- By CNI
- Category: နိုင်ငံရေး
- Hits: 1143
CNI International News
တိုကျို၊ ဇန်နဝါရီ ၁၂
မြန်မာနိုင်ငံတွင် မကြာသေးမီက တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရာတွင် ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍအပေါ် မေးခွန်းများထုတ်နေသည်ဟု Japan Times မှ ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက်ပိုင်း အလှည့်အပြောင်း တစ်ခုဟု ကျွမ်းကျင်သူများက ယူဆခဲ့ကြသည့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကို အဆုံးသတ်စေရန် ဂျပန်နိုင်ငံ၏ ပါဝင်ဆောင်ရွက်ခြင်းမရှိမှုအား လေ့လာသူများက မေးခွန်းထုတ်နေကြခြင်း ဖြစ်သည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ယာယီအပစ်အခတ်ရပ်စဲခဲ့သည်ဟု တရုတ်က ပြောကြားခဲ့သည်။

မြောက်ပိုင်းသုံးဖွဲ့ ခေါင်းဆောင်များကိုတွေ့ရစဉ်
ဂျပန်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ တိုင်းရင်းသား လူနည်းစု မဟာမိတ်များနှင့် ဆက်ဆံ ရေးများကို မြှင့်တင်ခြင်းမရှိဘဲ တပ်မတော်နှင့်သာ အဓိက ဆက်ဆံနေသည့် မူဝါဒကြောင့် ဝေဖန်ခံနေရသည်ဟု လည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရရှိခဲ့သည့် သဘောတူညီချက်သည် ပဋိပက္ခအပေါ် မည်ကဲ့သို့ သက်ရောက်မှု ရှိမည်ဆိုခြင်းကို စောင့်ကြည့်ရမည်ဖြစ်ပြီး တိုက်ခိုက်မှုများမှာမူ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများ အရှိန်အဟုန် ကောင်းနေပြီး တပ်မတော်သည် အာဏာရယူခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရချိန်တွင် တရုတ်က ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာစွန်းဝေဟုန်ကို တွေ့ရစဉ်
"ဂျပန်အနေနဲ့ မြန်မာ့တပ်မတော် တစ်ခုတည်းနဲ့သာ ဆက်ဆံမှုတွေ ပြုလုပ်မယ်ဆိုရင် ဒါက ဂျပန်ရဲ့ အကျိုးစီးပွား ကို အလုပ်အကျွေး မပြုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ တပ်မတော်ကို ဆန့်ကျင်နေတဲ့လူတွေလည်း ရှိနေလို့ပါပဲ"ဟု ဟီတိုတူဘာရှီ (Hitotsubashi) တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ မိုင်ကို အီချီဟာ ရာ (Maiko Ichihara)က ပြောကြားခဲ့သည်။
ထို့ပြင် ဂျပန်အစိုးရအနေဖြင့် NUG နှင့် အခြားလက်နက်ကိုင် အဖွဲ့များနှင့်လည်း ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
"ဂျပန်အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆက်ဆံရေး မတည်ထောင်ဘူးဆိုရင် တပ်မတော်အပေါ် သြဇာ အာဏာရှိနိုင်မှာ မဟုတ်ပါဘူး" ဟု အီချီဟာရာက ထပ်လောင်း ပြောကြားခဲ့သည်။
ဂျပန်သည် မြန်မာနိုင်ငံတွင် တပ်မတော်၏ အာဏာလွှဲပြောင်းရယူမှုကို ရှုတ်ချခဲ့သော်လည်း တပ်မတော်နှင့် ဆက်ဆံရေးများ ဆက်လက်ထိန်သိမ်းထားခဲ့သည်။
Source: The Japan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1198
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၁၂
အမေရိကန်နိုင်ငံ၊ အိုင်အိုဝါ (Iowa) ပြည်နယ်မှ ရီပတ်ဘလစ်ကန် လယ်သမားများက ဒေါ်နယ်ထရမ့် (Donald Trump)ကို သမ္မတရွေးကောက်ပွဲတွင် အနိုင်ရစေရန် ဆန္ဒရှိနေကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် အမေရိကန်၏ စိုက်ပျိုးရေးထွက်ကုန်များကို ထိခိုက်မှုရှိနေစေနိုင်သည့် ကုန်သွယ်ရေးစစ်ပွဲအကြောင်း ကို ပြောဆိုခဲ့သည့်တိုင် ၎င်းတို့အစိုးရလက်ထက်က လယ်ယာကဏ္ဍအတွက် ငွေကြေးအများအပြား သုံးစွဲပေးခဲ့ ခြင်းကြောင့် ဖြစ်သည်။
လယ်သမားများသည် ထရမ့်အား ထောက်ခံမဲပေးသော ခိုင်မာသည့် နိုင်ငံရေးအင်အားစုဖြစ်သည်။
Reuters/Ipsos မှ ပြုလုပ်သည့် လူထုသဘောဆန္ဒ ကောက်ခံမှုစစ်တမ်းတွင် ထရမ့်သည် ရီပတ်ဘလစ်ကန် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် ရေပန်းစားနေသော ကိုယ်စားလှယ်လောင်းများထဲတွင် ထောက်ခံမှုနှုန်း ၄၉ ရာခိုင်နှုန်းအထိ ရရှိ ထားသည်ဟု ဖော်ပြခဲ့သည်။
ဒေါ်နယ်ထရမ့် လယ်သမားတွေနဲ့တွေ့ဆုံပွဲလုပ်နေစဉ်
"လယ်သမားတွေအတွက် ဒေါ်လာ ၂၈ ဘီလျံ သုံးစွဲပေးခဲ့ပါတယ်" ဟု ဇန်နဝါရီ ၆ ရက်က အိုင်အိုဝါပြည်နယ် ကလင်တန် (Clinton) မြို့တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲတွင် ထရမ့်က ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များက တရုတ်၊ မက္ကဆီကို၊ ကနေဒါနိုင်ငံတို့နှင့် ဖြစ်ပွားခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲများ ကြောင့် အမေရိကန်၏ လယ်ယာထွက်ပစ္စည်း ပို့ကုန်ကဏ္ဍ ထိခိုက်ခဲ့ပြီးနောက် ထရမ့်အစိုးရအဖွဲ့သည် လယ်ယာ ကဏ္ဍအတွက် ဒေါ်လာ ၂၈ ဘီလျံ သုံးစွဲပေးခဲ့ခြင်းဖြစ်သည်။
ထိုမတိုင်မီက ငွေကြေးဖောင်းပွမှုကို ထိန်းညှိရာတွင် လယ်သမားများအတွက် ငွေကြေး အများအပြားသုံးစွဲခဲ့သည့် တစ်ခုတည်းသောကာလမှာ ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဖြစ်သည်။
ထိုအချိန်က လယ်ယာမြေနှင့် သွင်းကုန်၊ ပို့ကုန် တန်ဖိုးများ ဖောင်းပွမှုကြောင့် လယ်ယာမြေ အကျပ်အတည်း ဖြစ်ခဲ့ရသည့် အချိန်ဖြစ်သည်။

ဒေါ်နယ်ထရမ့် လယ်သမားတွေနဲ့တွေ့ဆုံပွဲလုပ်နေစဉ်
၂၀၂၄ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် အမေရိကန်၏ လက်ရှိ လယ်ယာလုပ်ငန်း စီးပွားရေးသည် မရေရာသည့် အခြေအနေနှင့် ကြုံတွေ့နေရပြီး ထုတ်လုပ်ရေးကဏ္ဍနှင့် အလုပ်သမားဌားရမ်းသည့် ကဏ္ဍများတွင် အသုံးစရိတ် များ မြင့်တက်မှု၊ အတိုးနှုန်း မြင့်တက်မှုတို့နှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ပို့ကုန်၊ သွင်းကုန် ဈေးနှုန်းများ လျော့ကျမှု၊ အစိုးရ၏ တိုက်ရိုက် ထောက်ပံ့မှုအပိုင်းတွင် အားနည်းမှုတို့ ကြောင့် ၂၀၂၃ ခုနှစ်က လယ်ယာလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် ၂၀ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း အမေရိကန် စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန (USDA) က ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1289
CNI International News
တိုင်ပေ၊ ဇန်နဝါရီ ၁၂
တရုတ်သည် ဇန်နဝါရီ ၁၃ ရက်တွင် ကျင်းပမမည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ ကို ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းမှုများ၊ ထိုင်ဝမ်လူထုအပေါ် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
တရုတ်သည် ရက်ပိုင်းအတွင်း ကျင်းပမည့် ထိုင်ဝမ်ရွေးကောက်ပွဲများကို ထပ်တလဲလဲ ကြားဝင်စွက်ဖက်နေ ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူ (Joseph Wu)က ဝေဖန်ခဲ့သည်။
ထို့နောက် တရုတ်သည် ထိုင်ဝမ်လူထုအပေါ် နောက်ထပ်တစ်ကြိမ် ဗြောင်ကျကျ ခြိမ်းခြောက်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုင်ဝမ်ရွေးကောက်ပွဲကို နိုင်ငံတကာက အာရုံစိုက်နေပြီး တရုတ်၏ ကြားဝင်စွက်ဖက်မှုများက နိုင်ငံတကာ၏ အာရုံစိုက်မှုကို လမ်းလွဲသွားစေကြောင်း၊ တရုတ်အနေနှင့် အခြားနိုင်ငံများ၏ ရွေးကောက်ပွဲများကို ဝင်ရောက် စွက်ဖက်နေမှုကို ရပ်တန့်သင့်ကြောင်း ဝူက X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

လိုင်ချင်တေးကို တွေ့ရစဉ်
ထိုင်ဝမ်၏ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) မှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဖြစ်သည့် လက်ရှိ ဒုသမ္မတ လိုင်ချင်တေး (Lai Ching-te)သည် ရွေးကောက်ပွဲ အနိုင်ရခဲ့မည်ဆိုပါက ဒေသတွင်း ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည်ဟု တရုတ်နှင့် ထိုင်ဝမ်၏ အကြီးဆုံး ပါတီဖြစ်သည့် ကူမင်တန်ပါတီ (KMT) တို့က ပြောကြားခဲ့ပြီးနောက် ဝူက ထိုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
"DPP ပါတီရဲ့ ထိုင်ဝမ်လွတ်လပ်ရေး ရပ်တည်ချက်ရဲ့ ပြင်းထန်တဲ့ ထိခိုက်မှုနဲ့ လိုင်ချင်တေးရဲ့ ရေလက်ကြား ဖြတ်ကျော် ထိပ်တိုက်တွေ့မှုနဲ့ ပဋိပက္ခဖန်တီးမှု အန္တရာယ်ကို ထိုင်ဝမ်မှာရှိတဲ့ တရုတ်တစ်နိုင်ငံတည်းသား အများစုက သိရှိနားလည်ထားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်"ဟု တရုတ်၏ ထိုင်ဝမ်ရေးရာရုံးက ထုတ်ပြန်ခဲ့ သည်။

အမေရိကန်၊ တရုတ်၊ ထိုင်ဝမ် ခေါင်းဆောင်များကိုတွေ့ရစဉ်
လိုင်သည် ရွေးကောက်ခံခဲ့ရမည်ဆိုပါက ထိုင်ဝမ်လွတ်လပ်ရေး၏ ဆိုးယုတ်သည့် လမ်းကြောင်းကို ရှေးရှုသော ခွဲထွက်ရေး လှုပ်ရှားမှုများကို ပိုမိုလုပ်ဆောင်လာလိမ့်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တရုတ်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသော ကူမင်တန်ပါတီကလည်း လိုင်၏ ထိုင်ဝမ်လွတ်လပ်ရေး ရပ်တည် ချက်ကို ဝေဖန်ရှုတ်ချခဲ့သည်။
လိုင်သည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့မည်ဆိုပါက လက်ရှိသမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) အာဏာ လွှဲပြောင်းပေးမည့် မေလ ၂၀ ရက်မတိုင်မီ တင်းမာမှုများ မြင့်တက်လာနိုင်ကြောင်း ကူမင်တန်ပါတီ၏ ဒုဥက္ကဋ္ဌ ဂျောရှောကောင် (Jaw Shw-kong) က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 914
CNI International News
နီယာမေ ၊ ဇန်နဝါရီ ၁၀
နိုက်ဂျာနိုင်ငံ၊ နီယာမေ (Niamey) မြို့တော်တွင် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုတွင် ရာထူးမှ ဖြုတ်ချခံခဲ့ရသည့် သမ္မတ မိုဟာမက် ဘာဇွမ်း (Mohamed Bazoum)၏ သားဖြစ်သူ ဆာလမ် ဘာဇွမ်း (Salem Bazoum) ကို ဇန်နဝါရီ ၈ ရက်က ယာယီပြန်လွှတ်ပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အသက် ၂၂ နှစ်အရွယ် ဆာလမ်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက အာဏာသိမ်းမှု ဖြစ်ပွားခဲ့ချိန်ကတည်းက ၎င်း၏ မိဘများနှင့်အတူ သမ္မတအိမ်တော်တွင် ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။
ဆာလမ်၏ မိဘနှစ်ပါး အခြေအနေနှင့်ပတ်သက်ပြီး စစ်ခုံရုံးက အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အနောက်နှင့် ဗဟိုအာဖရိကတွင် ဖြစ်ပွားခဲ့သည့်် အာဏာသိမ်းမှု ၈ ခုထဲတွင် ပါဝင်ခဲ့ သည့် နိုက်ဂျာ၏ အာဏာသိမ်းမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချခဲ့ပြီး အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့အစည်း (ECOWAS) က နိုက်ဂျာစစ်ခေါင်းဆောင်များကို ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
နိုက်ဂျာတွင် ထိုအာဏာသိမ်းမှု ဖြစ်ပွားခဲ့ချိန်ကတည်းက စစ်တပ်ခေါင်းဆောင်များက နိုင်ငံကို အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒဒူရာဟမ်မာနီ ချီယာနီ (Abdourahamane Tchiani) က ၎င်းတို့အစိုးရအဖွဲ့ သည် အရပ်သားအစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းပေးရန် အသွင်ကူးပြောင်းရေးကာလကို ၃ နှစ်ကြာမည်ဖြစ် ကြောင်း ကြေညာခဲ့သည်။

ဆာလမ်ဘာဇွမ်းကို တွေ့ရစဉ်
နိုက်ဂျာသမ္မတဟောင်း မိုဟာမက်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကမူ ဆာလမ် ဘာဇွမ်းသည် နီယာမြေမြို့ တော်မှ တိုဂိုနိုင်ငံ လိုမီ (Lome) မြို့တော်သို့ ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
တိုဂိုအစိုးရကလည်း တိုဂိုနှင့် ဆီယာလီယွန်နိုင်ငံများ၏ ကြားဝင်စေ့စပ်မှုများကြောင့် ဆာလမ်ဘာဇွမ်း လွတ်မြောက်ခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ဆာလမ်သည် မည်သည့်နေရာတွင် ရှိနေသည်ဆိုခြင်းကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
နိုက်ဂျာနိုင်ငံသည် လက်ရှိတွင် ECOWAS ၏ အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခဲ့ထားရသည်။ ECOWAS အဖွဲ့ကမူ သမ္မတဟောင်း မိုဟာမက်ဘာဇွန်ကို အမြန်ဆုံး အာဏာပြန်အပ်ရန်နှင့် အပြန်အလှန်အနေနှင့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း နိုက်ဂျာစစ်ခေါင်းဆောင်များကို ပြောကြားခဲ့သည်။
သို့သော် တိုဂိုနှင့် အခြားအနောက်အာဖရိက နိုင်ငံအချို့သည် ECOWAS အဖွဲ့နှင့် နိုက်ဂျာ စစ်ခေါင်းဆောင်များ အကြား တင်းမာမှုများ လျော့ကျစေရန်နှင့် ပြေလည်မှုရစေရန် ကြားဝင်စေ့စပ်ပေးလျက်ရှိသည်။
ဇန်နဝါရီ ၈ ရက်ကလည်း တိုဂိုနိုင်ငံခြားရေးဝန်ကြီး ရောဘတ် ဒပ်ဆေး (Robert Dussey) သည် နိုက်ဂျာစစ်တပ် က ခန့်အပ်ခဲ့သည့် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ကြောင်း နိုက်ဂျာနိုင်ငံပိုင် ရုပ်သံက ထုတ်ပြန်ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1394
CNI International News
ချာလက်စတန်၊ ဇန်နဝါရီ ၁၀
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)သည် ဇန်နဝါရီ ၈ ရက်က တောင်ကာရိုးလိုင်းနား ( South Carolina) ပြည်နယ်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း လူဖြူကြီးစိုးရေးဝါဒနှင့် နိုင်ငံရေး အကြမ်းဖက်မှုများကို ရှုတ်ချ ကြောင်း လူမည်းမဲဆန္ဒရှင်များအား ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဘိုင်ဒင်သည် သမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့ချိန်ကတည်းက ထိုမဲဆန္ဒနယ်တွင် လူမည်း မဲဆန္ဒရှင်များ၏ ထောက်ခံမှုများ လျော့ကျနေမှုကို ပြန်လည်မြင့်တက်စေရန် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
ဘိုင်ဒန်သည် ၂၀၁၅ ခုနှစ်က လူဖြူကြီးစိုးရေး လူမျိုးရေးဝါဒီ ဒိုင်လန် ရုဖ် (Dylann Roof) ၏ ပစ်ခတ်မှုကြောင့် လူမည်း ဘုရားကျောင်းတက်သူ ၁၅ ဦး သေဆုံးခဲ့သည့် ချာလက်စတန် (Charleston) မြို့ရှိ မာသာ ဟေမာနွေလ အေအမ်အီး ဘုရားကျောင်း (Mother Emanuel AME Church) တွင် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဘိုင်ဒန်သည် ၎င်း၏ မိန့်ခွန်းပြောကြားမှုအတွင်း ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ၎င်း၏ ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ဖြစ်လာနိုင်ခြေရှိသည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်(Donald Trump) ကို ဝေဖန် တိုက်ခိုက်ခဲ့သည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထို့နောက် ငွေကြေးဖောင်းပွမှုနှင့် လူမည်းများအကြား အလုပ်လက်မဲ့နှုန်းကို လျှော့ချပေးနိုင်ခဲ့သည့် ၎င်း၏ အစိုးရ အဖွဲ့၏ အားထုတ်ကြိုးပမ်းမှုများကိုမူ ချီးကျူးဂုဏ်ပြုခဲ့သည်။
၂၀၁၅ ခုနှစ်က ဘုရားကျောင်းပစ်ခတ်မှုသည် ဘုရားသခင်၏ စကားလုံးများကို အမုန်းတရားနှင့် ဒေါသ ကျည်ဆန် များ ဖောက်ထွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်း လူဖြူလူမျိုးကြီးဝါဒဆိုသည့် အဆိပ်ကို သင့်စေခဲ့ ကြောင်း၊ ထိုလူမျိုးကြီးဝါဒသည် အမေရိကန်တွင် ယနေ့၊ မနက်ဖြန် သို့မဟုတ် မည်သည့်အခါမှ နေရာရှိလိမ့်မည် မဟုတ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။
ထရမ့်သည် ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ဘိုင်ဒန်က ၂၀၂၁ ခုနှစ်တွင် ထရမ့်ထောက်ခံသူများက လွှတ်တော်အဆောက်အအုံအား ဝင်ရောက်စီးနင်းခဲ့သည့်် ဖြစ်စဉ်ကို ရည်ညွှန်းပြီး ပြောကြားခဲ့သည်။
“ရွေးကောက်ပွဲမှာ ရှုံးနိမ်ခဲ့တဲ့ သမ္မတဟောင်းတစ်ဦးရဲ့ အလိမ်အညာတွေကို နားယောင်ထားတဲ့ လူအုပ်ကြီးဟာ ဆူပူအုံကြွမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်တွေဟာ အမေရိကန် နိုင်ငံသမိုင်းမှာ တာဝန်နဲ့ ဝတ္တရား ပျက်ကွက်မှု အဆိုးရွားဆုံး သမ္မတတွေထဲမှာ ပါဝင်နေပါတယ်" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်သည် အရှုံးသမားတစ်ဦးဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့ချိန်တွင် ထိုဘုရားကျောင်း၌ ၎င်း၏ မိန့်ခွန်းပြောကြားမှုကို တက်ရောက်နားထောင်ခဲ့သူများက လက်ခုပ်သြဘာများတီးပြီး ဂုဏ်ပြုခဲ့ကြသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1108
CNI International News
ကာရာကက်စ် ၊ ဇန်နဝါရီ ၁၀
အိမ်နီးချင်း ဂွိုင်ယာနာ (Guyana)နိုင်ငံနှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် အက်စီကွီဘို (Essequibo) ဒေသ သည် ဗင်နီဇွဲလား၏ သမိုင်းဝင် ပိုင်ဆိုင်မှု နယ်မြေဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro)က ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
မာဒူရိုသည် အက်စီကွီဘိုဒေသကို ဗင်နီဇွဲလား၏ ၂၄ ခုမြောက် ပြည်နယ်အဖြစ် သတ်မှတ်ရန် လွှတ်တော်တွင် ဒုတိယအကြိမ်မြောက် အမိန့်ပြန်တမ်းဖတ်ကြားရန် ပြင်ဆင်နေချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဒီဇင်ဘာ ၃ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲအရ အမျိုးသားလွှတ်တော်ဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင် နေပါတယ်။ အက်စီကွီဘိုဒေသဟာ ဗင်နီဇွဲလားရဲ့ သမိုင်းဝင် ပိုင်ဆိုင်ခွင့်ကို ကာကွယ်ဖို့အတွက် ပြည်သူတွေရဲ့ ခိုင်မာတဲ့ ဆန္ဒတွေ ထွက်ပေါ်ခဲ့ပါတယ်" ဟု မာဒူရိုက ဗင်နီဇွဲလား၏ နိုင်ငံရေးအင်အားစုများနှင့် ဇန်နဝါရီ ၈ ရက် က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံသည် မိမိတို့ပိုင်ဆိုင်သည့် အရာများကို ကာကွယ်နိုင်စွမ်းရှိပြီး ဗင်နီဇွဲလားပြည်သူများသည် လက်တင်အမေရိကတွင် သမိုင်းရေးထိုးနိုင်ခဲ့သည့် တိုက်ပွဲဝင်ပြည်သူများဖြစ်ကြောင်း မာဒူရိုက ပြောကြားခဲ့သည်။

အက်စီကွီဘိုဒေသ မြေပုံကို သရုပ်ဖော်ထားစဉ်
ထို့ပြင် ယခင်က ဗြိတိသျှကိုလိုနီဖြစ်ခဲ့သည့်် ဂွိုင်ယာနာနိုင်ငံသည် လက်ရှိတွင်လည်း ဗြိတိန်အစိုးရ၏ လက်အောက်ခံ ဖြစ်နေသည်ဟုလည်း မာဒူရိုက ဝေဖန်ပြောကြားခဲ့သည်။
"ဂွိုင်ယာနာ အက်စီကွီဘို ဥပဒေနဲ့ပတ်သက်ပြီး နောက်ဆုံးအကြိမ် မဲခွဲဆုံးဖြတ်မှု အပါအဝင် လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေကို ချဲ့ထွင်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကို ကျနော် ချီးကျူးဂုဏ်ပြုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော် အရမ်းပျော်ရွှင်မိပါတယ်" ဟု မာဒူရိုက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က ဗင်နီဇွဲလား လွှတ်တော်သည် ဂွိုင်ယာနာ အက်စီကွီဘိုဒေသကို ဗင်နီဇွဲလား၏ ၂၄ ခုမြောက် ပြည်နယ်အဖြစ် သတ်မှတ်ရန် အဆိုပြုထားသည့် ဥပဒေမူကြမ်းကို ပထမအကြိမ် ဖတ်ကြားခဲ့သည်။
ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာနိုင်ငံတို့သည် အက်စီကွီဘို မြစ်၏ အနောက်ဘက်ရှိ စတုရန်း ကီလိုမီတာ ၁၅၉,၅၀၀ အကျယ်ရှိသည့် အက်စီကွီဘိုဒေသကို ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အငြင်းပွားလျက်ရှိသည်။
လက်ရှိ ဂွိုင်ယာနာနိုင်ငံက ထိန်းချုပ်ထားသည့်် ထိုဒေသတွင် ၂၀၁၅ ခုနှစ်က ရေနံများ တွေ့ရှိခဲ့ပြီးနောက် ဗင်နီဇွဲလားနှင့် ဂွိုင်ယာနာအကြား ပိုင်ဆိုင်မှု အငြင်းပွားသည့် ပြဿနာမှာ ပိုမိုမြင့်တက်လာခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1392
CNI International News
တိုင်ပေ၊ ဇန်နဝါရီ ၁၀
ရွေးကောက်ပွဲမတိုင်မီ တရုတ်၏ စစ်ရေးဖိအားများကြောင့် ထိုင်ဝမ်၏ ကင်မန်(Kinmen)ကျွန်းပေါ်ရှိ ဒေသခံများ အကြား စိုးရိမ်မှုများ မြင့်တက်နေသည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ကင်မန်ကျွန်းသည် ထိုင်ဝမ်ကျွန်းနှင့် ကီလိုမီတာ ၂၀၀ (မိုင် ၁၂၀)ခန့် ကွာဝေးသော်လည်း တရုတ်ပြည်မကြီးနှင့် ၇ ကီလိုမီတာသာ ကွာဝေးသည်။
၁၉၄၉ ခုနှစ်က တရုတ်ပြည်မကြီးမှ အမျိုးသားရေးဝါဒီများသည် ထိုကျွန်းပေါ်သို့ ထွက်ပြေးခဲ့ကြသည်။
အဆိုပါ ကျွန်းသည် ရှေ့တန်းစစ်မြေပြင် တစ်ခုဖြစ်ခဲ့ပြီး ၁၉၇၉ ခုနှစ်အထိ မကြာခဏ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။
လက်ရှိတွင် ကင်မန်ကျွန်းခံများသည် ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပမည့် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော် ရွေးကောက်ပွဲအတွက် မဲပေးရန် ပြင်ဆင်နေသည်။
တရုတ်နှင့် အမေရိကန်ကတော့ ထိုရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်လျက်ရှိသည်။

ကင်မန်ကျွန်းကို တွေ့ရစဉ်
အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူသည် ထိုင်ဝမ်ကို နောက်ထပ် ၄ နှစ်တာ ကာလအတွက် မူဝါဒများ ချမှတ်သွားမည်ဖြစ်သည်။
"ရှားမန် (Xiamen) မြို့နဲ့ ကင်မန်ကျွန်းတွေဟာ နီးကပ်စွာ တည်ရှိနေပါတယ်" ဟု လိုင်ယု (Lieyu) မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးဖြစ်သူ လင်မာတန်က ကင်မန်ကျွန်းနှင့် နီးကပ်စွာ တည်ရှိသော တရုတ်ပြည်မကြီး၏ ရှားမန်မြို့ကို ရည်ညွှန်းပြောကြားခဲ့သည်။
တရုတ်၏ ရှားမန်မြို့နှင့် ထိုင်ဝမ်၏ ကင်မန်ကျွန်းသည် တစ်ဖက်နှင့်တစ်ဖက် လှမ်းမျှော်ကြည့်ပါက ထင်ရှားပြတ် သားစွာ မြင်ရသည်အထိ နီးကပ်စွာ တည်ရှိနေသည်။
"တစ်ဖက်နဲ့တစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရန်စောင်နေကြပါတယ်။ ကံကောင်းတာတစ်ခုက ကင်မန်ကျွန်းကို ကူမင်တန် (KMT) ပါတီက ကြီးစိုးထားတာပါပဲ"ဟု အသက် ၇၉ နှစ်အရွယ် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သည့် လိုင်က ပြောကြားခဲ့သည်။

ကင်မန်ကျွန်းကို တွေ့ရစဉ်
ကူမင်တန်ပါတီသည် ထိုင်ဝမ်၏ သက်တမ်းအရှည်ကြာဆုံး နိုင်ငံရေးပါတီဖြစ်ပြီး တရုတ်ပြည်မကြီးနှင့် နီးစပ်သည့် ဆက်ဆံရေးကို လိုလားသည့် ပါတီဖြစ်သည်။
တရုတ်နှင့် ဆက်ဆံရေးများမှတစ်ဆင့် ထိုင်ဝမ်၏ စီးပွားရေးကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ရန် ကူမင်တန် ပါတီက ရည်ရွယ်ထားသည်။
တရုတ်ကမူ ထိုင်ဝမ်ကို ၎င်း၏ နယ်မြေတစ်ခုအဖြစ် ရှုမြင်ထားပြီး လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူသွား မည်ဟု ပြောကြားခဲ့သည်။
ထိုင်ဝမ်ကမူ ၎င်းသည် တရုတ်၏ နယ်နိမိတ်တစ်ခု မဟုတ်ကြောင်း ငြင်းဆိုထားသည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 903
CNI International News
ကိုင်ရို၊ ဇန်နဝါရီ ၉
ဂါဇာတွင် ဖြစ်ပွားနေသည့် အစ္စရေး-ဟားမာ့စ်စစ်ပွဲကို လျင်မြန်စွာ အဆုံးသတ်စေရန် အမေရိကန်နှင့် စက်မှု ထိပ်သီး ၇ နိုင်ငံ (G-7) မဟာမိတ်နိုင်ငံများက ကြိုးပမ်းလျက်ရှိကြောင်း အီတလီက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) ၊ ဥရောပသမဂ္ဂ (EU) နှင့် ဂျာမနီနိုင်ငံ တို့မှ ထိပ်သီးအရာရှိများသည် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနေချိန်တွင် အီတလီနိုင်ငံ၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဘလင်ကင်သည် အစ္စရေးနိုင်ငံသို့ မသွားရောက်မီ ဇန်နဝါရီ ၈ ရက်က ယူအေအီးနှင့် ဆော်ဒီအာရေဗျ နိုင်ငံများ တွင် ဂါဇာအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားလာနိုင်မည့် ပဋိပက္ခကို ရှောင်လွှဲရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်နဲ့ ဆော်ဒီမင်းသားကို တွေ့ရစဉ်
ဘလင်ကင်သည် ၅ ရက်ကြာ အရှေ့အလယ်ပိုင်း ခရီးစဉ်ကို စတင်ခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ဂျော်ဒန်နှင့် ကာတာနိုင်ငံများတွင်လည်း အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ထိုခရီးစဉ်သည် အောက်တိုဘာ ၇ ရက်က စတင် ဖြစ်ပွားခဲ့သည့် အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း ၎င်း၏ ၄ ကြိမ်မြောက် အရှေ့အလယ်ပိုင်းခရီးစဉ်ဖြစ်သည်။
အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် အခြား လက်နက်ကိုင် စစ်သွေးကြွအဖွဲ့များကလည်း ဂါဇာပဋိပက္ခ တွင် တစ်ဖက်တစ်လမ်းမှ ပါဝင်လာခဲ့ပြီး လက်ဘနွန်နယ်စပ်ရှိ အမေရိကန်တပ်ဖွဲ့များ၊ အီရတ်နှင့် ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များ၊ ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အစ္စရေးကလည်း ၎င်းတို့ သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းဒေသရှိ ပါလက်စတိုင်းများအပေါ် အင်အားသုံး ဖြိုခွင့်မှုများ ပြုလုပ်လျက်ရှိသည်။

ဂါဇာဒေသကို တွေ့ရစဉ်
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘေယာဘော့ (Annalena Baerbock) ကလည်း ဇန်နဝါရီ ၈ ရက်တွင် အစ္စရေးသို့ ရောက်ရှိခဲ့ပြီး ဥရောပသမဂ္ဂ၏ ထိပ်သီးသံတမန် ဂျိုးဆက် ဘော်ရဲလ် (Josep Borrell) ကလည်း လက်ဘနွန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
"G 7 အဖွဲ့ဝင် နိုင်ငံတွေဟာ ဂါဇာပဋိပက္ခကို လျင်မြန်စွာ အဆုံးသတ်နိုင်ဖို့ အစ္စရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက် နေပါတယ်" ဟု G 7 ၏ အလှည့်ကျဥက္ကဋ္ဌ နေရာကို ရယူထားသည့် အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီ (Antonio Tajani) က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဂါဇာ၌ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေပြီး အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့် (Yoav Gallant) ကမူ ဂါဇာဒေသတွင် ဟားမာ့စ်အဖွဲ့ကို အမြစ်ဖြတ်ချေမှုန်းရန် ဆုံးဖြတ် ထားကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 974
CNI International News
ကင်ဘာရာ၊ ဇန်နဝါရီ ၉
သြစတြေးလျနိုင်ငံတွင် နာဇီတို့၏ အလေးပြုသည့်ပုံစံနှင့် အမုန်းတရားကို ဖြစ်ပွားစေနိုင်သည့်် သင်္ကေတများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့သည့် တရားဥပဒေသည် စတင် အကျုံးဝင် သက်ရောက်လာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
သြစတြေးလျတွင် ထိုဥပဒေကို ပြီးခဲ့သည့်နှစ် နွေရာသီက ထုတ်ပြန်ခဲ့ပြီး ယခုအခါမှ အကျုံးဝင် သက်ရောက်ခဲ့ခြင်း ဖြစ်သည်။
နာဇီပုံစံ အလေးပြုမှု၊ အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွှယ်သည့် သင်္ကေတများကို ပြသခြင်း သို့မဟုတ် ရောင်းချ ခြင်းတို့ကို တားမြစ်ထားသော ထိုဥပဒေသည် ဇန်နဝါရီ ၈ ရက်တွင် စတင်အကျုံးဝင် သက်ရောက်ခဲ့သည်။
မကြာသေးမီ လများအတွင်းက အစ္စရေး-ဂါဇာ စစ်ပွဲဖြစ်ပွားခဲ့ချိန်တွင် သြစတြေးလျနိုင်ငံ၌ ဂျူးဆန့်ကျင်သည့် ဖြစ်စဉ်များ မြင့်တက်နေမှုကို သြစတြေးလျအစိုးရက တုန့်ပြန်ဖြေရှင်းသည့်အနေဖြင့် ထိုဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ ခြင်းဖြစ်သည်။
ထိုဥပဒေအရ နာဇီပါတီ၏ စကြာတံဆိပ်၊ နာဇီပါတီ၏ စစ်တပ်ဖြစ်သည့် SS ၏ သင်္ကေတာဖြစ်သော မိုးကြိုးသွား ပုံစံ သင်္ကေတများ အပါအဝင် နာဇီနှင့် ဆက်နွှယ်သည့် အဆင်တန်ဆာများကို ရောင်းချခြင်း သို့မဟုတ် ပြသခြင်း တို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။

သြစတြေးလျ အစိုးရရှေ့နေချုပ် မာ့ခ်ဒရေးဖုစ်ကို တွေ့ရစဉ်
"ပြည်သူ့မြင်ကွင်းမှာ နာဇီပုံစံ အလေးပြုတာ၊ ဒါမှမဟုတ် နာဇီပုံစံ အလေးပြုတာကို လူသိထင်ရှားပြသတာ၊ ဒါမှမဟုတ် နာဇီနဲ့ ဆက်နွှယ်တဲ့ သင်္ကေတတွေကို ရောင်းဝယ်တာတွေဟာ အခုအခါမှာတော့ တရားမဝင်တော့ ပါဘူး"ဟု သြစတြေးလျ အစိုးရရှေ့နေချုပ် မာ့ခ် ဒရေးဖုစ် (Mark Dreyfus) က ပြောကြားခဲ့သည်။
ထို့ပြင် ဥပဒေသစ်အရ အကြမ်းဖက်မှုနှင့် ဆက်နွှယ်သည့် လုပ်ရပ်များကို အမွမ်းတင် ဖော်ပြမှုများကိုလည်း ရာဇဝတ်မှုများအဖြစ် သတ်မှတ်ကြောင်း မာ့ခ်က ပြောကြားခဲ့သည်။
ထိုဥပဒေမူကြမ်းကို ဒီဇင်ဘာ ၆ ရက်က သြစတြေးလျလွှတ်တော်တွင် ကန့်ကွက်မဲမရှိဘဲ တစ်ညီတစ်ညွတ်တည်း မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။
သြစတြေးလျတွင် လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် အကြမ်းဖက် လုပ်ရပ်များကို အမွမ်းတင်ခွင့်ပြုမည် မဟုတ်ကြောင်း ထိုဥပဒေက ပြသရာ ရောက်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့််နှစ် မတ်လက သြစတြေးလျ၏ မဲလ်ဘုန်းမြို့တွင် ခေတ်သစ် နာဇီဝါဒီအဖွဲ့သည် လိင်တူ စုံမက်သူများ အခွင့်အရေးအတွက် တောင်းဆိုသူများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်။
ထိုခေတ်သစ် နာဇီအဖွဲ့ဝင်များသည် သြစတြေးလျပါလီမန် အဆောက်အအုံအနီးတွင် နာဇီပုံစံ အလေးပြုခဲ့ ကြသည်။
Source: အယ်လ်ဂျာဇီးယား
