CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅

ချင်းလဲန်းဒေသ(ချင်းပြည်နယ်)မှာ အစိုးရယန္တရားများဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ကို လည်ပတ်နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ပူးတွဲကာကွယ်ရေး ကော်မတီ (CJDC)မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထွန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူများ ပူးပေါင်းခြင်းမပြုရန် CJDC မှ ထုတ်ပြန် ထားသည်။

နစကအနေဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက နိုင်ငံတကာ အမြင်တွင် ၎င်းတို့ကို ပြည်သူလူထုက လက်မခံ သည်ကို သိရှိမည် ဖြစ်ကြောင်း CJDC ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထွန်းထွန်းဦးက ပြောသည်။

၎င်းက “စကစ ကိုယ်တိုင်ကလည်း မြန်မာပြည်တွင်းမှာ ရွေးကောက်ပွဲတွေ ဘယ်သူမှ လက်မခံသေးရင်တော့ သူတို့ကို တစ်တိုင်းပြည်လုံးက ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေတယ်ဆိုတဲ့ ဟာမျိုးကလည်း သူတို့မှာလည်း အမြင်ရှိမှာပေါ့၊ အခုက တချို့နေရာတွေမှာ စကစကျင်းပမယ့်‌ ရွေးကောက်ပွဲကို လက်ခံပေးတယ်ဆိုရင် စကစကို တစ်ဖက်က လက်ခံသွားတဲ့ အနေအထားပဲ ရောက်လာနိုင်မယ့် အနေအထားရှိမယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါ တယ်။ နောက်တစ်ခုကတော့ ကျနော်တို့ ချင်းလိုဟာမျိုး CJDC လှုပ်ရှားတဲ့ ချင်းလဲန်းကိစ္စမျိုးမှာတော့ ကျနော်တို့ က ဒီတော်လှန်ရေးကာလမှာ ရွေးကောက်ပွဲက လုပ်မရသေးတဲ့အပြင် တော်လှန်ရေးကာလမှာ စကစ ရွေးကောက် ပွဲ ဝင်ပြိုင်ပြီးမှ အနိုင်ရလာတဲ့ သူတွေအားဖြင့်လည်း ချင်းအစိုးရဟာလိုမျိုးကို ဖွဲ့စည်းမယ်ဆိုတဲ့ဟာ ကျနော်တို့ လည်း လက်ခံခြင်း မရှိပါဘူးလို့ ကျနော်တို့ဖာသာ ကျနော်တို့ အုပ်ချုပ်ရေးတွေ၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမှ အစ အစိုးရယန္တရားတွေအားလုံးကို ကိုယ့်ဟာနဲ့ကိုယ် လည်ပတ်အောင် ကြိုးစားသွားမယ်လို့ ကျနော့် အနေနဲ့ ပြော ချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 CJDC ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ထို့နောက် နစက ကျင်းပမည့် ရွေးကောက်ပွဲကို ပူးပေါင်းခြင်းမပြုရန် ထုတ်ပြန်ချက်ကို လိုက်နာခြင်း မရှိဘဲ ချိုးဖောက်မှုများ တွေ့ရှိပါလျှင် ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း CJDC က ထုတ်ပြန်ထားသည်။

နစက အနေဖြင့် လာမည့်ရွေးကောက်ပွဲကို မရရသည့်နည်းဖြင့် ကျင်းပလိမ့်မည်ဖြစ်ကြောင်း၊ သို့သော်လည်း လူထု က မပျက်ပျက်‌အောင် ဖျက်လိမ့်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “သူက မဖြစ်မနေ လွှမ်းမိုးနိုင်တဲ့ နေရာတွေမှာ လွှမ်းမိုးလို့ရတဲ့ နေရာတွေမှာ အတင်းအကျပ် ပြည်သူတွေ ကျနော်တို့ မဲထည့်အောင် ကြိုးစားပါလိမ့်မယ်၊ ဒါပေမဲ့ မဲရုံစနစ်က ဘယ်လိုဖြစ်မလဲဆိုတာ မသိဘူးပေါ့ဗျာ၊ မဲရုံ စနစ်မှာ တကယ်တစ်ဦးချင်း လွတ်လပ်စွာ လုပ်ပိုင်ခွင့်သာ ရမယ်ဆိုရင်တော့ ပြည်သူလူထုက ထည့်မှာ မဟုတ်ပါ ဘူး။ အားလုံး ကြက်ခြေခတ်ကြမှာပါ။ ဒါကြောင့်မို့ လွတ်လပ်တရားမျှတ မှန်ကန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မဖြစ်ဖြစ်အောင်တော့ လုပ်လိမ့်မယ်၊ မရရအောင် ညစ်ပတ်တဲ့ ကောက်ကျစ်တဲ့ လိမ်လည်တဲ့ နည်းမျိုးစုံ သုံးပြီးတော့ သူတို့ ‌ရွေးကောက်ပွဲ အောင်ပွဲစာရင်းကို ထုတ်ပြန်မှာပါ။ ဘာကြောင့်လဲဆို‌တော့ အဲဒါမှသာလျှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတရွေးချယ်ခွင့်ရမှာ ဖြစ်တာကိုး၊ ဒါကြောင့်မို့လို့ သူက ဖြစ်အောင် လုပ်လိမ့် မယ်။ ပြည်သူလူထုကတော့ မရရတဲ့နည်းနဲ့ ဖျက်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်” ဟု CNI သတင်းဌာနသို့ ပြော သည်။

ရွေးကောက်ပွဲ မဲစာရင်း ထုတ်ပြန်နေစဉ်

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများအနေဖြင့် နစက ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ကလည်း ပြောကြားထားသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလကလည်း နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

နစက-ကတော့ လာမည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် ပါတီကို နိုင်ငံတော် အာဏာလွှဲအပ်ပေးမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားထားသည်။