- By CNI
- Category: နိုင်ငံရေး
- Hits: 537
CNI International News
ပဲရစ်၊ မတ်လ ၂၄
လာမည့် သီတင်းပတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်မှုများနှင့် ဆန္ဒပြမှုများလုပ်ဆောင် သွားရန် ပြင်သစ်သမဂ္ဂများက တောင်းဆိုခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။
ကြာသပတေးနေ့တွင် လူကြိုက်နည်းသည့် ပင်စင်ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ နိုင်ငံတွင်း လူ ၁ သန်း ကျော်က ဆန့်ကျင်ဆန္ဒပြခဲ့ကာ လာမည့် သီတင်းပတ်ဆန္ဒပြပွဲများက ချားလ်ဘုရင် ၃ ၏ ပြင်သစ်ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။
အကြမ်းဖက်မှုများရှိခဲ့သော ပဲရစ်(Paris) မြို့မှ ပင်စင်မူဝါဒပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆန္ဒပြပွဲများအတွင်း လူပေါင်း ၁၁၉၀၀၀ အထိ စံချိန်တင်ပါဝင်ခဲ့သည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောသည်။ စစ်တမ်း ကောက်ယူမှုများအရ ပြင်သစ်အများစုသည် သမ္မတ အီမန်နွယ် မက်ခရွန် (Emmanuel Macron)၏ အနားယူ ရမည့် သက်တမ်းတိုးမြှင့်မှုအပေါ် ကန့်ကွက်ကြသည်ကို တွေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။
ပါဝင်သူ အရေအတွက် မြင့်တက်လာခြင်းကြောင့် လာမည့် အင်္ဂါနေ့တွင်လည်း ဆန္ဒပြမှုများ သပိတ်မှောက်မှု များကို လုပ်ဆောင်ကြရန် သမဂ္ဂများက တောင်းဆိုခဲ့သည်။ ထိုနေ့တွင် ဗြိတိန်ဘုရင်ကြီးသည် ပြင်သစ်ခရီးစဉ်၏ ဒုတိယနေ့အဖြစ် ဘော်ဒိုးမြို့သို့ လာရောက်ရန် စီစဉ်ထားသည်။ တရားမဝင် ဆန္ဒပြပွဲတစ်ခုမှ အဖွဲ့ဝင်တစ်ဦးသည် ကြာသပတေးနေ့ ညနေပိုင်းတွင် ဘော်ဒိုး (Bordeaux) မြို့ မြို့တော်ခန်းမ၏ သစ်သားတံခါးကြီးအား မီးတင်ရှို့ ခဲ့သည်ဟုလည်း Sud Ouest သတင်းစာတွင် ဖော်ပြထားသည်။
ပဲရစ်မြို့တွင် စုဝေးချီတက်ဆန္ဒပြခဲ့ကြစဉ်(ဓါတ်ပုံ-အေပီ)
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူပေါင်း ၁ သန်းကျော်သည် ကြာသပတေးနေ့ ဆန္ဒပြချီတက်မှုများတွင် ပါဝင် ခဲ့သည်ဟုလည်း ပြည်ထဲရေးဌာနက ပြောသည်။ အကြမ်းဖက်မှုများရှိနေသော်လည်း ပြည်ထဲရေးဝန်ကြီး ဂျာရယ် ဒါမာနင် (Gerald Darmanin) က လုံခြုံရေးအတွက် မည်သည့်ပြဿနာမှ မရှိဟု အာမခံကာ ဗြိတိန်ဘုရင်ကို ကြိုဆိုသွားမည်ဟု ပြောခဲ့သည်။ မက်ခရွန်က ပင်စင်ဥပဒေမှုကြမ်းနှင့်ပတ်သက်သည့် ခိုင်မာသောရပ်တည်ချက်ကို ပြသခြင်းဖြင့် ဝေဖန်သူများကို ပိုမိုဒေါသထွက်စေခဲ့ပြီးနောက် တစ်နေ့တွင် ထိုသို့ ဆန္ဒပြပွဲကြီးများ ပေါ်ပေါက် လာရခြင်းဖြစ်သည်။
သီတင်းပတ်ကုန်ပိုင်းတွင် မိမိတို့အစီအစဉ်ဖြင့် ဆန္ဒပြပွဲများပြုလုပ်ပြီး အင်္ဂါနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင့်ကန့်ကွက်မှု လုပ်ဆောင်သွားရန် ပင်စင်မူဝါဒပြောင်းလဲမှုကို ဆန့်ကျင်နေသည့် သမဂ္ဂအဖွဲ့ရှစ်ခုမှ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။
ဆန္ဒပြသူများသည် ပြင်သစ်ရှိ Charles de Gaulle လေဆိပ် နှင့် ဆိပ်ကမ်းများကို ပိတ်ဆို့ထားခြင်းကြောင့် ခရီးသွားလာမှု အခက်အခဲများလည်းပေါ်ပေါက်ခဲ့သည်။ ပြင်သစ်တွင် မျက်နှာဖုံးစွပ် ဆန္ဒပြအုပ်စုများက အသင့်စားစားသောက်ဆိုင်နှစ်ခု၊ စူပါမားကတ်တစ်ခုနှင့် ဘဏ် တစ်ခုတို့ကို တိုက်ခိုက်ခဲ့ပြီး ယင်းက အကြမ်းဖက်မှုများမြင့်တက်လာသည့်သဘောဖြစ်ရုံသာမက ငြိမ်းချမ်းစွာ ဆန္ဒပြသူများထက်ပို၍ အာရုံစိုက်စရာဖြစ်ခဲ့သည်။
Source:AP
- By CNI
- Category: နိုင်ငံရေး
- Hits: 600
CNI International News
နယူးဒေလီ၊ မတ်လ ၂၄
သူခိုးတိုင်း၏နာမည်တွင် မိုဒီပါသည်ဆိုသော စကားကြောင့် မိုဒီ၏ အိန္ဒိယအတိုက်အခံ ခေါင်းဆောင် ရာဟူးဂန္ဒီ (Rahul Gandhi)ကို အသရေဖျက်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းတွင် ဖော်ပြထား သည်။
ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) ၏ မျိုးရိုးနာမည်နှင့် ပတ်သက်၍ ရာဟူးဂန္ဒီသည် ရွေးကောက်ပွဲ ဆိုင်ရာ လူထုစုဝေးပွဲ တစ်ခုတွင် ထည့်သွင်း ပြောဆိုခဲ့သည့်အတွက် ဂူဂျာရတ် (Gujarat) ပြည်နယ်တရားရုံး တစ်ခုက ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ရာဟူးဂန္ဒီသည် ပြစ်ဒဏ်အတွက် ရက် ၃၀ အာမခံရရှိကာ အယူခံဝင်မည် ဖြစ်သည်။
၎င်းသည် အစိုးရ၏ မကောင်းမှုများကို ဖော်ထုတ်မိမှုကြောင့် ပစ်မှတ်ထား ခံခဲ့ရသည်ဟု ကွန်ဂရက်ပါတီက ပြော သည်။ အိန္ဒိယတွင် ရွေးကောက်ပွဲကို လာမည့်နှစ်တွင် ကျင်းပသွားမည်ဖြစ်သည်။
ပြစ်ဒဏ်သည် တရားဥပဒေအရ ခိုင်လုံမှုမရှိကြောင်း ကွန်ဂရက်ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့သလို ပြစ်ဒဏ် အပေါ် နှုတ်ဆိတ်မနေရန်လည်း တိုက်တွန်းခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဧပြီလက ကာနာတာကာ (Karnataka) ပြည်နယ်မှ လူထုစုဝေးပွဲ တစ်ခု၌ စကားပြောခဲ့ရာတွင် ရာဟူးက နီယတ်ဗ်မိုဒီ၊ လာလစ်မိုဒီနှင့် နာရန်ဒရာမိုဒီ အစရှိသည်ဖြင့် သူခိုးများ၏ နာမည်တွင် ဘာကြောင့် မိုဒီ ပါဝင်နေရပါသလဲဟု ပြောခဲ့သည်။
မိုဒီမျက်နှာကို တပ်ထားသော လူအုပ်ကြီးကိုတွေ့ရစဉ်
နီယတ်ဗ် မိုဒီ (Nirav Modi) သည် ဝရမ်းပြေး စိန်လုပ်ငန်းရှင် တစ်ဦးဖြစ်ကာ လာလစ် မိုဒီ (Lalit Modi) သည် ခရစ်ကတ် ဘုတ်အဖွဲ့မှ တစ်သက်တာ ပွဲပယ်ထားသည့် အိန္ဒိယပရီးမီးယားလိဂ် အကြီးအကဲဟောင်း ဖြစ်သည်။
ထိုပြောစကားသည် အကျင့်ပျက် ခြစားမှုများကို ဦးစားပေး ပြောဆိုခြင်း မဖြစ်သလို မည်သူ တစ်ဦးတစ်ယောက်ကို မှ တိုက်ရိုက်စော်ကားခြင်း မဟုတ်ဟု ရာဟူးဂန္ဒီက ပြောသည်။
အိန္ဒိယအစိုးရအား ဝေဖန်သည်ဟု ယူဆခံထားရသည့် တခြားသော အတိုက်အခံ နိုင်ငံရေးသမားများနှင့် အဖွဲ့စည်း များသည်လည်း တရားစွဲဆိုမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
အရေးပါသည့် အဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံထားရသော AAP ပါတီကလည်း ဂန္ဒီအား ထောက်ခံကြောင်း ပြောသည်။
ဂန္ဒီအား အပစ်ပေးခဲ့သည့် အမှုကို BJP လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ပါနက်ရှ် မိုဒီ (Purnesh Modi) က တိုင်ကြားခဲ့ခြင်းဖြစ်ကာ ရာဟူးသည် မိုဒီ အသိုင်းအဝိုင်း တစ်ခုလုံးကို စော်ကားသည့်စကား ပြောဆိုခဲ့သည်ဟု ပြောသည်။
သို့သော် ဆူရတ် (Surat) မြို့ တရားရုံးမှ ချမှတ်ခဲ့သော အမိန့်က ဥပဒေပညာရှင်တစ်ချို့ကို ပဟေဋိဖြစ်စေခဲ့သည်။
မျိုးရိုးနားမည်နှင့် ပတ်သက်သည့် ညွှန်းဆိုမှုတွင် တစ်စုံတစ်ယောက်ဘက်မှ ၎င်းတို့ပေါ် တိုက်ရိုက် သက်ရောက်မှု ရှိသည်ဟု မဖော်ပြနိုင်မခြင်း တရားဥပဒေအရ အရေးယူ၍မရဟု ဥပဒေပညာရှင်တစ်ဦးက ပြောသည်။
ရာဟူးအား ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အချက်လေးချက်ကို ကိုးကားကာ ခုခံကာကွယ်သွားမည်ဟု သူ၏ရှေ့နေ့က ဘီဘီစီသတင်းကို ပြောခဲ့သည်။
Source: BBC

- By CNI
- Category: နိုင်ငံရေး
- Hits: 690
CNI International News
ဒီမာပူရ်၊ မတ်လ ၂၃
အိန္ဒိယဗဟိုအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားသည့် နာဂလက်နက်ကိုင် အဖွဲ့ NSCN-IM က အိန္ဒိယအစိုးရသည် အခြေခံမူဘောင် ရှေ့ဆက်ရေးကို အလေးအနက်မထားကြောင်း စွပ်စွဲခဲ့ သည်။
ထို့နောက် အဆိုပါ လုပ်ရပ်က နာဂငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဟာသဖြစ်စေသည်ဟု ပြောခဲ့သည်။
အိန္ဒိယဗဟိုအစိုးရနှင့် NSCN-IM တို့၏ ဆွေးနွေးပွဲများသည် လေကြီးလေကျယ် ပြောသော်လည်း လေးနက်မှု မရှိကြောင်း အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Q Tuccu က ဟီဘရွမ်ရုံးချုပ်မှာ ပြောကြားခဲ့သည်။
ထိုအခြေအနေကြောင့် အဖွဲ့အနေဖြင့် အိန္ဒိယအစိုးရသည် ၎င်းတို့နိုင်ငံ ပြည်တွင်း အရင်းအမြစ်အားလုံးဖြင့် နာဂများအား တရားမဝင် နည်းလမ်းများဖြင့် တိုက်ခိုက်ရန် စီစဉ်နေသည်ဟု နားလည် သဘောပေါက်စေသည်။
ထို့ကြောင့် NSCN-IM ဘက်တွင် ယုံကြည်ချက် လျော့နည်းလာသည်ဟုလည်း ၎င်းက ပြောသည်။
NSCN-IM တပ်ဖွဲ့ကိုတွေ့ရစဉ်
NSCN-IM သည် အိန္ဒိယဗဟိုအစိုးရနှင့် နာဂငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ၁၉၉၇ ခုနှစ်မှ စတင်၍ အခြေခံစေ့စပ် ညှိနှိုင်းသူ အဖြစ် ဆောင်ရွက်ခဲ့ကာ ၂၀၁၅ ခုနှစ်၊သြဂုတ် ၃ ရက်တွင် မူဘောင် သဘောတူညီချက်၌ လက်မှတ်ရေး ထိုးခဲ့သည်။
သို့သော် နောက်ဆုံး အဖြေကိုတော့ ရရှိခြင်း မရှိသေးပေ။ အိန္ဒိယဗဟိုအစိုးရသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဆောင်ရွက်နေသော်လည်း NSCN-IM သည် ဆွေးနွေးပွဲများကို ကတိ၊ ခံယူချက်တို့ဖြင့် ရှေ့ဆက်လျက် ရှိသည်ဟု အဖွဲ့ဥက္ကဋ္ဌက ပြောသည်။
နာဂသမိုင်းနှင့် နိုင်ငံရေး အခွင့်အရေးကို ကာကွယ်ရေးထက် မည်သည့် စွန့်လွှတ် အနစ်နာခံမှုမှ မမြင့်မြတ်ဟု ၎င်းက ပြောသည်။
အိန္ဒိအစိုးရအတွက် အတူတကွ လုပ်ဆောင်ရန်၊ ယခင်အတိုင်း ပြန်ဖြစ်ရန် လိုအပ်ကြောင်း၊ ပေးထားသော ကတိ များသည် ယခင်နှင့်ယခု ပုံမှန်မဟုတ်သည့် အခြေအနေများကြောင့် မူဘောင် သဘောတူညီချက်၏ အခြေအနေ သည် မတည်မငြိမ် ဖြစ်နေကြောင်း NSCN-IM ခေါင်းဆောင်က ပြောသည်။
နာဂအလံကို ကိုင်ထားတဲ့ NSCN-IM ရဲဘော်ကိုတွေ့ရစဉ်
အိန္ဒိယဗဟိုအစိုးရသည် NSCN-IM ၏ နာဂများအတွက် သီးခြားအလံ တစ်ခုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုပေး ရန် စဉ်ဆက်မပြတ် တောင်းဆိုမှုကို ငြင်းဆိုထားသည်။
ယင်းက အရှေ့မြောက်ပိုင်းဒေသ၏ အရှည်ကြာဆုံး ပုန်ကန်မှု ပြဿနာများမှ တစ်ခုကို အဆုံးသတ် အဖြေရှာရေး နည်းလမ်းအတွက် အဟန့်အတား ဖြစ်စေလျက်ရှိသည်။
Source: East Mojo

- By CNI
- Category: နိုင်ငံရေး
- Hits: 671
CNI International News
ဘေရွတ်၊ မတ်လ ၂၃
စီးပွားရေးကျဆင်းမှု ပိုမိုဆိုးလာခြင်းကြောင့် လက်ဘနွန်ပြည်သူများသည် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။
အငြိမ်းစား လုံခြုံရေးတပ်ဖွဲ့ဝင် အများစု ပါဝင်သော ဆန္ဒပြသူများကို လက်ဘနွန် အရာရှိများက မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။
ပိုမိုဆိုးရွားလာသော စီးပွားရေး အခြေအနေများအတွက် မြို့တော်ရှိ အစိုးရ အဆောက်အဦများအနီးတွင် စုဝေး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဗုဒ္ဓဟူးနေ့က မြို့တော် ဘေရွတ် (Beirut) အလယ်ရှိ လမ်းများပေါ်မှ ဆန္ဒပြသူများသည် လက်ဘနွန် အလံများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
ထိုသို့ ဆန္ဒပြရန် အငြိမ်းစား စစ်သားများနှင့် ဘဏ်တွင် အပ်နှံထားသော ငွေကို အကန့်အသတ်ဖြင့်သာ ထုတ်ယူခွင့်ရသော ငွေအပ်နှံသူများက ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လက်ဘနွန်၏ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဒေသတွင်း ဘဏ်များသည် အပ်နှံငွေ ထုတ်ယူခြင်းနှင့် ပတ်သက်၍ တရားမဝင် ထိန်းချုပ်မှုများ လုပ်ဆောင်ထားသည်။
လက်ဘနွန် ဆန္ဒပြသူများနဲ့ လုံခြုံရေးတပ်ဖွဲ့ ထိပ်တိုက်တွေ့ကြစဉ်
ပိုများသော ပေးချေမှု ရရှိရန် တောင်းဆိုခဲ့ကြသော ဆန္ဒပြသူများသည် အစိုးရ အဆောက်အဦများကို လုံခြုံရေး ယူထားသော အရာရှိများထံ ကျောက်ခဲများဖြင့် ပစ်ပေါက်တိုက်ခိုက်ကာ ခြံစည်းရိုး ကျော်ဝင်မှု လုပ်ဆောင်ရန်လည်း ကြိမ်ဖန်များစွာ ကြိုးစားခဲ့ကြသည်။
လုံခြုံရေးတပ်ဖွဲ့များ၏ တုန့်ပြန်သော မျက်ရည်ယိုဗုံးများကြောင့် လူတချို့တွင် အသက်ရှုကြပ်ခြင်းများ ခံစားခဲ့ရသည်။
နိုင်ငံသုံးငွေကြေးဖြင့် ပေးသော ပင်စင်တန်ဖိုး ကျဆင်းလာခြင်းနှင့် ပတ်သက်၍ ဆန္ဒပြသူများက ဒေါသထွက် လျက်ရှိသည်။ ၂၀၁၉ ခုနှစ်မှ စတင်ကာ လက်ဘနွန်ငွေကြေး တန်ဖိုးသည် အမေရိကန် ဒေါ်လာနှင့် ယှဉ်လျှင် ၉၈ ရာခိုင်နှုန်းကျော် တန်ဖိုးကျဆင်းလာခဲ့ပြီး ထိုအခြေအနေများသည် ပြီးခဲ့သည့် သီတင်းပတ်များတွင် ပိုမို ဆိုးရွား လာခဲ့သည်။
အင်္ဂါနေ့တွင် လက်ဘနွန် ငွေကြေး၏ တန်ဖိုးမှာ အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပြီး တန်ဖိုးပြန်တက်မလာခင် တစ်ဒေါ်လာ ဝယ်ဈေးမှာ လက်ဘနွန် ငွေကြေး ၁၄၃၀၀၀ ကျော် ဖြစ်ခဲ့သည်။ တရားဝင်ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ပေါင် ၁၅၀၀၀ ဖြစ်သည်။
လက်ဘနွန်ပြည်သူများ ဘဏ်က ငွေထုတ်ခွင့်မပေးလို့ ဒေါသထွက်နေကြစဉ်
လက်ဘနွန်နိုင်ငံသည် ကာလရှည်ကြာ အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှု၊ နိုင်ငံရေးသမားများ၏ လွဲမှား သော စီမံခန့်ခွဲမှုများကြောင့် လေးနှစ်မြောက် စီးပွားရေး အကျပ်အတည်းအတွင်းသို့ ရောက်ရှိနေသည်ဟု လက်ဘနွန်ရှိ အယ်ဂျာဇီးယား သတင်းထောက်က ပြောသည်။
ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ကျောင်းများကို ပိတ်ထားရပြီး မိသားစုများလည်း အစားအစာကို ဝယ်ယူရန် မတတ်နိုင်ရုံမက လောင်စာဆီကဲ့သို့ အခြေခံ လိုအပ်ချက်များအတွက်လည်း အခက်အခဲနှင့် ရင်ဆိုင်နေရသည်။
အစိုးရဘက်မှ လျှပ်စစ်မီး ထောက်ပံ့ပေးသော်လည်း နေရာ အများစုမှာ ရရှိခြင်း မရှိပေ။ လက်ဘနွန် ငွေကြေး တန်ဖိုး ကျဆင်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ ငွေစက္ကူများကို အဆမတန် ရိုက်ထုတ်မှုကြောင့် ဖြစ်သည်ဟု လက်ဘနွန်ဈေးကွက် လေ့လာရေးအဖွဲ့ ဒါရိုက်တာက ပြောသည်။
Source: အယ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 968
CNI International News
ကိယက်ဗ်၊ မတ်လ ၂၃
ရုရှားတို့သည် ဗုဒ္ဓဟူးနေ့တွင် ယူကရိန်းရှိ လူနေတိုက်ခန်းများကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်း ၊မြို့ကြီးများတွင် ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။
ယင်းက တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ မော်စကိုခရီးစဉ် ပြီးဆုံးခြင်းအပေါ် ရုရှားသမ္မတပူတင်၏ အင်အားပြနှုတ်ဆက်ခြင်းဟုလည်း သတင်းတွင် ရေးသားထားသည်။
မီးသတ်သမားများသည် ဇာပိုရေးဇီးယား (Zaporizhzhia) မြို့ရှိ ဘေးချင်းကပ် လူနေအထပ်မြင့် အဆောက်အဦး နှစ်ခုတွင် မီးသတ်ခဲ့ရပြီး ရုရှား၏ဒုံးကျည်ဖြင့် နှစ်ကြိမ်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၁ ဦးသေဆုံးကာ ၃၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု အရာရှိများက ပြောသည်။
အရပ်သားများနှင့် ကလေးများနေထိုင်ရာနေရာများတွင် မီးလောင်နေသည်ဟု သမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး (Volodymyr Zelenskiy) က တွစ်တာတွင် ရေးသားခဲ့သည်။
လုံခြုံရေးမှတ်တမ်းဗီဒီယိုများတွင်လည်း ဒုံးကျည်ထိမှန်သည့် အဆောက်အဦးတစ်ခု ပေါက်ကွဲသွားခဲ့သည်ကို တွေ့ခဲ့ရသည်။ ထိုသို့သောနေ့မျိုး ယူကရိန်း(သို့မဟုတ်)မည်သည့်နေရာတွင်မှ ထပ်မဖြစ်ရပါဘူး။ ရုရှား၏ မြင့်တက်လာသောအကြမ်းဖက်မှုများကို နှိမ်နင်းရန်၊ အသက်များကို ကာကွယ်ရန် ကမ္ဘာကြီးအနေဖြင့် စည်းလုံးမှု နှင့် စိတ်ပိုင်းဖြတ်မှုကိုပြသဖို့လိုအပ်နေသည်ဟုလည်း ယူကရိန်းသမ္မတက ပြောသည်။
ဒုံးကျည်ဒဏ်ကြောင့် ကစားကွင်းနှင့် ကားပါကင်တစ်ခုတို့အတွင်း မှန်ကွဲစများ၊ အပျက်အစီးများနှင့် ကားပျက် များကို မြင်တွေ့ခဲ့ရသည်။ ဒဏ်ရာရသူများကိုသယ်ဆောင်ကာ လမ်းလျှောက်နိုင်သူများကို လိုက်ပါ ပို့ဆောင်ပေးနေသည့် အရေးပေါ်ဝန်ထမ်းများကိုလည်း မြင်တွေ့ခဲ့ရသည်။ မျက်နှာတွင် ဒဏ်ရာများနှင့် အဘွားအိုတစ်ဦး ခုံတန်းရှည်တစ်ခုပေါ်တွင် တစ်ဦးတည်းထိုင်နေကာ မျက်ရည်သုတ်ရင်း ဆုတောင်းနေသည်ကိုလည်း ဝမ်းနည်း ဖွယ်မြင်တွေ့ခဲ့ရသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ Xi Jinping တို့သည် မော်စကိုမြို့ရှိ ဂုဏ်ပြုဧည့်ခံပွဲအပြီး မတ်လ ၂၁ ရက်နေ့က ကရင်မလင်နန်းတော်မှ ထွက်ခွာခဲ့စဉ်(ဓါတ်ပုံ-ရိုက်တာ)
ယူကရိန်းမြို့တော်တောင်ပိုင်း မြစ်ကမ်းဘေးမြို့တစ်ခုဖြစ်သော ရှိဖ်ရှစ် (Rzhyshchiv) မြို့တွင် ကောလိပ်အဆောင်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးလူ ၆ ဦးသေဆုံးကာ ၁၈ ဦးဒဏ်ရာရခဲ့ပြီး ၃ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။
ဗုဒ္ဓဟူးနေ့ညတွင် လေကြောင်းအချက်ပေးသံများမှာ မြို့တော်အပါအဝင် မြောက်ပိုင်းနယ်မြေများတွင် ဆူညံခဲ့ပြီး ရုရှားဘက်မှ ပစ်လိုက်သော အီရန်လုပ် Shahed ဖောက်ခွဲရေးဒရုန် ၂၁ စီးမှ ၁၆ စီးကို ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်း စစ်တပ်က ပြောသည်။ ရုရှားတွင် တစ်စုံတစ်ဦးက ငြိမ်းချမ်းရေးအကြောင်းကြားရရန် ကြိုးစားချိန်၌ တခြား တစ်ဖက်တွင် ရာဇဝတ်မှုမြောက်သော တိုက်ခိုက်မှုများပေါ်ပေါက်လာလေ့ရှိသည်ဟုလည်းယူကရိန်းသမ္မတက သူ၏တွစ်တာတွင် ရေးသားထားသည်။
ယင်းက ရုရှားမြို့တော်မော်စကိုသို့ လာရောက်လည်ပတ်ခဲ့သော တရုတ်သမ္မတအား ရည်ရွယ်ပြောဆိုခြင်း လည်းဖြစ်သည်။
Source:Newshub
- By CNI
- Category: နိုင်ငံရေး
- Hits: 649
CNI International News
နယူးယောက်၊ မတ်လ ၂၃
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဖမ်းဆီးခံရနိုင်ခြေရှိသည်ဟုဆိုကာ ထရမ့်ထောက်ခံသူများက နယူးယောက်မြို့သို့ အလုံးအရင်းဖြင့် စုဝေး ရောက်ရှိလာခြင်းကြောင့် နယူးယောက်ရဲတပ်ဖွဲ့(NYPD)သည် အင်အား ၃၆၀၀၀ လုံးကို လုံခြုံရေးချထားရန် အမိန့်ပေးခဲ့သည်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများသည် ၎င်း(ထရမ့်)ဖမ်းဆီး ခံရနိုင်ခြေရှိသည့် ဗုဒ္ဓဟူးနေ့တွင် နယူးယောက် (New York) မြို့သို့ အလုံးအရင်းဖြင့် ရောက်ရှိလာခဲ့သည်ဟု Foxnews တွင် ဖော်ပြထားသည်။
မန်ဟက်တန် (Manhattan)ခရိုင် အစိုးရရှေ့နေ အဲလ်ဗင် ဘရက်(Alvin Bragg)၏ ရုံးပြင်ပတွင် ထရမ့်ကို ထောက်ခံသော ဆန္ဒပြသူများ စုဝေးလျက်ရှိနေသည်။
လူပေါင်းများစွာ လာရောက်ကြရန် မျှော်လင့်သည်ဟု ထရမ့်အား ထောက်ခံသူတစ်ဦးက ပြောသည်။
သမ္မတဟောင်း ထရမ့်အား တရားစွဲဆိုမှုသည် အင်္ဂါနေ့တွင် ဖြစ်နိုင်ခဲ့ဖွယ်မရှိဟု ဥပဒေရေးရာ အာဏာပိုင်များက ပြောခဲ့ပြီး အစောဆုံး ဗုဒ္ဓဟူးနေ့ မတိုင်ခင်အထိလည်း ဖြစ်လာနိုင်ဖွယ် မရှိဟုဆိုသည်။
ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်
ထရမ့်သာ အမှန်တကယ် တရားစွဲခံရမည်ဆိုလျှင် ၎င်းကို ထောက်ခံကြသူများသည် လမ်းပေါ်ထွက်လာနိုင်ဖွယ် ရှိနေသည်။
ထို့နောက် ကြိုတင် ပြင်ဆင်မှုအနေဖြင့် နယူးယောက်ရဲတပ်ဖွဲ့(NYPD)သည် ၎င်းတို့၏ အင်အား ၃၆၀၀၀ လုံးကို အင်္ဂါနေ့တွင် ထရမ့်အဖမ်းခံရမည်ဟု ယူဆချက်ဖြင့် ကြိုတင် ပြင်ဆင်ထားရန် အမိန့်ပေးခဲ့သည်။
အမေရိကန် ကတ်ပီတိုရဲတပ်ဖွဲ့(USCP)ကလည်း တရားစွဲခံရမည်ဟု ယူဆသောကြောင့် အတားအဆီးများ လုပ်ဆောင်ခြင်း၊ လူအင်အား ဖြည့်တင်းပေးရန် တောင်းဆိုခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ဆန္ဒပြသူ အနည်းငယ်သာ ရှိခဲ့ပြီး ထရမ့်လည်း အဖမ်းမခံခဲ့ရပေ။
ထရမ့် အဖမ်းခံရနိုင်ခြေရှိမှု အခြေအနေအတွင်း အမေရိကန်ရှိ လုံခြုံရေးဌာနများသည် မန်ဟက်တန်ရှိ နယူးယောက် ရဲတပ်ဖွဲ့ရုံးချုပ်တွင် တနင်္လာနေ့က တွေ့ဆုံရန် စီစဉ်ထားခဲ့ကြသည်။
ယင်းကို နယူးယောက်ရဲတပ်ဖွဲ့က ဦးဆောင်ခဲ့ပြီး ပြည်သူ့လုံခြုံရေးဌာန အကြီးအကဲ၊ ထောက်လှမ်းရေး ဌာန၏ နယူးယောက်ရုံး၏ အကြီးအကဲနှင့် မန်ဟက်တန် အစိုးရရှေ့နေရုံးမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့သည်။
ဒေါ်နယ်ထရမ့်ထောက်ခံသူများကိုတွေ့ရစဉ်
ဘရက်၏ ရုံးမှ တရားစွဲဆိုမည်ဆိုလျှင် ထရမ့်သည် အမေရိကန် သမိုင်းတွင် ရာဇဝတ်မှုအတွက် တရားစွဲခံရသည့် ပထမဆုံး သမ္မတဟောင်းအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။
ရွေးကောက်ပွဲ ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်ခြင်း စွဲချက်ဖြင့် ထရမ့်သည် တရားစွဲခံရနိုင်ခြေ ရှိနေခြင်း ဖြစ်သည်။
သို့သော် ထိုသို့သော တရားစွဲဆိုမှုက ပြောင်းပြန်ရလဒ်များ ထွက်လာကာ ထရမ့်နှင့် ပတ်သက်သည့် တခြား စုံစမ်းစစ်ဆေးမှု နှစ်ခုအပေါ် ပိုမိုခက်ခဲလာစေမည်ကို ဒီမိုကရက်တစ် တချို့က စိုးရိမ်လျက်ရှိသည်။
Source: Foxnews
- By CNI
- Category: နိုင်ငံရေး
- Hits: 691
CNI International News
ဇူးရစ်၊ မတ်လ ၂၂
ကမ္ဘာ့အရေး ခေါင်းကြီးပိုင်း စာမျက်နှာများတွင် ပါဝင်လာသည့် တနင်္ဂနွေနေ့ နှောင်းပိုင်း၌ တက်သုတ်ရိုက် ဆွေးနွေးပွဲများ မတိုင်ခင် ရက်အနည်းငယ်ကတည်းက ဆွစ်ဇာလန်မှ ထိပ်သီးနိုင်ငံရေးသမားများသည် ကမ္ဘာကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေမည့် ဆောင်ရွက်မှုတစ်ခုအား လျှို့ဝှက်ပြင်ဆင်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ဆွစ်ဇာလန် ဗဟိုဘဏ်နှင့် ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင်များက Credit Suisse ဘဏ်၏ အခြေအနေသည် ကောင်းမွန်ကြောင်း လူသိရှင်ကြား ထုတ်ပြန်ခဲ့သော်လည်း နောက်ကွယ်တွင်မူ နိုင်ငံ၏ ဒုတိယအကြီးဆုံးဘဏ် အား ကယ်တင်နိုင်ရန် ကြိုးပမ်းမှုများ လုပ်ဆောင်ခဲ့ရသည်။
နိုင်ငံတော်ရံပုံငွေ ဆွစ်ဖရန့် ၂၆၀ ဘီလီယံဖြင့် ထောက်ပံ့ပေးထားသော ပေါင်းစည်းခြင်းနှင့် ဘဏ်ရှယ်ယာရှင် များကို ဦးစားပေးကာ စာချုပ်ပိုင်ရှင်များကို ထိခိုက်စေသည့် ဆောင်ရွက်မှုကလည်း ဆွစ်ဇာလန်၏ ဂုဏ်သတင်း ကျော်ဇောမှုများမှ တစ်ဦးကို ထိခိုက်စေခဲ့သည်။
global finance ရဲ့ အညွန်းကိန်းများကိုတွေ့ရစဉ်
ငွေကြေး ကြွယ်ဝချမ်းသာ သူများအတွက် လုံခြုံသော နေရာတစ်ခုအဖြစ် ကာလရှည် အသုံးတော်ခံခဲ့သည့် ဆွစ်ဇာလန်နိုင်ငံ၏ ဖြစ်စဉ်များက ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကြပ်အတည်းမှ ရရှိထားသော သင်ခန်းစာများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
Credit Suisse အား ကယ်တင်ရေး အစီအစဉ်ကလည်း အင်အားကြီး ဘဏ်လုပ်ငန်းတစ်ခုဖြစ်သော UBS Group AG အား ပိုမိုကြီးမားသည့် အန္တရာယ်တွင်းသို့ ရောက်ရှိစေခဲ့သည်။
ထို့အပြင် စာချုပ်ပိုင်ရှင်များကို မထိခိုက်စေရေး ဆောင်ရွက်မှုက စတော့ရင်းနှီးမြှုပ်နှံမှုများအတွက် ထိခိုက်မှု ဖြစ်စေကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ခြိမ်းခြောက်မှု ဖြစ်စေသည့် ချေးငွေကုန်ကျစရိတ် မြင့်တက်မှုအား ဖြစ်စေသည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ ဆွစ် အမျိုးသားဘဏ်မှ မှတ်ချက်ပေးရန် ငြင်းဆိုထားပြီး ဆွစ်ဘဏ္ဍာရေးဝန်ကြီးအား ဆက်သွယ်မှုသည်လည်း အကြောင်းပြန်မှု မရရှိသေးပေ။
ဆွစ်ဇာလန်ဘဏ် တစ်ခုကိုတွေ့ရစဉ်
နှစ်ပေါင်းများစွာ အရှုံးပေါ်ခြင်းနှင့် သိက္ခာကျစရာ ဖြစ်ရပ်များကြောင့် Credit Suisse ဘဏ်သည် ၎င်းတို့၏ ကိုယ်ပိုင် ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ အကြပ်အတည်းနှင့် လပေါင်းများစွာ ရင်ဆိုင်နေရသည်။
ထို့ကြောင့် ရက်ပိုင်းအတွင်းမှာပင် Credit Suisse အား UBS ၏ ဝယ်ယူမှု အပြီးသတ် သွားခြင်းဖြစ်သည်။
အမေရိကန်အစိုးရ၏ အလယ်အလတ်တန်းစား ဘဏ်နှစ်ခု၏ ငွေကြေး လိုအပ်ချက်ကို ထိန်းသိမ်းပေးရေး ဘဏ် အပ်နှံငွေ အားလုံးကို အာမခံပေးမည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း Credit Suisse ဘဏ်နှင့် ငွေအပ် နှံသူများ၏ ယုံကြည်မှုကို မည်သို့မည်ပုံ ထိန်းသိမ်းမည်လဲဆိုခြင်းသည် အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။
၂၀၂၂ ခုနှစ် နောက်ဆုံး သုံးလတွင် ဇူးရစ် (Zurich) အခြေစိုက်ဘဏ်မှ ငွေထုတ်ယူမှု ပမာဏသည် ဒေါ်လာဘီလီယံ ၁၁၀ အထိရှိခဲ့ပြီး Credit Suisse သည် ထိုသို့သော ပမာဏကို ပြန်လည် ဖြည့်တင်းရန်လည်း ရုန်းကန်ရလျက် ရှိသည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 641
CNI International News
ကိယတ်ဗ်၊ မတ်လ ၂၂
ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ (Fumio Kishida) သည် အင်္ဂါနေ့တွင် ယူကရိန်းမြို့တော် ကိယက်ဗ်(Kyiv)သို့ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ရောက်လာခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။
ယင်းက တရုတ်၏ ငြိမ်းချမ်းရေး အစီအစဉ်အတွက် မော်စကိုသို့သွားကာ ပူတင် (Ptuin)ကို တွေ့ဆုံနေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)နှင့် သံတမန်ရေးဆိုင်ရာ ယှဉ်ပြိုင်မှုလည်း ဖြစ်သည်။
တရုတ်ဘက်မှ အဆိုပြုထားသော ယူကရိန်းပဋိပက္ခ ဖြေရှင်းရေး ငြိမ်းချမ်းရေးအစီအစဉ်ကို အနောက်နိုင်ငံများ အားလုံးက လက်မခံကြပေ။
အာရှပြိုင်ဘက် ခေါင်းဆောင်နှစ်ဦး၏ ခရီးစဉ်များသည် ကီလိုမီတာ ၈၀၀ ခန့်သာ ကွာခြားပြီး ယင်းက ၁၃ လကြာ စစ်ပွဲကာလအတွင်း ရုရှားနှင့်ယူကရိန်းတို့နောက်တွင် တခြားနိုင်ငံများ မည်သို့ ရပ်တည်နေသည် ဆိုခြင်းကိုလည်း မီးမောင်းထိုးပြနေသည်။
ကီရှီဒါသည် လာမည့် မေလ G-7 အစည်းအဝေးကို သဘာပတိအဖြစ် ကျင်းပသွားမည်ဖြစ်ပြီး ၎င်းသည် ယူကရိန်း သို့ လာ၍ သမ္မတဇာလန်းစကီး(Volodymyr Zelenskyy) နှင့် တွေ့ဆုံခဲ့သည့် G-7 အဖွဲ့၏ နောက်ဆုံး ခေါင်းဆောင်လည်း ဖြစ်သည်။
ပူတင်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်
ယူကရိန်းခရီးစဉ်အတွင်း ၎င်းသည် ဘူချာ (Bucha) ရှိ အသတ်ခံရသူများအား သွားရောက် ဂါရဝပြုခဲ့သည်။
ဘူချာမြို့သည် ရုရှားတို့၏ အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများအတွက် ပြယုဂ်တစ်ခုလည်း ဖြစ်သည်။
အနောက်အုပ်စုဘက်မှ အဆင်သင့် ဖြစ်ချိန်တွင် တရုတ်ဘက်မှ အဆိုပြုသော ငြိမ်းချမ်းရေးအစီအစဉ်များသည် စစ်ပွဲ အဆုံးသတ်ရေးအတွက် အခြေခံမူဘောင် ဖြစ်လာလိမ့်မည်ဟု ပူတင်က ပြောသော်လည်း မော်စကိုရှိ ဆွေးနွေးပွဲများတွင် တရုတ်၏ ငြိမ်းချမ်းရေးစီမံကိန်းနှင့် ပတ်သက်သည့် ကြီးကြီးမားမား တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
အနောက်အုပ်စုအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စိတ်ပါဝင်စားမှုရှိသည့် ပုံစံမျိုးလည်း ပြသထားခြင်း မရှိဟု ပူတင်က ပြောသည်။
ဘူချာမြို့ကို သွားရောက်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကိုတွေ့ရစဉ်
ပူတင်နှင့် ရှီကျင့်ဖျင်တို့၏ တွေ့ဆုံမှုမှ ထွက်ပေါ်လာမည့် ငြိမ်းချမ်းရေးအစီအစဉ်များတွင် အပစ်အခတ်ရပ်စဲရေး ပါဝင်ပြီး ထိုအပစ်အခတ်ရပ်စဲရေးအတိုင်း ဆောင်ရွက်လျှင် ရုရှားတို့၏ နယ်မြေသိမ်းပိုက်မှုများကို တရားဝင် ဖြစ်စေကာ ထိုးစစ်ဆင်မှု အသစ်များအတွက် ရုရှားကို ချိန်ပေးသလို ဖြစ်နိုင်သောကြောင့် ထိုအစီအစဉ်မျိုးကို လက်မခံဟု အမေရိကန်အရာရှိများက ပြောသည်။
ယူကရိန်း လူမျိုးတစ်ဦးတည်း ကျန်သည့် အချိန်အထိ ရုရှားကို တိုက်ခိုက်သွားရန် အနောက်အုပ်စုဘက်မှ ရည်ရွယ်ထားပုံရသည်ဟု ပူတင်က ပြောသည်။
ယူကရိန်းသို့ ယူရေနီယမ် သန့်စင်ထားသော အမြောက်ဆန်များပေးမည့် ဗြိတိန်၏ အစီအစဉ်သည်လည်း ခြိမ်းခြောက်မှု တစ်ခုအဖြစ် ပေါ်ထွက်လာသည်ဟု ပူတင်က ပြောသည်။
ထိုသို့ ဖြစ်လာမည်ဆိုလျှင် အနောက်အုပ်စုသည် နျူကလီးယား ပါဝင်သည့် လက်နက်များကို စတင်အသုံးပြုလာ သည့် သဘောဖြစ်ခြင်းကြောင့် ရုရှားအနေဖြင့် ယင်းနှင့်အညီ တုန့်ပြန်သွားမည်ဟု ပူတင်က ပြောသည်။ သို့သော် လည်း အသေးစိတ်ကိုမူ မဖော်ပြခဲ့ပေ။
ပူတင်သည် ရုရှားအနေဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် နျူကလီးယား အပါအဝင် မည်သည့် လက်နက်မျိုးကို မဆို အသုံးပြုသွားနိုင်သည်ဟု သတိပေးခဲ့သူလည်း ဖြစ်သည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 599
CNI International News
ဘန်ကောက်၊ မတ်လ ၂၂
ထိုင်းရွေးကောက်ပွဲကော်မရှင် (EC) သည် အထွေထွေရွေးကောက်ပွဲကို မေလ ၁၄ ရက် တနင်္ဂနွေနေ့တွင် ကျင်းပသွားမည်ဖြစ်ကာ ကြိုတင်မဲပေးမှုများကို ရွေးကောက်ပွဲမတိုင်ခင် တစ်ပတ်အလို မေလ ၇ ရက်နေ့၌ စတင်သွားမည်ဟု Bangkok Post သတင်းတွင် ဖော်ပြသည်။
ရွေးကောက်ပွဲနှင့််ပတ်သက်သည့် အချိန်စာရင်းကို ကော်မရှင်နာများက အတည်ပြုခဲ့ပြီးနောက် EC သည် ရွေးကောက်ပွဲကျင်းပမည့်နေ့ကို လွှတ်တော်ဖျက်သိမ်းပြီး တစ်ရက်အကြာ အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ဧပြီ ၄ ရက်မှ ၇ ရက်အတွင်း ဆောင်ရွက်သွားရမည်ဖြစ်သည်။ ဧပြီ ၄ ရက်မှ ၇ ရက်အတွင်း ပါတီကိုယ်စားလှယ်လောင်း လျှောက်လွှာများကို တင်သွင်းခြင်းနှင့် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီကိုယ်စားလှယ်လောင်းများ တင်သွင်းခြင်း တို့ကို ဘန်ကောက်မြို့ ဒင်းဒန်း (Din Daeng) ခရိုင်ရှိ မြို့တော်ခန်းမတွင် လုပ်ဆောင်သွားရမည်ဖြစ်သည်။
ကြိုတင်မဲပေးလိုသူများသည် မတ် ၂၇ ရက်မှ ဧပြီ ၁၃ ရက်အတွင်း လျှောက်ထားမှုလုပ်ဆောင်ရမည်ဖြစ်ပြီး မဲပေးရန် အဆင်မပြေသူများသည်လည်း ၎င်းတို့၏ ပျက်ကွက်မှုအတွက် အကြောင်းပြချက်ကို မေလ ၇ ရက်မှ ၁၃ ရက်အတွင်းနှင့် မေလ ၁၅ ရက်မှ ၂၁ ရက်အတွင်းတင်သွင်းရမည်ဖြစ်သည်။
ရွေးကောက်ပွဲဆီသို့ ရှေ့ဆက်သွားမည့်အချိန်ဖြစ်သည်ဟု အသက် ၆၉ နှစ်ပြည့်မွေးနေ့ကျင်းပချိန်တွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) က သတင်းထောက်များကို ပြောခဲ့သည်။ အစိုးရအဖွဲ့သည် အိမ်စောင့်အစိုးရအဖြစ် ဆက်လက်တာဝန်ယူထားဆဲဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ဝန်ကြီးချုပ်သစ်ဖြစ်လာမည်ဟု ရေပန်းအစားဆုံးဖြစ်နေသည့် ဖြူးထိုင်းပါတီမှ ပေတုန်တန်၏ ရုပ်ပုံကတ်ပြားကို ကိုင်ဆောင်ထားစဉ်(ဓါတ်ပုံ-ရိုက်တာ)
သီတင်းပတ်များစွာကြာအောင် တရားမဝင်မဲဆွယ်မှုများကိုလုပ်ဆောင်ခဲ့ပြီး နိုင်ငံရေးပါတီများသည် စီးပွားရေးဆိုင်ရာ အကြောင်းအရာများကို ဦးစားပေးခြင်းဖြင့် ၅၂ သန်းသော မဲဆန္ဒရှင်များ၏ မဲကိုရရှိရန် ကြိုးပမ်းခဲ့ကာ လက်ရှိအချိန်တွင် မဲဆွယ်မှုများကို အရှိန်မြှင့်တင်ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။
အတိုက်အခံ ဖြူးထိုင်း (Pheu Thai) ပါတီသည် နိုင်ငံတစ်လွှား နေ့ စဉ်အခမ်းအနားများဖြင့် မဲဆွယ်မှု လုပ်ဆောင် မည်ဟု ယူဆရပြီး ယင်းကို ဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေသူ ပေတုန်တန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) က ဦးဆောင်သွားမည်ဖြစ်သည်။ သူမသည် ကိုယ်ဝန် ခုနှစ်လနှင့်ဖြစ်သည်။
ထိုင်းအမျိုးသားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ (Nida) မှနောက်ဆုံးလုပ်ဆောင်ခဲ့သော ရွေးကောက်ပွဲ ဆိုင်ရာ စစ်တမ်းကောက်ယူမှုတွင် ဖြူးထိုင်းပါတီသည် အနိုင်ရရှိရန် ရေပန်းအစားဆုံးဖြစ်ကာ ဝန်ကြီးချုပ် အဖြစ် ရေပန်းစားသူစာရင်းတွင်လည်း ပေတုန်တန်က ဦးဆောင်နေသည်။