- By CNI
- Category: နိုင်ငံရေး
- Hits: 783
CNI International News
နယူးဒေလီ၊ ဧပြီ ၁၂
အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား ကာလကြာရှည် ဖြစ်ပွားနေသည့် နယ်စပ်ဒေသအရေးကို ချက်ချင်း ဖြေရှင်းသင့် ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi)က ပြောသည်ဟု MSN သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မိုဒီသည် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်း နှစ်နိုင်ငံအကြား နယ်စပ်ဒေသ အငြင်းပွားမှု ပြဿနာနှင့်ပတ်သက်ပြီး လေသံကိုလျှော့ပြီး ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
"ကျနော်တို့ နယ်စပ်ဒေသတွေမှာ ကာလကြာရှည် ဖြစ်ပွားနေတဲ့ ပြဿနာကို ချက်ချင်း ဖြေရှင်းသင့်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ အဲဒါမှ ကျနော်တို့ကြား ဆက်ဆံရေးတွေကို ပုံမှန်ပြန်ဖြစ်စေမှာ ဖြစ်ပါတယ်"ဟု မိုဒီက Newsweek မဂ္ဂဇင်းနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အိန္ဒိယနှင့် တရုတ်အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဟိမဝန္တာနယ်စပ်ဒေသ(အာရုနာချယ်ပရာဒေ့ရှ်ပြည်နယ်) တွင် ၂၀၂၀ ပြည့်နှစ်က နှစ်နိုင်ငံစစ်သားများအကြား ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် စစ်သား ၂၄ ဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးများ တင်းမာခဲ့သည်။

တရုတ်နဲ့ အိန္ဒိယ အလံကို တွေ့ရစဉ်
ပြီးခဲ့သည့်နှစ် မေလကလည်း မိုဒီက တရုတ်နှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ရေးသည် အရေးကြီး ကြောင်းနှင့် အိန္ဒိယသည် မိမိတို့၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
မိုဒီသည် တတိယသက်တမ်းအတွက် မဲဆွယ်စည်းရုံးသည့် ကာလတွင် ပြည်တွင်းလုံခြုံရေးနှင့် ခိုင်မာသည့် နိုင်ငံခြားရေးမူဝါဒကို အဓိကထား ပြောကြားကာ မဲဆွယ်ခဲ့သည်။
အိန္ဒိယတွင် လာမည့် သီတင်းပတ်မှစပြီး ၂ လနီးပါးကြာ အထွေထွေရွေးကောက်ပွဲများ ပြုလုပ်မည်ဖြစ်သည်။
"အိန္ဒိယအတွက် တရုတ်နဲ့ ဆက်ဆံရေးဟာ အရေးကြီးပြီး အဓိပ္ပာယ်ပြည့်ဝပါတယ်"ဟု မိုဒီက ပြောကြားခဲ့သည်။
ထို့နောက် နှစ်နိုင်ငံအကြား ငြိမ်းချမ်းသည့် ဆက်ဆံရေးသည် ဒေသတွင်းနှင့် နိုင်ငံတကာအတွက် အရေးကြီး ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
အိန္ဒိယနှင့် တရုတ်သည် ကီလိုမီတာ ၃၈၀၀ (မိုင် ၂၄၀၀) အရှည်ရှိသည့် နယ်စပ်ချင်း ထိစပ်နေပြီး ၁၉၆၂ ခုနှစ်က နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ သွေးစွန်းသည့် စစ်ပွဲဖြစ်ပွားခဲ့သည်။
Source: MSN
- By CNI
- Category: နိုင်ငံရေး
- Hits: 807
CNI International News
အော့တဝါ၊ ဧပြီ ၁၁
ကနေဒါထောက်လှမ်းရေးအေဂျင်စီက ဧပြီ ၈ ရက်တွင် ကြားနာခဲ့သည့် တရားဝင် စုံစမ်းစစ်ဆေးမှု တစ်ခုတွင် နောက်ဆုံးရွေးကောက်ပွဲနှစ်ခု၌ တရုတ်သည် ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုတွေ့ရှိချက်သည် ကနေဒါနိုင်ငံရေးတွင် သံသယဖြစ်ဖွယ် တရုတ်၏ ဝင်ရောက်စွက်ဖက်မှုနှင့် ပတ်သက်၍ အခိုင်မာဆုံး သက်သေ အထောက်အထားဖြစ်ကြောင်း ကနေဒါထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ နှစ်ရပ်လုံးတွင် ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး (Justin Trudeau)၏ လစ်ဘရယ်ပါတီ အနိုင်ရရှိခဲ့သည်။
တရုတ်၏ ရွေးကောက်ပွဲအပေါ် ဝင်ရောက် စွက်ဖက်မှုနှင့်ပတ်သက်၍ မီဒီယာများ၏ ဖော်ပြချက်ကို စိတ်တို ဒေါသဖြစ်နေသော အတိုက်အခံ လွှတ်တော်အမတ်များ၏ ဖိအားအောက်တွင် ထရူးဒိုးက နိုင်ငံခြားဝင်ရောက် စွက်ဖက်မှုဆိုင်ရာကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ကော်မရှင်က ကနေဒါ လုံခြုံရေးထောက်လှမ်းရေးအဖွဲ့ (CSIS) မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ အကျဉ်းချုပ် ကောက်နုတ်ချက် ပါဝင်သော ရုပ်ပုံဆလိုက် တစ်ခုကို ဧပြီ ၈ ရက်တွင် ပြသခဲ့သည်။

ကနေဒါနိုင်ငံကို တွေ့ရစဉ်
"PRC(တရုတ်ပြည်သူ့သမ္မတနိုင်ငံ)ဟာ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၁ ရွေးကောက်ပွဲ နှစ်ရပ်လုံးမှာ လျှို့ဝှက်စွာ လိမ်လည် ဝင်ရောက် စွက်ဖက်တယ်ဆိုတာကို ကျနော်တို့ တွေ့ရှိခဲ့ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
"ရွေးကောက်ပွဲနှစ်ရပ်လုံးမှာ ဒီ FI(ပြည်ပဝင်ရောက်စွက်ဖက်မှု)လှုပ်ရှားမှုတွေဟာ လက်တွေ့ဆန်ပြီး တရုတ်အစိုးရ ရဲ့ အကျိုးစီးပွားအတွက် တရုတ်အစိုးရကို လိုလားသူ ဒါမှမဟုတ် ကြားနေသူလို့ ရှုမြင်သူတွေ အားလုံးကို အဓိက အာရုံစိုက် ထောက်ပံ့ကူညီခဲ့ပါတယ်"ဟု ပြောသည်။
အကဲဖြတ်မှု အခြေအနေကို Global News တွင် အစောပိုင်းက ဖော်ပြခဲ့ပြီး ဖြစ်သည်။ တရုတ်ကမူ ကနေဒါနိုင်ငံ ရေးတွင် ကြားဝင်စွက်ဖက်ခဲ့သည်ဟူသည့် စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။
တရုတ်၏ ကြားဝင်စွက်ဖက်မှုသည် ၎င်းပါတီကို အမတ်နေရာ ကိုးနေရာအထိ ဆုံးရှုံးမှုဖြစ်စေသော်လည်း ရွေးကောက်ပွဲလမ်းကြောင်းအား ပြောင်းလဲနိုင်ခဲ့ခြင်း မရှိကြောင်း ၂၀၂၁ ခုနှစ် မဲဆွယ်လှုပ်ရှားမှုအတွင်း ကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်ခဲ့သည့် အီရင်အိုတူးလီ(Erin O'Toole) က ပြောကြားခဲ့သည်။
"တရားဝင် ဒါမှမဟုတ် နိုင်ငံရေးဆိုင်ရာ အကျိုးဆက် အနည်းငယ်ပဲ ရှိတဲ့အတွက် ကနေဒါမှာ တရုတ်စပိုင်တွေဟာ ကြားဝင်စွက်ဖက်မှုတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် FI (ပြည်ပဝင်ရောက်စွက်ဖက်မှု) လှုပ်ရှားမှုဟာ အန္တရာယ်နည်းပြီး ရလဒ်ကြီးကြီးရရှိတာ ဖြစ်ပါတယ်" CSIS က အကဲဖြတ် ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 887
CNI International News
အင်ဖာ၊ ဧပြီ ၁၁
အိန္ဒိယ၏ ဗဟိုအစိုးရနှင့် မဏိပူရပြည်နယ်အစိုးရတို့၏ အချိန်မီ ကြားဝင်ဖြေရှင်းပေးမှုတို့ကြောင့် ပဋိပက္ခများ ဖြစ်ပွားနေသည့် မဏိပူရပြည်နယ်၏ အခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီဖြစ်၍ နာဂလက်နက်ကိုင်နှင့် ငြိမ်းချမ်းရေးကိုလည်း အရှိန်မြင့် လုပ်ဆောင်သွားမည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi)က ပြောကြားခဲ့သည်ဟု E-PAP သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မဏိပူရပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားမှု အရှိန်အမြင့်ဆုံး ကာလအတွင်း ပြည်ထဲရေးဝန်ကြီး အမစ်ရှား (Amit Shah) သည် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပုဂ္ဂိုလ်ရေးအရ ထိတွေ့ဆက်ဆံခဲ့ပြီး အစည်းအဝေး ၁၅ ကြိမ် ပြုလုပ်ခဲ့မှုအပေါ် မိုဒီက ချီးကျူးခဲ့သည်။
မိုဒီက အရှေ့မြောက်ဒေသရှိ လူငယ်များအပေါ် ၎င်း၏ လျော့နည်းသွားခြင်းမရှိသည့် ယုံကြည်မှုကို ဖော်ပြခဲ့သည်။

မဏိပူရပြည်နယ်အတွင်းက အဓိကရုဏ်းဖြစ်ပွားမှုကိုတွေ့ရစဉ်
ထို့နောက် ဒေသတွင်း အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေးကြီး ကြောင်းကိုလည်း ဒေလီ (Delhi) မြို့တော်ရှိ ဝန်ကြီးချုပ်၏ နေအိမ်တွင် The Assam Tribune သတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူး၌ ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက အရှေ့မြောက်ဒေသသည် လျစ်လျူရှုခံခဲ့ရသည်။
လက်ရှိမှာတော့ ထိုအခြေအနေကနေ အကူအပြောင်းကာလသို့ ရောက်ရှိနေပြီးဖြစ်သည်။
ထို့ကြောင့် လက်ရှိ ပေါ်ပေါက်နေသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် ရှုထောင့်ပေါင်းစုံ ပါဝင်သည့် ချဉ်းကပ် ဆောင်ရွက်မှုသည် အရေးကြီးကြောင်း မိုဒီက ပြောကြားခဲ့သည်။

NSCN-IM တပ်ဖွဲ့ကိုတွေ့ရစဉ်
မဏိပူရပြည်နယ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များကို ဆက်လက် လုပ်ဆောင်လျက် ရှိပြီး ထိုအစီအစဉ်များအနက် ယာယီကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရသူများကို ငွေကြေးအရ ကူညီ ထောက်ပံ့ရေး အစီအစဉ်လည်း ပါဝင်သည်။
ပြည်နယ်အစိုးရက လိုအပ်သည့် အရာများကို ဗဟိုအစိုးရမှ ထောက်ပံ့ပေးသွားမည် ကတိကဝတ်များကိုလည်း မိုဒီက ထပ်မံအတည်ပြု ပြောကြားခဲ့သည်။
ထို့ပြင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူ/ဗွီးဗား (NSCN-IM) နှင့် အိန္ဒိယဗဟိုအစိုးရကြား ၂၀၁၅ ခုနှစ်၊ သြဂုတ် ၃ ရက်က ငြိမ်းချမ်းရေးမူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုးမှုသည်လည်း ဆယ်စုနှစ်များစွာ ကြာမြင့်နေသည့် နာဂနိုင်ငံရေးပြဿနားများကို ဖြေရှင်းရေးအတွက် သိသားထင်ရှားသည့် သဘောတူညီချက်ဖြစ်သည်ဟု မိုဒီက အမွှမ်းတင်ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရသည် NSCN-IM အပါအဝင် အခြားနာဂအဖွဲ့များ၊ ကိုယ်စားလှယ်များနှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း မိုဒီက ပြောကြားခဲ့သည်။
Source: E-PAO
- By CNI
- Category: နိုင်ငံရေး
- Hits: 839
CNI International News
ပေကျင်း၊ ဧပြီ ၁၀
ဆွီဒင်နိုင်ငံသည် ၎င်း၏ လုံခြုံရေးအတွက် ကြီးမားစွာ ခြိမ်းခြောက်နေသည်ဟု ယူဆထားသည့် တရုတ် ဂျာနယ်လစ်တစ်ဦးကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ကြောင်း South China Morning Post(SCMP)မှ ဖော်ပြခဲ့သည်။
အမည်ဖော်ပြမထားသည့် အသက် ၅၇ နှစ်အရွယ် တရုတ်အမျိုးသမီး ဂျာနယ်လစ်တစ်ဦးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဆွီဒင်လုံခြုံရေးအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ပြီးခဲ့သည့် သီတင်းပတ်တွင် နှင်ထုတ်ခံခဲ့ ရသည်။
ထိုအမျိုးသမီးဂျာနယ်လစ်ကို ဆွီဒင်နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ကိုလည်း တားမြစ်ပိတ်ပင်ခဲ့သည်။
အဆိုပါ အမျိုးသမီးသည် လွန်ခဲ့သည့်နှစ် ၂၀ ခန့်ကတည်းက ဆွီဒင်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နေထိုင်ခွင့် ပါမစ် ရရှိထားကာ ဆွီဒင်အမျိုးသားတစ်ဦးနှင့် လက်ထပ်ပြီး ကလေးများ မွေးဖွားခဲ့ကြောင်း၊ ထိုအမျိုးသမီး၏ ရှေ့နေ ဖြစ်သူ လော်ထရင်မ် ကာဒရီယူ (Leutrim Kadriu) က ပြောကြားခဲ့သည်။
ထိုအမျိူးသမီးအပေါ် စွဲဆိုထားသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ စွဲချက်များနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မသိရဘဲ ထိုအမှုကို လျှို့ဝှက်အဆင့်အဖြစ် သတ်မှတ်ထားသည်ဟု ကာဒရီယူက ပြော သည်။

ဆွီဒင်လုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်
"ကျနော့်ရဲ့ အမှုသည်က ကြီးမားတဲ့ လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်စေနိုင်တယ်လို့ ယူဆရကြောင်း လုံခြုံရေးရဲတပ်ဖွဲ့ က ပြောပါတယ်။ အဲဒီလို ယူဆဖို့ကိုလည်း လူဝင်မှုရေးရာ အေဂျင်စီ၊ လူဝင်မှုရေးရာ တရားရုံးနဲ့ အစိုးရအဖွဲ့တွေက သဘောတူခဲ့ပါတယ်" ဟု ကာဒရီယူက ပြောသည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး လူဝင်မှုရေးရာအေဂျင်စီက မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
ဆွီဒင်ရုပ်သံဖြစ်သည့် SVT ကလည်း စွဲချက်များနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ထုတ်ပြန် ခဲ့ခြင်း မရှိသော်လည်း ထိုအမျိုးသမီးသည် ၎င်း၏ ဝက်ဘ်ဆိုက်တွင်သတင်းဆောင်းပါးများ ရေးသားနေပြီး ဆွီဒင် နိုင်ငံ၊ စတော့ဟုမ်း (Stockholm) မြို့ရှိ တရုတ်သံရုံးထံမှ ငွေကြေးများ ရရှိခဲ့ကြောင်း အမည်မဖော်ပြထားသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြခဲ့သည်။
ထိုအမျိုးသမီးသည် ဆွီဒင်သို့ လာရောက်သည့် တရုတ်အာဏာပိုင်များ၊ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့များကို ကြိုဆိုလက်ခံပြီး ဆွီဒင်အရာရှိများနှင့် အစည်းအဝေးများ ဖြစ်မြောက်စေရန် ဆောင်ရွက်ပေးခဲ့ကြောင်း SVT က ဖော်ပြခဲ့သည်။
Source: SCMP
- By CNI
- Category: နိုင်ငံရေး
- Hits: 797
CNI International News
တိုင်ပေ၊ ဧပြီ ၁၀
တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေရာမှ ထိုင်ဝမ်ကို တကယ်တိုက်ခိုက်လာမည့် စိတ်မှန်းဖြစ်နိုင်ခြေအား သရုပ်ဖော်ပြီး ပင်လယ်အတွင်း အန္တရာယ်ရှိသည့် နေရာများ၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်ကို ၎င်း၏နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည့် တရုတ်သည် ပြီးခဲ့သည့် ၄ နှစ်အတွင်း ထိုင်ဝမ်ကျွန်း အနီးတွင် စစ်ရေးလေ့ကျင့်မှုများကို မကြာခဏပြုလုပ်ခဲ့ကာ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားများ တိုးမြှင့်ခဲ့သည်။
ထိုင်ဝမ်သည် နှစ်စဉ်ပြုလုပ်နေကျ Han Kuang (ဟန်ကောင်)စစ်ရေးလေ့ကျင့်မှုများကို ယခုလအတွင်း စတင်ခဲ့ သည်။

ထိုင်ဝမ်ကာကွယ်ရေး၀န်ကြီးကို တွေ့ရစဉ်
ပြီးခဲ့သည့်နှစ် ဇူလိုင်လက ပြုလုပ်ခဲ့သည့် အမှန်တကယ် ဖြစ်ပွားနေသော တိုက်ပွဲပုံစံ စစ်ရေးလေ့ကျင့်မှုကဲ့သို့ စိတ်မှန်းဖြစ်နိုင်ခြေများကို ထည့်သွင်း၍ စစ်ရေးလေ့ကျင့်မှုကို ၈ ရက်တိတိ ပြုလုပ်မည်ဖြစ်သည်။
တရုတ်၏ ပိတ်ဆို့မှုကို ခံရချိန်တွင် ထိုင်ဝမ်၏ မတူညီသည့် လက်နက်ကိုင်တပ်ဖွဲ့များ မည်ကဲ့သို့ ပူးပေါင်း တုန့်ပြန်သွားမည် ဆိုခြင်းကိုလည်း အာရုံစိုက် လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဟန်ချီရှင်း (Tung Chih-hsing) က ပြောကြားခဲ့သည်။
ထိုစစ်ရေး လေ့ကျင့်မှုများကို ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်တို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ကမ်းရိုးတန်းဒေသတွင် တပ်ဆင်ထားသည့် သင်္ဘောဖျက်လက်နက်များနှင့် ဒရုန်းများကလည်း ပါဝင် အားဖြည့် သွားမည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများသည် ပင်လယ်ပြင်နှင့် လေကြောင်း ပျံသန်းမှု လမ်းကြောင်းများကို ပြင်ပကမ္ဘာနှင့်ဆက်လက် ထိတွေ့ပြီး လမ်းကြောင်းများ ဆက်ပွင့်နေစေရန် ကင်းလှည့် စောင့်ကြပ်မှု စစ်ဆင်ရေးများကိုလည်း လုပ်ဆောင်သွားမည်ဟု ဟန်က ပြောကြားခဲ့သည်။

ဒုံးကျည်ပစ်ခတ်နေစဉ်
ပြီးခဲ့သည့်နှစ် ဧပြီလကလည်း ထိုင်ဝမ်ကျွန်းအနီးတွင် ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု တစ်ခု၌ တရုတ်သည် ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့ပြီး ပစ်မှတ်များအား တိကျစွာထိမှန်စေရန် လေ့ကျင့်သည့် စစ်ရေးလေ့ကျင့်မှုများ ပါဝင်ခဲ့သည်။
၂၀၂၂ ခုနှစ်က ယူကရိန်းကို ရုရှား ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးကတည်းက ထိုင်ဝမ်သည် ထိုဖြစ်စဉ်ကို သင်ခန်းစာ ယူပြီး ယူကရိန်းထက် အင်အားကြီးမားသည့် ရုရှားတပ်ဖွဲ့များအား ခုခံတိုက်ခိုက်နေသည့် အခြေအနေအား ထိုင်ဝမ်က လေ့လာခဲ့၍ စစ်ရေးလေ့ကျင့်မှုများ ပုံစံပြောင်းခဲ့သည်။
ယခုနှစ်တွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုများတွင်လည်း ဂါဇာ၌ ဖြစ်ပွားနေသည့် စစ်ပွဲကို သင်ခန်းစာယူပြီး စစ်ရေးလေ့ကျင့်မှုပုံစံအသစ်များ ထည့်သွင်းသွားမည်ဟု ဟန်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 807
CNI International News
နယူးဒေလီ၊ ဧပြီ ၁၀
အာရုနာချယ်ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်သည် အိန္ဒိယ၏ တည်တံ့ခိုင်မြဲမှုရှိသည့် ဒေသတစ်ခု ဖြစ်ပြီး ထိုအတိုင်းပင် ဆက်လက် တည်ရှိနေလိမ့်မည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi) က ပြောကြား ခဲ့ကြောင်း Times of India မှ ဖော်ပြခဲ့သည်။
အာရုနာချယ်ပရာဒေ့ရှ်ဒေသကို ပိုင်ဆိုင်ကြောင်း ထွက်ဆိုနေသည့် တရုတ်၏ ပြောကြားချက်များကို ပယ်ချသည့် အနေဖြင့် မိုဒီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"အာရုနာချယ်ပရာဒေ့ရှ်ဟာ ဘားရတ် (အိန္ဒိယ၏ အခြားအမည်) နိုင်ငံရဲ့ ခွဲခြားမရတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့ပြီး အဲဒီအတိုင်းပဲ ထာဝရတည်ရှိနေပါလိမ့်မယ်" ဟု မိုဒီက Assam Tribune နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
တရုတ်သည် ၎င်း၏ နယ်မြေပိုင်ဆိုင်ကြောင်း ထွက်ဆိုမှုများကို ပိုမိုခိုင်မာစေရန်အတွက် အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်အတွင်းရှိ နေရာပေါင်း ၃၀ အား တရုတ်အမည်များ ပြောင်းလဲခဲ့ပြီးနောက် မိုဒီ၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

မိုဒီကို တွေ့ရစဉ်
ထို့ပြင် မိုဒီက အာရုနာချယ်ပရာဒေ့ရှ်ဒေသသို့ စစ်သားများနှင့် ပစ္စည်းကိရိယာများ လျင်မြန်စွာ ပို့ဆောင်နိုင်သည့် ဆယ်လာ (Sela) တူးမြောင်း၏ မဟာဗျူဟာမြောက် အရေးကြီးပုံကိုလည်း ပြောကြားခဲ့သည်။
"အဲဒီတူးမြောင်းဟာ အခြေအနေကို ပြောင်းလဲနိုင်တဲ့ မဟာဗျူဟာမြောက် တူးမြောင်းဖြစ်ပြီး ဘယ်လို ရာသီဥတု မျိုးမှာမဆို တာဝမ် (Tawang) ခရိုင်နဲ့ ချိတ်ဆက်ထားတဲ့ တူးမြောင်းဖြစ်ပါတယ်" ဟု မိုဒီက ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရသည် အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို စီမံကိန်းများစွာဖြင့် အာရုံစိုက် လုပ်ဆောင်နေ ကြောင်း မိုဒီက ပြောကြားခဲ့သည်။
"ဒီနေ့မှာတော့ အရှေ့မြောက်ဒေသဟာ အိန္ဒိယနိုင်ငံတော်သစ်ရဲ့ အကြီးမြတ်ဆုံး အောင်မြင်မှု ဇာတ်လမ်းအဖြစ် ပေါ်ထွက်လာခဲ့ပါပြီ" ဟု မိုဒီက ပြောကြားခဲ့သည်။
ထိုဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများကို အလေးထား ပြောဆိုခဲ့ သည်။
မိုဒီ၏ BJP ပါတီသည် နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သည့် အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အရှေ့မြောက် ဒေသ၌ နေရာအများဆုံး အနိုင်ရရှိခဲ့သည်။
Source: Times of India
- By CNI
- Category: နိုင်ငံရေး
- Hits: 977
CNI International News
မော်စကို၊ ဧပြီ ၉
ယူကရိန်းသည် ရုရှားတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဇာပိုရီရှား (Zaporizhzhia) နျူကလီးယား ဓာတ်အားပေး စက်ရုံကို ဧပြီ ၇ ရက်က ၃ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ရုရှားက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများအနေဖြင့် တုန့်ပြန်ဆောင်ရွက်ရန် ရုရှားက တောင်းဆိုခဲ့ပြီး ယူကရိန်းအစိုးရကမူ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
အဆိုပါ စက်ရုံတွင် ကျွမ်းကျင်သူများ ထားရှိခဲ့သည့် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကမူ ဥရောပ၏ အကြီးဆုံးဖြစ်သည့် နျူကလီးယား ဓာတ်အားပေးစက်ရုံဖြစ်သော ဇာပိုရီရှားစက်ရုံကို တိုက်ရိုက် တိုက်ခိုက်ခြင်း သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။
နျူကလီးယားလုံခြုံရေးအတွက် အန္တရာယ်ရှိစေသည်ဟု ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် ၂၀၂၂ ခုနှစ်က ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် ထိုစက်ရုံကို ထိန်းချုပ်နိုင်ခဲ့သည်။

နျူကလီးယား စက်ရုံကိုတွေ့ရစဉ်
ထိုစက်ရုံ တိုက်ခိုက်ခံရခြင်းကြောင့် နျူကလီးယား အန္တရာယ်များနှင့်ပတ်သက်ပြီး ရုရှားနှင့် ယူကရိန်းအစိုးရတို့က တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲပြစ်တင်ခဲ့ကြသည်။
ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်းဖြစ်သည့် Rosatom ကမူ ယူကရိန်းသည် ဧပြီ ၇ ရက်က ထိုစက်ရုံကို ဒရုန်းဖြင့် ၃ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ပထမအကြိမ် တိုက်ခိုက်မှုသည် စက်ရုံ၏ စားသောက်ခန်း အနီးတွင်ဖြစ်ပြီး လူ ၃ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒုတိယအကြိမ် တိုက်ခိုက်မှုသည် ကုန်လှောင်ရုံ အနီးတွင်ဖြစ်ပြီး တတိယအကြိမ် တိုက်ခိုက်မှုသည် စက်ရုံ၏ နံပါတ် ၆ ဓာတ်ပေါင်းဖို၏ အဆောက်အအုံ ခေါင်မိုးပေါ်တွင်ဖြစ်ကြောင်း Rosatom က ထုတ်ပြန်ခဲ့သည်။
"ဇာပိုရီရှား နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီး စက်ရုံလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ စက်ရုံအတွင်းက ရေဒီယို ဓာတ်သတ္တိကြွမှု အခြေအနေဟာ ပြောင်းလဲခဲ့ခြင်း မရှိပါဘူး" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယူကရိန်း ထောက်လှမ်းရေး အရာရှိတစ်ဦးကမူ ယူကရိန်းတပ်ဖွဲ့များသည် ထိုစက်ရုံကို မည်သည့် တိုက်ခိုက်မှုမှ လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ ထိုတိုက်ခိုက်မှုကို ရုရှားတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1414
CNI International News
ကွီတို၊ မတ် ၈
အီကွေဒေါနိုင်ငံ၊ ကွီတို (Quito) မြို့တော်ရှိ မက္ကဆီကို သံရုံးကို အီကွေဒေါရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်း ကြောင့် မက္ကဆီကိုအစိုးရက အီကွေဒေါနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
မက္ကဆီကိုသံရုံးထဲတွင် အီကွေဒေါဒုသမ္မတဟောင်း ဂျော့ချ် ဂလက်စ် (Jorge Glas) ခိုလှုံနေခြင်းကြောင့် အီကွေဒေါ အာဏာပိုင်များက ဖမ်းဆီးရန် သံရုံးကို ဝင်ရောက်စီးနင်းခဲ့သည်။
ထိုသို့ သံရုံးအား မကြုံစဖူး အင်အားသုံး ဝင်ရောက်စီးနင်းမှုသည် ဒေသတွင်း ခေါင်းဆောင်များနှင့် သံတမန်များကို အံ့သြတုန်လှုပ်စေခဲ့သည်။
ဧပြီ ၅ ရက် နှောင်းပိုင်းက အီကွေဒေါရဲတပ်ဖွဲ့သည် ဂလက်စ်ကို ဖမ်းဆီးရန် ကွီတိုမြို့တော်ရှိ မက္ကဆီကို သံရုံး၏ အပြင်တံခါးကို ချိုးဖျက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ဂလက်စ်သည် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် စွပ်စွဲပြစ်တင် ခံခဲ့ရပြီးနောက် မက္ကဆီကိုသံရုံးထဲတွင် နိုင်ငံရေး ခိုလှုံခွင့်ရရှိရန် ကြိုးပမ်းခဲ့သူဖြစ်သည်။
ထိုကဲ့သို့ သံရုံးစီးနင်း ခံရပြီးနောက် မက္ကဆီကိုသမ္မတ အန်ဒရီစ် မန်နျူယယ် လိုပက်ဇ် အိုဘရာဒေါက အီကွေဒေါ နှင့် သံတမန်ဆက်ဆံရေး အဆက်ဖြတ်ကြောင်း ကြေညာခဲ့သည်။

အီကွေဒေါဒုသမ္မတဟောင်း ဂျော့ချ် ဂလက်စ်ကို အီကွေဒေါရဲတပ်ဖွဲ့က ဖမ်းဆီးသွားစဉ်
ထို့နောက် မက္ကဆီကိုအစိုးရ၏ ပြည်ပဆက်ဆံရေး အတွင်းရေးမှူးကလည်း ထိုဖြစ်စဉ်ကို နယ်သာလန်နိုင်ငံ သည်ဟိဂ် (The Hague) မြို့ရှိ ကမ္ဘာ့ခုံရုံးတွင် ဖြေရှင်းမည်ဟု ပြောကြားခဲ့သည်။
ဂလက်စ်သည် သံရုံးအတွင်း ဖမ်းဆီးခံခဲ့ရပြီးနောက် ဧပြီ ၆ ရက်တွင် ကွီတိုမြို့ရှိ အစိုးရရှေ့နေချုပ်ရုံးမှ ဂွာယာကီလ်(Guayaquil) မြို့သို့ လွှဲပြောင်းပို့ဆောင်ခံခဲ့ရပြီး အချုပ်ချခံထားရသည်။
ဂလက်စ်၏ ရှေ့နေ ဆိုနီယာ ဗီရာ (Sonia Vera) ကမူ အီကွေဒေါရဲအရာရှိများသည် မက္ကဆီကို သံရုံးအတွင်းရှိ ဂလက်စ်နေထိုင်သည့် အခန်းထဲသို့ ဝင်ရောက်ခဲ့ပြီး ဂလက်စ်ကို ရိုက်နှက်ဖမ်းဆီး သွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
၎င်းတို့၏ တရားရေးအဖွဲ့သည် အစိုးရရှေ့နေရုံးတွင် ဂလက်စ်နှင့် စကားပြောဆိုခွင့် မရရှိခဲ့ဘဲ ရှေ့တော်သွင်း စာချွန်လွှာ (မတရား ချုပ်နှောင်ခံနေရခြင်း သို့မဟုတ် ညှင်းပန်းနှိပ်စက်ခံရခြင်း ရှိ/မရှိ စစ်ဆေးသည့် သဘောဖြင့် တရားခံအား ရုံးထုတ်ခြင်း) တင်သွင်းရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။
ဂလက်စ်သည် ၂၀၁၆ ခုနှစ်က လူပေါင်းရာချီ သေဆုံးခဲ့သည့် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များတွင် အကျင့်ပျက်ခြစားမှု၊ လာဘ်ယူမှု၊ အဂတိလိုက်စားမှု စွဲချက်များဖြင့် စုံစမ်း စစ်ဆေးခံနေရသူ ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1364
CNI International News
အစ္စလာမ်မာဘက်၊ ဧပြီ ၈
ပါကစ္စတန်နိုင်ငံရှိ တရုတ်နိုင်ငံသားများကို လုံခြုံရေးစီမံချက်များအား လိုက်နာရန် တောင်းဆိုချိန်တွင် ၎င်းတို့က စိတ်တိုဒေါသဖြစ်ကြကြောင်း ပန်ဂျပ် (Punjab)ပြည်နယ်ဝန်ကြီးချုပ် မာရမ်နာဝက်ဇ် (Maryam Nawaz) က ပြောကြားခဲ့ကြောင်း WION သတင်းတွင် ဖော်ပြထားသည်။
ခိုင်ဘာပက်တွန်ခါဝါ (Khyber Pakhtunkhwa) ပြည်နယ်တွင် အသေခံ ဗုံးခွဲမှုတစ်ခုအတွင်း တရုတ်အင်ဂျင်နီယာ ၅ ဦးနှင့်ပါကစ္စတန် ယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် မာရမ်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် သက်တမ်းသုံးကြိမ် တာဝန်ထမ်းဆောင်ခဲ့သည့် နာဝက်ဇ်ရှာရစ် (Nawaz Sharif) ၏ သမီးဖြစ်သည့် အပြင် ပြည်နယ်ဝန်ကြီးချုပ်ရာထူးကို ရရှိသည့် ပထမဆုံးအမျိုးသမီးဖြစ်လာသော မာရမ်က ၎င်း၏ပထမဆုံး Apex ကော်မတီ အစည်းအဝေးအတွင်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ်ရှာရစ်နဲ့ မာရမ်နာဝက်ဇ်ကို တွေ့ရစဉ်
နိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားများသည် လုံခြုံရေးစီမံချက်များကို လိုက်နာရန် တွန့်ဆုတ်နေကြသည်ဟု ၎င်းက ပြောသည်။
“သူတို့တွေကို လုံခြုံရေးစီမံချက်တွေ လိုက်နာဖို့ တောင်းဆိုတဲ့အချက်မှာ မကျေမနပ် ဖြစ်နေကြပါတယ်။ သူတို့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေတဲ့အတွက် ဘယ်လိုစည်းမျဉ်းတွေအောက်မှာမှ မနေချင်ကြဘူး” ဟု မာရမ် က ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ လာဟိုး (Lahore) တပ်မဌာနချုပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ဆေးရတ်အေမာရာဇာ(Syed Aamer Raza) နှင့် အခြားထိပ်သီး စစ်ဘက်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၎င်း၏ အစိုးရအနေဖြင့် ပန်ဂျပ်ရှိ တရုတ်အလုပ်သမားများအတွက် ခိုင်မာသောလုံခြုံရေးကို ထောက်ပံ့ပေးသွား မည်ဟု မာရမ်က အာမခံခဲ့သည်။

အဓိကရုဏ်းဖြစ်ပွားနေစဉ်
ထိုအစည်းအဝေးတွင် ဘီရှမ် ( Bisham) ၌ တရုတ်အင်ဂျင်နီယာများ သေဆုံးမှုနှင့်ပတ်သက်ပြီး ပြစ်တင်ရှုတ်ချခဲ့ သည်။
လွန်ခဲ့သည့် သီတင်းပတ်က ဘီရှမ်တွင် တရုတ်အင်ဂျင်နီယာ ၅ ဦးနှင့် ၎င်းတို့၏ ပါကစ္စတန်ယာဉ်မောင်းတို့သည် အစ္စလာမာဘတ် (Islamabad) မြို့တော်မှ ခိုင်ဘာပက်တွန်ခါဝါပြည်နယ်၊ ဒါဆုမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ ရေကာတာတစ်ခုသို့ သွားရောက်ချိန်တွင် အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည်။
"အကြမ်းဖက်သမားတွေဟာ ဒီဂျစ်တယ် အသွင်ပြောင်းလာခဲ့ပြီး ဒီလိုပလက်ဖောင်းတွေမှာ သူတို့ရဲ့အရှေ့ကို ကြိုရောက်နေဖို့ လိုအပ်ပါတယ်။ ဒါပြင် အကြမ်းဖက်သမားတွေမှာ နောက်ဆုံးပေါ် လက်နက်နဲ့ နည်းပညာတွေ ရှိပါတယ်။ သူတို့ဆီမှာ အာဖဂန်နစ္စတန်နိုင်ငံကနေ ရလာတဲ့ အမေရိကန်လက်နက်တွေ ရှိပါတယ်။ အာဖဂန် နစ္စတန်ကနေ ရလာတဲ့ ဒီလက်နက်တွေဟာ ဥပဒေပြုရေး အေဂျင်စီတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်"ဟု မာရမ်က ပြောကြားခဲ့သည်။
Source: WION
