- By CNI
- Category: နိုင်ငံရေး
- Hits: 1203
CNI International News
ဘန်ကောက်၊ ဧပြီ ၄
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အတိုက်အခံ Move Forward Party (MFP)ကို ဖျက်သိမ်းရန် ကြိုးပမ်းသည့် လျှောက်လှဲချက်အား စစ်ဆေးကြားနာရန် ဧပြီ ၃ ရက်က လက်ခံခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ဇန်နဝါရီလက ထိုင်းရွေးကောက်ပွဲကော်မရှင်သည် Move Forward Party နှင့် Move Forward Party ခေါင်းဆောင်ဟောင်း ပီတာလင်ဂျာရွန်ရတ် (Pita Limjaroenrat) တို့အား စည်းမျဉ်းခံဘုရင်အား ဖြုတ်ချရန် ကြိုးပမ်းမှုဖြင့် Move Forward Party အား ဖျက်သိမ်းရန် တိုင်ကြားစာကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ရန် တညီတညွတ်တည်း သဘောတူညီခဲ့သည်။
ထိုအမှုနှင့်ပတ်သက်ပြီး ခုခံကာကွယ် လျှောက်လှဲမှုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက Move Forward Party ကို အချိန် ၁၅ ရက် ပေးခဲ့သည်။
တရားရုံးသို့ တင်ခဲ့သည့် တိုင်ကြားစာတွင် Move Forward Party သည် နိုင်ငံရေးပါတီများဆိုင်ရာ အက်ဥပဒေနှင့် အညီ စည်းမျဉ်းခံဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းခဲ့သော လုံလောက်သည့် အထောက်အထားများကို တွေ့ရှိခဲ့ ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က ဖော်ပြထားသည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကိုတွေ့ရစဉ်
Move Forward Party အား ဖျက်သိမ်းရန် တရားရုံးသို့ တောင်းဆိုသည့် ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပါတီအနေဖြင့် တရားရေးအဖွဲ့ဖြင့် ကြိုတင်ပြင်ဆင်ထားကြောင်း Move Forward Party ပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာဆင်ဒူ (Parit Wacharasindhu) က မီဒီယာများကို ပြောကြားခဲ့သည်။
Move Forward Party ပါတီသည် ဖျက်သိမ်းခံရလိမ့်မည်ဟု မီဒီယာများအနေဖြင့် ချက်ချင်း ကောက်ချက် မချရန်နှင့် မိမိတို့၏ တရားရေးအဖွဲ့သည် ပါတီ၏ အပြစ်ကင်းစင်မှုကို သက်သေပြပြီး ပါတီအား ကာကွယ်သွား မည်ဟု ၎င်းက ပြောသည်။
ထိုအမှုသည် အလွန်အရေးကြီးပြီး ပါတီ၏ အနာဂတ်အတွက်သာမက အနာဂတ်တွင် ထိုင်းနိုင်ငံရေးလောက အတွက်ပါ သာဓကတစ်ခုဖြစ်ကြောင်း ပါရစ်က ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 943
CNI International News
မော်စကို၊ ဧပြီ ၄
ပြီးခဲ့သည့်လက ရုရှားနိုင်ငံ မော်စကိုမြို့တော်အနီးရှိ ကပွဲခန်းမတစ်ခု တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း ရုရှားစစ်တပ် အတွင်း ဝင်ရောက်သူ အရေအတွက် သိသာစွာ မြင့်တက်လာခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ယခုနှစ်စပိုင်းကတည်းက လူပေါင်း ၁၀၀,၀၀၀ ကျော်သည် စစ်တပ်ထဲ ဝင်ရောက်ခဲ့ကြောင်း ပြီးခဲ့သည့် ၁၀ ရက် အတွင်းမှာပင် စစ်တပ်ထဲဝင်ရောက်သူ ၁၆,၀၀၀ ခန့်ရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။
"ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားရဲ့ မြို့တွေမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာ စစ်ထဲဝင်တဲ့သူတွေဟာ မတ် ၂၂ ရက် က မော်စကိုအနီးက ကဇာတ်ရုံ ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားခဲ့သူတွေအတွက် လက်စားချေလိုတဲ့ ဆန္ဒတွေရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ မော်စကိုဒေသမှာ စစ်ထဲဝင်ချင်တဲ့လူတွေ များလာတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ရုရှားစစ်သားတွေကို တွေ့ရစဉ်
မော်စကိုဆင်ခြေဖုံးရှိ Crocus City Hall ကပွဲခန်းမ တိုက်ခိုက်မှု ဖြစ်စဉ်တွင် လူ ၁၄၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အိုင်အက်စ်အဖွဲ့က ထိုတိုက်ခိုက်မှုကို တာဝန်ခံ ထွက်ဆိုခဲ့သည်။
သို့သော် ရုရှားကမူ တိုက်ခိုက်သူများသည် ယူကရိန်းနှင့် ဆက်နွှယ်မှုရှိကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းနှင့် အမေရိကန်ကမူ ရုရှား၏ ပြောကြားချက်ကို ငြင်းဆိုခဲ့သည်။
ရုရှားသည် ယူကရိန်းနှင့် စစ်ပွဲဖြစ်ပွားနေသည်မှာ သုံးနှစ်ကြာလာသည့် အချိန်ကာလထဲသို့ ဝင်ရောက်လာချိန်တွင် ယူကရိန်းစစ်ပွဲအတွက် တပ်သားသစ်များကို စုဆောင်းလျက်ရှိသည်။
ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက တပ်သားသစ် ၃၀၀,၀၀၀ ကို စုဆောင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး မိမိသဘောဆန္ဒအလျောက် စစ်ထဲဝင်သူများ များပြားနေသဖြင့် မဖြစ်မနေ စစ်မှုထမ်းဆောင်ရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားစစ်သား တစ်ဦးကိုတွေ့ရစဉ်
ရုရှားနိုင်ငံ၏ မြို့များတွင် ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် စစ်သားများကို မျိုးချစ်စိတ် ရှိသူများ၊ သူရဲကောင်းများအဖြစ် ပိုစတာများထောင်ပြီး ဂုဏ်ပြုထားကာ စစ်ထဲဝင်သူများသည် အရပ်သားဘဝကထက် လစာငွေ ပိုမိုကောင်းမွန်ကြောင်း အမွှမ်းတင်ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်ခဲ့သည့် ရုရှားသည် ပြီးခဲ့သည့် နှစ်လအတွင်း ယူကရိန်း စစ်မြေပြင်တွင် အသာစီးရမှုများ နှေးကွေးနေခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေ ရွိူင်ဂူ (Sergei Shoigu) ကမူ ရုရှားစစ်တပ်သည် ယခုနှစ်ကုန်ပိုင်းတွင် တပ်ရင်း ၂ ခုနှင့် တပ်ဖွဲ့သစ် ၃၀ ကို ဖွဲ့စည်းကာ တပ်ရင်း၊ တပ်ဖွဲ့သစ်များ တိုးမြှင့်သွားမည်ဟု ပြီးခဲ့သည့်လက ပြောကြားခဲ့ သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1541
CNI International News
ဘန်ကောက်၊ ဧပြီ ၄
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်ဆိုသည့် သတင်းသည် April Fools' (ဧပြီ ၁ ရက်)နေ့ နောက်ပြောင်မှုတစ်ခု ဖြစ်နိုင်ကြောင်း ထိုင်းဒုဝန်ကြီးချုပ် ပန်ပရီ ဘာဟစ်ဒါ နျူကာရာ (Parnpree Bahiddha-nukara) က ဧပြီ ၂ ရက် တွင် ပြောကြားခဲ့သည်ဟု ASEAN NOW မှ ဖော်ပြခဲ့သည်။
ဧပြီ ၁ ရက်က ဧရာဝတီသတင်းဝက်ဘ်ဆိုက်တွင် ယင်းလပ်အား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် အဖြစ် ခန့်အပ်ကြောင်း ဖော်ပြခဲ့သည့်သတင်းကို ပန်ပါရီက တုံ့ပြန်သည့် အနေဖြင့် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းလပ်သည် ထိုကဲ့သို့ သံတမန်အဖြစ် ခန့်အပ်ခံရမှုကို သူကိုယ်တိုင်ပင် မသိခဲ့ဟု ပြောသည်။

ယင်းလပ်နဲ့ ထိုင်းဒုဝန်ကြီးချုပ် ပန်ပရီ ဘာဟစ်ဒါ နျူကာရာကို တွေ့ရစဉ်
ထိုသတင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ရုံးက တရားဝင် အတည်မပြုသေးသဖြင့် မေးခွန်းများ သို့လော၊ သို့လော ထွက်ပေါ်နေသည်။
ထိုသတင်းသည် အမှန် ဟုတ်/မဟုတ် သံသယဖြစ်ရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန် ထမ်းဆောင်နေသည့် ပန်ပရီက ပြောသည်။
ဖြူးထိုင်းပါတီဝင်ဖြစ်သည့် ပန်ပရီက ယင်းလပ်၏ သတင်းကို အတည်မပြုနိုင်သေးသော်လည်း ယင်းလပ်သည် ဖြူးထိုင်းပါတီ ဦးဆောင်သည့် လက်ရှိ အစိုးရအဖွဲ့ထဲတွင် မပါဝင်သဖြင့် ထိုအကြောင်းအရာသည် ထိုင်း၏ သံတမန်ရေးဆိုင်ရာ စိုးရိမ်မှုများနှင့် သက်ဆိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းလပ်အား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန်အဖြစ် ခန့်အပ်ခံရသည်ဆိုသည့် အတည်မပြုသေးသော သတင်းများသည် တပ်မတော်အတွက် သတင်း ကောင်းဖြစ်ပြီး သူ့အနေနှင့် ကြိုဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ချင်းမိုင် (Chiang Mai) အခြေစိုက် ဧရာဝတီသတင်းဝက်ဘ်ဆိုက်က ကိုးကားဖော်ပြခဲ့သည်။
Source: ASEAN NOW
- By CNI
- Category: နိုင်ငံရေး
- Hits: 1075
CNI International News
အစ္စလာမ်မာဘက်၊ ဧပြီ ၃
ပါကစ္စတန် တာရက်ခ် အီး အင်ဆက်ဖ် (PTI) ပါတီက ဆင်း (Sindh) ပြည်နယ်တွင် ပြုလုပ်မည့် အထက်လွှတ်တော်ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း The Print သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် အကွက်ဆင်မှု အများအပြားရှိခဲ့သည်ဟု PTI က စွပ်စွဲခဲ့ပြီး သပိတ် မှောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Geo News မှ ဖော်ပြခဲ့သည်။
PTI ပါတီခေါင်းဆောင် ဟာလင်းမ် အဒီလ် ရှိတ် (Haleem Adil Sheikh) က အထက်လွှတ်တော် ရွေးကောက်ပွဲ၏ ခိုင်မာတည်ကြည်မှုအပေါ် စိုးရိမ်ကြောင်းနှင့် အထက်လွှတ်တော် ရွေးကောက်ပွဲများမှာ အကွက်ဆင်ပြီး အနိုင်ယူ ခံရနိုင်ကြောင်း ကရာချီ (Karachi) မြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဆင်းပြည်နယ်လွှတ်တော်မှ PTI ပါတီက ထောက်ခံပေးထားသည့် ကိုယ်စားလှယ်လောင်းများကို ဖယ်ချန် ထားမှုသည် ယခုနှစ်အတွင်း ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ ရလဒ်များ၏ နိုင်ငံရေးအရ ဆိုးရွားသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ၎င်းက ပြောသည်။

PTI ပါတီခေါင်းဆောင် ဟာလင်းမ် အဒီလ် ရှိတ်ကို တွေ့ရစဉ်
ဆင်းပြည်နယ်တွင် အထက်လွှတ်တော်အမတ် နေရာများအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် PTI ပါတီက ထောက်ခံ ထားသည့် ကိုယ်စားလှယ်လောင်း ၆ ဦးရှိသော်လည်း ထိုကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် အစိုးရအဖွဲ့ကိုလည်း ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများ ပြုလုပ်ခဲ့ ကြောင်း စွပ်စွဲခဲ့ပြီး အစိုးရအဖွဲ့သည် ကျရှုံးနေပြီဖြစ်ကြောင်း ရှိတ်က ပြောကြားခဲ့သည်။
ဆင်းပြည်နယ်တွင် အထက်လွှတ်တော် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၁၄ ဦးသည် ၎င်းတို့၏ အမည်စာရင်း တင်သွင်းမှုကို ပြန်လည်ရုတ်သိမ်းခဲ့ပြီးနောက် PTI ပါတီ၏ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဆင်းပြည်နယ် အထက်လွှတ်တော် ရွေးကောက်ပွဲတွင် ပါကစ္စတန် ပြည်သူ့ပါတီ (PPP) ကို ပြိုင်ဘက် မရှိ အနိုင်ရရှိစေရန် လမ်းခင်းပေးရာ ရောက်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: The Print
- By CNI
- Category: နိုင်ငံရေး
- Hits: 1112
CNI International News
ဝါရှင်တန်၊ ဧပြီ ၃
တရုတ်သည် ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲက ရုရှားနိုင်ငံ အသုံးပြုခဲ့သော သတင်းအမှားများဖြန့်သည့် နည်းဗျူဟာအချို့ကို ကျင့်သုံးခဲ့ကြောင်း အမေရိကန် သုတေသီများနှင့် အစိုးရအရာရှိများက ပြောကြားခဲ့ကြောင်း New York Times မှ ဖော်ပြခဲ့သည်။
တရုတ်၏ လျှို့ဝှက်အကောင့်များသည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump)အား ထောက်ခံသူများအဖြစ် ဟန်ဆောင်ထားပြီး ယုံမှားသီအိုရီများကို ဖော်ပြပြီး အမေရိကန်ပြည်တွင်းတွင် သဘော ထား ကွဲလွဲမှုများဖြစ်စေရန် လှုံ့ဆော်နေကြသည်ဟု သုတေသီများနှင့် အစိုးရအရာရှိများက ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်အား ထောက်ခံသူများအဖြစ် ဟန်ဆောင်ထားသည့် ထိုလူမှုမီဒီယာ အကောင့်များသည် နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)ကို ဝေဖန်တိုက်ခိုက်ခဲ့သည်။
ထိုအကောင့်များသည် ဘိုင်ဒန် အပါအဝင် အမေရိကန် ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများကို ပစ်မှတ်ထားမှုနှင့်အတူ တရုတ်သည် အမေရိကန်နိုင်ငံရေးလောကအား လွှမ်းမိုးရန် ရည်ရွယ်ထားသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ တရုတ်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ လျူပန်းယုကို တွေ့ရစဉ်
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း ရုရှားက လွှမ်းမိုးခဲ့သည့် ပုံစံအတိုင်း တရုတ်သည် ဘိုင်ဒန် အစိုးရအဖွဲ့၏ မူဝါဒများကို လျော့ပါးစေရန်နှင့် ပါတီများအကြား စိတ်သဘောထား ကွဲလွဲစေရန် ကြိုးပမ်းနေပုံ ပေါ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ဒေါ်နယ်ထရမ့်အား ထောက်ခံသူများအဖြစ် ဟန်ဆောင်ထားသည့် အကောင့်များက ဒေါ်နယ်ထရမ့်ကို အမေရိကန်နိုင်ငံအား ပုံစံမျိုးစုံဖြင့် ကြီးမြတ်စေရန် လုပ်ဆောင်မည့်သူဖြစ်ကြောင်း အမွှမ်းတင် ဖော်ပြခဲ့ကြပြီး ဘိုင်ဒန်၏ အသက်အရွယ်ကြီးရင့်မှုကို လှောင်ပြောင်သရော်ခဲ့ကြသည်။
ဖေဖော်ဝါရီလ အတွင်းကလည်း အမေရိကန်အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက တရုတ်သည် အစိုးရ ခေါင်းဆောင်များနှင့်ပတ်သက်ပြီး အမေရိကန်ပြည်သူများအကြား သံသယမျိုးစေ့များ ချပေးနေကြောင်း၊ အမေရိကန်၏ ဒီမိုကရေစီကို လျော့ပါးစေရန်နှင့် တရုတ်၏ လွှမ်းမိုးမှုကို ချဲ့ထွင်နေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံရှိ တရုတ်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ လျူ ပန်းယု (Liu Pengyu) ကမူ အမေရိကန်ရွေးကောက်ပွဲ သည် အမေရိကန်၏ ပြည်တွင်းရေးသားဖြစ်ပြီး တရုတ်သည် ကြားဝင်မစွက်ဖက်သည့် မူဝါဒကို ကျင့်သုံးနေ ကြောင်း ပြောကြားခဲ့သည်။
Source: New York Times
- By CNI
- Category: နိုင်ငံရေး
- Hits: 989
CNI International News
ဒမတ်စကတ်၊ ဧပြီ ၃
ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ် (Damascus) မြို့တော်တွင် ဧပြီ ၁ ရက်က အီရန်ကောင်စစ်ဝန်ရုံး လေကြောင်း တိုက်ခိုက်ခံရသဖြင့် ပြိုကျပျက်စီးသွားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ဆီးရီးယားနှင့် အီရန်မီဒီယာများက အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့နောက် အရှေ့အလယ်ပိုင်းတွင် အစ္စရေးနှင့် အီရန်၊ အီရန်၏ မဟာမိတ်များအကြား ပဋိပက္ခများ မြင့်တက်လာ သည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသူတစ်ဦးမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ တပ်မှူး မိုဟာမက် ရီဇာ ဇာဟီဒီ (Mohammad Reza Zahedi) ပါဝင်ပြီး အခြား အီရန်သံတမန်အချို့လည်း သေဆုံးခဲ့ သည်ဟု လက်ဘနွန်လုံခြုံရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဒမတ်စကတ်မြို့တော်၏ မက်ဇာ (Mezzeh) ရပ်ကွက်ရှိ အီရန်ကောင်စစ်ဝန်ရုံးသည် ပြိုကျပျက်စီးနေပြီး လူနာတင်ယာဉ်များကို တွေ့ရကြောင်း ရိုက်တာသတင်းထောက်များက ပြောကြားခဲ့သည်။

အစ္စရေးတိုက်လေယာဉ်ကိုတွေ့ရစဉ်
အီရန်ကောင်စစ်ဝန်ရုံး ပြိုကျပျက်စီးခဲ့သည့် နေရာတွင် ဆီးရီးယားပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး များကိုလည်း တွေ့ရသည်ဟု သတင်းထောက်များက ပြောသည်။
ဂါဇာကမ်းမြောင်ဒေသတွင် ခြောက်လကြာ ဖြစ်ပွားနေသည့် စစ်ပွဲကာလအတွင်း အီရန်ပစ်မှတ်များကို ထပ်တလဲလဲ တိုက်ခိုက်ခဲ့သည့် အစ္စရေးကမူ ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
"ပြည်ပမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေကို ကျနော်တို့ မှတ်ချက်မပေးပါဘူး" ဟု အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အီရန်၏ Tasnim သတင်းအေဂျင်စီကမူ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးသွားကြောင်း ဖော်ပြခဲ့ပြီး ဆီးရီးယား၏ SANA သတင်းအေဂျင်စီကမူ အရေအတွက် အတိအကျ ဖော်ပြမထားသည့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများရှိကြောင်း ဖော်ပြခဲ့သည်။
အောက်တိုဘာ ၇ ရက်က အစ္စရေး-ဟားမာ့စ်စစ်ပွဲ စတင်ခဲ့ချိန်ကတည်းက အစ္စရေးသည် ဆီးရီးယားနှင့် လက်ဘနွန်ရှိ အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့၊ အီရန်၏ အစောင့်တပ်ဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်တင်ခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 1172
CNI International News
တိုကျို၊ ဧပြီ ၂
အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် တရုတ်၏ စစ်နှင့်ငြိမ်းချမ်းရေးအကြား နယ်နိမိတ်တစ်ခုဖြစ်သည့် Gray Zone နည်းဗျူဟာကို ဖြေရှင်းရန် ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်ညီလာခံကို ယခုလအတွင်း ပြုလုပ်မည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ဧပြီ ၁၁ ရက်တွင် ဝါရှင်တန်၌ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ(Ferdinand Marcos Jr.) တို့ကို ဧည့်ခံတွေ့ဆုံပြီး သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။
ထိုသုံးပွင့်ဆိုင် အဖွဲ့သည် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျတို့ ပါဝင်သည့် Quad အဖွဲ့၊ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ပါဝင်သည့် AUKUS အဖွဲ့တို့နှင့်မတူညီသလို သီးသန့်ပေးထားသည့် အဖွဲ့နာမည်လည်း မရှိပေ။

မာကို့စ်နဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်
တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်လာသည့် အခြေအနေများကြောင့် အမေရိကန်သည် ၎င်း၏ မဟာမိတ်အင်အားကို တိုးချဲ့သည့်အနေဖြင့် ဒေသတွင်းနိုင်ငံများကို ပိုမိုစည်းရုံးလာခြင်း ဖြစ်သည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
တရုတ်ကလည်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများ၏ ရန်လိုသည့် လုပ်ဆောင်မှုများကြောင့် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် ယခုနှစ်ကုန်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဒေသတွင်း ပူးတွဲ ရေတပ် ကင်းလှည့်မှုများကို ပြုလုပ်မည်ဖြစ်သည်။

တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို တွေ့ရစဉ်
ထိုပူးတွဲ ကင်းလှည့်မှုများနှင့်ပတ်သက်ပြီး ဧပြီ ၁၁ ရက်တွင် ပြုလုပ်မည့် သုံးပွင့်ဆိုင်ညီလာခံ၌ အမေရိကန်၊ ဂျပန်နှင့်ဖိလစ်ပိုင် ခေါင်းဆောင်များအကြား သဘောတူညီချက်များ ရရှိဖွယ်ရှိသည်ဟု လေ့လာစောင့်ကြည့် သူများက သုံးသပ်ခဲ့ကြသည်။
ဂျပန်နှင့်ဖိလစ်ပိုင် အပါအဝင် အမေရိကန်၏ မဟာမိတ်များ အနေဖြင့် အမေရိကန်၏ ခေါင်းပုံဖြတ် အမြတ်ထုတ် မှုများကို သတိထားသင့်သည်ဟု တရုတ်နိုင်ငံခြားရေးတက္ကသိုလ်မှ ပါမောက္ခတစ်သီးဖြစ်သူ လီဟိုင်တုံ (Li Haidong) က သတိပေးခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 945
CNI International News
တိုင်ပေ၊ ဧပြီ ၂
တရုတ်နှင့်ထိုင်ဝမ် စစ်ပွဲဖြစ်ပွားလာပါက ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) သည် အမေရိကန်သို့ ထွက်ပြေးရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်ဟု ရိုက်တာမှ ထပ်ဆင့် ဖော်ပြခဲ့ သည်။
ထိုအကြောင်းအရာကို ၂၀၂၁ ခုနှစ်က ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခုနှစ် ထိုင်ဝမ်ရွေးကောက်ပွဲ မတိုင်မီကလည်း ထပ်မံထုတ်ပြန်ခဲ့ဖူးသည်ဟု ဆိုသည်။
ထို့ပြင် အခြား သတင်းတစ်ပုဒ်တွင်လည်း ဆိုင်သည် ၎င်း၏ ယုံကြည်အားထားရသူများကို VIP ထွက်ပြေး တိမ်းရှောင်ရေး လမ်းကြောင်းများ ပေးထားသည်ဟု ဖော်ပြခဲ့သည်။

တရုတ်ကို တွေ့ရစဉ်
ဆိုင်သည် ထိုင်ဝမ်မှ ထွက်ပြေးရန် ပြင်ဆင်နေသည်ဆိုသည့် သတင်းများသည် ထိုင်ဝမ်ကို ထိခိုက်နစ်နာစေသည့် ခိုင်မာမှုမရှိသော ယုံတမ်းစကားများထဲမှ တစ်ခုဖြစ်သည်ဟု ထိုင်ဝမ်အခြေစိုက် NGO အဖွဲ့ဖြစ်သည့် သတင်းရပ် ဝန်း သုတေသနစင်တာ (IORG) က ရိုက်တာသတင်းဌာနအတွက် ပြုလုပ်ပေးသည့် လေ့လာချက်တွင် ဖော်ပြခဲ့ သည်။
တရုတ်နှင့် စစ်ပွဲဖြစ်ပွားချိန်တွင် ဆိုင်သည် ထိုင်ဝမ်မှ ထွက်ပြေးရန် စီစဉ်ထားပြီး ထိုသို့ ထွက်ပြေးရန်အတွက် လည်း ထိုင်ဝမ်က အစမ်းသဘောဖြင့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေခြင်းဖြစ်သည်ဟု ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် တရုတ်အစိုးရက ထိန်းချုပ်ထားသည့် သတင်းမီဒီယာတစ်ခုက စတင်ဖော်ပြခဲ့သည်။
ထိုသတင်းကို အခြားတရုတ် သတင်းရင်းမြစ်များကလည်း လျင်မြန်စွာ ထပ်မံဖော်ပြခဲ့သည်ဟု IORG က ပြောသည်။
ထိုင်ဝမ်ကမူ ထိုသတင်းများသည် မှားယွင်းကြောင်း ထပ်တလဲလဲ ငြင်းဆိုခဲ့ပြီး စစ်ပွဲဖြစ်ပွားလာချိန်တွင် ထိုင်ဝမ် ခေါင်းဆောင်ပိုင်းအတွက် စီစဉ်ထားသည့် အစီအစဉ်များကို လူသိရှင်ကြား အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ထိုင်ဝမ်စစ်သား တစ်ဦးကို တွေ့ရစဉ်
IORG သည် ပါတီစွဲမရှိသည့် လူမှုရေး သိပ္ပံပညာရှင်များ၊ ဒေတာလေ့လာသူများနှင့် ဖွဲ့စည်းထားပြီး အမေရိကန်နှင့် ဗြိတိန်မှ ငွေကြေးထောက်ပံ့ပေးထားသည့် ပညာရေးအင်စတီကျူရှင်းများနှင့် အဖွဲ့အစည်းများက ရန်ပုံငွေ ထောက်ပံ့ပေးထားသည်။
ထိုင်ဝမ်တွင် နှစ်စဉ်ပြုလုပ်နေကျ Han Kuang စစ်ရေးလေ့ကျင့်မှု အပါအဝင် အခြားစစ်ရေး လေ့ကျင့်မှုများသည် ထိုင်ဝမ်ခေါင်းဆောင်များအား ထိုင်ဝမ်ကျွန်းမှ စွန့်ခွာရန်အတွက် အစမ်းလေ့ကျင့်နေသည့် လေ့ကျင့်မှုများ ဖြစ်သည်ဟု ဖော်ပြထားသော သတင်းပေါင်း ၄၀၀၀ ကျော်ကို တွေ့ရှိခဲ့သည်ဟု IORG က ပြောကြားခဲ့သည်။
ထိုဖော်ပြချက်များသည် ထိုင်ဝမ် အာဏာရပါတီဖြစ်သည့် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ပေါ် လူထု၏ ထောက်ခံ ယုံကြည်မှု လျော့ကျစေရန် တရုတ်၏ အားထုတ်ကြိုးပမ်းချက် ဖြစ်နိုင်ခြေရှိကြောင်း IORG က ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 981
CNI International News
ဘန်ကောက်၊ ဧပြီ ၂
ထိုင်းနိုင်ငံတွင် တစ်နှစ်ပြည့်တော့မည့် အချိန်အတွင်း နိုင်ငံတစ်ဝန်း ဒေသန္တရရွေးကောက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားမှုနှင့်အတူ ထိုင်းနိုင်ငံရေးသမားများသည် ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များ၌ သြဇာကြီးမားသည့် ရာထူးနေရာများကို ရရှိရန် မျှော်မှန်းထားကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ထို့ပြင် Move Forward Party(MFP) ပါတီ၏ ကိုယ်စားလှယ်လောင်းများသည် ထိုင်းတွင် MFP အား လူကြိုက်များမှုကို အသုံးပြုပြီး ဒေသန္တရရွေးကောက်ပွဲများ၌ အနိုင်ရရှိရန် မျှော်မှန်းထားဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ပြုပြင်ပြောင်းလဲရေးဝါဒီဖြစ်သည့် MFP သည် ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ သော်လည်း အစိုးရဖွဲ့နိုင်ခဲ့ခြင်းမရှိပေ။
"Move Forward ပါတီထဲကို ပုံစံမတူညီတဲ့ နိုင်ငံရေးအုပ်စု ၂ စု ဝင်ရောက်လာတာကို ကျနော် သတိထားမိပါ တယ်" ဟု ဘူရာဖာ တက္ကသိုလ် (Burapha University) မှ နိုင်ငံရေး သိပ္ပံနှင့် ဥပဒေမဟာဌာနမှ ကထိက အိုလန် သင်ဘန်တီယို (Olarn Thinbangtieo)က ပြောကြားခဲ့သည်။

MFP ပါတီခေါင်းဆောင် ပီတာကို တွေ့ရစဉ်
ပထမအုပ်စုမှာ ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်များမှ မျိးဆက်သစ် နိုင်ငံရေးသမားများ ပါဝင်သည့် အုပ်စုဖြစ်ပြီး ဒုတိယအုပ်စုမှာ ၎င်းတို့၏ သက်ဆိုင်ရာပြည်နယ်များတွင် အတိုင်းအတာတစ်ခုအထိ လူသိများ ထင်ရှားသည့် ဒေသခံ နိုင်ငံရေးသမားများဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
"ပထမအုပ်စုကတော့ လူ့အဖွဲ့အစည်းအတွင်း အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို အဓိကလုပ်ဆောင်ပြီး ဒုတိယအုပ်စုကတော့ ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို ဖြုတ်ချဖို့ မျှော်မှန်းထားပါတယ်" ဟု အိုလန်က ပြောကြားခဲ့သည်။
ပြည်နယ်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ (PAO) များသည် ထိုင်းနိုင်ငံတွင် ထိပ်သီးအဆင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ ဖြစ်သည်။
ဘန်ကောက်မြို့တော်မှလွဲပြီး ထိုင်း၏ ၇၆ ပြည်နယ်တွင် ၎င်းတို့၏ ကိုယ်ပိုင် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့များ ရှိသည်။
ထိုပြည်နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ အဓိကတာဝန်များမှာ ၎င်းတို့၏ သက်ဆိုင်ရာ ပြည်နယ်များအတွင်းရှိ ဒေသခံများကို အစိုးရဝန်ဆောင်မှုများ ထောက်ပံ့ပေးရန်ဖြစ်ပြီး အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများအား ကူညီဆောင်ရွက်ပေးရန်ဖြစ်သည်။
Source: Thai PBS World
