- By CNI
- Category: နိုင်ငံရေး
- Hits: 1755
CNI International News
ဝါရှင်တန်၊ မေလ ၇
အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ ကျူးကျော်မှုဆန်ပြီး နယ်ချဲ့ဝါဒပုံစံ နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာချက် များသည် တရားမဝင်ဘဲ နိုင်ထက်စီးနင်း ပြုကျင့်မှုဖြစ်ကာ ရန်လိုပြီးလှည့်စားသည့်သဘော သက်ရောက်သည်ဟု အမေရိကန်၏ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်၏ တပ်မှူးသစ်ဖြစ်သည့် ရေတပ်ဗိုလ်ချုပ်ကြီး ဆင်မြူယယ် ပါပါရို (Samuel Paparo) က ပြောကြားခဲ့ကြောင်း Nekkei Asia မှ ဖော်ပြခဲ့သည်။
တရုတ်၏ လုပ်ဆောင်ချက်များသည် အခြေအနေ ရေရာပြတ်သားမှု မရှိသည့် ဇုန် (Gray Zone) တစ်ခု ဖန်တီးနေ သော စံသတ်မှတ်ချက် အဆင့်ထက် ကျော်လွန်နေသည်ဟု ဗိုလ်ချုပ်ကြီး ပါပါရိုက တပ်မှူးရာထူးကို အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန် အကွီလင်နို (John Aquilino) ထံမှ လွှဲပြောင်းရယူသည့် အခမ်းအနားတွင် ပြောကြားခဲ့ သည်။
"ကျနော့် မိတ်ဆွေဖြစ်တဲ့ ဖိလစ်ပိုင်ဗိုလ်ချုပ်ကြီး ရိုမီယို ဘရော်နာ (Romeo Brawner) က gray zone ကို ICAD ဆိုပြီး အမည်ပြောင်းလဲခဲ့ပါတယ်။ အဲဒီအတိုကောက် စကားလုံးရဲ့ အဓိပ္ပာယ် အပြည့်အစုံကတော့ တရားမဝင်မှု၊ နိုင်ထက်စီးနင်း ပြုကျင့်မှု၊ ရန်လိုမှုနဲ့ လှည့်စားမှုဆိုတဲ့ စကားလုံးလေးလုံးကို ဖော်ပြတာဖြစ်ပါတယ်" ဟု ပါပါရိုက ဟာဝိုင်အီ (Hawaii) တွင် ပြုလုပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

အင်ဒို-ပစိဖိတ်ပေါ်မှာ စစ်စခန်းတစ်ခု တည်ဆောက်ထားသည်ကို တွေ့ရစဉ်
"ဒါက ဘာကိုပြသလဲဆိုရင် ကျနော်တို့ မဟာမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ပညာဉာဏ်ရှိမှုကို ပြသရာ ရောက်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ရုရှား၊ မြောက်ကိုရီးယားနှင့် အခြား အစွန်းရောက် အဖွဲ့များကိုလည်း ICAD သတ်မှတ်ချက် အဆင့်ထဲတွင် ပါဝင်နေသည်ဟု ပါပါရိုက ပြောသည်။
ပါပါရိုသည် အမေရိကန်၏ တိုက်ပွဲဝင် စစ်ဌာနချုပ် ၆ ခုအနက် အရေးအကြီးဆုံး၊ သက်တမ်းအကြာဆုံးနှင့် အကြီးဆုံးဖြစ်သည့် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်၏ တပ်မှူးအဖြစ် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။
ထိုဒေသသည် အမေရိကန်၏ ဟာဝိုင်အီကျွန်းမှ အိန္ဒိယအထိ လွှမ်းခြုံပါဝင်သည့် ကျယ်ပြန့်သော ဒေသဖြစ်ကာ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်သည် တရုတ်ကို ဟန့်တားရန် အဓိက တာဝန်ယူဆောင်ရွက်သည့် ဌာနချုပ်ဖြစ်သည်။
"ကျနော်တို့ရဲ့ မိတ်ဖက်တွေနဲ့အတူ အင်ဒို-ပစိဖိတ်ဌာနချုပ်ဟာ နိုင်ငံတကာ စည်းမျဉ်းအခြေပြု အခင်းအကျင်း ကြောင့် ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းရေးကို ချိုးဖျက်မယ့် အားထုတ် ကြိုးပမ်းမှုတွေကို ကာကွယ်သွားမှာ ဖြစ်ပါတယ်" ဟု ပါပါရိုက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 2272
CNI International News
နယူးဒေလီ ၊ မေလ ၆
အိန္ဒိယသည် ပြည်ပနိုင်ငံခြားသားများကို မနှစ်သက်သည့်နိုင်ငံဖြစ်သည်ဟု ပြောဆိုခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Biden)၏ မှတ်ချက်စကားများကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ (S Jaishankar)က ငြင်းပယ်ခဲ့သည်ဟု Times of Oman မှဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံသည် မတူညီသော လူ့အဖွဲ့အစည်းများကို လှိုက်လှဲစွာကြိုဆိုပြီး ပွင့်လင်းစွာ ဆက်ဆံသည့် နိုင်ငံဖြစ်သည်ဟု ဂျိုင်ရှန်ကာက အလေးပေး ပြောကြားခဲ့သည်။
Economic Times သတင်းနှင့်အင်တာဗျူးတွင် ဂျိုင်ရှန်ကာက အိန္ဒိယစီးပွားရေးသည် ယိမ်းယိုင်နေသည်ဟူသည့် စွပ်စွဲချက်ကိုလည်း ငြင်းဆန်ခဲ့သည်။
ဝန်ကြီးချုပ်မိုဒီ(Narendra Modi) ဦးဆောင်သော အစိုးရက ပြဋ္ဌာန်းသည့် နိုင်ငံသားဖြစ်မှု ပြင်ဆင်ရေးဥပဒေ (CAA)သည် အိန္ဒိယနိုင်ငံ၏ ကြိုဆိုရေး ချဉ်းကပ်မှုကို ပြသနေကြောင်း ဝန်ကြီးဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာကို တွေ့ရစဉ်
ဘိုင်ဒန်က အိန္ဒိယ၊ တရုတ်၊ ဂျပန်နှင့် ရုရှားတို့၏ ပြည်ပနိုင်ငံခြားသားများကို မနှစ်သက်သည့် သဘောသဘာဝ သည် ၎င်းတို့၏ စီးပွားရေးပြဿနာများအတွက် တာဝန်ရှိသည့် အကြောင်းအရင်းဖြစ်ကြောင်း ဧပြီ ၂ ရက်က ပြောကြားခဲ့သည်။
အမေရိကန်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အမေရိကန်က ၎င်း၏မြေပေါ်သို့ ရွှေ့ပြောင်း နေထိုင်သူများကို လက်ခံကြိုဆိုခြင်းကြောင့်ဖြစ်ကြောင်း ဘိုင်ဒန်က အခိုင်အမာ ပြောကြားခဲ့သည်။
ဘိုင်ဒန်သည် ဝါရှင်တန်ရန်ပုံငွေ ကောက်ခံမှု အခမ်းအနားတွင် ၎င်း၏ရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှု အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှားနှင့်တရုတ်အပြင် ဂျပန်နိုင်ငံတို့သည် ရွှေ့ပြောင်း နေထိုင်သူများကို ပိုမိုကြိုဆိုလျှင် စီးပွားရေး ပိုမိုကောင်းမွန် လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
"ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ရွှေ့ပြောင်း နေထိုင်သူတွေကို ကြိုဆိုလို့ပါ။ ဒီအကြောင်းကို တွေးကြည့် ကြည့်ပါ။ တရုတ်က စီးပွားရေးဘာလို့ ဆိုးဆိုးရွားရွား ကျဆင်းနေလဲ။ ဂျပန်ကရော ဘာကြောင့် ဒုက္ခတွေ့နေလဲ။ ရုရှား၊ အိန္ဒိယကရော ဘာကြောင့်လဲ။ ဘာလို့လဲဆိုတော့ သူတို့တွေက ပြည်ပနိုင်ငံခြားသားတွေကို မနှစ်သက်လို့ ပါပဲ။ သူတို့တွေက ရွှေ့ပြောင်း နေထိုင်သူတွေကို မလိုချင်ကြပါဘူး"ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
ဂျိုင်ရှန်ကာက အင်တာဗျူးတွင် ပထမဆုံးအနေဖြင့် အိန္ဒိယစီးပွားရေး ယိမ်းယိုင်ခြင်းမရှိကြောင်း ဦးစားပေး ပြောကြားခဲ့သည်။

အိန္ဒိယအလံနဲ့ ပတ်စပို့စ်ကိုတွေ့ရစဉ်
"အိန္ဒိယက အမြဲတမ်းထူးခြားတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျနော် ပြောလိုတာကတော့ ကမ္ဘာ့သမိုင်းမှာဆိုရင် အလွန် ပွင့်လင်းပြီး မတူညီတဲ့ လူ့အဖွဲ့အစည်းက မတူညီတဲ့လူတွေဟာ အိန္ဒိယကို လာရောက်ကြပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
"အဲဒါကြောင့် ကျနော်တို့ဆီမှာ ဒုက္ခရောက်နေတဲ့ သူတွေအတွက် တံခါးဖွင့်ပေးထားတဲ့ CAA ရှိနေတာပဲ ဖြစ်ပါ တယ်။ ကျနော်တို့အနေနဲ့ အိန္ဒိယကို လာချင်တဲ့ လူတိုင်းအတွက် တံခါးဖွင့်ပေးထားပါတယ်"ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။
ထို့ပြင် ဂျိုင်ရှန်ကာက CAA အပေါ် ဝေဖန်မှုများကို ပယ်ချခဲ့ပြီး"ဒီနိုင်ငံမှာ CAA ကြောင့် မွတ်စလင်နိုင်ငံသား ၁ သန်းဟာ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးနေကြတယ်ဆိုပြီး လူသိရှင်ကြား ပြောဆိုနေသူတွေ ရှိပါတယ်။ အဲဒီလူတွေက သူတို့ပြောတဲ့စကားကို သူတို့ဘာကြောင့် တာဝန်မယူတာလဲ။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ နိုင်ငံသား ဖြစ်ခွင့် ဆုံးရှုံးနေတာမျိုး မရှိလို့ပါ"ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။
Source: Times of Oman
- By CNI
- Category: နိုင်ငံရေး
- Hits: 1676
CNI International News
ကိယက်ဗ်၊ မေလ ၆
ဒွန်းနက်စ် (Donetsk)ဒေသ၌ ယူကရိန်း၏ အမှတ် ၁၁၀ တပ်မဟာက ရုရှား Su-25 တိုက်ခိုက်ရေး ဗုံးကြဲလေယာဉ်ကို ပစ်ချခဲ့သည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားက ယူကရိန်း၏ ခါကိဗ်(Kharkiv)နှင့် နီပရို(Dnipro)ဒေသများအပြင် ပင်လက်နက်ဆိပ်ကမ်းမြို့ အိုဒက်ဆာ (Odesa) ကို မေလ ၄ ရက်တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦးထက်မနည်း သေဆုံးကာ အစားအစာ စက်ရုံတစ်ရုံ မီးလောင် ကျွမ်းခဲ့ပြီး အခြား အခြေခံ အဆောက်အအုံ၊ နေအိမ်များနှင့် စီးပွားရေး အဆောက်အအုံများ ပျက်စီးခဲ့သည်ဟု ဒေသခံတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယူကရိန်းလေတပ်သည် ညအချိန်တွင် ခါကိဗ်(Kharkiv)နှင့် နီပရို(Dnipro)ဒေသများကို ပစ်မှတ်ထားသော Shahed ဒရုန်း ၁၃ စင်းကို ပစ်ချခဲ့သည်။
ထို့နောက် အဆိုပါနေ့အတွင်းမှာပဲ ရုရှားသည် အမျိုးအစားစုံ ဒုံးကျည် ၈ စင်းနှင့် ပဲ့ထိန်းစနစ် ပါဝင်သည့် ဗုံးအလုံး ၇၀ နီးပါးကို လူနေရပ်ကွက်များနှင့် ရှေ့တန်းစစ်မျက်နှာပြင် တည်နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskiy)က ပြောကြားခဲ့သည်။

ရုရှားတိုက်ခိုက်မှုကြောင့် မီးလောင်နေသည်ကို ငြိမ်းသတ်နေစဉ်
မော်စကိုသည် ငြိမ်းချမ်းရေးအတွက် စိတ်ဆန္ဒမရှိကြောင်း ဇာလန်းစကီးက ပြောသည်။
"တစ်ခုတည်းသော နည်းလမ်းကတော့ ရုရှားတပ်တွေကို ယူကရိန်းက မောင်းထုတ်ဖို့ပဲ ရှိပါတယ်"ဟု ၎င်းက ဗွီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ဇွန်လတွင် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ၌ ရုရှား မပါဝင်မှသာ အောင်မြင်နိုင်မည်ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
မော်စကိုက ၎င်းတို့ သိမ်းပိုက်ထားသည်ဟု ပြောကြားထားသော ယူကရိန်းနိုင်ငံ၏ နေရာ လေးနေရာတွင် တစ်နေရာ အပါအဝင်ဖြစ်သော ဒွန်းနက်စ် (Donetsk)ဒေသ၌ ယူကရိန်း၏ အမှတ် ၁၁၀ တပ်မဟာက ရုရှား Su-25 တိုက်ခိုက်ရေး ဗုံးကြဲလေယာဉ်ကို ပစ်ချခဲ့သည်ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေ ရွိူင်ဂူ(Sergei Shoigu)က မေလ ၃ ရက်၌ ရုရှားတပ်ဖွဲ့သည် ယခုနှစ်တွင် နယ်မြေများ၏ ၂၁၁ စတုရန်းမိုင်ကို ထိန်းချုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ရုရှား၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆလိုဘိုဇန်စကီး(Slobozhanske)ကျေးရွာရှိ လမ်းပေါ်တွင် အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု ခါကိဗ်ဒေသအုပ်ချုပ်ရေးမှူး အိုလက်ရှိုင်နီဟူဘော့ဗ်(Oleh Syniehubov)က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1530
CNI International News
ဟာဝိုင်အီ၊ မေလ ၄
အာရှ-ပစိဖိတ်ဒေသ၏ စည်းမျဉ်းအခြေပြု အခင်းအကျင်းကို ထိန်းသိမ်းရန် ဂျပန်၊ အမေရိကန်၊ ဩစတြေးလျနှင့် ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးများက မေလ ၂ ရက်တွင် သဘောတူညီခဲ့ကြကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။
ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုများ အပါအအဝင် လေးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါပုံကို တူညီသည့် သဘောထားများ မျှဝေခဲ့သည်ဟု အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီ (Hawaii) တွင်ပြုလုပ်သည့် အစည်းအဝေးအပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အာရှ-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အခြိမ်းအခြောက် အဟန့်အတားတွေအတွက် ကျနော်တို့ရဲ့ သဘောထားတွေကို မျှဝေခဲ့ပါတယ်”ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ပြောကြားခဲ့သည်။
ဂျပန်ကာကွယ်ရေးဝန်ကြီး မင်နိုရူ ကီဟာရာ (Minoru Kihara) ကလည်း မိမိတို့ ၄ နိုင်ငံသည် မိမိတို့နှင့် စိတ်သဘောထားချင်းတူသည့် အခြားနိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

တရုတ်နဲ့ဖိလစ်ပိုင် ရေပိုင်နက်အငြင်းပွားနေစဉ်
အမေရိကန်နှင့် မဟာမိတ် ၃ နိုင်ငံသည် မကြာသေးမီ နှစ်များအတွင်း တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက် နေသည့် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်များတွင် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ခဲ့ပြီး နောက် ဟာဝိုင်အီပြည်နယ်၊ ဟိုနိုလူလူ (Honolulu) မြို့တော်တွင် လေးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လကလည်း ထို ၄ နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် “the Maritime Cooperative Activity” ဟု အမည်ပေးထားသည့် ပထမဆုံး ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး လွတ်လပ် ပွင့်လင်းသည့် အာရှ-ပစိဖိတ်ဒေသတွင် ဒေသတွင်းအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဆိုသော ကတိကဝတ်များကို ပြသခဲ့ကြသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှု ပုံစံသည် မိမိတို့ တပ်ဖွဲ့များအကြား ဆက်ဆံရေးနှင့် နားလည်မှုများ တည်ဆောက်ရန် ဖြစ်ပြီး တောင်တရုတ်ပင်လယ်တွင် နိုင်ငံတကာဥပဒေအပေါ် ထားရှိသည့် မိမိတို့၏ ကတိကဝတ်များကို ဖော်ပြ ခြင်းဖြစ်သည်ဟု အော်စတင်က ပြောကြးခဲ့သည်။
ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်များအတွင်းရှိ နယ်နိမိတ်များ ပိုင်ဆိုင်ရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် ထိပ်တိုက်တွေ့မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1275
CNI International News
ဘန်ကောက်၊ မေလ ၄
Move Forward Party (MFP) ကို ဖျက်သိမ်းမည့် အမှုအား အသနားခံစာ တင်သွင်းခြင်းထက် တရားရုံးတွင် စစ်ဆေးမေးမြန်းမှု ပြုလုပ်ရန်၊ ပါတီကို မျက်မြင်သက်သေ တက်ရောက်ခွင့်ပြုရန် MFP ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ ခုခံလျှောက်လှဲချက်တွင် တောင်းဆိုခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ယခင်ကလည်း တော်ဝင်မိသားစုအား အကာအကွယ် ပေးထားသည့် တော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်ဆင်လိုသည့် လှုပ်ရှားမှုများကို ရပ်တန့်ရန် MFP ကို အမိန့်ချမှတ်ခဲ့သည်။
ယခု ရင်ဆိုင်နေရသည့် ပါတီဖျက်သိမ်းရေး အမှုသည် တော်ဝင်အသရေဖျက်မှုဥပဒေနှင့် ပတ်သက်သည့် အမှုထက် ပိုမိုကြီးလေးကြောင်း MFP ပါတီခေါင်းဆောင် ချိုင်သာဝပ် တူလာသွန်း (Chaithawat Tulathon) က ပြောကြား ခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်က တင်သွင်းခဲ့သည့် အဆိုပါ အမှုတွင် MFP ပါတီအား ဖျက်သိမ်းရန်နှင့် ပါတီ၏ အမှုဆောင်ကော်မတီဝင်များကို နိုင်ငံရေးလောကမှ ၁၀ နှစ်ကြာ ပိတ်ပင်ရန် တောင်းဆိုထားသည်ဟု ချိုင်သာဝပ် က ပြောသည်။

MFP ပါတီခေါင်းဆောင် ချိုင်သာဝပ် တူလာသွန်းကို တွေ့ရစဉ်
ထိုအမှုနှစ်ခုသည် တူညီမှုမရှိဘဲ MFP အနေဖြင့် ခုခံလျှောက်လှဲရန် အချိန်ပိုမိုလိုအပ်ကြောင်း၊ ဖွံ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက သက်တမ်းတိုးပေးခဲ့သည့် ၁၅ ရက် သက်တမ်းကာလသည် လုံလောက်မှုမရှိကြောင်း ၎င်းက ဆိုသည်။
MFP ပါတီကို ဖျက်သိမ်းသင့်/မသင့် ဆုံးဖြတ်ရန် အချက်အလက်များ ရှာဖွေသည့် လုပ်ငန်းစဉ်သည် အပြီးမသတ် ရသေးကြောင်း အထူးသဖြင့် MFP သည် စည်းမျဉ်းခံ ဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးပမ်းနေသည်ဆိုသည့် ဝေဖန် ပြစ်တင်မှုနှင့်ပတ်သက်ပြီး အချက်အလက်များ အပြီးသတ် မရှာဖွေရသေးကြောင်း ချိုင်သာဝပ်က ပြောကြားခဲ့ သည်။
MFP ၏ လွှတ်တော်အအမတ်များသည် ပါတီဖျက်သိမ်းရေး အမှုနှင့်ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိဘဲ ပါတီတွင်း ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရားရုံးက ခုခံလျှောက်လှဲမည့် ရက်ကို ၁၅ ရက်သက်တမ်း ထပ်တိုးပေးရန် သဘောတူခဲ့ပြီးနောက် MFP သည် မေလ ၂၀ ရက်တွင် ၎င်း၏ ခုခံလျှောက်လှဲချက်ကို တင်သွင်းရန် စီစဉ်ထားကြောင်း သိရသည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 1980
CNI International News
နယူးဒေလီ၊ မေလ ၄
အိန္ဒိယနှင့် အမေရိကန်အကြား ကာကွယ်ရေး နည်းပညာနှင့် ကုန်သွယ်ရေးအစီအစဉ် (DTTI) အောက်တွင် အလုပ် လုပ်ကိုင်နေသည့် ပူးတွဲလုပ်ငန်း တာဝန်အဖွဲ့သည် နှစ်နိုင်ငံအကြား ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်ရန် နယူးဒေလီ (New Delhi) မြို့တော်တွင် ၂ ရက်ကြာ အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု အိန္ဒိယ လေတပ်က ပြောကြားခဲ့ကြောင်း Devdiscourse မှ ဖော်ပြခဲ့သည်။
ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်တွင် ပြုလုပ်ခဲ့သည့် ထိုအစည်းအဝေးကို အိန္ဒိယလေတပ်၏ ဒုတိယအကြီးအကဲ အက်ရှ်ဟူတိုရှ် ဒစ်ဆစ် (Ashutosh Dixit) နှင့် အမေရိကန်ကြည်းတပ် ဗိုလ်မှူးချုပ် ဂျို့စ် ဒဗလျူ ဆက်ဖရန်နက် (Joel W Safranek) တို့က သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုအစည်းအဝေးတွင် နှစ်နိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ပူးတွဲထုတ်လုပ်ရေးများကို မြှင့်တင်ရန် အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အိန္ဒိယနဲ့အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိများတွေ့ဆုံ ဆွေးနွေးကြစဉ်
အစည်းအဝေး၏ ဆွေးနွေးပွဲ အစီအစဉ်များကို ဆက်ဖရန်နက်စ်နှင့် အမေရိကန်လေတပ်၏ ဒုတိယအကြီးအကဲ ဂျော့ချ် သောမတ်စ် (George Thomas) တို့ အပါအဝင် ထိပ်သီးအရာရှိများ တက်ရောက်ခဲ့သည်။
၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့သည့် DTTI ယန္တရား၏ ရည်မှန်းချက်များနှင့်အညီ နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံမှု များနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသည့် သုတေသနများမှတဆင့် စိန်ခေါ်မှုများကို ကျော်လွှားရန် အာရုံစိုက် ဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။
DTTI သည် အိန္ဒိယနှင့် အမေရိကန်အကြား မိတ်ဖက် ဆက်ဆံမှုများမှတဆင့် စိန်ခေါ်မှုများကို ကျော်လွှားရန် နှစ်နိုင်ငံကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ရန် ၂၀၂၁ ခုနှစ်က ထူထောင်ခဲ့သည့် ယန္တရားဖြစ် သည်။

ဘိုင်ဒန်နဲ့မိုဒီကို တွေ့ရစဉ်
ပြီးခဲ့သည့်လ အစောပိုင်းကလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) သည် နှစ်နိုင်ငံအကြား လက်နက်များ ထုတ်လုပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းသည် ပြောင်းလဲတိုးတက်မှုဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။
အိန္ဒိယနှင့် အမေရိကန်သည် ကျည်ကာကားများကိုလည်း ပူးပေါင်း ထုတ်လုပ်နေကြောင်း၊ ထိုကဲ့သို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများသည် ကြီးမားသည့် စွမ်းဆောင်ရည်များကို ရရှိစေလိမ့်မည်ဖြစ်ကြောင်း အော်စတင်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇွန်လက အိန္ဒိယဝန်ကြီးချုပ်မိုဒီ (Narendra Modi) သည် အမေရိကန်သို့ သွားရောက်သည့် ခရီးစဉ် အတွင်း နှစ်နိုင်ငံအကြား ဂျက်လေယာဉ် အင်ဂျင်များ ပူးတွဲထုတ်လုပ်ရေး သဘောတူညီချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။
Source: Devdiscourse
- By CNI
- Category: နိုင်ငံရေး
- Hits: 1428
CNI International News
ဝါရှင်တန်၊ မေလ ၃
ရုရှားသည် ယူကရိန်းစစ်ပွဲတွင် ဓာတုလက်နက်များ အသုံးပြုနေခြင်းဖြင့် နိုင်ငံတကာ ဓာတုလက်နက် အသုံးပြုမှု ပိတ်ပင်ချက်ကို ချိုးဖောက်နေသည်ဟု အမေရိကန်က မေလ ၁ ရက်တွင် စွပ်စွဲခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
“အဲဒီလို ဓာတုလက်နက်တွေ အသုံးပြုမှုဟာ သီးသန့်ဖြစ်စဉ်တစ်ခု မဟုတ်ဘဲ စစ်မြေပြင်မှာ အသာစီးရစေဖို့ ခံတပ်ထဲမှာရှိနေတဲ့ ယူကရိန်းတပ်ဖွဲ့တွေကို ခံတပ်ထဲက ထွက်ပြေးဖို့ ရည်ရွယ်ချက်နဲ့ ရုရှားတပ်ဖွဲ့တွေက အသုံးပြုတာ ဖြစ်နိုင်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဝါရှင်တန် (Washington)ရှိ ရုရှားသံရုံးကမူ မှတ်ချက်ပေးရန် တောင်းဆို ချက်ကို ချက်ချင်း မတုန့်ပြန်ခဲ့ပေ။
Chloropicrin အမည်ရှိ ဓာတုဒြပ်ပေါင်းသည် အသက်ရှူကျပ်စေသည့် ဓာတုပစ္စည်းအဖြစ် သတ်မှတ်ခံထားရပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ် (The Hague) မြို့အခြေစိုက် ဓာတုလက်နက်များ တားမြစ်ပိတ်ပင်ရေးအဖွဲ့ (OPCW) ၏ ပိတ်ပင်မှုကို ခံထားရသည့် ဓာတုပစ္စည်းဖြစ်သည်။
OPCW သည် ၁၉၉၃ ဓာတုလက်နက် ညီလာခံ (CWC) နှင့်အညီ ဓာတုလက်နက်များ ပိတ်ပင်မှုကို လိုက်နာခြင်း ရှိ/မရှိ စောင့်ကြည့်ရသည့် အဖွဲ့အဖြစ် ထူထောင်ခဲ့ခြင်းဖြစ်သည်။
ပထမကမ္ဘာစစ်အတွင်းက ဂျာမန်တပ်ဖွဲ့များသည် မဟာမိတ်တပ်ဖွဲ့များကို ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့သည်။

ယူကရိန်းစစ်သားများကို တွေ့ရစဉ်
ထိုဖြစ်စဉ်သည် ဓာတုလက်နက်ကို ပထမဆုံးအကြိမ် အသုံးပြုမှုများထဲတွင် ပါဝင်ခဲ့သည်။
ယခုလ အစောပိုင်းကလည်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ အရှေ့ပိုင်း စစ်မြေပြင်တွင် အသာစီးရရှိစေရန် ပိတ်ပင်ခံထားရသည့် ဓာတုလက်နက်များကို အသုံးပြုခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။
Chloropicrin အပြင် ရုရှားတပ်ဖွဲ့များသည် CS နှင့် CN ဓာတ်ငွေ့များ ဖြည့်ထားသည့် လက်ပစ်ဗုံးများကိုလည်း အသုံးပြုခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောသည်။
ထို့နောက် အဆိုပါ လက်ပစ်ဗုံးများ ပေါက်ကွဲမှုကြောင့် ယူကရိန်းစစ်သား ၅၀၀ ထက်မနည်း အဆိပ်သင့်ခဲ့ပြီး ဆေးဝါးကုသမှုခံယူခဲ့ရသလို တစ်ဦးသေဆုံးခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။
ဆန္ဒပြမှုများအတွင်း အဓိကရုဏ်းများကို နှိမ်နင်းရန် မျက်ရည်ယိုဗုံးများ အသုံးပြုချိန်တွင် ဆန္ဒပြသူများအနေဖြင့် ထွက်ပြေးတိမ်းရှောင်နိုင်သော်လည်း စစ်သားများသည် ကတုတ်ကျင်းများထဲတွင် ဓာတ်ငွေ့ကာမျက်နှာဖုံး မရှိချိန် ၌ ထိုဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခံရပါက အသက်ရှူကျပ်ပြီး အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2090
CNI International News
မော်စကို၊ မေလ ၂
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေ ရွိူင်ဂူ (Sergei Shoigu) က ယူကရိန်းတွင် ဆင်နွှဲနေသည့် ရုရှား၏ စစ်ဆင်ရေး အတွက် လက်နက်များကို ပိုမိုမှာယူနေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
လက်နက်ဖြန့်ချိပေးမှုကိုလည်း ပိုမိုမြန်ဆန်အောင် လုပ်ဆောင်ရန် ၎င်းက တောင်းဆိုခဲ့သည်။
ယူကရိန်းကို အထူးစစ်ဆင်ရေးဟု ကြေညာပြီး ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ရုရှားသည် လက်ရှိ ယူကရိန်း၏ နယ်မြေ ၅ ပုံ ၁ ပုံခန့်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သည်။
ထိုနယ်မြေများထဲမှ အများစုကို စစ်ပွဲ စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် အစောပိုင်းလများတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယူကရိန်းတွင် ရုရှား၏ စစ်ဆင်ရေးနှင့်ပတ်သက်ပြီး ထိပ်သီး စစ်ဘက်တပ်မှူးများနှင့် ပြုလုပ်သည့် အစည်းအဝေး၌ ရုရှားစစ်ဦးစီးချုပ် ဗယ်လာရီ ဂီရာစီမော့ဗ် (Valery Gerasimov) က ရွိူင်ဂူကို အစီရင်ခံစာတစ်ခု တင်ပြခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Telegram တွင် ဖော်ပြခဲ့သည်။

ရုရှားစစ်သားကို တွေ့ရစဉ်
“စစ်ဆင်ရေးရဲ့ အရှိန်ကို ဆက်ထိန်းထားဖို့ အရည်အသွေးပြည့်မီတဲ့ လက်နက်တွေနဲ့ စစ်ဘက်ပစ္စည်းတွေကို စစ်သားတွေဆီ ပိုမိုထောက်ပံ့ပေးဖို့ မရှိမဖြစ် လိုအပ်ပါတယ်” ဟု ရွိူင်ဂူက ပြောကြားခဲ့ကြောင်း အဆိုပါ အစီရင်ခံ စာတွင် ဖော်ပြခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များ လက်နက်ခဲယမ်း ပြတ်လပ်လာချိန်တွင် ရုရှားတပ်ဖွဲ့များသည် မကြာသေးမီ သီတင်းပတ်များ အတွင်း ယူကရိန်း၏ အရှေ့တောင်ဘက် စစ်မျက်နှာပြင်တစ်လျှောက် နေ့စဉ်နီးပါး အသာစီးရယူမှုများ ပြုလုပ်နိုင် ခဲ့သည်။
ရုရှားသည် ဒွန်းနက်စ် (Donetsk) ဒေသရှိ ကျေးရွာအချို့ကို သိမ်းပိုက်ခဲ့ပြီး ခါကိဗ် (Kharkiv) ဒေသတွင်လည်း အခိုင်အမာ ခြေကုပ်ယူ တပ်စွဲထားနိုင်ခဲ့သည်။
အနောက်နိုင်ငံများအနေဖြင့် လက်နက်များကို လျင်မြန်စွာ ပေးပို့ခြင်းမရှိပါက ယူကရိန်းသည် မြေပြင်တွင် အရေးနိမ့်မှုများနှင့် ပိုမိုရင်ဆိုင်ရနိုင်ကြောင်း ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန္ဒား ဆိုစကီး (Oleksandr Syrskyi) က ဧပြီ ၂၈ ရက်တွင် သတိပေးခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များသည့် ယခုနှစ် အစောပိုင်းက ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် ယူကရိန်းအရှေ့ပိုင်းရှိ အက်ဒိဗ်ကာ (Avdiivka) မြို့အနီးရှိ ကျေးရွာများမှလည်း ဆုတ်ခွာနေရကြောင်း ဆိုစကီးက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1230
CNI International News
ဟောင်ကောင်၊ မေ ၂
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ဖွဲ့စည်းတည်ဆောက်ပုံကို ကြီးကြီးမားမား ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်ခဲ့သည်ဟု Dailyhunt သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ရှီသည် စစ်သားအရေအတွက် ၃၀၀,၀၀၀ ခန့် လျှော့ချခဲ့ခြင်း၊ ပူးတွဲ စစ်နယ်ဝန်း ဌာနချုပ်များ ဖွဲ့စည်းတည်ထောင် ခြင်း၊ များစွာသော လက်အောက်ခံဌာနများကို ထူထောင်ခြင်း၊ PLA ဒုံးကျည်တပ်ဖွဲ့ကို မြှင့်တင်ခြင်းတို့ ပြုလုပ်ခဲ့ သည်။
နောက်ထပ် အရေးကြီးသည့် ပြောင်းလဲမှုတစ်ခုမှာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က မဟာဗျူဟာမြောက် လက်ရုံးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း ရှီသည် ထိုအဖွဲ့ကို လက်ရှိတွင် ဖျက်သိမ်းခဲ့ကာ အခြားအဖွဲ့ဖြင့် အစားထိုးခဲ့သည်။
ဧပြီ ၁၉ ရက်ကလည်း ရှီသည် မဟာဗျူဟာမြောက် လက်ရုံးတပ်ဖွဲ့ (SSF) နေရာတွင် သတင်းအချက်အလက် လက်ရုံးတပ်ဖွဲ့ (ISF) ဖြင့် အစားထိုး တာဝန်ထမ်းဆောင်မှုကို ဘေကျင်းမြို့တော်၌ PLA ထိပ်သီးအဆင့် အခမ်းအနားဖြင့် ခမ်းနားစွာ ပြုလုပ်ခဲ့သည်။

တရုတ်စစ်တပ်ကို တွေ့ရစဉ်
SSF သည် ၈ နှစ်သာ တည်ရှိခဲ့ပြီး လက်ရှိတွင် နောက်ကွယ်မှ လှုပ်ရှားမည့် တပ်ဖွဲ့အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ SSF သည် အာကာသစနစ်များဌာနနှင့် ကွန်ရက်စနစ်ဌာနများကဲ့သို့ အဓိက စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များ၏ တာဝန်များကို ထမ်းဆောင်လိမ့်မည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
SSF ကို ဖျက်သိမ်းပြီး ISF ကို ပြင်ဆင်ဖွဲ့စည်းခြင်းသည် ၂၀၁၅-၂-၁၆ ခုနှစ်နောက်ပိုင်း PLA ၏ ပြုပြင်ပြောင်းလဲ မှုများတွင် အထင်ရှားဆုံး ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့သည်။
“သတင်းအချက်အလက် လက်ရုံးတပ်ဖွဲ့ ထူထောင်မှုဟာ ခိုင်မာတောင့်တင်းတဲ့ စစ်တပ်ကို တည်ထောင်ဖို့နဲ့ တရုတ်ရဲ့ ဝိသေသလက္ခဏာတွေနဲ့အတူ ခေတ်မီတပ်မတော် ထူထောင်လိုတဲ့ ဗဟိုစစ်ကော်မရှင်နဲ့ ဗဟိုကော်မတီ ရဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်”ဟု တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန(MND)၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ဝူချီအန် (Wu Qian) က ပြောကြားခဲ့သည်။
လက်ရှိတွင် PLA သည် 4+4 တပ်ဖွဲ့ တည်ဆောက်ပုံကို ပိုမိုဦးစားပေး အသုံးပြုလေ့ရှိသည်။

တရုတ် ဒရုန်းကို တွေ့ရစဉ်
ထိုဖော်မြူလာအရ ပထမ 4 ဟူသည့် စကားလုံးသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၏ တပ်ဖွဲ့ လေးခုဖြစ်သည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးတပ်ဖွဲ့တို့ကို ရည်ညွှန်းဖော်ပြခြင်းဖြစ်သည်။
နောက်ထပ် 4 ဟူသည့် စကားလုံးမှာ ယခု အသစ်ဖွဲ့စည်းခဲ့သည့် သတင်းအချက်အလက် လက်ရုံးတပ်ဖွဲ့၊ လေကြောင်းနှင့် အာကာသတပ်ဖွဲ့၊ ဆိုက်ဘာအာကာသတပ်ဖွဲ့နှင့် ယခင်ကတည်းက ဖွဲ့စည်းပြီးဖြစ်သည့် ပူးတွဲ သယ်ယူပို့ဆောင်ရေး လက်ရုံးတပ်ဖွဲ့တို့ကို ရည်ညွှန်းဖော်ပြခြင်းဖြစ်သည်။
ထိုတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် 4+4 ဖော်မြူလာကို အသုံးပြုနေခြင်းဖြစ်သည်။
Source: Dailyhunt
