- By CNI
- Category: နိုင်ငံရေး
- Hits: 1181
CNI International News
ကိယက်ဗ်၊ ဧပြီ ၈
ရုရှားအနေဖြင့် တာဝေးပစ် ဒုံးကျည်များနှင့် တိုက်ခိုက်နေသည့် စစ်ဆင်ရေးကို အရှိန်မြှင့်တင်မည်ဆိုပါက ယူကရိန်း၏ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များသည် ပြတ်လပ်သွားနိုင်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskiy) က ဧပြီ ၆ ရက်တွင် ပြောကြားခဲသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားသည် ယူကရိန်း၏ စွမ်းအင်စနစ်များ၊ မြို့များ၊ မြို့နယ်များကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် သီတင်းပတ် များစွာကြာ တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ရင်ဆိုင်နေရသော ဆိုးရွားလာသည့် အခြေအနေကို ဇာလန်းစကီးက သတိပေးခဲ့ခြင်းဖြစ်သည်။
"တကယ်လို့ သူတို့တွေဟာ ယူကရိန်းကို ပြီးခဲ့တဲ့လကလို နေ့စဉ်နေ့တိုင်း တိုက်ခိုက်နေမယ်ဆိုရင် ကျနော်တို့ရဲ့ ဒုံးကျည်တွေ ပြတ်လပ်သွားပါလိမ့်မယ်။ ဒါကိုလည်း မိတ်ဖက်နိုင်ငံတွေ သိထားပါတယ်"ဟု ဇာလန်းစကီးက ယူကရိန်းရုပ်သံမှ ထုတ်လွှင့်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
မဟာမိတ်နိုင်ငံများထံ လေကြောင်းရန် ကာကွယ်ရေး အကူအညီများ ထပ်တလဲလဲ တောင်းဆိုနေသည့် ဇာလန်းစကီးက ယူကရိန်းသည် လတ်တလော ကာလအတွင်း ရုရှား၏ တိုက်ခိုက်မှုများကို တွန်းလှန်ရန် လက်နက် လုံလောက်နေသေးကြောင်း၊ သို့သော် မိမိတို့တွင်ရှိသည့် ဒုံးကျည်များဖြင့် မည်သည့်အရာကို ကာကွယ်ရမည်ဆိုခြင်းကို ရွေးချယ်ရာတွင် အခက်အခဲများရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းစစ်သားတွေကို တွေ့ရစဉ်
အမေရိကန်၏ Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် ၂၅ ခုကို လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
ခေတ်မီဆန်းပြားသည့် အမေရိကန်၏ လေကြောင်းကာကွယ်ရေးစနစ်သည် ရုရှား၏ ပဲ့ထိန်းဒုံးကျည်နှင့် ဟိုက်ပါဆိုးနစ် ဒုံးကျည်များ၏ တိုက်ခိုက်မှုများကို ကြားဖြတ်ပစ်ချရာတွင် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ရုရှား၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ယူကရိန်းအရပ်သားများ သေဆုံးခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့ပြီးနောက် ဇာလန်းစကီး၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
ဧပြီ ၁၃ ရက် နံနက် အစောပိုင်းနှင့် မွန်းလွဲပိုင်း အချိန်များတွင် ခါကိဗ် ( Kharkiv) မြို့၌ ရုရှား၏ ဒုံးကျည်များနှင့် ဒရုန်း တိုက်ခိုက်မှု နှစ်ခုအတွင်း လူ ၈ ဦး သေဆုံးကာ လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။
ယူကရိန်း၏အရှေ့ပိုင်း ဒွန်းနက်စ် (Donetsk) ဒေသတွင်လည်း ရုရှား၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ကြောင့် အမျိုးသမီးနှစ်ဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ကာ အိုဒက်ဆာ (Odesa) မြို့တွင် ဒုံးကျည်ကျရောက်မှု ကြောင့် လူ ၁ ဦး သေဆုံးခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1041
CNI International News
မနီလာ၊ ဧပြီ ၆
ဖိလစ်ပိုင်၊ အမေရိကန်နှင့် ဂျပန်ခေါင်းဆောင်များသည် လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် သုံးပွင့်ဆိုင် အစည်းအဝေးတွင်း တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်နှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်စေခဲ့သည့် မကြာသေးမီက ဖြစ်စဉ်များကို ဖြေရှင်းသွားမည်ဟု ဖိလစ်ပိုင်အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
"အနောက် ဖိလစ်ပိုင်ပင်လယ်အတွင်း မကြာသေးခင်က ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သုံးနိုင်ငံအကြား သဘောထား တွေ တူညီလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်" ဟု ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဟန်းစ် မိုဟိုင်မင် ဆီရီဘန် (Hans Mohaimin Siriban) က ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက တရုတ်နှင့် ဖိလစ်ပိုင် သင်္ဘောများအကြား နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့မှုတွင် တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောနှစ်စင်း၏ မီးသတ်ပိုက်ဖြင့် ထိုးမှုကြောင့် ဖိလစ်ပိုင် အရပ်ဖက်သင်္ဘောတစ်စင်း ဆိုးရွားစွာ ထိခိုက်ခဲ့သလို သင်္ဘောသားများလည်း ဒဏ်ရာရခဲ့သည်ဟု ဖိလစ်ပိုင်က ပြောကြားခဲ့သည်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကမူ ၎င်းတို့အနေဖြင့် ကျိုးကြောင်း သင့်တော်မှုရှိစွာ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဖိလစ်ပိုင် - ဂျပန် မဟာမိတ်ဆက်ဆံရေးတို့ကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr)၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) တို့နှင့် အိမ်ဖြူတော်တွင် ဧပြီ ၁၁ ရက်၌ တွေ့ဆုံပြီး အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အပြင် စီးပွားရေးကဏ္ဍများတွင် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက် မှုများကို ဆွေးနွေးမည်ဖြစ်သည်။
"အဲဒီ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဟာ ဘယ်နိုင်ငံကိုမှ ဦးတည်တာ မဟုတ်ပါဘူး" ဟု ဆီရီဘန်က ပြောကြား ခဲ့ပြီး စီးပွားရေးခိုင်မာစွာ တည်ဆောက်ရေးကိုသာ အဓိက ရည်ရွယ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
သို့သော် သုံးနိုင်ငံမဟာမိတ်အဖွဲ့သည် ဖိလစ်ပိုင်၏ ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် မိမိတို့ မဟာမိတ်များနှင့် ပူပေါင်းဆောင်ရွက်သည့် ဖိလစ်ပိုင်၏ လုပ်နိုင်စွမ်းများကို မြှင့်တင်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း မားကို့စ်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်သင်္ဘောများ၏ အန္တရာယ်များ သော တိုက်ခိုက်မှုများကို ဆန့်ကျင်သည့် တန်ပြန်အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ဖိလစ်ပိုင် ၏ အချုပ်အခြာအာဏာကို လုံခြုံစိတ်ချစေရန် မဟာမိတ်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1079
CNI International News
ဘန်ကောက်၊ ဧပြီ ၆
Move Forward Party (MFP) ခေါင်းဆောင်ဟောင်း ပီတာ လင်ဂျာရွန်ရတ် (Pita Limjaroenrat) သည် ဧပြီ ၄ ရက်ညပိုင်းက လွှတ်တော်တွင် နှုတ်ဆက်စကား ပြောကြားခဲ့ပြီး အစိုးရအပြောင်းအလဲ လုပ်ရန် တောင်းဆိုသွားခဲ့ သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက MFP ကို မဖျက်သိမ်းမီ ယခုအချေအတင် ဆွေးနွေးမှုသည် ၎င်း၏ နိုင်ငံရေး သမားဘဝ၏ နောက်ဆုံးအကြိမ် ဖြစ်ဖွယ်ရှိကြောင်း ပီတာက ပြောကြားခဲ့သည်။
အစိုးရအဖွဲ့ကို ဆန့်ကျင်သည့် ၂ ရက်ကြာ အထွေထွေ အချေအတင် ဆွေးနွေးမှုအပြီးတွင် ပီတာက အပိတ်မိန့်ခွန်း ပြောကြားခဲ့ရာ၌ ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အကြောင်းအရာကို ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၇ လအတွင်း ဖြူးထိုင်းပါတီ ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့၏ ညံ့ဖျင်းသော စွမ်းဆောင်ရည်ကိုလည်း ပီတာက သုံးသပ်ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်
ထို့နောက် အစိုးရသည် ဝန်ကြီးချုပ်၏ ဦးဆောင်မှုပိုင်း အားနည်းမှု၊ အမြော်အမြင်အားနည်းမှု၊ နိုင်ငံ့လုပ်ငန်းစဉ်နှင့် အောင်မြင်မှုများ အားနည်းမှုတို့ကို ပြုပြင်ပြောင်းလဲမည်ဆိုသည့် ကတိကဝတ်များကို တည်အောင် စွမ်းဆောင် နိုင်ခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
ရွေးကောက်ပွဲတွင် MFP ပါတီ အနိုင်ရခဲ့မှုနှင့် ပါလီမန်၌ အခြားမိတ်ဖက်ပါတီများနှင့်အတူ ၃၁၂ မဲ ရရှိခဲ့သော်လည်း အစိုးရဖွဲ့နိုင်ခြင်းမရှိမှုအပေါ် ဝမ်းမနည်းကြောင်း၊ MFP သည် ဒီမိုကရေစီစနစ်တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ပီတာက ပြောကြားခဲ့သည်။
"ဒီအချေအတင် ဆွေးနွေးမှုဟာ ကျနော့် နိုင်ငံရေးသမားဘဝမှာ နောက်ဆုံးအကြိမ် ဖြစ်လာမှာကို ကျနော် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး လျှို့ဝှက်ထားစရာ မရှိပါဘူး။ ကျနော့် နိုင်ငံရေးသမား ဘဝဟာ ကြိုးတန်းပေါ် လမ်းလျှောက် နေရတယ်ဆိုတာ လူတိုင်းသိပါတယ်" ဟု ပီတာက ပြောကြားခဲ့သည်။
၂ ရက်ကြာ အချေအတင် ဆွေးနွေးမှုအတွင်း MFP လွှတ်တော်အမတ်များ၏ ဝေဖန်မှုများကို ဆန့်ကျင်သည့် ဝန်ကြီးများကို တုန့်ပြန်ရာတွင် ပီတာက နိုင်ငံအတွက် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရခြင်းကို ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

ထိုင်းအစိုးရအဖွဲ့ကို တွေ့ရစဉ်
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး ပီတာက ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ ပြောကြားချက်ကို သဘောတူကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ GDP သည် ပြီးခဲ့သည့်နှစ် စတုတ္ထလေးလပတ် ကာလတွင် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ သည်ဆိုသည့် ဆရီသာ၏ ပြောကြားချက်ကို သဘောတူကြောင်း၊ သို့သော် ထိုင်းသည် ဒေသတွင်း GDP တိုးတက်သည့် နိုင်ငံများ စာရင်းတွင် အဆင့် ၆ နေရာတွင်သာရှိနေကြောင်း ပီတာက ပြောကြားခဲ့သည်။
ယခုအချိန်သည် ထိုင်းအစိုးရအဖွဲ့ ပြုပြင်ဖွဲ့စည်းရမည့် အချိန်ဖြစ်ပြီး လူမှန်နေရာမှန် ရွေးချယ်ရန် လိုအပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် ၇ လအတွင်း အစိုးရသည် အလုံးစုံ ကျရှုံးခဲ့ကြောင်း ပီတာက ပြောကြားခဲ့ သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 1416
CNI International News
နယူးဒေလီ၊ ဧပြီ ၆
ပါကစ္စတန်တို့ သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသ (PoK)သည် အိန္ဒိယ၏အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ ( S Jaishankar )က ပြောကြားခဲ့ကြောင်း Devdiscourse သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ပါကစ္စတန်နှင့်ပတ်သက်၍ အဓိကစိုးရိမ်သည့် အချက်မှာ အကြမ်းဖက်ဝါဒဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ပြတ်ပြတ်သားသား တုန့်ပြန်သွားမည်ဟု ဂျိုင်ရှန်ကာက ထပ်မံပြောကြားခဲ့သည်။
"ပါကစ္စတန်တွေ သိမ်းပိုက်ထားတဲ့ ကက်ရှ်မီးယား အရေးနဲ့ပတ်သက်လို့ ဒါဟာ ပါတီရဲ့ အရေးသာ မဟုတ်ဘဲနဲ့ နိုင်ငံ့အရေးတစ်ရပ် ဖြစ်ပါတယ်။ အိန္ဒိယပါလီမန်က စည်းလုံးညီညွတ်စွာ ရပ်တည်ခဲ့ပြီး နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေကလည်း ဒီရပ်တည်မှုကို အားပေးထောက်ခံရမှာ ဖြစ်ပါတယ်။ ပါကစ္စတန်တွေ သိမ်းပိုက်ထားတဲ့ ကက်ရှ်မီးယားဟာ အိန္ဒိယရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ဘူးဆိုတာကို ကျနော်တို့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါ ဘူး။ ဒါက စည်းလုံးတဲ့ ရပ်တည်ချက် တစ်ရပ်ဖြစ်ပြီး ဒါက ကျနော်တို့ရဲ့ ရပ်တည်ချက်အဖြစ် ဆက်လက် တည်ရှိ နေပါတယ်"ဟု ဂျိုင်ရှန်ကာက ဧပြီ ၄ ရက်မှာ သီရူဗာနန်သာပူရမ် (Thiruvananthapuram) မြို့တွင် ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

ကက်ရှ်မီးယား အကြမ်းဖက်မှုကိုတွေ့ရစဉ်
"ပါကစ္စတန်နဲ့ပတ်သက်ပြီး အဓိကစိုးရိမ်ရတဲ့ အချက်ကတော့ အကြမ်းဖက်ဝါဒ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်အရေး ကိစ္စနဲ့ပတ်သက်ပြီး ပါတီတစ်ခုအနေနဲ့ရော၊ အစိုးရကပါ ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်ကတော့ ကျနော်တို့ အနေနဲ့ အကြမ်းဖက်ဝါဒကို လျစ်လျူရှုသွားမှာ မဟုတ်ဘဲ အကြမ်းဖက်မှု တစ်စုံတစ်ရာ ဖြစ်လာရင် မျက်နှာလွှဲ နေမှာ မဟုတ်ပါဘူး" ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအကြောင်း မေးမြန်းမှုတွင် နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက တရုတ်နှင့် ဆက်ဆံရေးသည် စိန်ခေါ်မှုရှိသော်လည်း အိန္ဒိယအနေဖြင့် နိုင်လိုစိတ်ပြင်းသော နည်းလမ်းတစ်ရပ်ဖြင့် ယှဉ်ပြိုင်သွားမည်ဟု ထပ်လောင်း အတည်ပြုခဲ့သည်။
"ကျနော်တို့နဲ့ တရုတ်ရဲ့ ဆက်ဆံရေးကတော့ စိန်ခေါ်မှုရှိတဲ့ အနေအထားပါ။ ဒါပေမဲ့ အိန္ဒိယဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိမိအကျိုးစီးပွားကို မြှင့်တင်ပြီး ခုခံကာကွယ်သွားဖို့ ယုံကြည်ချက်ရှိတဲ့အတွက် ကျနော်တို့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်"ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

ကက်ရှ်မီးယား ဒေသကို တွေ့ရစဉ်
သို့သော် ဂျိုင်ရှန်ကာကမူ အိန္ဒိယနှင့် ၎င်း၏ အိမ်နီးချင်း နိုင်ငံများအကြား ဆက်ဆံရေးနှင့်ပတ်သက်ပြီး သံသယ များကို ငြင်းဆိုခဲ့သော်လည်း အိန္ဒိယနိုင်ငံတွင်းနှင့် အိမ်နီးချင်းနိုင်ငံများအကြား ပြဿနာများကို ဖန်တီးလိုသည့် အင်အားစုများ ရှိကောင်းနိုင်သည်ဟု ပြောကြားခဲ့သည်။
"အိမ်နီးချင်းတွေအကြောင်း ပြောမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာကို သွားပြီး သူတို့ဘာတွေ တွေးနေလဲ ဆိုတာ လူတွေကို မေးကြည့်ပါ။ သူတို့ရဲ့အဆိုးဆုံး စီးပွားရေး ပြဿနာတွေနဲ့ ကြုံနေစဉ်မှာ ဘယ်သူက သူတို့ဘက် ရပ်တည်ပေးခဲ့လဲ။ နီပေါကိုလည်းသွားပြီး သူတို့ရဲ့ ကာကွယ်ဆေးတွေ၊ မြေသြဇာတွေနဲ့ ယူကရိန်းပြဿနာ တက်နေချိန်မှာ လောင်စာတွေ ဘယ်ကနေရလာလဲ မေးကြည့်လိုက်ပါ။ အဲဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်မပြေဘူးဆိုတဲ့ ပြောစကားတွေကို ကျနော်ကတော့ သဘောမတူပါဘူး"ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့ သည်။
Source: Devdiscourse
- By CNI
- Category: နိုင်ငံရေး
- Hits: 1048
CNI International News
နယူးဒေလီ၊ ဧပြီ ၅
ဧပြီ ၃ ရက်က စက်မှုထိပ်သီးနိုင်ငံ-၂၀ (G-20) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူထားသည့် ဘရာဇီးလ်နိုင်ငံ၏ ဦးဆောင်မှုအောက်တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သော အစည်းအဝေးအား အိန္ဒိယ၏ G-20 သံတမန် အမီတာ ခန့် (Amitabh Kant) တက်ရောက်ခဲ့သည်ဟု Devdiscourse သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဘရာဇီးလ်နိုင်ငံ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှုတွင် အမျိုသမီးများ ဦးဆောင်သည့် စီမံကိန်းဖြစ်သော သာတူညီမျှမရှိမှုကို လျှော့ချရေး အစီအစဉ် LiFE ၊ ဒစ်ဂျစ်တယ် ကျန်းမာရေး၊ ဆန်းသစ်တီထွင်စီးပွားရေး၊ ပါရမီ ရှိသူများကို စုဆောင်းရေး၊ နိုင်ငံအများအပြားပါဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (MDB) ပြုပြင်ပြောင်းလဲမှုတို့ကို ဦးစားပေးလုပ်ဆောင်မည့် အစီအစဉ်များအား အိန္ဒိယက ထောက်ခံကြောင်း ခန့်က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရန်ဟီယာ ဂျိုင်စဝယ် (Randhir Jaiswal) ကလည်း ဘရာဇီးလ်နိုင်ငံ၏ ဥက္ကဋ္ဌတာဝန်အောက်တွင် ပြုလုပ်သည့် G-20 သံတမန်များ အစည်းအဝေးကို အမီတာခန့် တက်ရောက်ခဲ့ကြောင်း X လူမူမီဒီယာတွင် ရေးသားခဲ့သည်။
မတ်လအစောပိုင်းကလည်း G-20 ဆိုင်ရာ အထူးတာဝန်အရာရှိ (OSD) အက်ဘ်ဟေး သာကူရ် (Abhay Thakur) သည် ဘရာဇီးလ်နိုင်ငံ ဘရာစီလီယာ (Brasilia) မြို့တော်တွင် မတ်လ ၁၈ ရက်မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့သည့် G-20 ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအုပ်စု အစည်းအဝေးကို တက်ရောက်ခဲ့သည်။

G-20 အခမ်းအနား ပြင်ဆင်ထားမှုကို တွေ့ရစဉ်
ထိုအစည်းအဝေးအတွင်း သာကူရ်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖူလုံရေး၊ အမျိုးသမီးများအား လုပ်ပိုင်ခွင့်အပ်နှင်းမှု၊ ပညာရေးနှင့် ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှု အပါအဝင် နယ်ပယ်ကဏ္ဍ အများအပြားတွင် အိန္ဒိယ၏ စီမံကိန်းများ အောင်မြင်မှုရှိခဲ့သည့် အကြောင်းကို အလေးထား ပြောဆိုခဲ့သည်။
ဂျိုင်စ်ဝယ်ကလည်း မတ်လ ၁၈ ရက်မှ ၁၉ ရက်အတွင်း ဘရာစီလီယာ မြို့တော်တွင် ပြုလုပ်သည့် G-20 ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအုပ်စု အစည်းအဝေးကို OSD (G 20) အက်ဘ်ဟေး သာကူရ် တက်ရောက်ခဲ့ကြောင်း X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။
ဘရာဇီးလ်နိုင်ငံသည် G-20 အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက် အထိ တာဝန်ယူမည်ဖြစ်သည်။
G-20 ထိပ်သီး ခေါင်းဆောင်များ ညီလာခံကို ယခုနှစ် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ရီယိုဒီဂျနေးရိုး (Rio de Janeiro) မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုညီလာခံကို အဖွဲ့ဝင်နိုင်ငံ ၁၉ နိုင်ငံမှ ခေါင်းဆောင်များ၊ အာဖရိကသမဂ္ဂ နှင့် ဥရောပသမဂ္ဂ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်။
G-20 အဖွဲ့တွင် အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ ရုရှား၊တူရကီ၊ ဗြိတိန်နှင့် အမေရိကန် အစရှိသည့် ၁၉ နိုင်ငံအပြင် အာဖရိကသမ္မတနှင့် ဥရောပသမဂ္ဂတို့ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။
Source: Devdiscourse
- By CNI
- Category: နိုင်ငံရေး
- Hits: 805
CNI International News
ဘန်ကောက်၊ ဧပြီ ၅
ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကို အဂတိလိုက်စားမှု အပါအဝင် ဝေဖန်စကားများ ပြောကြားခဲ့သည့် အတိုက်အခံ Move Forward Party (MFP) ၏ ဝေဖန်စကားများအား စိတ်ပျက်ကြောင်း ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ဧပြီ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
MFP ပါတီမှ လွှတ်တော်အမတ်များ၏ စွပ်စွဲချက်များသည် ဓာတ်ပြားဟောင်းကို ထပ်ကာထပ်ကာ ဖွင့်နေခြင်း ဖြစ်ပြီး သက်သေ အထောက်အထား ကင်းမဲ့နေသည်ဟု ဆရီသာက ပြောသည်။
MFP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဝီရော့ဂျ် လက်ခဏ္ဏာဒီဆွန်း (Wiroj Lakkhandisorn) သည် ပါလီမန်တွင် အချေအတင် ဆွေးနွေးမှုအတွင်း တရုတ်နိုင်ငံထံမှ ဘတ် ၁၇ ဘီလျံ တန်ဖိုးရှိ ဖရီးဂိတ် (frigate) စစ်သင်္ဘော တစ်စင်း ဝယ်ယူရန် အတည်ပြုမှုအတွက် တစ်စုံတစ်ဦးသည် တော်ဝင်ထိုင်းရေတပ် (RTN) မှ ကော်မရှင်ခ တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

MFP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဝီရော့ဂျ် လက်ခဏ္ဏာဒီဆွန်းကို တွေ့ရစဉ်
ဝန်ကြီးချုပ် ဆရီသာကမူ ထိုကဲ့သို့သော အဂတိစွဲချက်များကို လွှတ်တော်တွင်း အချေအတင် ဆွေးနွေးမှုများတွင် မကြာခဏ ပြောကြားလေ့ရှိကြောင်း၊ အတိုက်အခံများအနေနှင့် ၎င်းတို့၏ စွဲချက်များအတွက် ခိုင်လုံသည့် သက်သေ အထောက်အထားများ တင်သွင်းရန် စိန်ခေါ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူသည် အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်လိုခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုဖရီးဂိတ် စစ်သင်္ဘောအား ထိုင်းနိုင်ငံမှာပင် တည်ဆောက်ရန် အိုင်ဒီယာကို သဘောတူခဲ့ကြောင်း၊ သို့မှသာ ထိုင်းပြည်သူများသည် ထိုကဲ့သို့သော သင်္ဘောများကို မည်ကဲ့သို့ တည်ဆောက်ရမည်ဆိုခြင်းအပေါ် သင်ယူနိုင် မည်ဖြစ်ကြောင်း၊ ဗဟုသုတနှင့် နည်းပညာ လွှဲပြောင်းမှုမှ အကျိုးအမြတ်များ ရနိုင်ကြောင်း ဆရီသာက ပြောကြား ခဲ့သည်။
ထိုင်းနှင့် တရုတ်အကြား ဖရီးဂိတ်စစ်သင်္ဘော သဘောတူညီမှုကြောင့် ပြည်ပဆက်ဆံရေးကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ဆရီသာက ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ဆူတင်ကလန်ဆန်ကို တွေ့ရစဉ်
လွှတ်တော် အချေအတင်ဆွေးနွေးမှု၏ ဒုတိယမြောက်နေ့တွင် ဝီရော့ဂျ်က ကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန် (Sutin Klungsang) လက်ထက် စစ်ရေးမူဝါဒသည် ယခင်ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) ၏ မူဝါဒကို ပုံတူကူးထားခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲမှု မရှိကြောင်း ပြောကြားခဲ့သည်။
Move Forward ပါတီသည် RTN ဖရီးဂိတ် စစ်သင်္ဘော ဝယ်ယူရေး သဘောတူညီချက်ကို ထောက်ခံကြောင်း လက်ရှိ ထိုင်းရေတပ်တွင် သက်တမ်းရင့်နေသည့် ဖရီးဂိတ်စစ်သင်္ဘောများ ရှိနေသဖြင့် ထိုင်း၏ ပင်လယ် ရေကြောင်း နယ်နိမိတ်ကို ကာကွယ်ရန် မလုံလောက်ကြောင်း ဝီရော့ဂျ်က ပြောကြားခဲ့သည်။
ထို့ပြင် မလေးရှားနှင့် ကမ္ဘောဒီးယားသည် ပိုမိုကြီးမားသည့် ရေတပ်စစ်သင်္ဘော အုပ်စုရှိသည်ဟုလည်း ၎င်းက ဆိုသည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 865
CNI International News
မော်စကို၊ ဧပြီ ၅
ရုရှား-နေတိုး ဆက်ဆံရေးသည် ပိုမိုဆိုးရွားလာသော်လည်း ရုရှားအနေဖြင့် နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံနှင့် ပဋိပက္ခဖြစ်ပွားရန် ရည်ရွယ်ချက်မရှိကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး အလက်န္ဒား ဂရူရှ်ကို (Alexander Grushko) က ဧပြီ ၄ ရက်တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
ရုရှား-နေတိုး ဆက်ဆံရေးများသည် ခန့်မှန်းထားသည့်အတိုင်း ပိုမိုဆိုးရွား လာကြောင်း၊ ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းများသည် အမေရိကန်နှင့် နေတိုး၏ လုပ်ဆောင်ချက်များကြောင့် သုညအဆင့်တွင်သာ ရှိခဲ့ကြောင်း ဂရူရှ်ကိုက နေတိုးအဖွဲ့ တည်ထောင်သည့် ၇၅ နှစ်ပြည့်် နှစ်ပတ်လည်နှင့်ပတ်သက်ပြီး ရုရှားနိုင်ငံပိုင် RIA သတင်း အေဂျင်စီကို မှတ်ချက်ပေးခဲ့သည်။
"ရုရှားနဲ့ ပွင့်ပွင့်လင်းလင်း ပဋိပက္ခဖြစ်ဖို့အတွက် နေတိုးအဖွဲ့က အသင့်ဖြစ်နေပြီလား၊ သင့်အနေနဲ့ ဒီမေးခွန်းကို နေတိုးအဖွဲ့ဝင်တွေကို ပြန်မေးဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဘက်ကတော့ နေတိုးအဖွဲ့ဝင် မဟာမိတ်တွေနဲ့ ပတ်သက်ပြီး အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး" ဟု ဂရူရှ်ကိုက ပြောကြားခဲ့သည်။

နေတိုးအတွင်းရေးမှူးချုပ်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) သည် နေတိုး၏အင်အားကို ရုရှားနှင့် ပိုမိုနီးစပ်သည့် နေရာသို့ ချဲ့ထွင်လာမည့်အရေးအား တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ်က နေတိုးအဖွဲ့ထဲဝင်ရန် ရည်မှန်းထားသော ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
သို့သော်လည်း ယူကရိန်းစစ်ပွဲသည် နေတိုးအဖွဲ့အား အင်အားချဲ့ထွင်ရန် လှုံ့ဆော်ပေးရာ ရောက်ခဲ့ပြီး ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့ကို ဝင်ခွင့်ပေးခဲ့သည်။
ထို့နောက် နေတိုးအဖွဲ့ဝင်နိုင်ငံ အရေအတွက် ၃၂ နိုင်ငံအထိ တိုးချဲ့ခဲ့သည်။
နေတိုးအဖွဲ့ကမူ ရုရှား၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့် ယူကရိန်းအတွက် အသက်ရှင် ရပ်တည်နိုင်ရန် ကူညီပေးနေကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းကို ခေတ်မီလက်နက်များ၊ စစ်သင်တန်းများနှင့် ထောက်လှမ်းရေး သတင်းများ ထောက်ပံ့ပေးခဲ့သည်။
ရုရှားကမူ နေတိုးသည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် သွယ်ဝိုက်သည့် အခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေကြောင်း ပြောကြားခဲ့ပြီး ပူတင်ကလည်း ရုရှားနှင့် နေတိုးအကြား တိုက်ရိုက်ပဋိပက္ခ ဖြစ်လာခဲ့မည်ဆိုပါက တတိယ ကမ္ဘာစစ်နှင့် ခြေတစ်လှမ်းအကွာသို့ ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 895
CNI International News
နယူးဒေလီ၊ ဧပြီ ၅
တရုတ်သည် အိန္ဒိယ၏ အရှေ့မြောက်ပိုင်း ဟိမဝန္တာ (Himalayan) ဒေသ၏ ပြည်နယ်ဖြစ်သည့် အာရုနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်အတွင်းရှိ နေရာပေါင်း ၃၀ ခန့်ကို အမည်များ ပြောင်းလဲမှည့်ခေါ် နေမှုအား အိန္ဒိယက ကန့်ကွက်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ အမည်များ ပြောင်းလဲမှုသည် အဓိပ္ပာယ်မရှိကြောင်း၊ အာရုနာချယ်ပရာဒေ့ရှ်သည် အိန္ဒိယ၏ ခိုင်မာသော နယ်စပ်ပြည်နယ်ဖြစ်ကြောင်း အိန္ဒိယက ပြောကြားခဲ့သည်။
တရုတ်သည် အာရုနာချယ်ပရာဒေ့ရှ်ကို ကျန်းနန် (Zangnan) ဟု ခေါ်ဆိုထားပြီး တောင်တိဘက်ဒေသ၏ အစိတ်အပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရက ထိုပြောကြားချက်ကို ထပ်တလဲလဲ ငြင်းဆိုခဲ့သည်။

တရုတ်နဲ့ အိန္ဒိယ အားပြိုင်နေစဉ်
ပြီးခဲ့သည့်နှစ်ကလည်း တရုတ်သည် ထိုပြည်နယ်အတွင်းရှိ နေရာ ၁၁ ခုကို တရုတ်အမည်များ ပြောင်းလဲခဲ့သဖြင့် အိန္ဒိယနှင့် တင်းမာမှုများ မြင့်တက်ခဲ့သည်။
နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယအကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်စပ်ဒေသတစ်လျှောက်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက နှစ်နိုင်ငံ စစ်သားများအကြား အသေးစား ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။
ထို့နောက် စစ်ရေးနှင့် သံတမန်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ တင်းမာမှုများကို လျှော့ချခဲ့ရသည်။
သို့သော်လည်း အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်သည် အိန္ဒိယနှင့် တရုတ်အကြား မကြာခဏဆိုသလို ထိပ်တိုက်တွေ့နေသည့် အကြောင်းရင်းတစ်ခုဖြစ်နေသည်။
၂၀၂၀ ပြည့်နှစ်ကလည်း ဟိမဝန္တာ အနောက်ဘက်ဒေသတွင် နှစ်နိုင်ငံစစ်သားများအကြား သွေးစွန်းသည့် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။

တရုတ်နဲ့ အိန္ဒိယ အားပြိုင်နေစဉ်
မတ်လ ၃၀ ရက်က တရုတ်၏ ထုတ်ပြန်ချက်တွင် တောင်တိဘက်ဒေသဟု ခေါ်ဆိုထားသည့် ဒေသ၌ နေရာ ၃၀ ခန့်ကို စံအမည်များ သတ်မှတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
"နာမည်တွေ အဆန်းထွင်ပြီး မှည့်ခေါ်တာတွေက အာရုနာချယ်ပရာဒေ့ရှ်ဒေသရဲ့ ပကတိတရားကို ပြောင်းလဲ စေမှာ မဟုတ်ပါဘူး။ အဲဒီပြည်နယ်ဟာ အိန္ဒိယရဲ့ ခွဲခြားမရတဲ့ နယ်မြေဖြစ်နေမှာပါ" ဟု ဂျိုင်စဝယ်က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) ကလည်း တရုတ်၏ အမည်များ ပြောင်းလဲမှုသည် ဘာမှဖြစ်လာမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
"တကယ်လို့ ခင်ဗျားအိမ်ကို ကျနော်က အမည်ပြောင်းလိုက်မယ်ဆိုရင် အဲဒီအိမ်ဟာ ကျနော့်အိမ် ဖြစ်လာနိုင်ပါ့ မလား" ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 977
CNI International News
ဝါရှင်တန်၊ ဧပြီ ၄
AI ၊ ရုရှားနှင့် မူးယစ်ဆေးဝါးတို့အရေး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)တို့သည် ဧပြီ ၂ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဘိုင်ဒန်နှင့် ရှီတို့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် တွေ့ဆုံခဲ့ပြီးနောက် ယခုဆက်သွယ်မှုသည် ပထမဆုံးအကြိမ် တိုက်ရိုက်ဆက်သွယ် ဆွေးနွေးမှုဖြစ်သည်။
နှစ်နိုင်ငံအကြား အပြန်အလှန် သံသယများပွားနေပြီး နှစ်နိုင်ငံအစိုးရများကလည်း ပို့ကုန်ထိန်းချုပ်မှုများ၊ ပိတ်ဆို့မှုများနှင့် အခွန်တိုးမြှင့် ကောက်ခံမှုများ ရှိနေသည့်တိုင် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံများ ဖြစ်သည့် အမေရိကန်နှင့် တရုတ် ခေါင်းဆောင်များသည် သံတမန်ဆက်ဆံရေးကို တည်ငြိမ်မှုရှိစေရန် စီမံဆောင်ရွက်ခဲ့သည်။

AI နည်းပညာသရုပ်ပြထားစဉ်
တစ်ချိန်တည်းမှာပင် ဘိုင်ဒန်နှင့် ရှီတို့သည် အသိဉာဏ်အတု AI နည်းပညာ၏ အန္တရာယ်နှင့် ဖန်တနိုင်းလ် (fentanyl) ကဲ့သို့ တရားမဝင် မူးယစ်ဆေးဝါးများကို တိုက်ဖျက်ရေးတို့ အပါအဝင် အကြောင်းအရာ အများစုကို တူညီသည့် သဘောထား ရရှိစေရန် ကြိုးပမ်းခဲ့ကြသည်။
ယခုအကြိမ် ဖုန်းဆက်သွယ် ပြောဆိုမှုသည် ပွင့်လင်းပြီး အကျိုးရှိကြောင်း နှစ်နိုင်ငံစလုံးက ထုတ်ပြန်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးသည် AI ၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တိုက်ဖျက်သည့် အားထုတ်ကြိုးပမ်းမှုများ အပါအဝင် အခြားအကြောင်းအရာများကို ဆွေးနွေးခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရုရှား၏ ကာကွယ်ရေး စက်မှုလုပ်ငန်းအတွက် တရုတ်က ထောက်ပံ့ပေးမှုကို စိုးရိမ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နှင့် တရားဥပဒေစိုးမိုးရေးတို့၏ အရေးကြီးပုံကို ဘိုင်ဒန်က ပြောကြားခဲ့သည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့သည်။

ပူတင်ကို တွေ့ရစဉ်
ဘိုင်ဒင်နှင့် ရှီတို့၏ ဆွေးနွေးမှုများအတွင်း တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံ သည့် အခွန်နှင့်ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့သည်။
ဘိုင်ဒင်နှင့် ရှီတို့သည် အမေရိကန်တွင် အချက်အလက် လုံခြုံရေးစိုးရိမ်မှုများရှိနေသည့် တရုတ်ပိုင်း TikTok လူမှုမီဒီယာ၏ အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
တရုတ်ဘက်က ထုတ်ပြန်ချက်တွင် နှစ်နိုင်ငံအကြား စစ်တပ်အချင်းချင်း ဆက်သွယ်မှု၊ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု၊ AI နှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတို့ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့သည်။
Source: ဘန်ကောက်ပို့စ်
