
- By CNI
- Category: နိုင်ငံရေး
- Hits: 648
CNI International News
မင့်ခ်၊ ဖေဖော်ဝါရီ ၂၁
ဘယ်လာရုစ်နိုင်ငံသားများ၏ ငြိမ်းချမ်းရေးလိုလားမှုသည် ချနင်းခံရမည်ဟု အဓိပ္ပာယ် သက်ရောက်ခြင်း မရှိသောကြောင့် ဘယ်လာရုစ်သို့ ရောက်ရှိလာမည့် မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမဆို ပြင်းပြင်းထန်ထန်၊ မြန်မြန်ဆန်ဆန် တုန့်ပြန်သွားမည်ဟု ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို (Alexander Lukashenko) က တနင်္လာနေ့တွင် ပြောသည်။
မည်သည့် ရန်လိုမှုမျိုးကိုမဆို တုန့်ပြန်သွားမည်ဟု သမ္မတက ပြောသည်။ နိုင်ငံ၏ လုံခြုံရေး အယူအဆအပြင် စေတနာ့ဝန်ထမ်း တပ်ဖွဲ့များ ဖွဲ့စည်းရေး မူကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးသော လုံခြုံရေးကောင်စီ အစည်းအဝေး တစ်ခုတွင် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
ဘယ်လာရုစ် နိုင်ငံသားများ၏ ငြိမ်းချမ်းမှုသည် ကိုယ့်ကိုယ်ကို စတေးခံရမည်ဟု အဓိပ္ပာယ်မဟုတ်ကြောင်းလည်း လူကာရှန်ကိုက ပြောခဲ့သည်ဟု BelTA သတင်းတွင် ဖော်ပြထားသည်။
အနောက်အုပ်စု ခေါင်းဆောင်တစ်ချို့၏ လက်နက်ပြိုင်ဆိုင်ခြင်း၊ နျူကလီးယားအရေး ငွေညှစ်ခြင်း စသည့် စစ်အေး တိုက်ပွဲတွင်းမှ အကြောင်းအရာများသည် ခေတ်သစ် နိုင်ငံတကာ အစီအစဉ်များပေါ် ပြန်လည် ရောက်ရှိ လာခဲ့ပြီဟု လူကာရှန်ကိုက ပြောသည်။
အမေရိကန်သမ္မတဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတဇာလန်းစကီးကိုတွေ့ရစဉ်
ပုံစံမျိုးစုံဖြင့်ရှိသည့် ရန်လိုသော မျိုးချစ်စိတ်၊ အစွန်းရောက် စိတ်တို့ကြောင့် ဖြစ်သည့် ခြိမ်းခြောက်မှု မြင့်တက်လာ ခြင်းကို သိသိသာသာ မြင်လာရကြောင်း၊ ခေတ်သစ် ဖက်ဆစ် အတွေးအခေါ်များ ခေါင်းထောင်လာကြောင်းလည်း ၎င်းက ပြောသည်။
အနောက်အုပ်စု၏ ဗိုလ်ကျစိုးမိုးမှုနှင့် ပတ်သက်၍ ဘယ်လာရုစ်နိုင်ငံတွင်းမှ ပထဝီနိုင်ငံရေး အကျိုးအမြတ်သည် ကာလရှည် ပုံပြင်တစ်ပုဒ်ဖြစ်ကြောင်း၊ ကိုယ်တိုင် ဝင်တိုက်စရာမလိုသော စစ်ပွဲစတင်ရန် နည်းပညာများနှင့် နည်းလမ်းများကို စဉ်ဆက်မပြတ် တိုးတက်လာကြောင်း၊ ထို့ကြောင့် ဘယ်လာရုစ်အနေဖြင့် ရှေ့ကိုကြိုမြင်ကာ အဆင်သင့်ဖြစ်နေရန် လိုအပ်ကြောင်းလည်း လူကာရှန်ကိုက အလေးပေး ပြောဆိုခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 830
CNI International News
တီဟီရန်၊ ဖေဖော်ဝါရီ ၂၁
အီရန်ငွေကြေးတန်ဖိုးမှာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးအထိ ကျဆင်းခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။ အီးယူအဖွဲ့က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ မချမှတ်ခင် ထိုသို့ ကျဆင်းခဲ့ခြင်းဖြစ် သည်။
တနင်္လာနေ့ အဖွင့်ဈေးကွက်တွင် တစ်ဒေါ်လာသည် အီရန်နိုင်ငံသုံး ရီရယ် ၅၀၀၀၀၀(ငါးသိန်း) နှုန်းကျော် သွားသည်။ ယင်းက လာမည့်အနာဂတ်အတွင်း နိုင်ငံ၏ငွေကြေးသည် နောက်ထပ်တန်ဖိုးကျဆင်းမှုများဆက်ဖြစ်ဦးမည်ဆိုသော စိတ်ဓာတ်ရေးရာ အတားအဆီးများကို ကျော်ဖြတ်သွားခြင်းလည်းဖြစ်သည်။
အီရန်နှင့် ကမ္ဘာ့နိုင်ငံများအကြား ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို အမေရိကန်ဘက်က တစ်ဖက်သတ် ဖျက်သိမ်းပြီး အရေးယူပိတ်ဆို့မှုများကို လုပ်ဆောင်ခဲ့သည့် လွန်ခဲ့သောငါးနှစ်တွင် အီရန်ငွေကြေး ရီရယ်၏ တန်ဖိုးမှာတစ်ဒေါ်လာလျှင် ၄၀၀၀၀(လေးသောင်း)အောက်သာ ရှိခဲ့သည်။ အဆိုပါပမာဏသည် လွန်ခဲ့သော စက်တင်ဘာလ တန်ဖိုးထက် အဆပေါင်း ၃၀၀၀၀၀(သုံးသိန်း)ကျော် ပိုနည်းနေသည်။
တနင်္လာနေ့က ငွေကြေးတန်ဖိုးကျဆင်းလာခြင်းသည် အီရန်နိုင်ငံအား နောက်ထပ်အရေးယူ ပိတ်ဆို့မှုများ ဆက်လုပ်သွားမည်ဟု အီးယူအဖွဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ဂျိုးဆက် ဘော်ရယ် (Josep Borrell) နှင့် တခြားသော အရာရှိများက ကြေညာခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
အီရန်နိုင်ငံ တီရီဟန်မြို့တော်တွင် ပြီးခဲ့သည့် စက်တင်ဘာလက စတင်ခဲ့သည့် လူထုအုံကြွမှုမြင်ကွင်း(ဓါတ်ပုံ-getty images)
ယခုတစ်ကြိမ် အရေးယူမှုများသည် ယခင်က ကဲ့သို့ပင် စက်တင်ဘာလလယ်က အီရန်နိုင်ငံတွင်းမှ ဆန္ဒပြပွဲများ အပေါ် တုန့်ပြန်မှုများနှင့်ပတ်သက်၍ အီရန်အရာရှိများနှင့် အဖွဲ့အစည်းများကို ပစ်မှတ်ထားခြင်းဖြစ်သည်။
နိုင်ငံတွင်း ဆိုးဆိုးရွားရွား မငြိမ်သက်မှုများ ဖြစ်ခဲ့ခြင်းနောက်ကွယ်တွင် အနောက်အုပ်စုရှိနေသည်ဟုလည်း အီရန် ဘက်က စွပ်စွဲထားသည်။ ယူကရိန်းစစ်ပွဲတွင် ရုရှားအား ဒရုန်းများထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် လများအတွင်း အမေရိကန်နှင့် အီးယူတို့က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတစ်ချို့ လုပ်ဆောင်ခဲ့ သည်။
The Islamic Revolutionary Guard Corps အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရေးအတွက်လည်း အီရန်နှင့် အီးယူအဖွဲ့တို့အကြား တင်းမာမှုများ ရှိခဲ့သည်။ ၂၀၁၅ နျူကလီးယားစာချုပ်ကို ပြန်လည်ထိန်းသိမ်းနိုင်ရေး ဆွေးနွေးပွဲများ မတင်မကျရှိနေချိန်တွင် အနောက်အုပ်စုအဖွဲ့ဝင်များက အီရန်အား နိုင်ငံတကာနျူကလီးယား စွမ်းအင်အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့သည် အီရန်တွင် ယူရေနီယမ် ၈၄ ရာခိုင်နှုန်း ကြွယ်ဝသော အရာများကို တွေ့ရှိခဲ့သည်ဟု Bloomberg သတင်းတွင် တနင်္ဂနွေနေ့၌ ဖော်ပြသည်။ ယင်းက ရှာတွေ့သမျှ အများဆုံးပမာဏလည်းဖြစ်သည်။ သို့သော် ထိုသို့ တွေ့ရှိမှုသည် ယခင်က ကြေညာခဲ့သည့်အတိုင်း အီရန်သည် ယူရေနီယမ်ပမာဏ ၆၀ ရာခိုင်နှုန်းထက် ကျော်လွန်သွားလိမ့်မည်ဆိုသည့် အဓိပ္ပါယ်မဟုတ်ကြောင်း၊ အီရန် နျူကလီးယားလက်နက် ရရှိရန်ကြိုးပမ်းသွားမည် မဟုတ်ကြောင်း အီရန်အစိုးရဘက်က ပြောသည်။
Source:Aljazeera

- By CNI
- Category: နိုင်ငံရေး
- Hits: 841
CNI International News
မော်စကို၊ ဖေဖော်ဝါရီ - ၂၁
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Biden)သည် လုံခြုံရေးအာမခံချက်ရ၍သာ ယူကရိန်းသို့ လာရဲခြင်းဖြစ် ကြောင်း ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က ပြောသည်ဟု တာ့စ်သတင်းတွင် ဖော်ပြထားသည်။
သို့သော် အမေရိကန်သမ္မတကို မည်သူက အာမခံချက်ပေးသနည်း ဆိုသည်ကိုတော့ အသေးစိတ် ရှင်းပြခဲ့ခြင်း မရှိပေ။
လုံခြုံရေးအာမခံချက် ကြိုရထားသောကြောင့် ဘိုင်ဒန် ယူကရိန်းသို့ ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းသည် နာဇီ လက်သစ်အစိုးရနှင့် သစ္စာပြုကာ လက်နက်များ ထောက်ပံ့မည်ဟု ကတိပေးခဲ့ကြောင်း၊ လက်နက်သစ်များ၊ ရဲစွမ်း သတ္တိရှိသော သူများနှင့်သာ ရရှိမည့် အောင်ပွဲအတွက်လည်း အပြန်အလှန် ပြောဆိုမှု လုပ်ဆောင်ခဲ့ကြောင်း မက်ဗီဒက်ဗ်က သူ၏တယ်လီဂရမ်တွင် တနင်္လာနေ့၌ ရေးသားခဲ့သည်။
ဘိုင်ဒန်နဲ့ ဇာလန်းစကီးကို ကိယက်ဗ်မြို့မှာတွေ့ရစဉ်
အနောက်နိုင်ငံများသည် ယူကရိန်းသို့ လက်နက်နှင့် ငွေကြေး ထောက်ပံ့ရန် ရှိနေကြောင်း၊ အများအပြား ထောက်ပံ့ပေးမည်ဆိုလျှင် နေတိုးအဖွဲ့ဝင် နိုင်ငံများအတွက် တစ်ကမ္ဘာလုံးရှိ အကြမ်းဖက်အဖွဲ့များသို့ လက်နက် များ ရောင်းချခြင်းဖြင့် ငွေရှာခြင်းများ ဖြစ်လာနိုင်သည်ဟုလည်း ၎င်းကပြောသည်။
ဘိုင်ဒန်သည် ဖေဖော်ဝါရီ ၂၀ ရက်နေ့ တနင်္လာနေ့တွင် ကိယက်ဗ်မြို့သို့ ရောက်ရှိလာခဲ့ပြီး ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် တွေ့ဆုံကာ ယူကရိန်းအတွက် ထောက်ပံ့ပေးသွားမည်ဟု ပြောဆိုခဲ့သည်။
ယူကရိန်းသို့ ဘိုင်ဒန်မသွားခင် အမေရိကန်အိမ်ဖြူတော်သည် ခရီးစဉ်အတွင်း လုံခြုံရေးနှင့်ပတ်သက်၍ ရုရှားဘက်ကို ဆက်သွယ်မှုပြုလုပ်ခဲ့သည်ဟု အေပီသတင်းတွင် အစောပိုင်းက ဖော်ပြထားသည်။
Source: တာ့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 607
CNI International News
ဒန်ပါဆာ၊ ဖေဖော်ဝါရီ ၂၀
ဘာလီတွင် ဖမ်းမိခဲ့သည့် အီတလီ-သြစတြေးလျ ဝရမ်းပြေးတစ်ဦးကို အီတလီနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည် ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
၎င်းသည် မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ အုပ်စုဖွဲ့ ရာဝဇတ်မှု ကျူးလွန်မှုတို့ဖြင့် ခုနစ်နှစ်ကြာ တိမ်းရှောင်နေသူ ဖြစ်သည်။
အသက် ၃၂ နှစ်အရွယ် အန်တိုနီစတန်ဂျီယို (Antionio Strangio) သည် အင်တာပို၏ အနီရောင်အဆင့် ရာဇဝတ် သားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှ ဘာလီသို့ ရောက်ရှိလာသည့် ဖေဖော်ဝါရီ ၃ ရက်တွင် ထိန်းသိမ်းခံခဲ့ရသည်။
မူးယစ်ရာဇာ စတန်ဂျီယိုကို ဖမ်းမိစဉ်(AP)
စတန်ဂျီယိုသည် ဆေးခြောက် ၁၆၀ ကီလိုဂရမ် မှောင်ခိုမှုဖြင့် အီတလီအစိုးရမှ အလိုရှိနေသူဖြစ်ကာ လုံခြုံရေး ဆိုင်ရာ အကြောင်းအရာများကြောင့် ၎င်းအား မည်သည့်အချိန်တွင် ပြည်လည် ပို့ဆောင်မည်ဆိုသည်ကို ထုတ်ဖော် ပြောဆိုရန် ဘာလီရဲတပ်ဖွဲ့က ငြင်းဆိုသည်။
သံသယရှိသူကို ရဲတပ်ဖွဲ့မှ လေဆိပ်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြသခဲ့ပြီး တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ၎င်းအား ထွက်ခွာရာ ခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။
စတန်ဂျီယိုသည် အနောက်ကမ္ဘာတွင် အရေးပါဆုံး ရာဇဝတ်အဖွဲ့အဖြစ် အီတလီအစိုးရရှေ့နေများက သတ်မှတ် ထားသော ndrangheta မာဖီးယားဂိုဏ်းနှင့် ဆက်စပ်နေသူ ဖြစ်သည်။
ndrangheta အဖွဲ့သည် ဥရောပနိုင်ငံများအတွင်း အထူးစစ်ဆင်ရေးများ လုပ်ဆောင်ကြပြီး ယင်း၏ အဖွဲ့ဝင်တိုင်း သည် သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် အမှုစစ်ဆေး ကြားနာမှု လုပ်ဆောင်နိုင်သည့် အနီရောင် အဆင့် ရာဇဝတ် သားများ ဖြစ်သည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ နိုင်ငံတကာမှုခင်းဌာနခွဲမှ အရာရှိတစ်ဦးဖြစ်က သတင်းထောက် များကို ပြောခဲ့သည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 940
CNI International News
ကဘူးလ်၊ ဖေဖော်ဝါရီ ၂၀
နိုင်ငံခြားတပ်ဖွဲ့များ၏ စစ်စခန်း အဟောင်းများကို အထူးစီးပွားရေးဇုန်များအဖြစ် ပြောင်းလဲရန် တာလီဘန် အုပ်ချုပ်ရေးအဖွဲ့က ဆောင်ရွက်နေကြောင်း တာလီဘန်အဖွဲ့၏ စီးပွားရေးဆိုင်ရာ ယာယီလက်ထောက်ဝန် ကြီးချုပ်က တနင်္ဂနွေနေ့တွင် ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထား သည်။
တာလီဘန်တို့၏ ယာယီ ကူးသန်းရောင်းဝန်ရေး ဝန်ကြီးဖြစ်သူက ဌာနသည် အမေရိကန် စစ်စခန်းအဟောင်းများ နှင့် ပတ်သက်သည့် အစီအစဉ်ကို ဆောင်ရွက်နေကြောင်း၊ အတည်ပြုချက် ရရှိရန် ယာယီလက်ထောက် ဝန်ကြီး ချုပ် မူလာ အဗ္ဗဒဲလ် ဂါနီဘာရာနာ (Mullah Abdul Ghani Baradar) ဦးဆောင်သော စီးပွားရေးကော်မတီနှင့် အစိုးရအဖွဲ့ နှစ်ခုစလုံးကို တင်ပြသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလတွင် ပြောသည်။
ဆွေးနွေးမှုများ လုပ်ဆောင်ပြီးချိန်တွင် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဌာနသည် အထူးစီးပွားရေးဇုန်များအဖြစ် ပြောင်းလဲရန် နိုင်ငံခြားတပ်ဖွဲ့များ၏ စစ်စခန်းများကို အပြည့်အဝ ထိန်းချုပ်သင့်ကြောင့် ဆုံးဖြတ်ခဲ့သည်ဟု မူလာ ဘာရာနာ(Mullah Baradar)က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်ရဲ့စစ်စခန်းဟောင်းတစ်ခုကိုတွေ့ရစဉ်(ရိုက်တာ)
ရှေ့ပြေး စီမံကိန်းအဖြစ် မြို့တော် ကဘူးလ် (Kabul) နှင့် မြောက်ပိုင်း ဘဲ့ခ် (Balkh) ပြည်နယ်များရှိ စစ်စခန်းများ ကို စတင်ပြောင်းလဲသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ စီးပွားရေးသည် ရုန်းကန်နေရပြီး နှစ် ၂၀ ကြာ စစ်ပွဲအပြီး နိုင်ငံခြားတပ်များ ထွက်ခွာသွား ချိန် တာလီဘန်တို့ အာဏာလွှဲပြောင်း ရယူခဲ့ချိန်မှစ၍ နိုင်ငံတွင်း ဆိုးရွားသော လူသားချင်းစာနာမှုဆိုင်ရာ အကြပ် အတည်း တစ်ခု ပေါ်ပေါက်လာနိုင်သည်ဟု အကူအညီပေးရေး အေဂျင်စီများက သတိပေးထားသည်။
တာလီဘန်များ တက်လာခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု ရံပုံငွေများ ဖြတ်တောက်ခံရရုံမက ဗဟိုဘဏ်၏ နိုင်ငံခြားရှိ ပိုင်ဆိုင်မှုများကို သိမ်းခံခဲ့ရပြီး ဘဏ်လုပ်ငန်းနှင့်ပတ်သက်သော ပိတ်ဆို့ အရေးယူမှုများလည်း ချမှတ် ခံခဲ့ရ သည်။
ယာယီလက်ထောက်ဝန်ကြီးချုပ် မူလာအဗ္ဗဒဲလ်ဂါနီဘာရာနာကိုတွေ့ရစဉ်(ရိုက်တာ)
နိုင်ငံတွင်းရှိ ပြည်သူသန်းချီက လူသားချင်းစာနာမှု အကူအညီများကို မှီခိုနေရချိန်တွင် NGO များ၌ အမျိုးသမီးများ တာဝန် ထမ်းဆောင်ခွင့်ကို ပိတ်ပင်လိုက်ခြင်းက အကူအညီပေးရေး အေဂျင်စီတစ်ချို့ ၎င်းတို့၏ လုပ်ငန်းဆောင် ရွက်မှုများကို တစ်စိတ်တစ်ပိုင်း ရပ်နားမှုကိုလည်း ဖြစ်စေခဲ့သည်။
ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး စသည်တို့ဖြင့် စီးပွားရေးကို မြှင့်တင်ရန် အာရုံစိုက် ဆောင်ရွက်နေသည်ဟု တာလီဘန်များက ပြောသည်။
သို့သော် နိုင်ငံတွင်း တိုက်ခိုက်မှုများစွာ ရှိနေခြင်းက နိုင်ငံခြားရှိ ရင်းနှီးမြှုပ်နှံသူများအား စိုးရိမ်မှုဖြစ်စေသည်။ သို့ သော် တာလီဘန် အုပ်ချုပ်မှုလက်အောက်တွင်ပို့ကုန်ပမာဏ မြင့်တက်လာကာ ၂၀၂၂ ခုနှစ်အတွင်း ဘဏ္ဍာငွေကိုလည်း ကောင်းမွန်စွာထိန်းသိမ်းထားနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 646
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၀
ယူကရိန်းစစ်ပွဲအတွက် တရုတ်သည် ရုရှားသို့လက်နက်၊ခဲယမ်းများပေးပို့ရန် စဉ်းစားနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်(Antony Blinken) က ပြောသည်ဟု BBC သတင်းတွင် ဖော်ပြသည်။
တရုတ်ကုမ္ပဏီများသည် ရုရှားနိုင်ငံသို့ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်ခြင်းမရှိသော အကူအညီများကို ပေးခဲ့ပြီး ဖြစ်ကာ သတင်းသစ်များအရ သေစေနိုင်လောက်သော အကူအညီများပါပေးလာနိုင်သည်ဟု ဖော်ပြသည်။
ထိုသို့ လုပ်ဆောင်ခဲ့လျှင် တရုတ်နိုင်ငံအတွက် ဆိုးရွားသောနောက်ဆက်တွဲများဖြစ်လာမည်ဟုလည်း ၎င်းက သတိပေးသည်။ သို့သော် ရုရှားဘက်က စစ်ဘက်ဆိုင်ရာ အကူအညီပေးရန်တောင်းဆိုခဲ့သည်ဆိုသည့် သတင်းများကို တရုတ်ဘက်က ငြင်းဆိုထားသည်။
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်(ဓါတ်ပုံ- Getty Images)
တရုတ်သမ္မတသည် ရုရှားသမ္မတ၏ မဟာမိတ်တစ်ဦးဖြစ်ကာ တရုတ်အစိုးရသည် ယူကရိန်းအရေးတွင် ရုရှားကို ပြစ်တင်ရှုတ်ချထားခြင်း မရှိပေ။ သို့သော် တရုတ်သမ္မတ ရှီသည် ယူကရိန်းအရေးတွင် ကြားနေအဖြစ်သာနေခဲ့ပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့သည်။ ဘလင်ကန်သည် စနေနေ့က မြူးနစ်လုံခြုံရေးညီလာခံတွင် တရုတ် ထိပ်တန်းသံတမန် ဝမ်ယိ (Wang Yi)နှင့် တွေ့ဆုံခဲ့ပြီးနောက် CBS သတင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံပွဲတွင် ဝမ်ယိအား တရုတ်နိုင်ငံအနေဖြင့် ရုရှားသို့ စစ်လက်နက်များ ထောက်ပံ့ပေးမည်ဆိုသည်နှင့် ပတ်သက်၍ အလွန်အမင်းစိုးရိမ်မိကြောင်း ပြောဆိုခဲ့သည်ဟု ဘလင်ကင်က ပြောသည်။ လက်ရှိရရှိထားသော သတင်းအချက်အလက်များအရ တရုတ်ဘက်က ရုရှားကိုထောက်ပံ့ပို့ စီစဉ်နေသည်ကို သိရှိထားပါသည်ဟု ဘလင်ကန်က ပြောသည်။
သို့သော် မည်သည့်သတင်းအချက်အလက်မျိုးကို ရရှိထားသည်ဆိုသည်နှင့်ပတ်သက်၍ အတိအကျ ရှင်းလင်း ပြောဆိုခြင်းမရှိခဲ့ပေ။ တရုတ်ဘက်က မည်သည့်အရာများ ထောက်ပံ့မည်ဟု အမေရိကန်ဘက်က ယူဆထား ကြောင်း မေးမြန်းခဲ့ရာ လက်နက်များနှင့် ခဲယမ်းများဖြစ်သည်ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။
တရုတ် ထိပ်တန်းသံတမန် ဝမ်ယိ (ဓါတ်ပုံ-Getty Images)
အမေရိကန်အစိုးရသည် ဝဂ်နာ (Wagner) ကြေးစားစစ်တပ်သို့ ယူကရိန်းနိုင်ငံ၏ ဂြိုဟ်တုဓာတ်ပုံများ ထောက်ပံ့ ပေးသည်ဟု စွပ်စွဲချက်ဖြင့် တရုတ်ကုမ္ပဏီတစ်ခုကို အရေးယူပိတ်ဆို့မှု လုပ်ဆောင်ခဲ့သည်။ ဝဂ်နာအုပ်စုသည် ရုရှားအတွက် တိုက်ခိုက်ရေးသမားများစွာ ထောက်ပံ့ပေးလျက်ရှိသည်။
တရုတ်အနေဖြင့် ရုရှားသို့ လက်နက်များအမှန်တကယ်ထောက်ပံ့ပေးမည်ဆိုလျှင် ယင်းက အမေရိကန်အတွက် သာမက တရုတ်-အမေရိကန် ဆက်ဆံရေးအတွက်ပါ ပြင်းထန်သော ပြဿနာများ ဖြစ်လာလိမ့်မည်ဟုလည်း ဘလင်ကင်က ပြောသည်။
Source:BBC
- By CNI
- Category: နိုင်ငံရေး
- Hits: 800
CNI International News
ဆိုးလ်၊ ဖေဖော်ဝါရီ - ၂၀
မြောက်ကိုရီးယားအစိုးရသည် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM)စမ်းသပ် ပစ်လွှတ်ခြင်းဖြင့် ခြိမ်းခြောက်မှု အသစ်များ ပြုလုပ်ခဲ့သလို အမေရိကန်ကလည်း ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
နောက်ဆုံး လုပ်ဆောင်ခဲ့သည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) စမ်းသပ် ပစ်လွှတ်မှုများသည် နိုင်ငံ၏ နျူကလီးယား တိုက်ခိုက်မှု လုပ်ဆောင်နိုင်စွမ်းကို ထပ်မံမြှင့်တင်မှုဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောသည်။
မကြာခင်လုပ်မည့် အမေရိကန်၊ တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုနှင့်ပတ်သက်၍ နောက်ထပ် ပြင်းထန် သော ဆောင်ရွက်ချက်များ ချမှတ်သွားမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ကြောင်း အေပီ သတင်းတွင် ဖော်ပြသည်။
တောင်ကိုရီးယား၊ ဂျပန် စသော နိုင်ငံများနှင့် သီးခြား စစ်ရေး လေ့ကျင့်မှုအဖြစ် အမေရိကန်ဘက်ကလည်း အသံထက်မြန်သော ဗုံးကြဲလေယာဉ်များကို ပျံသန်းပြခြင်းဖြင့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တနင်္ဂနွေနေ့ နှောင်းပိုင်းတွင် တုန့်ပြန်ခဲ့သည်။
ကိုရီးယား စစ်ပွဲ အဆုံးသတ်ရန် ဆုတောင်းထားကြစဉ်(AP)
မြောက်ကိုရီးယားသည် စနေနေ့တွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ စမ်သပ် ပစ်လွှတ်မှုကို လုပ်ဆောင်ခဲ့သည်။
ထိုပစ်လွှတ်မှုက ယခုနှစ်အတွက် ပထမဆုံးလည်း ဖြစ်သည်။
မြောက်ကိုရီးယားသည် ရန်ဘက်နိုင်ငံများ၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို အသုံးချပြီး ၎င်းတို့၏ နျူကလီးယား လက်နက် အင်အားကို တိုးချဲ့ရန်၊ အမေရိကန်နှင့် အနာဂတ် ဆွေးနွေးမှုများတွင် အသာစီးရရန် ဆောင်ရွက်ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားအနေဖြင့် ICBM များ ပါဝင်သည့် ပုံမှန်စစ်ရေး လေ့ကျင့်မှုများကို လုပ်ဆောင်လာနိုင်သည်ဟု လေ့လာသူတစ်ဦးက သုံးသပ်သည်။
Hwasong-15 ICBM များ စမ်းသပ်မှုကို ကင်မ်ဂျုံအန်၏ တိုက်ရိုက်အမိန့်အရ ကြိုတင် စီစဉ်ထားခြင်း မရှိဘဲ ရုတ်တရက် လုပ်ဆောင်ခဲ့ခြင်းဟု နိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြထားသည်။
စနေနေ့ စမ်းသပ်မှုသည် လက်နက်၏ စိတ်ချရမှု၊ နျူကလီးယားတပ်ဖွဲ့၏ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်မှုတို့ကို စမ်းသပ်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း သတင်းအရ သိရသည်။
အမေရိကန်- ရုရှား အကွာအဝေးကို ပြသထားစဉ် (AP)
စမ်းသပ်ခဲ့သော ဒုံးကျည်သည် အမြင့်ပေ ၅၇၇၀ ကီလိုမီတာသို့ ပျံ့တက်ခဲ့ပြီး ၆၇ မိနစ်အတွင်း ၉၉၀ ကီလိုမီတာ ပျံသန်းခဲ့ကာ ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်တို့ကြား ရေပြင်ရှိ သတ်မှတ်ထားသော ပစ်မှတ်ကို တိတိကျကျ ထိမှန် ခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။
အိမ်နီးချင်း နိုင်ငံများကို မထိလိုက်စေရန် ဒုံးကျည်ကို ထောင်လိုက် ပျံသန်းစေခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားဘက်က ထုတ်ပြန်သော သတင်းများသည် အိမ်နီးချင်းများ ရရှိထားသော သတင်းများနှင့် အကြမ်းအားဖြင့် ကိုက်ညီလျက်ရှိသည်။
သတ်မှတ်စံညွှန်းများအတိုင်း ပစ်ခတ်မည်ဆိုလျှင် မြောက်ကိုရီးယား၏ ဒုံးကျည်သည် သဘောတရားအရ အမေရိကန်သို့ပင် ရောက်ရှိလာနိုင်ဖွယ် ရှိနေသည်ဟု ယင်း၏ အိမ်နီးချင်းများက ခန့်မှန်းထားခြင်း ဖြစ်သည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 677
CNI International News
မော်စကို၊ ဖေဖော်ဝါရီ ၁၈
ယူကရိန်းပဋိပက္ခအတွင်း နေတိုးနိုင်ငံများ၏ ပါဝင်ပတ်သက်မှုမှာ အမြင့်ဆုံး အခြေအနေ၌ ရှိနေကြောင်း ရုရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇတ်ဟာရိုဗာက သောကြာနေ့တွင် ပြောကြားခဲ့သည်ဟု တာ့စ် သတင်းတွင် ဖော်ပြထားသည်။
“နေတိုးအဖွဲ့ဝင် နိုင်ငံများသည် ယူကရိန်းပဋိပက္ခနှင့် မသိသယောင်၊ အပြစ်ကင်းယောင် ဟန်ဆောင်နေကြောင်း၊ ၎င်းတို့၏ ပါဝင်မှုမှာ အမြင့်ဆုံး အနေအထားတွင်ရှိကြောင်း၊ ၎င်းတို့သည် ရန်စသော အပြုအမှုများကို နှစ်ပေါင်း များစွာ လုပ်ဆောင်ခဲ့ကြောင်းနှင့် လက်ရှိတွင် ယူကရိန်းအစိုးရကို ချုပ်ကိုင်နေကြကြောင်း၊ အားလုံးသည် ဆက်စပ် နေကြောင်း” ဇတ်ဟာရိုဗာက ပြောသည်။
ယူကရိန်းသမ္မတဇာလန်းစကီးနဲ့ နေတိုး အထွေထွေအတွင်းရေးမှူးကိုတွေ့ရစဉ်
ရုရှားသည် ယူကရိန်းနှင့် ဗြိတိန်တို့ ပူးပေါင်းကာ အမြောက်နှင့်အခြား လက်နက်များ ထုတ်လုပ်မည် ဆိုသည့် အပြင် အခြားသော နေတိုးနိုင်ငံများသည် အလားတူ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ပူးတွဲထုတ်လုပ် နိုင်ဖွယ်ရှိသည် ဆိုသည့် သတင်းများအပေါ် အာရုံစိုက် ဆောင်ရွက်နေသည်ဟုလည်း သူမ၏ ပြောဆိုမှုတွင် ပါဝင်သည်။
အနောက်အုပ်စု၏ ငွေလုံးငွေရင်း အင်အား ကြီးကြီးမားမားသည် ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များ၊ စစ်ဆင်ရေး များ၏ နောက်ကွယ်တွင် ရှိနေသည်မှာ ထင်ရှားသည်ဟုလည်း သူမက ဆက်လက် ပြောဆိုသည်။
Source: တာ့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 969
CNI International News
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၈
အမေရိကန် ဘီလီယံနာ သူဋ္ဌေးကြီး ဂျော့ဂျ်ဆိုးရော့စ်က အက်ဒါနီ အုပ်စု(Adani Group) ၏ ဆုံးရှုံးမှုများသည် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ အာဏာရယူမှုအပေါ် ဆုံးရှုံးမှု ဖြစ်စေလိမ့်မည်ဟု ဆိုးရော့စ်မှ ကြိုတင်ဟောကိန်း ထုတ်ခဲ့ရာမှာ BJP ပါတီက ပြန်လည် တုန့်ပြန် အပြစ်တင် ဝေဖန်ခဲ့သည်။
အမေရိကန် ဘီလီယံနာ သူဋ္ဌေးကြီး ဂျော့ဂျ်ဆိုးရော့စ်သည် ကြိုတင်ခန့်မှန်း ပြောဆိုခြင်းဖြင့် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစနစ်ကို လျော့ပါးအောင် လုပ်ဆောင်နေကြောင်း မိုဒီ၏ BJP ပါတီက ပြန်လည်တုန့်ပြန်ခဲ့သည်။
ကြာသပတေးနေ့ မြူးနစ်လုံခြုံရေး ညီလာခံ၌ စကားပြောရာတွင် အသက် ၉၂ နှစ်အရွယ် ဆိုးရော့စ်က မိုဒီနှင့် စီးပွားရေး လုပ်ငန်းရှင် အက်ဒါနီတို့သည် ရင်းနှီးသော မဟာမိတ်များ ဖြစ်ကြောင်း၊ ၎င်းတို့၏ ကံကြမ္မာသည် ဆက်နွယ်နေကြောင်း၊ အက်ဒါနီ၏ စီပွားရေးလုပ်ငန်း အရှုံးပြမှုများသည် အိန္ဒိယဖက်ဒရယ်အစိုးရအပေါ် မိုဒီ၏ ထိန်းချုပ်မှုများ သိသိသာသာ လျော့ကျစေကာ အိန္ဒိယတွင် များစွာလိုအပ်နေသော ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကို လမ်းပွင့်စေကြောင်း ပြောကြားခဲ့သည်ဟု Financial Times သတင်းတွင် ဖော်ပြသည်။
ဂျော့ဆိုးရော့စ်၊ ဂူတမ် အက်ဒါနီနဲ့ မိုဒီကိုတွေ့ရစဉ်
ဇန်နဝါရီ ၂၄ ရက်မှ စတင်ကာ အက်ဒါနီအုပ်စုသည် ဈေးကွက်အတွင်း ဒေါ်လာ ၁၂ ဘီလီယံ အရှုံးပေါ်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လေ့လာရေးအဖွဲ့ Hindenburg Research က ဖော်ပြသည်။
အက်ဒါနီ၏ အခွန်ရှောင်မှု၊ စတော့ အခြေအနေနှင့် အကြွေးပမာဏတို့ကြောင့် ထိုသို့ ဖြစ်ရသည်ဟုလည်း ဖော်ပြသည်။
မိုဒီနှင့် အက်ဒါနီအုပ်စုကို တည်ထောင်သူ ဂူတမ် အက်ဒါနီ (Gautam Adani) တို့သည် လွန်ခဲ့သော နှစ်နှစ်နီးပါးက ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် မိုဒီ တာဝန်ယူခဲ့စဉ် ကတည်းက ကာလရှည် ဆက်ဆံရေးကို ပိုင်ဆိုင်ထား သည်ဟု ဝန်ကြီးချုပ်၏ အတိုက်အခံများက ပြောသည်။
အစိုးရသည် ထိုအုပ်စုကို စီးပွားရေး လုပ်ငန်းများတွင် မျက်နှာသာ ပေးမှုများ ရှိနေသည်ဟု အတိုက်အခံများက စွပ်စွဲသော်လည်း အစိုးရဘက်မှ ငြင်းဆိုထားသည်။
အမျိုးသမီးနှင့် ကလေး သူငယ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး ဆမ်ရီတီ အီရာနီကိုတွေ့ရစဉ်
ဂျော့ဆိုးရော့စ် (George Soros) ဟုခေါ်သော အမျိုးသားတစ်ဦး ဦးဆောင်သည့် နိုင်ငံခြားမှ အင်အားစု တစ်ခုသည် အိန္ဒိယ၏ ဒီမိုကရေစီဖွဲ့စည်းပုံကို ထိခိုက်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်သည် ၎င်းတို့၏ ပစ်မှတ် ဖြစ်သည်ဟု ကြေညာခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသားများအတွက် မဟုတ်ဘဲ ၎င်း၏အကျိုးစီးပွားကို အကာအကွယ် ပေးမည့် စနစ်တစ်ခုကို အိန္ဒိယတွင် တည်ထောင်မည်ဟုလည်း ၎င်းက ပြောခဲ့ကြောင်း အမျိုးသမီးနှင့် ကလေး သူငယ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး ဆမ်ရီတီ အီရာနီ (Smriti Irani) က BJP ပါတီရုံးတွင် သတင်း ထောက်များကို ပြောခဲ့သည်။
ထိုပြောစကားသည် အိန္ဒိယနိုင်ငံ၏ ပုံရိပ်တင် မဟုတ်ဘဲ အစိုးရ အပြောင်းအလဲ လုပ်မည်ဟု ဆိုလိုခြင်း ဖြစ် ကြောင်း၊ အိန္ဒိယသည် စိန်ခေါ်လာသည့် နိုင်ငံခြား အင်အားစုတိုင်းကို နှိမ်နင်းခဲ့ကြောင်း၊ နောင်တွင်လည်း ထိုသို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူမက ဆက်လက် ပြောကြားခဲ့သည်။
မိုဒီသည် Hindenburg Research ၏ ကြေညာချက်ကြောင့် ကသောင်းကနင်း ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အက်ဒါနီ၏ အမည်ကို ရည်ညွှန်း ပြောဆိုခဲ့ခြင်း မရှိသော်လည်း လွှတ်တော်အတွင်း အတိုက်အခံများ၏ အော်ဟစ်လှောင် ပြောင်မှုများနှင့် ရင်ဆိုင်ရချိန်တွင် အိန္ဒိယပြည်သူများသည် ၎င်း၏အင်အားဖြစ်ကာ ယင်းကို မည်သည့် အလိမ် အညာနှင့်မှ ဖျက်ဆီး၍ ရမည်မဟုတ်ဟု ပြောခဲ့သည်။
Source: aljazeera