- By CNI
- Category: နိုင်ငံရေး
- Hits: 971
CNI International News
လန်ဒန်၊ မတ်လ ၂၉
တရုတ်သည် ၂၀၂၁ ခုနှစ်က ဗြိတိန်၏ ရွေးကောက်ပွဲကော်မရှင်နှင့် ဝါရှင်တန်လွှတ်တော်အမတ်များကို ဆိုက်ဘာ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဗြိတိန်က မတ်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု The Guardian မှ ဖော်ပြခဲ့ သည်။
လွှတ်တော်အမတ်များ၏ အီးမေးလ်များကို ဟက်ခြင်း၊ အောက်လွှတ်တော် သုတေသနပညာရှင်များကို သတင်း ပေးများအဖြစ် အသုံးချသည့် ဖြစ်ရပ်များတွင် တရုတ်က ပါဝင်ပတ်သက်မှုရှိနေသည်ဟု ဗြိတိန်အာဏာပိုင်များက ပြောသည်။
ငွေကြေးအကျိုးအမြတ်ကို ဦးစားပေးသည့် ဗြိတိန်တက္ကသိုလ်များကြောင့် ဗြိတိန်ရှိ တရုတ်ကျောင်းသား ၁၅၀,၀၀၀ ထဲတွင် တရုတ်၏ စပိုင်များ ပါဝင်နိုင်ခြေရှိသည့်အရေးကို ဗြိတိန်က စိုးရိမ်လျက်ရှိသည်။
ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက် (Rishi Sunak) ကမူ တရုတ်သည် ပြည်တွင်းတွင် ဖိနှိပ်မှုများ၊ ပြည်ပတွင် ကိုယ့်ကိုယ်ကို ယုံကြည်လွန်းအားကြီးသည့် လှုပ်ရှားမှုများကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး မိမိတို့၏ စီးပွားရေး လုံခြုံမှုအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။
"အဲဒါကြောင့် ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အစီအမံတွေ လုပ်ဆောင်နေရတာဟာ သင့်တော်မှန်ကန် မှု ရှိပါတယ်" ဟု ဆူနက်က ပြောကြားခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဟောင်း အီယန် ဒန်ကန် စမစ်ကို တွေ့ရစဉ်
ဗြိတိန်လွှတ်တော်အမတ်များကလည်း ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး တရုတ်ကို ဖြေရှင်းခိုင်းရန် ဗြိတိန် ဒုဝန်ကြီးချုပ် အိုလီဗာ ဒေါ်ဒန် (Oliver Dowden) အား တောင်းဆိုခဲ့ကြသည်။
သို့သော် ဒေါ်ဒန်ကမူ ထိုအကြောင်းအရာများသည် ထင်ကြေးပေး မှန်းဆချက်များသာဖြစ်နိုင်ပြီး ပိတ်ဆို့မှုများ ပိုမိုချမှတ်သွားမည်ဟု လွှတ်တော်အမတ်များကို ကတိပေးခဲ့သည်။
အခြားလွှတ်တော်အမတ်များနှင့်အတူ ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရသည့် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဟောင်း အီယန် ဒန်ကန် စမစ် (Iain Duncan Smith) ကလည်း ၎င်း၏ သဘောထားကို ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။
"တရုတ်ဟာ ကျနော်တို့အတွက် စိန်ခေါ်မှု သက်သက်သာ မဟုတ်ပါဘူး။ ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ရပါမယ်။ သူတို့ဟာ သြဇာအာဏာနဲ့ အင်အားကြီးမားလာချိန်မှာ ကျနော်တို့က သူတို့ရှေ့မှာ တဖြည်းဖြည်း အင်အား နည်းလာပါတယ်" ဟု စမစ်က ပြောကြားခဲ့သည်။
Source: The Guardian
- By CNI
- Category: နိုင်ငံရေး
- Hits: 989
CNI International News
နယူးဒေလီ၊ မတ်လ ၂၈
အိန္ဒိယသည် မြန်မာနှင့် ထိစပ်နေသည့် ကီလိုမီတာ ၁၆၁၀ အရှည်ရှိသည့် ၎င်း၏ နယ်စပ်တစ်လျှောက် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံနီးပါး တန်ကြေးရှိသည့် နယ်စပ်စည်းရိုးကို ဆယ်စုနှစ်တစ်စုကြာ အချိန်ယူတည်ဆောက်သွားရန် စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မှောင်ခိုကူးမှုနှင့် အခြား တရားမဝင် လှုပ်ရှားမှုများကို တားဆီးရန် ထိုကဲ့သို့ နယ်စပ်စည်းရိုး တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ထိုအကြောင်းအရာနှင့် တိုက်ရိုက်ပတ်သက်မှုရှိသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရသည် ယခုနှစ် အစပိုင်းကလည်း မြန်မာနယ်စပ်တစ်လျှာက် ခြံစည်းရိုးကာရန်နှင့် နှစ်နိုင်ငံအကြား ဆယ်စုနှစ်များစွာကြာ ကျင့်သုံးခဲ့သည့် ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာခွင့်အစီအစဉ်ကို အဆုံးသတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲများကြောင့် အမျိုးသားလုံခြုံရေးနှင့် အိန္ဒိယအရှေ့မြောက်ဒေသ ၏ လူဦးရေ တည်ရှိမှုကို ထိန်းသိမ်းရန် အကြောင်းပြချက်များဖြင့် ထိုအစီအစဉ်များကို ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာ(တမူး)နဲ့ အိန္ဒိယ(မိုးရေ)နယ်စပ်ထွက်ပေါက်ကိုတွေ့ရစဉ်
ယခုလအစောပိုင်းတွင် အိန္ဒိယအစိုးရ၏ ကော်မတီတစ်ခုက နယ်စပ်စည်းရိုးတည်ဆောက်မည့် ကုန်ကျစရိတ်ကို အတည်ပြုခဲ့ပြီး ထိုအသုံးစရိတ်ကို ဝန်ကြီးချုပ်မိုဒီ (Narendra Modi) ၏ အစိုးရအဖွဲ့က အတည်ပြုရန် လိုအပ်နေ သေးကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ထိုသတင်းနှင့်ပတ်သက်ပြီး အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က မှတ်ချက်ပေးရန်တောင်းဆိုချက်ကို ချက်ချင်းမတုန့်ပြန်ခဲ့ပေ။
ထို့အတူ မြန်မာနိုင်ငံကလည်း အိန္ဒိယ၏ အစီအစဉ်များနှင့်ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပေ။
ထိုသို့ နယ်စပ်စည်းရိုး တည်ဆောက်မည့် အစီအစဉ်သည် မြန်မာနှင့်ထိစပ်နေသည့် မဏိပူရ (Manipur) ပြည်နယ် တွင် လူမျိုးရေးအရ တင်းမာမှုများကို ဖြစ်စေနိုင်ကြောင်း အိန္ဒိယအစိုးရထဲမှ အဖွဲ့ဝင်အချို့က ဝေဖန်ပြစ်တင်ခဲ့ သည်။
မြန်မာနှင့်ထိစပ်နေသည့် နယ်စပ်တွင် ခြံစည်းရိုး တည်ဆောက်မှုသည် ၁ ကီလိုမီတာအရှည်ကို ရူပီး ၁၂၅ သန်းခန့် ကုန်ကျမည်ဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ်က ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် နယ်စပ်ကို ခြံစည်းရိုးတည်ဆောက်မှု ကုန်ကျစရိတ်ထက် နှစ်ဆကျော် ပိုမိုများပြားလာနိုင်ခြေရှိသည်။
Source: ဘန်ကောက်ပို့စ်a
- By CNI
- Category: နိုင်ငံရေး
- Hits: 975
CNI International News
နယူးဒေလီ၊ မတ်လ ၂၈
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့တွင် ပထမအကြိမ် နျူကလီးယားစွမ်းအင်ညီလာခံ အောင်မြင်စွာ လက်ခံကျင်းပနိုင်မှုအတွက် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)က ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန္ဒား ဒီခရူး (Alexander De Croo) ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟု NDTV မှ ဖော်ပြခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး၊ ဘယ်လ်ဂျီယံနိုင်ငံ၏ ဥရောပသမဂ္ဂ အလှည့်ကျဥက္ကဋ္ဌ တာဝန်ရယူထားသည့် ကာလအတွင်း အိန္ဒိယ-ဥရောပသမဂ္ဂ မိတ်ဖက်ဆက်ဆံရေးအား မြှင့်တင်ရေး ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အိန္ဒိယနှင့် ဘယ်လ်ဂျီယံအကြား တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ဆေးဝါးများနှင့် အစိမ်းရောင် ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုကဏ္ဍများ အပါအဝင် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုများ မြင့်တက်နေမှုကိုလည်း ဆွေးနွေးခဲ့ကြသည် ဟု ဘယ်လ်ဂျီယံဝန်ကြီးချုပ် ဒီခရူးက ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံသည် အိန္ဒိယနိုင်ငံအား တော်ဝင်ကုန်သွယ်ရေးမစ်ရှင်အဖွဲ့ စေလွှတ်သွားမည်ဟုလည်း ဒီခရူးက ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန္ဒား ဒီခရူးနဲ့ မိုဒီကို တွေ့ရစဉ်
ထို့ပြင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ သန့်စင်သည့် နည်းပညာများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ဆေးဝါးများ၊ အစိမ်းရောင် ဟိုက်ဒရိုဂျင်၊ အိုင်တီ၊ ကာကွယ်ရေးနှင့် ဆိပ်ကမ်းများ အပါအဝင် မတူကွဲပြားသည့် ကဏ္ဍအသီးသီး တွင် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေး တိုးတက်စေရန် ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် ဥရောပသမဂ္ဂကောင်စီ၏ ဥက္ကဋ္ဌရာထူးကို ဘယ်လ်ဂျီယံက တာဝန်ယူထားသည့် ကာလ အတွင်း အိန္ဒိယ-ဥရောပသမဂ္ဂ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား ပိုမိုမြင့်တက်စေရန် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့သည်။
ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာတွင် ဖြစ်ပွားနေသည့် အခြေအနေများအပေါ် ထားရှိသော အမြင်များကိုလည်း ဖလှယ်ခဲ့ကြသည်။
ထို့နောက် ရုရှား-ယူကရိန်း ပဋိပက္ခနှင့် အနောက်အာရှဒေသတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဆောလျင်စွာ ပြန်လည် ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ရန် လိုအပ်ကြောင်းကိုလည်း သဘောတူ ခဲ့ကြသည်။
ဆက်လက်ပြီး ခေါင်းဆောင်နှစ်ဦးစလုံးက အဆက်အသွယ် မပြတ်ဘဲ ရှိနေစေရန် သဘောတူညီခဲ့ကြသည်။
ပထမဆုံးအကြိမ် နျူကလီးယားစွမ်းအင်ညီလာခံကို ဘယ်လ်ဂျီယံတွင် မတ်လ ၂၁ ရက်က ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၃၀ ကျော်မှ ခေါင်းဆောင်များနှင့် ဥရောပသမဂ္ဂ၏ ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြကာ နျူကလီးယားစွမ်းအင်ကို စွမ်းအင်လုံခြုံရေး၊ ရာသီဥတု ရည်မှန်းချက်များနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသုံးပြုခြင်း၏ အရေးကြီးပုံအား အလေးထား ဆွေးနွေးခဲ့ကြသည်။
Source: NDTV
- By CNI
- Category: နိုင်ငံရေး
- Hits: 860
CNI International News
မော်စကို၊ မတ်လ ၂၆
မတ်လ ၂၂ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် ဆင်ခြေဖုံးရှိ ဂီတခန်းမတွင် လူ ၁၃၇ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်တွင် IS စစ်သွေးကြွအဖွဲ့၏ တာဝန်ဖြစ်သည်ကို ထောက်လှမ်းရေး အချက်အလက်များက ဖော်ပြနေသည်ဟု ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံတွင် ဆယ်စုနှစ် နှစ်စုအတွင်း လူသေဆုံးမှု အများဆုံးဖြစ်ခဲ့သည့် ထိုတိုက်ခိုက်မှု ဖြစ်စဉ်၌ သေနတ် သမား ၄ ဦးက ရော့ခ်ဂီတာ ဖျော်ဖြေပွဲကျင်းပမည့် Crocus City ခန်းမထဲသို့ ဝင်ရောက်လာခဲ့ပြီး ခန်းမအတွင်းရှိ လူများကို တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ဖြင့် လူ ၁၃၇ ဦးသေဆုံးကာ လူ ၁၈၂ ဦး ဒဏ်ရာရခဲ့သည်။
တာဂျစ်ကစ္စတန် နိုင်ငံသားတစ်ဦး အပါအဝင် သေနတ်သမား ၄ ဦးကို ရုရှားအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ပြီး နောက် ၎င်းတို့ကို အကြမ်းဖက်မှု စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို IS အဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း တာဝန်ခံထွက်ဆိုခဲ့ပြီး အမေရိကန်ကလည်း ထိုတိုက်ခိုက်မှုကို IS အဖွဲ့က ပြုလုပ်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်။

မော်စကိုမြို့တော် ဆင်ခြေဖုံးရှိ ဂီတခန်းမ တိုက်ခိုက်ခံရစဉ်
အမေရိကန်အရာရှိများကမူ ၎င်းတို့သည် မော်စကိုမြို့တော်တွင် ယခုလအတွင်း ကြီးမားသည့် တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရုရှားကို ထောက်လှမ်းရေးသတင်းများ မျှဝေခဲ့ပြီး ကြိုတင်သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
"ကျနော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ကျနော်တို့ရထားတဲ့ သတင်းတွေ အရဆိုရင် ဒီတိုက်ခိုက်မှုကို IS အဖွဲ့ တစ်ဖွဲ့တည်းကသာ ပြုလုပ်ခဲ့တယ်ဆိုတာကို ဖော်ပြနေပါတယ်" ဟု ပြင်သစ်သမ္မတ မက်ခရွန်က သတင်းထောက် များကို ပြောကြားခဲ့သည်။
ထို IS အဖွဲ့သည် အာဖဂန်နစ္စတန် နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် ISIS-Khorasan ခေါ် ISIS-K ဟု လူသိများ သည့် IS အဖွဲ့ခွဲဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
"အဲဒီအဖွဲ့ဟာ ကျနော်တို့နိုင်ငံရဲ့ မြေပေါ်မှာ တိုက်ခိုက်မှုအချို့ ပြုလုပ်ဖို့လည်း ကြိုးပမ်းခဲ့ပါတယ်'' ဟု မက်ခရွန်က ပြင်သစ်နိုင်ငံ၊ ဂွီယာနာ (French Guiana) ဒေသသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
ရုရှားအာဏာပိုင်များကမူ ထိုတိုက်ခိုက်မှုသည် ယူကရိန်းနှင့် ဆက်နွှယ်မှု ရှိ/မရှိ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သော်လည်း ယူကရိန်းအစိုးရကမူ ထိုတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1026
CNI International News
ပြုံယမ်း၊ မတ်လ ၂၆
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် တွေ့ဆုံလိုသည့်ဆန္ဒကို အမှာစကားပါးခဲ့သည်ဟု ကင်မ်၏ သြဇာကြီးမားသည့် ညီမဖြစ်သူ ကင်မ်ယိုဂျုံက မတ်လ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
သို့သော် နှစ်နိုင်ငံအကြား ဆက်ဆံရေးများ တိုးတက်မှုသည် ကိုရီးယားကျွန်းဆွယ်ကို ၁၉၁၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ သိမ်းပိုက်ခဲ့သည့် ဂျပန်အနေဖြင့် လက်တွေ့ကျသော နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရန် ရှိ/မရှိအပေါ်တွင် မူတည်သည်ဟုလည်း ကင်မ်ယိုဂျုံက ပြောသည်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကို တွေ့ရစဉ်
"ဂျပန်ဝန်ကြီးချုပ်အနေနဲ့ အဲဒီအချက်ကို သိသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက တွေ့ချင်တာဖြစ်ပြီး သူက ဆုံးဖြတ်ရမှာပါ။ တွေ့ချင်တယ်ဆိုတိုင်း ကျမတို့ခေါင်းဆောင်နဲ့ တွေ့နိုင်တာမျိုး ဒါမှမဟုတ် ကျမတို့ ခေါင်းဆောင် က တွေ့မယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။
ဂျပန်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံကို ရန်မူဆန့်ကျင်ပြိး မိမိတို့၏ အချုပ်အခြာအာဏာပိုင် အခွင့်အရေးများကို ချိုးဖောက်မည်ဆိုပါက မိမိတို့၏ ရန်သူအဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး မိမိတို့၏ ပစ်မှတ်တစ်ခု ဖြစ်လာလိမ့်မည် ဟုလည်း ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။
ကိုရီးယားကျွန်းဆွယ်ကို ဂျပန်က ကြာရှည်စွာ သိမ်းပိုက်ခဲ့သည့် ကာလများအတွင်း အငြင်းပွားမှုများကြောင့် ဂျပန်နှင့် မြောက်ကိုရီယားအကြား ဆက်ဆံရေးများသည် တင်းမာခဲ့ရသည်။
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးကမူ ဂျပန်သည် ကိုရီးယားကျွန်းဆွယ်ကို ကိုလိုနီပြုခဲ့ချိန်က ကိုရီးယားအမျိုးသမီးများကို စစ်ပွဲကာလအတွင်း ချွေးတပ်ဆွဲပြီး အတင်းအဓမ္မ အလုပ်စေခိုင်းခဲ့ကြောင်း စွပ်စွဲခဲ့ သည်။

ကင်မ်ဂျုံအန်နဲ့ ကင်မ်ယိုဂျုံကို တွေ့ရစဉ်
ကင်မ်ယိုဂျုံ၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး မီဒီယာများက ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကို မေးမြန်းခဲ့ချိန်တွင် ကီရှီဒါက လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မြောက်ကိုရီးယားက ဂျပန်နိုင်ငံသားများကို ပြန်ပေးဆွဲခဲ့သည့် ဖြစ်စဉ်များကဲ့သို့ ပြဿနာများကို ဖြေရှင်းရေးအတွက် အစည်းအဝေးပြုလုပ်ရန် အရေးကြီးကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
"အခုချိန်ထိတော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး" ဟု ကီရှီဒါက ကင်မ်နှင့် ဖြစ်နိုင်ခြေရှိသည့် အစည်းအဝေးနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
မြောက်ကိုရီးယားကလည်း လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ဂျပန်နိုင်ငံသား ၁၃ ဦးကို ပြန်ပေးဆွဲခဲ့ကြောင်း ၂၀၀၂ ခုနှစ်က ဝန်ခံခဲ့သည်။
ထိုပြန်ပေးဆွဲခံရသည့် ဂျပန်နိုင်ငံသားများအနက် ၅ ဦးနှင့် ၎င်းတို့၏ မိသားစုများသည် ဂျပန်သို့ ပြန်လည် ရောက်ရှိခဲ့ပြီး ကျန်ဂျပန်နိုင်ငံသားများမှာ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 877
CNI International News
နယူးဒေလီ၊ မတ်လ ၂၆
အိန္ဒိယ၏ သံတမန်ပရိယာယ်ထဲတွင် ယဉ်ကျေးမှုနှင့် ဘာသာရေးသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေ သည့်ဟု The Print သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အိန္ဒိယ၏ ယဉ်ကျေးမှုဆိုင်ရာ ဂလိုဘယ်လိုက်ဇေးရှင်း အခင်းအကျင်းတစ်ခု ထူထောင်မှုတွင် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများက အိန္ဒိယ၏ သံတမန်ဆက်ဆံရေးတွင် အရေးကြီးသည့် အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်လာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မကြာသေးမီက မြတ်ဗုဒ္ဓ၏ ဓာတ်တော်များကို ထိုင်းသို့ ပင့်ဆောင်စေခြင်းနှင့် ၁၇ ရာစုက ဂျော်ဂျီယာဘုရင်မ St. Ketevan ၏ ရုပ်ကြွင်းများကို ဂျော်ဂျီယာသို့ ပေးပို့မှုများသည် အိန္ဒိယ၏ ယဉ်ကျေးမှု သံတမန်ပရိယာယ် ဖြစ်စဉ် များထဲတွင် ပါဝင်ခဲ့ပြီး ယဉ်ကျေးမှုအချင်းချင်း ကူးလူးဆက်သွယ်မှုများဖြစ်ခဲ့သည်။

ထိုင်းကို ဗုဒ္ဓဓာတ်တော်များ အိန္ဒိယက ပင့်ဆောင့်လာစဉ်
ဓာတ်တော်မွေတော်များနှင့် အမွေအနှစ်များကဲ့သို့ ယဉ်ကျေးမှု ရုပ်ဝတ္ထုပစ္စည်းများသည် ကန့်သတ်ထားသည့် သံတမန်ဆက်ဆံမှုဆိုင်ရာ စည်းမျဉ်းများ၊ ဘောင်များကို ကျော်လွှားနိုင်ပြီး "ကမ္ဘာကြီးသည် မိသားစု တစ်စုဖြစ် သည်" ဆိုသည့် အိန္ဒိယ၏ အယူဝါဒကို ပြသရာရောက်ခဲ့သည်။
၁၉၈၂ ခုနှစ်ကလည်း အိန္ဒိယနှင့် ဗြိတိန်တို့သည် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုများ ပူးပေါင်းရှာဖွေ ဖော်ထုတ်ရေးကို စတင်ခဲ့ကြပြီး အိန္ဒိယသည် ယဉ်ကျေးမှုဖြင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို လုပ်ဆောင်ခဲ့သည်။
အိန္ဒိယနှင့် ဗြိတိန်အကြား ပူးပေါင်းဆောင်ရွက်မှုများထဲတွင် ရှေးဟောင်း ရုပ်တုပေါင်း ၂၀၀ နီးပါးနှင့် ရှေးဟောင်း စာပေ ၁၃၅ ခု ပါဝင်ခဲ့သည်။

တိဘက် ဘုန်းတော်ကြီးများနဲ့ မိုဒီကိုတွေ့ရစဉ်
အိန္ဒိယသည် မကြာသေးမီကလည်း ထိုင်းနိုင်ငံသို့ ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များ ပင့်ဆောင်မှုသည် အာဆီယံနိုင်ငံ များနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေး အလားအလာကို ပိုမိုမြင့်တက်စေရန် လုပ်ဆောင်သည့် သာဓကတစ်ခု ဖြစ်သည်။
အိန္ဒိယနှင့် ထိုင်းသည် ဘာသာရေးနှင့် စံတန်ဖိုးများကို ရှေ့တန်းတင်သည့် ယဉ်ကျေးမှု သံတမန်ဆက်ဆံရေးများ တွင် ဗုဒ္ဓနှင့် တပည့် သာဝကများ၏ စံတန်ဖိုးများကို အလေးအမြတ်ထားပုံခြင်းလည်း တူညီနေသည်ကို တွေ့ရမည်ဖြစ်သည်။
ထို့ပြင် အိန္ဒိယ၏ အိမ်နီးချင်းဖြစ်သည့် ပါကစ္စတန်နှင့် အခြားနိုင်ငံသည် ဗုဒ္ဓဘာသာနှင့်ဆက်နွှယ်သည့် ယဉ်ကျေးမှုမျိုးစုံ ကူးလူးဆက်သွယ်ရေး သံတမန်ဆက်ဆံရေးများကို လုပ်ဆောင်လာသဖြင့်
အိန္ဒိယအနေဖြင့် ထိုကဲ့သို့သော သံတမန် ဆက်ဆံရေးများတွင် ကြုံတွေ့လာနိုင်ခြေရှိသည့် စိန်ခေါ်မှုများ အတွက်လည်း ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: The Print
- By CNI
- Category: နိုင်ငံရေး
- Hits: 869
CNI International News
တိုင်ပေ၊ မတ်လ ၂၆
ထိုင်ဝမ်ကျွန်းအနီးတွင် မတ်လ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီမှ မတ်လ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီအတွင်း တရုတ်ရေတပ်သင်္ဘော ၈ စင်းနှင့် စစ်လေယာဉ် ၆ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန(MND)က ပြောကြားခဲ့ကြောင်း Dailyhunt သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ လေယာဉ်များထဲမှ တစ်စင်းသည် ထိုင်ဝမ်၏ အနောက် တောင်ဘက် လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ)အတွင်းသို့ ဝင်ရောက်ခဲ့သဖြင့် ထိုင်ဝမ်စစ်တပ်က အခြေအနေကို အနီးကပ်စောင့်ကြည့်ခဲ့ပြီး လိုအပ်သလို တုန့်ပြန်ဆောင်ရွက်ရန် တပ်ဖွဲ့များဖြန့်ကြက်ခဲ့သည်ဟု MND က ထုတ်ပြန်ခဲ့သည်။
"တရုတ်လေယာဉ် ၆ စင်းနဲ့ စစ်သင်္ဘော ၈ စင်းကို ထိုင်ဝမ်ကျွန်းအနီးမှာ တွေ့ရှိခဲ့ရပြီး အဲဒီထဲက လေယာဉ် တစ်စင်းဟာ ADIZ အတွင်း ဝင်ရောက်ခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထိုင်ဝမ်စစ်တပ်သည် အခြေအနေကို လေ့လာစောင့်ကြည့်ခဲ့ပြီး ထိုင်ဝမ်စစ်တပ်၏ လေယာဉ်များနှင့် စစ်သင်္ဘော များကို ဖြန့်ကြက်ခဲ့သည်။

တရုတ်စစ်သင်္ဘောကို တွေ့ရစဉ်
ထို့နောက် တရုတ်၏ လှုပ်ရှားမှုများကို တုန့်ပြန်ရန် ကမ်းရိုးတန်းဒေသ ဒုံးကျည်စနစ်များအား အသင့်ပြင်ခဲ့ကြောင်း MND က ပြောကြားခဲ့သည်။
မတ်လ ၂၃ ရက်ကလည်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒေသတွင်း မောင်းနှင်နေသည့် တရုတ် စစ်လေယာဉ် ၁၃ စင်းနှင့် စစ်သင်္ဘော ၆ စင်းကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုတရုတ်စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို မတ်လ ၂၂ ရက် ဒေသစံတော်ချိန်နံနက် ၆ နာရီမှ မတ်လ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီအကြား ထောက်လှမ်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု MND က ပြောကြားခဲ့သည်။
"တရုတ်စစ်လေယာဉ် ၁၃ စင်းနဲ့ စစ်သင်္ဘော ၆ စင်းဟာ ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ မောင်းနှင်နေတာကို ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်" ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကတည်းက တရုတ်သည် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို အများအပြား စေလွှတ်ခဲ့ပြီး အင်အားပြ ဖိအားပေးသည့် နည်းဗျူဟာကို ကျင့်သုံးခဲ့သည်။
Source: Dailyhunt
- By CNI
- Category: နိုင်ငံရေး
- Hits: 973
CNI International News
တိုင်ပေ၊ မတ်လ ၂၅
တရုတ်အခြေစိုက် ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည့် လူမှုမီဒီယာ အက်ပလီကေးရှင်း TikTok သည် ထိုင်ဝမ်၏ အမျိုးသားလုံခြုံရေးအတွက် သိသာသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု ထိုင်ဝမ် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး အော်ဒရေးတန် (Audrey Tang)က ကြေညာခဲ့ကြောင်း NDTV မှ ဖော်ပြခဲ့သည်။
ပြည်ပရန်သူများနှင့် ဆက်စပ်မှုရှိသည့် TikTok အက်ပလီကေးရှင်းနှင့်ပတ်သက်ပြီး ထိုင်ဝမ်၏ အမြင်သည် အမေရိကန်၏ အမြင်နှင့် တူညီမှုရှိကြောင်း တန်က ပြောသည်။
အမေရိကန်ကလည်း TikTok ကို ဖြစ်လာနိုင်ခြေရှိသည့် အမျိုးသားလုံခြုံရေး အန္တရာယ်တစ်ခုအဖြစ် ရှုမြင်ထား သည်။
"ထိုင်ဝမ်ဟာ TikTok ကို အန္တရာယ်ရှိတဲ့ ထုတ်ကုန်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်"ဟု တန်က လွှတ်တော် ကြားနာစစ်ဆေးမှုတွင် ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ စံသတ်မှတ်ချက်များနှင့် ကြည့်မည်ဆိုပါက ပြည်ပရန်ဘက်များ၏ ထိန်းချုပ်မှုကို အလွယ်တကူခံရ သည့် မည်သည့် ထုတ်ကုန်မဆို အမျိုးသားသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလုံခြုံမှုအတွက် ခြိမ်းခြောက် မှုတစ်ခု ဖြစ်သည်ဟု တန်က ပြောကြားခဲ့သည်။

တရုတ်အလံ နောက်ခံနဲ့ Tik Tok ကိုတွေ့ရစဉ်
ထိုင်ဝမ်၏ ကြေညာချက်သည် အမေရိကန်တွင် ရေပန်းစားနေသည့် TikTok အား ပိတ်ပင်ရေးလှုပ်ရှားမှုနှင့် တူညီမှုရှိနေသည်။
အမေရိကန်အောက်လွှတ်တော်သည် မကြာသေးမီက TikTok ၏ မိခင်ကုမ္ပဏီဖြစ်သည့် ByteDance ကို ပစ်မှတ်ထားသည့် ဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်။
ထိုဥပဒေမူကြမ်းတွင် ByteDance အနေဖြင့် အမေရိကန်တွင် TikTok ကို ၆ လကြာ အသုံးပြုခွင့်မပေးရန် သို့မဟုတ်ပါက တစ်နိုင်ငံလုံးတွင် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုင်ဝမ် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး (MODA) ကလည်း အမေရိကန်၏ ဥပဒေမူကြမ်းနှင့် ဆင်တူရိုးမှားဖြစ်သည့် ဆိုက်ဘာလုံခြုံရေး စီမံခန့်ခွဲမှု အက်ဥပဒေကို ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်ဟု တန်က ပြောကြားခဲ့သည်။
ထိုဥပဒေပြဋ္ဌာန်းမှုသည် ထိုင်ဝမ်၏ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများကို ပြည်ပ၏ ကြားဝင်စွက်ဖက်မှုများ ရန်မှ ကာကွယ်လိုသည့် ထိုင်ဝမ်အစိုးရ၏ ကတိကဝတ်များကို ထင်ဟပ်စေခဲ့သည်။
ထိုင်ဝမ်အစိုးရ အေဂျင်စီများနှင့် အစိုးရရုံး ခြံဝင်းများအတွင်း TikTok အသုံးပြုမှုကို ယခင်ကတည်းက တားမြစ် ကန့်သတ်ထားပြီး လက်ရှိတွင် TikTok ကို စာသင်ကျောင်းများ၊ အစိုးရမဟုတ်သည့် အေဂျင်စီများ၊ ပြည်သူပိုင် နေရာများတွင်ပါ ပိတ်ပင်နိုင်ခြေရှိသည်ဟု တန်က ပြောကြားခဲ့သည်။
Source: NDTV
- By CNI
- Category: နိုင်ငံရေး
- Hits: 893
CNI International News
ဟဲလ်ဆင်ကီ၊ မတ်လ ၂၅
အမေရိကန်လွှတ်တော်သည် ယခုနှစ်အတွင်း ဘော်လ်တစ် ၃ နိုင်ငံဖြစ်သည့် အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံတို့ကို စုစုပေါင်း ဒေါ်လာ ၂၂၈ သန်း တန်ကြေးရှိ စစ်ရေးနှင့် ကာကွယ်ရေး အကူအညီများ ပေးရန် ပါဝင်သည့် ဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်ဟု အက်စတိုးနီးယား ကာကွယ်ရေးအရာရှိများက မတ်လ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
မတ်လ ၂၃ ရက်က လွှတ်တော်တွင် အတည်ပြုခဲ့သည့် အမေရိကန်အစိုးရ၏ ရန်ပုံငွေ ဥပဒေထုတ်ပြန်မှု၌ နေတိုး အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ရုရှား၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘော်လ်တစ် ၃ နိုင်ငံကို စစ်ရေးအထောက်အပံ့များ ပေးမည့် အစီအစဉ် ပါဝင်ခဲ့သည်။
"အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုတွေဟာ အက်စတိုနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီယားနိုင်ငံတွေမှာ စစ်ရေး အခြေခံ အဆောက်အအုံတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို အလျင်အမြန် အကောင်အထည်ဖော်ဖို့ သိသိသာသာ အထောက်အကူ ဖြစ်စေပါတယ်။ ပြီးခဲ့တဲ့နှစ်ကထက် အကူအညီတွေ နည်းနည်း ပိုများလာတာ ကလည်း သတင်းကောင်းပါပဲ" ဟု အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီး ဟန်နို ပက်ဗ်ကူအာ (Hanno Pevkur) က ပြောကြားခဲ့သည်။
"ဒီဘဏ္ဍာရေး အထောက်အပံ့ဟာ နေတိုးမဟာမိတ်အဖွဲ့ထဲမှာ အင်အားအကြီးဆုံး မဟာမိတ်ဖြစ်တဲ့ အမေရိကန် က ကျနော်တို့ ဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့အတွက် ကတိကဝတ်အတိုင်း လုပ်ဆောင်နေတယ်ဆိုတာကို ပြသရာရောက်ပါတယ်"ဟု ၎င်းက ပြောသည်။

အမေရိကန် အိမ်ဖြူတော်ကိုတွေ့ရစဉ်
၂၀၂၀ ပြည့်နှစ်က ဖန်တီးခဲ့သည့် ဘော်လ်တစ် လုံခြုံရေး အစီအစဉ် (BSI) သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနက အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယား စစ်တပ်များ၏ စစ်ရေးစွမ်းဆောင်ရည်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ငံစွမ်းများကို တိုးတက်စေရန် ရည်ရွယ်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်သည်။
အမေရိကန်၏ ငွေကြေးထောက်ပံ့မှုသည် ဘော်လ်တစ်နိုင်ငံများ၏ လေကြောင်းကာကွယ်ရေး၊ ပင်လယ် ရေကြောင်းဆိုင်ရာ အခြေအနေ စောင့်ကြည့်လေ့လာမှုနှင့် မြေပြင်တပ်ဖွဲ့များကို ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ပြီး ၂၀၂၃ ခုနှစ်ကလည်း ဒေါ်လာ ၂၂၅ သန်း တန်ကြေးရှိ စစ်ရေးအကူအညီပေးခဲ့ကြောင်း အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဒီဇင်ဘာလကလည်း အမေရိကန်နှင့် ဘော်လ်တစ်နိုင်ငံများသည် ၂၀၂၈ ခုနှစ်အထိ နိုင်ငံများအကြား ကာကွယ်ရေး နှင့် အမျိုးသားလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုရှိသည့် ဆက်ဆံရေးများကို လမ်းညွှန်ရန် ရည်ရွယ်ထား သည့် ၅ နှစ်သက်တမ်းရှိ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံတစ်ခု ဖော်ဆောင်ရန် သဘောတူ ခဲ့ကြသည်။
Source: အေပီ
