်ချိုင်ဂေ့မင်ကောလ်က ဆက်လက် ပြော ကြားခဲ့သည်။

ရဲချုပ်ဟောင်း သီတီဆန်၏ ချမ်းသာစွာ နေထိုင်မှုပုံစံနှင့် ထင်ပေါ်ကျော်ကြားသူများ၏ ထုတ်ဖော်ပြောကြား ချက်များမှာ ၎င်း အဖမ်းခံရပြီး နောက်ပိုင်း သတင်းစာ ခေါင်းကြီးပိုင်း သတင်းများ ဖြစ်လာခဲ့သည်။

တစ်လစာ လစာမှာ ဘတ်ငွေ ၄၇,၀၀၀ ဝန်းကျင်ရှိသည့် ရဲအရာရှိတစ်ဦးသည် ဘန်ကောက်မြို့တော်တွင် ဇိမ်ခံ အိမ်ကြီးနှင့် ဘတ်ငွေ ၅၄ သန်းတန် Lamborghini Aventador အပါအဝင် ကမ္ဘာ့ထိပ်တန်း ဇိမ်ခံကား ၄၂ စီးအထိ ပိုင်ဆိုင်ထားကြောင်း ထိုင်းစုံစမ်းစစ်ရေးမှူးများက ပြောကြားခဲ့ကြသည်။

 ထိုင်းရဲတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

အသက် ၂၄ နှစ်အရွယ်ရှိ ဂျီရာပေါင်သာနာပက်ဆိုသူ သေဆုံးခဲ့မှုကို ကနဦးတွင် ရဲတပ်ဖွဲ့က နှုတ်ဆိတ်နေခဲ့ပြီး ရှေ့နေတစ်ဦးက သေဆုံးရခြင်း ဖြစ်ရပ်မှန်ကို ဖေ့စ်ဘွတ်ခ်ပေါ်သို့ ပို့စ်မတင်မချင်း အဖက်တမင်း မူးယစ်ဆေး လွန်ကဲစွာ သုံးစွဲမိခြင်းဟုသာ ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် တွေ့ခဲ့ရသည်။

ပေါက်ကြားလာသည့် ဗွီဒီယိုဖိုင် တစ်ဖိုင်တွင် ရဲချုပ် သီတီဆန်နှင့် အခြားရဲအရာရှိ ၆ ဦးတို့က သေဆုံးသူ ဂျီရာပေါင် သာနာပက်၏ ဦးခေါင်းကို ပလတ်စတစ်အိတ် ၇ လုံးဖြင့် ရစ်ပတ်ညှင်းပန်း၍ စစ်ကြော မေးမြန်းခဲ့ကြကြောင်း တွေ့ ရှိ ရသည်။

ထို့ပြင် ၎င်းတို့သည် ဘတ်ငွေ ၂ သိန်းကျော် အပေးအယူလုပ်ရန် သေဆုံးသူကို ခြိမ်းခြောက်ခဲ့ပြီး နောက်ဆုံးတွင် အသက်ဆုံးရှုံးစေသည်အထိ ဖြစ်‌ပေါ်စေခဲ့ကြောင်း ပေါ်ပေါက်လာခဲ့သည်။

Source: Bangkok Post