- By CNI
- Category: နိုင်ငံရေး
- Hits: 951
CNI International News
ကိယက်ဗ်၊ မတ်လ ၁၆
ရုရှား ဂျက်တိုက်လေယာဉ်တစ်စင်းနှင့်တွေ့ဆုံပြီးနောက် ပင်လယ်နက်အတွင်းသို့ ပျက်ကျသွားခဲ့သည့် အမေရိကန် ထောက်လှမ်းရေး ဒရုန်းတစ်စင်း၏ အပျက်အစီးများကို ရုရှားအစိုးရက ဆယ်ယူလိုနေသည်ဟု ရုရှား လုံခြုံရေး အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြောင်း AP သတင်းတွင် ဖော်ပြသည်။
အဆိုပါဖြစ်ရပ်သည် ယူကရိန်းပဋိပက္ခတွင် အမေရိကန်၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုအတွက် နောက်ထပ် အတည်ပြုမှုဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ၏အတွင်းရေးမှူးဖြစ်သူ နီကိုလိုင် ပတ်ထရူရှက်ဗ် (Nikolai Patrushev) က ရုပ်သံတွင် ပြောခဲ့ပြီး ဒရုန်း၏အပျက်အစီးများကို ရှာဖွေရန်စီစဉ်နေသည်ဟုလည်း ဆိုသည်။ အောင်မြင်မည်လားမသိရသေးသော်လည်း ရှာဖွေမှုကိုလုပ်ဆောင်သွားမည်ဟု ပတ်ထရူရှက်ဗ်က ပြောသည်။
သို့သော် အမေရိကန်၏ MQ-Reaper ဒရုန်းသည် အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ပေါ်ရှိ အပြည်ပြည်ဆိုင်ရာ လေပိုင်နက်တွင် ပျံသန်းနေစဉ် ရုရှားတိုက်လေယာဉ်တစ်စင်း၏ တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရသည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ (John Kirby) က ပြောသည်။ ပင်လယ်နက်အတွင်း ရုရှားတပ်များရှိမှုသည် ပုံမှန်ဖြစ်သော်လည်း ရုရှားသည် အမေရိကန်ဒရုန်းအား ကြားဖြတ်တိုက်ခိုက်ရန် ကြိုးစားခဲ့သည်ဟု အမေရိကန်အရာရှိများက စွပ်စွဲခဲ့သည်။
ထိုကဲ့သို့သော ထိပ်တိုက်တွေ့ဆုံမှုများက မှားယွင်းတွက်ချက်မှုနှင့် အထင်လွဲမှုများကိုဖြစ်နိုင်ခြေ တိုးလာစေသည်ဟုလည်း ကာဘီက ပြောသည်။ ပင်လယ်အတွင်းပြုတ်ကျခဲ့သော ဒရုန်းကို ပြန်မဆယ်ယူရသေးကြောင်း၊ ဆယ်ယူ နိုင်မလားမသေချာကြောင်း သို့သော် အမေရိကန်အနေဖြင့် အချက်အလက်များကို ကာကွယ်ရန်၊ အဆိုပါ ဒရုန်း သည်တစ်စုံတစ်ဦးအတွက် အသုံးဝင်သောအကြောင်းအရာ ဖြစ်သွားနိုင်ခြေကို လျော့ချရန်နှင့် ကာကွယ်ရန် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောသည်။
ရုရှားလေတပ်၏ Su-25 မြေပြင်တိုက်ခိုက်ရေးဂျက်လေယာဉ်သည် ယူကရိန်းနိုင်ငံကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့စဉ်(ဓါတ်ပုံ-အေပီ)
ရုရှားတွင် ပင်လယ်နက်အောက်ခြေသို့ရောက်ရှိနေသော ဒရုန်း၏ အပျက်အစီးများကို ဆယ်ယူနိုင်သော နည်းပညာရှိသည်ဟု ရုရှား၏နိုင်ငံခြားထောက်လှမ်းရေးအကြီးအကဲ ဆာဂျီ နာရစ်ချ်ကင် (Sergei Naryahkin) က ပြောသည်။ ရုရှားဂျက်လေယာဉ်များသည် အမေရိကန်ဒရုန်းအား လက်နက်အသုံးပြုခဲ့ခြင်း၊ ထိခိုက်စေခဲ့ခြင်းမျိုး မရှိခဲ့ဟုလည်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ် (Dmitry Peskov) က ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်အတိုင်း ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ပြောခဲ့သည်။
ရုရှား-အမေရိကန်ဆက်ဆံရေးမှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေသော်လည်း ရုရှားသည် အပြုသဘောဆောင်သည့် ဆွေးနွေးပွဲတစ်ခုကျင်းပရေးအတွက် မည်သည့်အခါတွင်မှ ငြင်းဆန်ခြင်းမရှိဟုလည်း ပတ်စ်ကော့ဗ်က ပြောခဲ့သည်။
အင်္ဂါနေ့ဖြစ်စဉ်နှင့် ပတ်သက်၍ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ကလည်း ရုရှားဂျက်လေယာဉ်၏ ကြားဖြတ်မှုသည် နိုင်ငံတကာလေပိုင်နက်အတွင်း ရုရှားလေယာဉ်မှူးများ၏ ရန်လို သော၊အန္တရာယ်များ၍ မလုံခြုံသောလုပ်ရပ်များမှ အစိတ်အပိုင်းတစ်ရပ်သာဖြစ်သည်ဟု ပြောသည်။
ရုရှားအနေဖြင့် ၎င်းတို့၏လေယာဉ်များကို ပိုမိုအန္တရာယ်ကင်းစွာ ထိန်းချုပ်သင့်သည်ဟုလည်း ၎င်းက ပြောသည်။
Source:AP

- By CNI
- Category: နိုင်ငံရေး
- Hits: 1573
CNI International News
တိုင်းချွန်း၊ မတ်လ ၁၅
ပြည်တွင်းဖြစ် စစ်ဖက်သုံး ဒရုန်းမော်ဒယ်သစ်များကို ထိုင်ဝမ်အစိုးရက အင်္ဂါနေ့တွင် ထုတ်ပြန်ပြသခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။
ဒရုန်းများသည် ပိုမိုအင်အားကြီးမားသော တရုတ်စစ်တပ်နှင့် ရင်ဆိုင်ရချိန်တွင် ထိုင်ဝမ်စစ်တပ်အား ပိုမို လျင်မြန်စွာ တုန့်ပြန်နိုင်ရန် ယင်း၏ဘက်မမျှသော စစ်ပွဲစွမ်းရည်အတွက် အဓိကကျသည်ဟုလည်း ပြောသည်။
ထိုင်ဝမ်ဘက်မှ ငြင်းဆန်နေသော်လည်း တရုတ်အစိုးရသည် ထိုင်ဝမ်အား တရုတ်၏ အချုပ်အခြာပိုင်အဖြစ် လက်ခံရေးအတွက် ကျွန်းအနီးတွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ကာ ဖိအားပေးလျက်ရှိသည်။ လိုအပ်ပါက တပ် အင်အားကို အသုံးပြုသွားမည်ဟုလည်း တရုတ်အစိုးရက ပြောဆိုထားသည်။
ယူကရိန်းစစ်ပွဲသည် ဒရုန်းထုတ်လုပ်မှု အပါအဝင် ကာကွယ်ရေးအင်အားကို မြှင့်တင်ရေးအတွက် ထိုင်ဝမ် စစ်တပ် အနေဖြင့် ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်နေသည်ကို ပြသနေသည်။ ဒရုန်းစွမ်းရည်နှင့် ပတ်သက်၍ ကြုံတောင့်ကြုံခဲ ထုတ်ဖော်ပြသမှုတွင် စစ်တပ်ပိုင် ချောင်-ရှန် အမျိုးသားသိပ္ပံနှင့် နည်းပညာအဖွဲ့ (NCSIST) သည် Albatross II ထောက်လှမ်းရေး ဒရုန်းနှင့် ဂျီပီအက်စ်သုံးတိုက်ခိုက်ရေးဒရုန်းများအပြင် နောက်ဆုံး ပေါ် ဒရုန်းများကိုထုတ်ပြန် ပြသခဲ့သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်း၏ပြည်တွင်း၌ တီထွင်ထုတ်လုပ်ထားသော ဒရုန်းများကို မတ်လ ၁၄ ရက်နေ့က တိုင်ချွန်၌ စာနယ်ဇင်းများကို ပြသခဲ့စဉ်(ဓါတ်ပုံ-ရိုက်တာ)
ထိုင်ဝမ်စစ်တပ်က လာမည့်နှစ်တွင် ဒရုန်းအစီးရေ ၃၀၀၀ ထုတ်လုပ်နိုင်ရေးအတွက် ကုမ္ပဏီများနှင့် မိတ်ဖက် သဘောတူညီချက်ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏မဟာဗျူဟာများတွင် ဒရုန်းများအသုံးပြုမှုကို တိုးမြှင့်ဆောင်ရွက် သင့်သည်ဟု NCSIST ၏ လေယာဉ်စနစ်လေ့လာမှုအဖွဲ့ခွဲမှ ဒါရိုက်တာဖြစ်သူ ချီလီ-ပင် (Chi Li-Pin) က ပြောသည်။
ထိုင်ဝမ်တပ်များ၏ ပိုမိုရွေ့လျားနိုင်ရေးနှင့် ခက်ခက်ခဲခဲ တိုက်ခိုက်ရေးအတွက် အရေးပါသော ဘက်မညီသော စစ်ပွဲကို သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) ကလည်း ချီးကျူးခဲ့သည်။
သို့သော် ထိုင်ဝမ်တပ်ဖွဲ့များသည် လက်နက်အပြည့်အဝတပ်ဆင်ထားစေကာမူ တရုတ်စစ်တပ်နှင့်ယှဉ်လျှင် နိမ့်ပါးနေဆဲ ဖြစ်သည်။ တရုတ်သည် တုန့်ပြန်မှုကို လေ့လာရန် ထိုင်ဝမ်အနီးဧရိယာများသို့ ဒရုန်းများ စေလွှတ် ခဲ့ကြောင်း ကျွန်း၏ကာကွယ်ရေးဌာနက ပြောသည်။
ပြီးခဲ့သည့်နှစ်တွင်လည်း ထိုင်ဝမ်စစ်တပ်သည် လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသော အရပ်ဘက်သုံး ဒရုန်း တစ်စင်းကို ပစ်ချခဲ့သည်။
Source:Reuters

- By CNI
- Category: နိုင်ငံရေး
- Hits: 810
CNI International News
ဘေဂျင်း၊ မတ်လ ၁၅
အမေရိကန်၊ သြစတြေးလျနှင့် ဗြိတိန်တို့သည် ၎င်းတို့၏ ပထဝီဝင် နိုင်ငံရေး အကျိုးအမြတ်အတွက် အန္တရယ်ရှိ သော လမ်းကြောင်းပေါ်သို့ ထပ်မံ လျှောက်လှမ်းလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဌာနက အင်္ဂါနေ့တွင် ပြော ကြားခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
သြစတြေးလျ၏ ရေတပ်အင်အားကို တိုးချဲ့ရန် အမေရိကန်ထံမှ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ် သင်္ဘောများ ဝယ်ယူရေး သဘောတူညီချက်နှင့် ပတ်သက်၍ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
သုံးနိုင်ငံပါဝင်သော ထိုသဘောတူညီချက်ကို AUKUS ဟုခေါ်သည်။
ထိုသဘောတူညီချက်သည် လက်နက်ချင်း ယှဉ်ပြိုင်မှုကို အားပေးသော၊ အပြည်ပြည်ဆိုင်ရာ နျူကလီးယား မပြန့်ပွားရေး သဘောတူညီချက်ကို ပျက်စီးစေသော၊ ဒေသတွင်း ငြိမ်ချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသော စစ်အေးခေတ် သဘောထားမှ အခြေခံကာ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်း (Wang Wenbin)က ပြောသည်။
AUKUS ရဲ့ ရေငုပ်သင်္ဘောကိုတွေ့ရစဉ်
ထိုသုံးနိုင်ငံမှ ပူးတွဲ ထုတ်ပြန်ခဲ့သော နောက်ဆုံး ထုတ်ပြန်ချက်တွင် ယင်းတို့သည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ်မှုကို လျစ်လျူရှုကာ ၎င်းတို့ကိုယ်ပိုင် အကျိုးစီးပွားအတွက် အန္တရာယ်ရှိသော လမ်းကြောင်းတွင် ဆက်လျှောက်နေဆဲ ဖြစ်သည်ကို ဖော်ပြနေသည်ဟု ဝမ်က ပြောသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Biden)သည် သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနိစ် (Anthony Albabese)၊ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနတ် (Rishi Sunak) တို့နှင့် ဆန်ဒီယေဂိုမြို့တွင် တွေ့ဆုံခဲ့ကာ ၁၈ လ သက်တမ်းရှိ နျူကလီးယား မိတ်ဖက် သဘောတူညီချက်ကို ချီးကျူးမှု ပြုလုပ်ခဲ့သည်။
ထိုသဘောတူညီချက်ကြောင့် သြစတြေးလျသည် တရုတ်၏ စစ်ရေးတိုးချဲ့မှုများကို တန်ပြန်ရန် နိုင်ငံတစ်ခု အနေဖြင့် သာမာန်စွမ်းအင်သုံး ရေငုပ်သင်္ဘောများထက် ပိုကောင်းသော နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ပိုင်ဆိုင်ခွင့် ရရှိမည် ဖြစ်သည်။
ဘိုင်ဒန်က ထိုသင်္ဘောများတွင် မည်သည့် နျူကလီးယား လက်နက်မှ တပ်ဆင်သွားဖို့ မရှိကြောင်း အခိုင်အမာ ပြောသည်။
AUKUS အဖွဲ့ကိုတွေ့ရစဉ်
ထိုသဘောတူညီချက်ကြောင့် တရုတ်နှင့်ဆက်ဆံရေးကို ထိခိုက်စေမည်ဟု မထင်ကြောင်းလည်း အယ်လ်ဘာနိစ် က ပြောသည်။
သို့သော် AUKUS သည် နျူကလီးယား ပျံ့ပွားမှုအတွက် ဆိုးရွားသည့် အန္တရာယ်များကို ဖြစ်စေကာ နျူကလီးယား လက်နက် မပျံ့ပွားရေး သဘောတူညီချက်၏ ရည်ရွယ်ချက်များကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဝမ်က ထပ်ခါထပ်ခါ ပြောဆိုထားသည်။
AUKUS သည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဒေသတွင်း အကြီးမားဆုံး စစ်အင်အား ပြင်ဆင်မှုကို တန်ပြန်ရန် မရှိမဖြစ် လိုအပ်ကြောင်း သြစတြေးလျ ကာကွယ်ရေးဌာနက အင်္ဂါနေ့တွင် ပြောသည်။
ထိုသဘောတူညီချက်သည် လာမည့် ဆယ်စုနှစ် သုံးခုအတွင်း ဒေါ်လာ ၂၄၅ ဘီလီယံ ကုန်ကျမည်ဖြစ်ကာ အလုပ်အကိုင်ပေါင်း ၂၀၀၀၀ ကို ဖန်တီးပေးမည်ဟုလည်း ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 770
CNI International News
တိုင်ပေ၊ မတ်လ ၁၄
ထိုင်ဝမ်၏ ယခုနှစ် ကာကွယ်ရေး အသုံးစရိတ်ကို F-16 ဂျက်တိုက်လေယာဉ် အစိတ်အပိုင်းများနှင့် လက်နက် ပြန်လည် ဖြည့်တင်းခြင်း အပါအဝင် တရုတ်ဘက်မှ အလုံးစုံ ပိတ်ဆို့မှုအတွက် လက်နက်နှင့်အသုံးအဆောင် ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရေး ဦးတည်ဆောင်ရွက်သွားမည်ဟု ထိုင်ဝမ်စစ်တပ်မှ ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ရေးသားထားကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
တရုတ်သည် ထိုင်ဝမ်အား ၎င်းတို့ ပိုင်နယ်မြေအဖြစ် ရှုမြင်ထားကာ ပြီးခဲ့သည့် သြဂုတ်လတွင် ကျွန်းအနီး စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်။
ထိုင်ဝမ် ကောင်းကင်ယံသို့ ဒုံးကျည်များ ပစ်ခတ်ခြင်း၊ လေကြောင်းနှင့် ရေကြောင်း ကန့်သတ်ဇုန်များ သတ်မှတ် ခြင်း အပါအဝင် စစ်ပွဲတစ်ခုအတွင်း ထိုင်ဝမ်အား ပြင်ပနှင့် အဆက်ဖြတ်နိုင်ရေး လေ့ကျင့်မှုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်ဘက်မှ J-16 ဂျက်တိုက်လေယာဉ်ကိုတွေ့ရစဉ်
လွှတ်တော် ဘတ်ဂျက် အတည်ပြုမှု တောင်းခံရာတွင် ပြီးခဲ့သည့်နှစ်မှ စတင်ကာ အရံလောင်စာဆီနှင့် ပြုပြင် ထိန်းသိမ်းရေး စွမ်းရည်တို့ကို သုံးသပ်မှု စတင်လုပ်ဆောင်ခဲ့သည်ဟု ထိုင်ဝမ် ကာကွယ်ရေးဌာနက ပြောခဲ့သော် လည်း အသေးစိတ်ကိုမူ မဖော်ပြခဲ့ပေ။
ထိုင်ဝမ်ကျွန်းဆွယ်အား အလုံးစုံ ပိတ်ဆို့ထားမည်ဟု ကြိုတင်ခန့်မှန်းမှုဖြင့် ယခုနှစ် အသုံးစရိတ်တွင် စဉ်ဆက် မပြတ် တိုက်ခိုက်နိုင်ရေး အမြောက်နှင့်ဒုံးကျည်တို့အပြင် F-16 ဂျက်တိုက်လေယာဉ် အစိတ်အပိုင်းများ သိုလှောင် ထားမှုလည်း ပါဝင်သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဌာနက ပြောသည်။
တရုတ်၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်သည့် ကြိုတင်ခန့်မှန်းမှုတွင် တရုတ်စစ်တပ်သည် မဟာဗျူဟာမြောက် ပိတ်ဆို့ရေး နေရာများ ထိန်းချုပ်ရန်နှင့် နိုင်ငံခြားတပ်များ ဝင်ရောက်နိုင်မှုကို ငြင်းပယ်နိုင်ရေး ရည်ရွယ်ကာ ပူးတွဲ စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိသည်ဟု ကာကွယ်ရေးဌာနက ပြောသည်။
ထိုင်ဝမ် လက်နက်ခဲယမ်းများကိုတွေ့ရစဉ်
မကြာသေးခင်က အချိန်များအတွင်း တရုတ်၏ စစ်ရေး လေ့ကျင့်မှု ပုံစံများသည် တပ်တစ်မျိုးထဲ အသုံးပြုခြင်းမှ ကြည်း၊ ရေ၊ လေ၊ ဒုံးကျည်တပ်များ ပူးတွဲအသုံးပြုမှုပုံစံသို့ ပြောင်းလဲလာကြောင်း ကာကွယ်ရေးဝန်ကြီး ချူကူချန်း (Chiu Kuo-Cheng) က ပြောသည်။
တရုတ်သည် အမှန်တကယ် စစ်ပွဲသို့ ချဉ်းကပ်သည့် ပုံစံမျိုး ကျင့်သုံးလာကာ လေ့ကျင့်မှုမှသည် တိုက်ခိုက်ရန် ပြင်ဆင်မှုအဖြစ် ပြောင်းလဲလာသည်ဟု ၎င်းက ပြောခဲ့သော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ တရုတ်၏ ထိုင်ဝမ် ရေးရာရုံးသို့ မေးမြန်းခဲ့ရာတွင် ပြန်လည် ဖြေကြားခဲ့ခြင်း မရှိသေးပေ။
တရုတ်သည် ထိုင်ဝမ်အား နိုင်ငံပိုင်အဖြစ် ပြုလုပ်ရန် လိုအပ်ပါက တပ်အင်အားကို အသုံးပြုမည်ဟု အတိအလင်း ပြောဆိုထားကာ ထိုင်ဝမ်အရေးနှင့် ပတ်သက်လာလျှင် လွတ်လပ်ရေး လိုလားမှု၊ ခွဲထွက်မှုနှင့် ပြင်ပ အင်အားစုများ ၏ ကြားဝင်ဆောင်ရွက်မှုတို့ကို လုံးဝလက်ခံသွားမည် မဟုတ်ဟုလည်း တရုတ်သမ္မတက ပြောခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 719
CNI International News
ဆိုးလ်၊ မတ်လ ၁၄
တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် နှစ်များစွာအတွင်း အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့တွင် စတင်ခဲ့သည်ဟု AP သတင်းတွင်ဖော်ပြသည်။
မြောက်ကိုရီးယားဘက်ကလည်း စစ်ရေးလေ့ကျင့်မှုအား ဆန့်ကျင်ကန့်ကွက်မှုအဖြစ် ရေငုပ်သင်္ဘောမှ ခရုဇ် ဒုံးကျည်များ စမ်းသပ်ပစ်ခတ်ခဲ့သည်ဟု ကြေညာခဲ့သည်။
မြောက်ကိုရီးယား၏ တနင်္ဂနွေနေ့စမ်းသပ်မှုသည် အမေရိကန်-တောင်ကိုရီးယားတို့၏ ၁၁ ရက်ကြာ စစ်ရေး လေ့ကျင့်မှုအတွင်း ရန်စသော လက်နက်စမ်းသပ်မှုများကို ထပ်မံလုပ်ဆောင်သွားမည်ဆိုသည့်သဘော ဖြစ်သည်။ ရန်သူများ၏ စစ်ပြင်ဆင်မှုများကို တွန်းလှန်နိုင်ရေး အသင့်ပြင်ထားရန်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ပြီးခဲ့သည့် သီတင်းပတ်တွင် သတိပေးခဲ့သည်။ မြောက်ကိုရီးယားနှင့် တရုတ် တို့၏ အခြေအနေများက အမေရိကန်အား အာရှမဟာမိတ်များနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံရန်ဖြစ်စေခဲ့သည်။
တောင်ကိုးရီးယားစစ်တပ်၏ K-5 မောင်းသူမဲ့ ဟောင်ဝစ်ဇာများကို မြောက်ကိုရီးယားနယ်စပ်အနီး ရင်ချွန်း၌ တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)
ပြီးခဲ့သည့်နှစ်တွင် မြောက်ကိုရီးယားအစိုးရသည် ၎င်းတို့၏ နျူကလီးယားလက်နက်အင်အားကို မြှင့်တင်ရန် တိုး မြှင့်ဆောင်ရွက်ခဲ့ပြီး ယင်းအပေါ် အမေရိကန်ဦးဆောင်သည့် အရေးယူပိတ်ဆို့မှုများကိုလည်း တရုတ်နှင့် ရုရှား တို့က မကြာခဏဆိုသလို ပိတ်ပင်ခဲ့သည်။ တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုများတွင် ကွန်ပြူတာ ဖြင့် ဖန်တီးထားသောလေ့ကျင့်မှုအပြင် လက်တွေ့ပူးတွဲလေ့ကျင့်ရေးအစီအစဉ်များ ပါဝင်သည်။ လက်တွေ့ လေ့ကျင့်မှုအစီအစဉ်များသည် မဟာမိတ်များ၏ ၂၀၁၈ ခုနှစ် အင်အားအကြီးမားဆုံး လေ့ကျင့်မှုကဲ့သို့ အရွယ် အစားမျိုးရှိမည်ဟုလည်း တောင်ကိုရီးယားအာဏာပိုင်များက ပြောသည်။
အရှေ့ဘက်ကမ်းလွန်ရှိ ရေငုပ်သင်္ဘောတစ်စင်းမှ ခရုဇ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်စမ်းသပ်မှုသည် နယ်ချဲ့ အမေရိကန်နှင့် ရုပ်သေးရုပ်တောင်ကိုရီးယားတပ်များ၏ စစ်ရေးလေ့ကျင့်မှုများအပေါ် တုန့်ပြန်ရန် အဖြေတစ်ခု ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းတွင်ဖော်ပြသည်။
မတ်လ ၁၂ ရက်နေ့ တနင်္ဂနွေနေ့အစောပိုင်းတွင် မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းရှိ ရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်ခတ်ခဲ့သည့် ခရုဇ်ဒုံးကျည်(ဓါတ်ပုံ-KCNA/AP)
ဒုံးကျည်များသည် မဟာဗျူဟာမြောက် လက်နက်များဟု KCNA က သတ်မှတ်ခဲ့ပြီး တနင်္ဂနွေနေ့က ပစ်လွှတ်မှု များသည် နိုင်ငံ၏နျူကလီးယားအင်အားကို ပြသမှုဖြစ်သည်ဟုလည်း သတင်းတွင် ဖော်ပြသည်။ အဆိုပါ ပြောဆိုမှုက မြောက်ကိုရီးယားသည် ခရုဇ်ဒုံးကျည်များတွင် နျူကလီးယားထိပ်ဖူးတပ်ဆင်ရန် ရည်ရွယ်နေသည်ကို ဖော်ပြနေသည်။
သို့သော် ၎င်းတို့တွင် နျူကလီးယားဒုံးကျည်များထုတ်လုပ်ရန်အတွက် လိုအပ်သော နည်းပညာ အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီလားဆိုသည်ကိုတော့ တိတိကျကျမသိရသေးပေ။ ဒုံးကျည်များသည် အင်္ဂလိပ်အက္ခရာ ၈ ပုံစံမျိုး နှစ်နာရီကျော်ကြာပျံးသန်းခဲ့ပြီး ကီလိုမီတာ ၁၅၀၀(မိုင် ၉၃၀)အကွာမှ ပစ်မှတ်များကို ထိမှန်ခဲ့သည်ဟု ပြောသည်။ သတင်းတွင်ဖော်ပြချက်အရ ဒုံးကျည်များကို 8.24 Yongung ရေငုပ်သင်္ဘောမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
Source:AP
- By CNI
- Category: နိုင်ငံရေး
- Hits: 596
CNI International News
လန်ဒန်၊ မတ်လ ၁၄
လာမည့် ၂ နှစ်အတွင်း နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကို ပေါင် ၅ ဘီလီယံအထိ မြှင့်တင်သွားမည်ဟု ဗြိတိန် ဝန်ကြီးချုပ် ရီရှီဆူနတ် (Rishi Sunak)က ကတိပြု ပြောကြားခဲ့ကြောင်း အေပီက ရေးသားဖော်ပြခဲ့သည်။
အဆိုပါ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းက ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုနှင့် တရုတ်၏ စိန်ခေါ်မှု များကို တုန့်ပြန်ရန် လုပ်ဆောင်ရခြင်း ဖြစ်သည်။
ထိုသို့ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်မှုသည် ဗြိတိန်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒ ပြောင်းလဲမှုဆိုင်ရာ ကြီးမားသည့် အပြောင်းအလဲ ဖြစ်သော်လည်း စစ်ဘက်အရာရှိများ အလိုရှိနေသည်ထက် နည်းပါးနေသည်။
ရေရှည်တွင် နိုင်ငံ၏ စစ်ဘက် အသုံးစရိတ်ကို ဂျီဒီပီ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟု ဆူနတ်က ပြောခဲ့သော်လည်း အချိန်အတိအကျကို ဖော်ပြခဲ့ခြင်း မရှိပေ။
လက်ရှိ ဗြိတိန်၏ ကာကွယ်ရေး အသုံးစရိတ်မှာ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းဖြစ်ပြီး စစ်ဘက် အရာရှိများက ၃ ရာခိုင်နှုန်း အထိ တိုးမြှင့်လိုနေသည်။
ဗြိတိန်-အမေရိကန်-သြစတြေးလျတို့ပါတဲ့ AUKUS ခေါင်းဆောင်များတွေ့ဆုံစဉ် (AP)
မြင့်တက်လာသော အသုံးစရိတ်မှ အချို့ကို ယူကရိန်းအား ထောက်ပံ့ပေးခြင်းကြောင့် လျော့နည်းသွားသည့် နိုင်ငံ ၏ လက်နက်ခဲယမ်းအင်အားကို ပြန်လည်ဖြည့်တင်းရန်နှင့် အချို့ကို ဗြိတိန်-အမေရိကန်-သြစတြေးလျ နျူကလီး ယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်မှု သဘောတူညီချက်အတွက် သုံးစွဲသွားမည် ဖြစ်သည်။
ဆူနတ်သည် ၂၀၂၁ ခုနှစ်တွင် ရရှိခဲ့သည့် AUKUS ဟုခေါ်သော စစ်ဘက် သဘောတူညီမှု၏ နောက်ထပ် ဆောင်ရွက်ချက်များကို အတည်ပြုရန် တနင်္လာနေ့ ဆန်ဒီယေဂို (San Diego) မြို့တွင် အမေရိကန်သမ္မတ၊ သြစတြေးလျဝန်ကြီးချုပ်တို့ဖြင့် တွေ့ဆုံမည် ဖြစ်သည်။
ဗြိတိန်သည် Integrated Review ဟုခေါ်သော ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အခြေခံမူဘောင်အား နောက်ဆုံးအဖြစ် ၂၀၂၁ တွင် ထုတ်ပြန်ခဲ့သည်။
သို့သော် ပြောင်းလဲလာသော ကမ္ဘာ့အခြေအနေများအရ ယင်းကို အဆင့်မြှင့်တင်ရန် အစိုးရက အမိန့်ပေးထား သည်။ ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုက ဥရောပ၏ လုံခြုံရေးကို ထိခိုက်စေခဲ့ရုံမက ဗြိတိန်သည် တရုတ် ကွန်မြူနစ်ပါတီကြောင့်ဖြစ်သော စိန်ခေါ်မှုများနှင့် ပတ်သက်၍လည်း စိုးရိမ်မှုများ မြင့်တက်လာလျက်ရှိသည်။
တရုတ်စစ်တပ်၏ တိတ်တဆိတ် လှုပ်ရှားမှုများနှင့် စီးပွားရေး အခြေအနေများအပေါ် စိုးရိမ်မှုများ မြင့်တက်လာ သည်ဟု ဗြိတိန်ထောက်လှမ်းရေး အေဂျင်စီများက ဖော်ပြခဲ့သည်။
တရုတ်နဲ့ ရုရှား ခေါင်းဆောင် နှစ်ဦးကိုတွေ့ရစဉ် (GETTY IMAGES)
တရုတ်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများက ဗြိတိန်အတွက် မဟာဗျူဟာပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုကို ဖြစ်စေ သည်ဟု ဗြိတိန်စပိုင်အေဂျင်စီ MI-5 ၏ ခေါင်းဆောင်က ပြောသည်။
ထိုစိုးရိမ်မှုက ဗြိတိန်အရာရှိများကို မန်းဒရင်း ဘာသာစကား လေ့ကျင့်ပေးခြင်း၊ နည်းပညာအတွက် မရှိမဖြစ် လိုအပ်သော သယံဇာတများအတွက် ရင်းမြစ်အသစ်များ ရှာဖွေခြင်းတို့ အပါအဝင် အစိုးရအထိ ကျယ်ပြန့်သော ကမ်ပိန်းတစ်ခုကို ဖြစ်စေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ တရုတ်နှင့်စီးပွားရေးဆိုင်ရာ ပတ်သက် ဆက်နွယ်မှုများ ရှိနေရန် လိုအပ်သည်ဟု ဆူနတ်က အခိုင်အမာ ပြောသည်။
တရုတ်အစိုးရသည် ပြည်တွင်း၌ အာဏာရှင် ပိုဆန်လာကာ ပြည်ပတွင် နေရာယူမှု မြင့်တက်လာသော်လည်း ယင်း၏ စီးပွားရေးအင်အားကြောင့် တရုတ်ကို လျစ်လျူရှု၍ မရဟု အမေရိကန်သို့ သွားရာလမ်းတွင် ဆူနတ်က ပြောခဲ့သည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 905
CNI International News
ကိယတ်ဗ်၊ မတ်လ ၁၄
တရုတ်သမ္မတရှီကျင့်ဖျင် (Xi Jinging) သည် လာမည့် သီတင်းပတ်အတွင်း ယူကရိန်းအား ရုရှားကျူးကျော်စစ် စတင်အပြီး ပထမဆုံးအဖြစ် ရုရှားသို့ သွားရောက်မည်ဖြစ်သလို ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့်လည်း တွေ့ဆုံ သွားဖွယ်ရှိကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
အဆိုပါ ခရီးစဉ်သည် ရှီကျင့်ဖျင်၏ ယူကရိန်းသံတမန်ရေးသို့ ပို၍ နက်ရှိုင်းစွာ ပါဝင်လာနိုင်သည်ကို ညွန်းပြနေ ကြောင်း ဆိုသည်။
ရုရှားခရီးစဉ်ကို ယခင် မျှော်လင့်ထားသည်ထက် ပိုစောကာ စီစဉ်လိုက်ခြင်း ဖြစ်သည်။
ရှီသည် ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် ဗွီဒီယိုမှတဆင့် ဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားသည်ဟု Wall Street Journal တွင် ဖော်ပြထား သော်လည်း ယင်းကို ရိုက်တာမှ သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးသကဲ့သို့ တရုတ် နိုင်ငံခြားရေးဌာနမှလည်း မေးမြန်းမှုကို ပြန်လည် ဖြေဆိုခြင်း မရှိသေးပေ။
ယူကရိန်း ရှေ့တန်း တစ်နေရာကိုတွေ့ရစဉ်
ရှီ၏ ခရီးစဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့သော သတင်းရင်းမြစ်များသည်လည်း ယခုကိစ္စနှင့်ပတ်သက်၍ အမည် မဖော်ထုတ်ရန် တောင်းဆိုထားသည်။
စည်းမျဉ်းများအရ နိုင်ငံခြား ခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်ကို ကြိုတင်ဖော်ထုတ်၍ မရကြောင်း၊ အရာအားလုံး ပြင်ဆင်ပြီးချိန်တွင် ထုတ်ပြန် အသိပေးသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ယူကရိန်းစစ်ပွဲသည် အနောက်အုပ်စု အလိုအရဖြစ်သည်။ ရှီအား ရုရှားသို့ လာရန် မကြာခဏ ဖိတ်ခေါ်လေ့ရှိသည့် ပူတင်အတွက် ရှီ၏ ခရီးစဉ်က အရေးပါသော အခြေအနေတစ်ရပ် ဖြစ်သည်။
ရှီသည် ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှားအစိုးရအား တစ်စုံတစ်ရာ ဝေဖန်မှု လုပ်ဆောင်ရန် ငြင်းဆန်ထားသူ ဖြစ်ပြီး ရုရှားသည်လည်း ဥရောပဈေးကွက် ပိတ်ပင်ခံရချိန်တွင် ရေနံနှင့်ဓာတ်ငွေ့များ ရောင်းချရန် တရုတ်ကို မှီခို နေရသည်။
သို့သော် တစ်ဖက်တွင်လည်း ရှီသာ ဇာလန်းစကီးနှင့် ဗွီဒီယိုမှတဆင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့မည်ဆိုလျှင် ယင်းက ယူကရိန်းတို့အတွက် အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည်။
ဇာလန်းစကီးသည် ယူကရိန်းစစ်ပွဲအတွင်း တရုတ်အနေဖြင့် ရုရှားအား ထောက်ပံ့မှု လုပ်ဆောင်သည်ထက် ကြားနေအဖြစ် ဆက်နေစေလိုသူ ဖြစ်ရုံမက ၎င်းနှင့်ပြောဆို ဆွေးနွေးမှု လုပ်ဆောင်ရန်လည်း တောင်းဆိုခဲ့ဖူးသည်။
ဘိုင်ဒန်နဲ့ ဇာလန်းစကီးကိုတွေ့ရစဉ်
တရုတ်သည် ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းရေး အစီအစဉ်တစ်ခုကို ဖေဖော်ဝါရီလတွင် အဆိုပြုခဲ့ဖူးသည်။
ယင်းကို ရုရှားဘက်က ချီးကျူးခဲ့ပြီး အနောက်အုပ်စုဘက်က ဝေဖန်ခဲ့သော်လည်း ဇာလန်းစကီးက ကြိုဆိုခဲ့သည်။
တရုတ်သည် ရုရှားအား လက်နက် ထောက်ပံ့နေသည်ဟု ပြီးခဲ့သည့်လမှ စတင်ကာ အမေရိကန်ဘက်က အစဉ်တ စိုက် ပြောခဲ့သော်လည်း တရုတ်အစိုးရက ယင်းကို ငြင်းဆန်သည်။
ထိုသို့ လုပ်ဆောင်လျှင် တတိယကမ္ဘာစစ် ဖြစ်လာနိုင်သည်ဟု ဇာလန်းစကီးက ပြောခဲ့သော်လည်း တရုတ်သည် ထိုအန္တရာယ်ကို သတိပြုမိမည်ဟု ယုံကြည်ကြောင်း ပြောသည်။
ရုရှားက ယူကရိန်းသို့ ကျူးကျော်စစ် တစ်နှစ်ပြည့်ချိန်တွင် တရုတ်ထိပ်တန်း သံတမန်က ရုရှားသို့ သွားရောက် လည်ပတ်ခဲ့ပြီး တစ်ဖက်တွင်လည်း အမေရိကန်သမ္မတက ကိယက်ဗ်မြို့သို့ သွားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 964
CNI International News
မော်စကို၊ မတ်လ ၁၃
ပြီးခဲ့သည့်ရက်အတွင်း ယူကရိန်း၏ Mi-8 ရဟတ်ယာဉ်နှစ်စင်း၊ HIMARS နှင့် Uragan ဒုံးကျည် ခုနှစ်လုံးနှင့် ဒရုန်းတစ်စင်းတို့ကို ရုရှားလေကြောင်းကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီဂေါ် ကိုနာရှန်ကော့ဗ် (Igor Konashenkov) က တနင်္ဂနွေနေ့တွင် ပြောကြောင်း တာ့စ် သတင်းတွင် ဖော်ပြသည်။
ယူကရိန်းတပ်ဖွဲ့၏ Mi-8 ရဟတ်ယာဉ်နှစ်စင်းကို ဇာပိုရိုးရှီး(Zaporozhye) ဒေသရှိ တန်မရော့ဗ်ကာ (Temirovka) အနီးနှင့် ခါကော့ဗ် (Kharkov) ဒေသ ဒီဗရတ်ချနာယာ (Dvurechnaya) တို့မှ လေကြောင်းကာကွယ်ရေးစနစ်များ က ပစ်ချနိုင်ခဲ့သည်ဟု ကိုနာရှန်ကော့ဗ်က ပြောသည်။
ထို့အပြင် အဆိုပါနေ့၌ပင် HIMARS နှင့် Uragan ဒုံးကျည် ခုနှစ်စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး တဆက်တည်းမှာပင် ခါဆွန် (Kherson) ဒေသ ရှဗနီ မာယက်ခ် (Chervony Mayak) အနီး၌ ယူကရိန်းတို့၏ လူမဲ့လေယာဉ် တစ်စင်းကို ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ တန်ပြန်တိုက်ပွဲတစ်ခုအတွင်း ခါဆွန်လမ်းကြောင်း ပေါ်ရှိ မောင်းသူမဲ့ ဂါဗါ့စဒီကာ (Gvozdika) ဟောင်ဝစ်ဇာတစ်စင်းကိုပါ ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း သိရသည်။
ဆီးရီးယားရှိ ရုရှား၏ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ(ဓါတ်ပုံ-အေပီ)
ရုရှားကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်အရ အထူးစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ယူကရိန်းတို့၏ စစ်လေယာဉ် အစင်း ၄၀၀၊ ရဟတ်ယာဉ် အစင်း ၂၂၀၊ ဒရုန်း ၃၃၈၅ စင်း၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၄၀၁၁ ခု၊ တင့်ကား နှင့်သံချပ်ကာကား ၈၂၇၅ စင်း၊ ဒုံးကျည်စနစ် ၁၀၅၅ ခု၊ အမြှောက်နှင့်မော်တာ ၄၃၂၆ ခုနှင့် စစ်ဘက်သုံး အထူး ယာဉ် ၈၈၇၉ စင်းတို့ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။
တောင်ပိုင်း ဒွန်းနက်ခ် (South Donetsk) နှင့် ဇာပိုရိုးရှီး လမ်းကြောင်းများတွင် ဗော့စ်တော့ခ် (Vostok) တပ်ဖွဲ့ဝင် များက ဒွန်းနက်ခ်ပြည်သူ့သမ္မတနိုင်ငံရှိ ယူကရိန်းတပ်ဖွဲ့ဝင်များ အမြောက်အများဖြင့် ပစ်ခတ်ခဲ့သည်ဟု ကိုနာရှန်ကော့ဗ်က ပြောသည်။
ထိုနေ့အတွင်း ယင်းလမ်းကြောင်းများရှိ ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ သံချပ်ကာ ကားတစ်စင်း၊ pickup ကားလေးစင်း၊ D-30 ဟောင်ဝစ်ဇာတစ်စင်းတို့ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။
Source:တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 928
CNI International News
ဒမတ်စကပ်၊ မတ်လ ၁၃
ဆီးရီးယားအနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသကို အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး စစ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။
တိုက်ခိုက်မှုတစ်ခုကို တနင်္ဂနွေနေ့ မနက်ပိုင်းတွင် လုပ်ဆောင်ခဲ့ခြင်းဟု ဆီးရီးယားနိုင်ငံပိုင် SANA သတင်းတွင် ဖော်ပြထားသည်။
မနက် ၇ နာရီ ၁၅ မိနစ်ခန့်က အစ္စရေးလေကြောင်း တိုက်ခိုက်မှုတစ်ခုတွင် လက်ဘနွန် မြောက်ပိုင်းမှ တာတက်စ် (Tartus) နှင့် ဟာမာ (Hama) ကျေးလက်ဒေသများရှိ ပစ်မှတ်များသို့ ဒုံးကျည်များ ပစ်ခတ်ခဲ့သည်ဟု စစ်ဘက် သတင်း ရင်းမြစ်တစ်ခုကို ကိုးကား၍ SANA သတင်းတွင် ဖော်ပြသည်။
တိုက်ခိုက်မှုကြောင့် စစ်သားသုံးဦး ဒဏ်ရာရရှိခဲ့ကာ ပစ္စည်းပျက်စီးမှုတချို့ရှိကြောင်း၊ ဒုံးကျည်တချို့ကို ဆီးရီးယား လေကြောင်း ကာကွယ်ရေးများက ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်းလည်း သတင်းတွင် ဖော်ပြသည်။
အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု ခံရသော ဆီးရီးယား(GETTY IMAGES)
SANA သတင်းတွင် မည်သည့်အရာကို ပစ်မှတ်ထား တိုက်ခိုက်သည်ကိုတော့ မဖော်ပြထားသော်လည်း ဒုံးကျည် ထိမှန်ရာ ဧရိယာများတွင် အီရန်လိုလားသော တပ်ဖွဲ့များနှင့် သိပ္ပံသုတေသန စင်တာတစ်ခု ရှိသည်ဟု စစ်ပွဲ စောင့်ကြည့်ရေး အဖွဲ့တစ်ခုဖြစ်သည့် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ပြောသည်။
ယခုသီတင်းပတ် အစောပိုင်းတွင် အစ္စရေးတို့သည် အလက်ပို (Aleppo) လေဆိပ်ကို တိုက်ခိုက်ခဲ့ပြီး ယင်းကို အသုံးပြု၍ မရဖြစ်စေခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
အစ္စရေးသည် ဆယ်စုနှစ် တစ်ခုနီးပါးကြာ အိမ်နီးချင်း ဆီးရီးယားရှိ အီရန်မှ ထောက်ပံ့ပေးသော လက်နက် လွဲပြောင်းမှုနှင့် တပ်ဖွဲ့ဝင်များရှိသည်ဟု သံယရှိရာ နေရာများကို လေကြောင်းတိုက်ခိုက်မှုပေါင်း ရာချီ လုပ်ဆောင် ခဲ့သော်လည်း ယင်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်း သို့မဟုတ် အသိပေးခြင်း မရှိခဲ့ပေ။
ဆီးရီးယားသမ္မတ ဘာရှားအယ်လ်-အာဆတ်ကိုတွေ့ရစဉ် (GETTY IMAGES)
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဆီးရီးယားလေဆိပ်နှင့် လေတပ်စခန်းများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု များသည် ဆီးရီးယားတွင် အီရန်၏ ခြေကုပ်ယူမှု ကြီးထားလာခြင်းအား လျော့ချရန်အတွက် အရှိန် မြှင့်တင် ဆောင်ရွက်မှု အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု စစ်ဘက်ဆိုင်ရာ သုံးသပ်သူများက ပြောသည်။
ဆီးရီးယားသမ္မတ ဘာရှားအယ်လ်-အာဆတ် (Bashar al-Assad) အား ထောက်ခံသော အီရန်သည် ပြီးခဲ့သည့်နှစ် များအတွင်း ဆီးရီယားတွင် တပ်အင်အား တိုးမြှင့်လာခဲ့ကာ အစိုးရထိန်းချုပ်ထားသော ဧရိယာအများစုကို ခြေကုပ် ယူထားပြီး လက်နက်ကိုင်နှင့် ပြည်သူ့စစ်အင်အား ထောင်ပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားသည်ဟု အနောက် အုပ်စု ထောက်လှမ်းရေး သတင်းများတွင် ဖော်ပြသည်။
လက်ဘနွန်၏ ဟစ်ဇ်ဘိုလာ (Hezbollah) များ ဦးဆောင်သည့် အီရန်၏ ကြားခံလက်နက်ကိုင်များသည် ဆီးရီးယား အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဧရိယာများစွာကိုသာမက မြို့တော် ဒမတ်စကပ် (Damascus) အနီးမှ ဆင်ခြေဖုံးများတချို့ကိုလည်း ထိန်းချုပ်ထားသည်။
Source: အယ်ဂျာဇီးယား