
- By CNI
- Category: နိုင်ငံရေး
- Hits: 647
CNI News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆
မိခင်အဖွဲ့အစည်းကနေ ထုတ်ပယ်ခံလိုက်ရသော ဗိုလ်ချုပ်ကြီး အန်းမိုင်ဦးဆောင်သည့်အဖွဲ့ကို အသုံးချ၍ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ-ခပ္ပလန်/ယုံးအောင် (NSCN-K/YA)ကို အိန္ဒိယအစိုးရက ဖြိုခွင်းရန် လုပ်နေ သည် NSCN-K/YA ဥက္ကဋ္ဌ ဦးယုံးအောင်က ဇူလိုင် ၄ ရက်နေ့စွဲဖြင့် ကြေညာချက် တစ်စောင်ထုတ်ပြန် ပြောကြားလိုက် သည်။
ထုတ်ပယ်ခြင်းခံထားရသည့် ဦးအန်းမိုင်နှင့် ဦးလန်ညေးတို့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့တွင် နာဂ လက်နက်ကိုင်အဖွဲ့အစည်းသစ် တစ်ရပ်ကို ထူထောင်ခဲ့ကြောင်း၊ ထိုသို့ နာဂလက်နက်ကိုင် အဖွဲ့အစည်းသစ် ထူထောင်ခြင်းကို မိမိတို့ NSCN/GPRN မှ အတိအလင်း ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။
NSCN-K/YA ဥက္ကဋ္ဌ ဦးယုံးအောင်က “ ယင်းဖြစ်ရပ်အား ကြည့်မည်ဆိုပါက အိန္ဒိယအစိုးရ ထောက်လှမ်းရေးမှ NSCN/GPRN အား ဖြိုခွင်းရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ လက်ကိုင်တုန်များဖြစ်သည့် အဆိုပါ ပုဂ္ဂိုလ်များအား အသုံးချ လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ နာဂအမျိုးသားရေး ရှေးရှုကာ ဦးဆောင်နေသည့် တော်လှန်ရေး အဖွဲ့ အစည်း တစ်ရပ်အနေနှင့် ဤဖြစ်ရပ်သည် အရှေ့နာဂဒေသရှိ နာဂလူမျိုးများ၏ လိုလားသည့် ဒေသတွင်း တည် ငြိမ်အေးချမ်းရေးကို ထင်ရှားစွာ ဆန့်ကျင်လုပ်ဆောင်ချက်ဖြစ်ပြီး မိမိတို့၏ အမျိုးသားရည်မှန်းချက်အား ပြောင် ပြောင်တင်းတင်း ခြိမ်းခြောက်နေကြောင်း မိမိတို့ NSCN/GPRN မှ မှတ်ယူပါသည်”ဟု ပြောသည်။
ဦးအန်းမိုင်သည် NSCN-K ကို ဦးခပ္ပလန်(ကွယ်လွန်) ဦးဆောင်စဉ်က ဗိုလ်ချုပ်ကြီးရာထူးဖြစ် ဦးခပ္ပလန်၏ ကိုယ်ရေးအရာရှိ အဖြစ်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။
ဗိုလ်ချုပ်ကြီးအန်းမိုင်နဲ့ ဗိုလ်ချုပ် လန်ညေးကို ထုတ်ပယ်ကြောင်း စာကိုတွေ့ရစဉ်
ထို့နောက် ဗိုလ်ချုပ်ကြီး အန်းမိုင်နှင့် ဗိုလ်ချုပ် လန်ညေးတို့ ဦးဆောင်၍ ဦးယုံးအောင် ဦးဆောင်သည့် NSCN-K/YA ကနေ ခွဲထွက်ပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ခပ္ပလန်/အန်းမိုင်(NSCN-K/AM)ဆိုသော အဖွဲ့သစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့မှာ ထူထောင်ခဲ့သည်။
NSCN-K/YA ဥက္ကဋ္ဌ ဦးယုံးအောင်က “၎င်းတို့အဖွဲ့အနေဖြင့် လက်ရှိ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လုပ်ရပ် များကို စွန့်လွှတ်ရမည်ဖြစ်ပြီး ပြည်သူလူထုအပေါ် လှည့်ဖြားသည့် ဤလုပ်ရပ်အား ရပ်တန့်ရမည်ဖြစ်သည်။
သို့မဟုတ်ပါက လက်ရှိ ၎င်းတို့၏ လုပ်ရပ်နှင့်နောက်ဆက်တွဲ ပြဿနာများအတွက် နောင်အနာဂတ်တွင် နာဂ ပြည်သူများအပေါ် တာဝန်ခံရမည်ဖြစ်သည်”ဟု ဇူလိုင် ၄ ရက်နေ့တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
ထို့နောက် ဦးလန်ညေး အနေဖြင့် ဆုံးပါးသွားပြီဖြစ်သည့် အဘဦးခပ္ပလန်၏ အရိုက်အရာတိုင်း လိုက်လျှောက် နေကြောင်း တဖွဖွပြောဆိုနေခြင်းမှာ လက်တွေ့တွင် ဗလာနတ္ထိဖြစ်ပြီး ပြည်သူများအား လိမ်လည်လှည့်ဖြားနေ ခြင်းသာ ဖြစ်သည်ဟု ထိုထုတ်ပြန်ချက်တွင် ပြောထားသည်။
ထို့ကြောင့် ၎င်းတို့အဖွဲ့အနေဖြင့် ယနေ့မှစ၍ ၎င်းတို့၏ လုပ်ရပ်များအား ရပ်တန့်ကာ ပြည်သူ့ရှေ့မှောက်တွင် လက်နက်ချ ခိုလှုံခြင်းသာလျင် အကောင်းဆုံးသော နည်းလမ်းဖြစ်မည်ဟု အသိပေးကြောင်း ဦးယုံးအောင်က ပြော သည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ခပ္ပလန်(NSCN-K)သည် မြန်မာနိုင်ငံတွင် အခြေစိုက်၍ နာဂလူမျိုးများ လွတ်မြောက်ရေးနှင့် နာဂနိုင်ငံ ထူထောင်နိုင်ရေး အိန္ဒိယအစိုးရကို တော်လှန်နေသည့် နာဂလက်နက်ကိုင် အဖွဲ့ဖြစ်သည်။
ခွဲထွက်သွားသည့် ဗိုလ်ချုပ်ကြီးအန်းမိုင်အဖွဲ့ကို တွေ့ရစဉ်
အဆိုပါ NSCN-K ကို ဦးခပ္ပလန်က ဦးဆောင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ဦးခပ္ပလန်သည် ကွယ်လွန်သွားခဲ့ခြင်းကြောင့် ဒုဥက္ကဋ္ဌ ဦးခမ်းငေါ်ကို ဥက္ကဋ္ဌအဖြစ် NSCN-K အဖွဲ့အတွင်း တင်မြှောက်ခဲ့သော် လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၅ ရက်မှ ၁၇ ရက်နေ့အထိ NSCN-K အတွင်း အစည်းအဝေးတစ်ရပ် ကျင်းပကာ ဦးခမ်းငေါ် ကို ဖြုတ်ချခဲ့သည်။
ထို့နောက် ဦးခပ္ပလန်၏ တူဖြစ်သူ အိန္ဒိယနိုင်ငံ၊ မဏိပူရ်တက္ကသိုလ်ထွက် ဦးယုံးအောင်ကို NSCN-K ဥက္ကဋ္ဌ အဖြစ် ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့တွင် တင်မြှောက်ခဲ့ကြသည်။
ဦးယုံးအောင် NSCN-K ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်အတွင်းမှာ ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီကီဆူမီနှင့် သဘောထား ကွဲလွဲခဲ့ပြီးနောက် နီကီဆူမီ ဦးဆောင်သည့်အဖွဲ့က ခွဲထွက်၍ NSCN-K/NK ဆိုသော အဖွဲ့ကို ထူထောင်ကာ အိန္ဒိယအစိုးရနှင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈ ရက်နေ့မှာပဲ ငြိမ်းချမ်းရေးယူခဲ့သည်။
အလားတူ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးအန်းမိုင်နှင့် ဗိုလ်ချုပ် လန်ညေး တို့က ခွဲထွက်၍ NSCN-K/AM ဆိုသော နာဂလက်နက်ကိုင် အဖွဲ့သစ်ကို ထူထောင်ခဲ့သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 545
CNI International News
ဘန်ကောက်၊ ဇူလိုင် ၆
ဝန်ကြီးချုပ်အသစ် ရွေးကောက်တင်မြှောက်ရေး မဲပေးဖို့အတွက် ပူးတွဲလွှတ်တော်တစ်ရပ်ကို ယနေ့ (ဇူလိုင် ၆ ရက်)နံနက် ၉ နာရီခွဲတွင် ခေါ်ယူကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ ဝမ်မူဟာမတ် နူး မာသာက ပြောသည်။
အထက်လွှတ်တော်ဥက္ကဋ္ဌ ပွန်ပတ် ဝီချီချိုချိုင်းနှင့် ညှိနှိုင်းတိုင်ပင်ပြီး လွှတ်တော်ရက်ကို သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟု ပါလီမန်ဥက္ကဋ္ဌဟောင်း မစ္စတာဝမ်က ပြောသည်။
ရွေးကောက်ခံ အောက်လွှတ်တော်အမတ် ၅၀၀ နှင့်အတူ ဖွဲ့စည်းပုံအရ မဲပေးပိုင်ခွင့်ရှိသည့် ခန့်အပ် အထက် လွှတ်တော်အမတ် ၂၅၀ လည်း ပါဝင်မဲပေးကြမှာ ဖြစ်သည်။
ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်မည့် ဇူလိုင် ၁၃ ရက် မဲပေးမှုသည် ချက်ချင်းလက်ငင်းလည်း ပြီးပြတ်သွား နိုင်သလို ပြီးချင်မှလည်း ပြီးမည်ဟု မစ္စတာဝမ်က ပြောသည်။
ဝန်ကြီးချုပ်သစ်သည် ပူးတွဲလွှတ်တော်မှာ ထောက်ခံမဲ ၃၇၆ မဲရရန် လိုအပ်ကြောင်း၊ အကယ်၍ ရလဒ် မပြတ်သား ခဲ့ရင် နောက်ထပ် မဲခွဲဖို့ကို စီစဉ်ရဦးမှာ ဖြစ်သည်ဟု ပြောသည်။
“ဝန်ကြီးချုပ်ကို ခန့်အပ်ပြီးသည်အထိ လွှတ်တော် ခေါ်ယူသွားမှာပါ။ မစ္စတာပီတာဟာ တစ်ဦးတည်းသော ဝန်ကြီးချုပ်လောင်း မဟုတ်ပါဘူး”ဟု မစ္စတာဝမ်က Move Forward Party(MFP)၏ ခေါင်းဆောင် ပီတာ လင်ဂျရုန်းရတ်ကို ရည်ညွှန်း ပြောကြားခဲ့သည်။
ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ ဝမ်မူဟာမတ်နူးမာသာကို တွေ့ရစဉ်
“မစ္စတာပီတာကို သဘောတူ ထောက်ခံရင်လည်း ထောက်ခံမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝန်ကြီးချုပ်သစ်ကိုတော့ ရွေးကို ရွေးရမှာပါ။ ဖွဲ့စည်းပုံအရ အစိုးရတစ်ရပ်အတွက် ဝန်ကြီးချုပ်တစ်ယောက် ရွေးကောက်တင်မြှောက်ပေးဖို့ ပါလီမန်မှာ တာဝန်ရှိတယ်။ နိုင်ငံမှာ ဝန်ကြီးချုပ်မရှိလို့ မဖြစ်ဘူး”ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဝမ်က ပြောသည်။
မေလ ၁၄ ရက်က အထွေထွေရွေးကောက်ပွဲမှာ မစ္စတာပီတာ၏ MFP မှ အမတ်နေရာ အများစုကို အနိုင်ရထား သည်ဟု အစိုးရဖွဲ့ရန် ဦးစားပေး အနေနှင့် ကြိုးစားခွင့်ရှိသည်။
ပထမ ဒုဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံခဲ့ရသည့် MFP အမတ် ပါဒီပတ်စွန်တီဖာဒါကို ဇူလိုင် ၄ ရက်နေ့က မဲပုံအော ပေးခဲ့ကြခြင်းကို အခြေခံပြီး လာမယ့် ရက်သတ္တပတ်မှာ ညွန့်ပေါင်း ၈ ပါတီသည် မစ္စတာ ပီတာကို ဝန်ကြီးချုပ် ခန့်အပ်ရန် ထောက်ခံမဲ ၃၁၂ မဲအား စုဆောင်းနိုင်ခဲ့သည်ဟု မစ္စတာဝမ်က ပြောသည်။
အနည်းဆုံး ထောက်ခံမဲ ၃၇၆ မဲ ပြည့်မှီဖို့ နောက်ထပ် ၆၄ မဲသာလိုအပ်သည်။
အကယ်၍ ပထမအကြိမ်မှာ မစ္စတာပီတာကို မဲမပေးခဲ့ကြဘူးဆိုရင် ကနဦး အဆိုပြုထားသည့် ပုဂ္ဂိုလ် (သို့မဟုတ်) ဝန်ကြီးချုပ်လောင်း အသစ်တစ်ယောက်ကို ပူးတွဲလွှတ်တော်မှာ အမည်စာရင်း တင်သွင်းပေးရမည်ဟု ဖွဲ့စည်းပုံက ညွှန်ကြားမထားဘူးပေ။
သို့သော်လည်း ဝန်ကြီးချုပ်လောင်းများသည် ကနဦး ရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထားပြီးသားသူများ ထဲမှသာ ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ ဝန်းကြီးချုပ်လောင်း စာရင်းမှာလည်း အမည်ပေါက် ဖြစ်ရမည် ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေတဲ့ ပီတာကိုတွေ့ရစဉ်
စာရင်းဝင်ထားသူ အားလုံးသည် အောက်၊ အထက် လွှတ်တော်နှစ်ရပ်စလုံး၏ ထောက်ခံမှုကို မရသည့်အခါမှသာ ပြင်ပ ဝန်ကြီးချုပ်လောင်းကို အဆိုပြုနိုင်ကြောင်း၊ သူသည်လည်း ပူးတွဲလွှတ်တော်မှာ အနည်းဆုံး သုံးပုံနှစ်ပုံ ထောက်ခံမဲ ရရမည်ဟု မစ္စတာဝမ်က ပြောပါတယ်။
ပူးတွဲလွှတ်တော်က ပထမအကြိမ် အစည်းအဝေးမှာ နောက်ဝန်ကြီးချုပ်ကို ရွေးကောက်နိုင်ခြင်း မရှိခဲ့ပါက နောက် တစ်ကြိမ် မဲပေးပွဲကတော့ အခြေအနေပေးမှုနှင့် သက်ဆိုင်ရာပါတီများ၏ သဘောထားအပေါ်မှာ မူတည်နေသည် ဟု ပြောသည်။
“အခြေအနေလည်း ပေးရမယ်၊ အဆင်လည်း သင့်ရမယ်ပေါ့။ အထူးသဖြင့် လွှတ်တော်အမတ်တွေ တက်ရောက်နိုင် မှုပေါ့။ အမတ်တွေ တက်ဖို့ အဆင်သင့် မဖြစ်ဘူးဆိုရင်တော့ လွှတ်တော်လည်း အထမြောက်မှာ မဟုတ်ဘူး”ဟု မစ္စတာဝမ်က ပြောသည်။
MFP ခေါင်းဆောင် ပီတာသည် ၈ ပါတီ ညွန့််ပေါင်း၏ ဝန်ကြီးချုပ်လောင်းအဖြစ် အလေးသာ နေသော်လည်း ကွယ်လွန်သူ ဖခင်ကြီး၏ အိမ်ခြံမြေကုမ္ပဏီ အစိတ်အပိုင်းဖြစ်သည့် iTV Plc က ရှယ်ယာများနှင့် ဆက်နွယ်ပြီး နိုင်ငံရေးရာထူးအတွက် မေးခွန်းထုတ်မှုများ ခံနေရသည်။
ထိုင်းဖွဲ့စည်းပုံတွင် မီဒီယာကုမ္ပဏီ ရှယ်ယာရှင် တစ်ယောက်သည် အထွေထွေရွေးကောက်ပွဲမှာ ယှဉ်ပြိုင် အရွေးခံ ခွင့်မရှိကြောင်း ပိတ်ပင်ထားသည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 803
CNI International News
မော်စကို၊ ဇူလိုင် ၆
အမေရိကန်နှင့် သူ၏ ကျေးဇူးခံ ကျေးဇူးစားများက ယူကရိန်းသို့ လက်နက်များ တင်ပို့နေခြင်းကို ရပ်တန်းက ရပ်မည်ဆိုပါက အထူးစစ်ဆင်ရေးကို သုံးလေးရက်အတွင်းမှာ အဆုံးသတ်သွားမည်ဟု ရုရှားလုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက် (Dmitry Medvedev)က ပြောသည်။
တာ့စ်သတင်းဌာန၏ မေးမြန်းမှုကို မက်ဗီဒက်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက “နေတိုးထဲမှာ အဓိကအားဖြင့် အမေရိကန်နဲ့ သူ့သစ္စာခံတွေက ယူကရိန်းကို လက်နက်ခဲယမ်းတွေ ပို့နေ တာ ရပ်မယ်ဆိုရင် အထူးစစ်ဆင်ရေးကို သုံးလေးလအတွင်း အဆုံးသတ်မယ်။ တကယ်လို့ သူတို့က လက်နက် တင်ပို့မှုကို အခုရပ်မယ်ဆိုရင်တော့ အထူးစစ်ဆင်ရေးကို ရက်ပိုင်းအတွင်းမှာ အဆုံးသတ်မယ်”ဟု ပြောသည်။
ထို့နောက် “တကယ်တမ်းတော့ ကမ္ဘာစစ်ပွဲကြီး တစ်ပွဲကိုတောင် မြန်မြန်ဆန်ဆန် ရပ်ပစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ထိုးပြီး ရပ်တာမျိုး မဟုတ်ရင်လည်း ၁၉၄၅ တုန်းက အမေရိကန်တွေက ဂျပန်မြို့တွေဖြစ်တဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီ မြို့တွေပေါ် အဏုမြူဗုံး ကြဲချတာမျိုးလည်း လိုက်လုပ်နိုင်တာပဲ။ အဲဒီလိုဆိုရင်လည်း စစ်ပွဲ တကယ်ပြီးသွားတာပါပဲ။ အရပ်သားပြည်သူ သုံးသိန်းလောက်တော့ ရင်းခဲ့ရတယ်ပေါ့”ဟု မက်ဗီဒက်က ထပ်လောင်း ပြောကြားခဲ့သည်။
နေတိုးအထွေထွေအတွင်းရေးမှူးနဲ့ ယူကရိန်း သမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်
ထို့အပြင် ရုရှားစစ်တပ်သည် တခြားသော စစ်တပ်များနည်းတူ ပြဿနာတချို့ကို ရင်ဆိုင်နေရသော်လည်း ခေတ်မှီပြီး ရဲရင့်ကြောင်း မက်ဗီဒက်က အလေးအနက် ပြောကြားသွားခဲ့ပါတယ်။
ယူကရိန်းသည် နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုနှင့် နေတိုးက ယူကရိန်းအား အဖွဲ့ဝင်ဖြစ်လာစေရေး လမ်းခင်း ပေးမှုများကြောင့် အိမ်နီးချင်းနိုင်ငံတွင် နေတိုးတပ်ဖွဲ့ အခြေစိုက်လာပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခံရ မည်ကို စိုးရိမ်၍ ရုရှားက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျူးကျော် တိုက်ခိုက်ခဲ့သည်။
ထိုကျူးကျော်စစ်ကို ရုရှားဘက်ကတော့ အထူးစစ်ဆင်ရေး တစ်ရပ်ဆင်နွှဲခြင်းဟု ပြောသည်။
Source: တာ့စ်

- By CNI
- Category: နိုင်ငံရေး
- Hits: 836
CNI International News
ကိုဟီမာ၊ ဇူလိုင် ၆
အမျိုးသားဆိုရှယ်လစ်ကောင်စီ- ခပ္ပလန်(NSCN-K)ကနေ ထုတ်ပယ်ခံလိုက်ရသည့် အန်းမိုင်နှင့် လန်ညေးတို့သည် အဖွဲ့အစည်း အသစ်တစ်ခုကို ထူထောင်လိုက်ခြင်းကြောင့် ထိုအဖွဲ့သစ်အားဖျက်သိမ်းပြီး လက်နက်ချရန် NSCN-K ၏ ဥက္ကဋ္ဌ ယုံးအောင်(Yung Aung)က အမိန့် တစ်ရပ် ထုတ်ပြန် ကြေညာခဲ့သည်။
NSCN-K ကို ခပ္ပလန်က ဦးဆောင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက် ခမ်းငေါ်ကို ဥက္ကဋ္ဌ တင်မြှောက်ကာ နာဂနိုင်ငံရေးကို ဆက်လက် လျောက်လှမ်းခဲ့ကြကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၈ ရက်တွင် ခမ်းငေါ်ကို ဖြုတ်ချ၍ ယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။
ထို့ကြောင့် NSCN-K ကို NSCN-K/YA ဟု နောက်ပိုင်း ခေါ်ခဲ့ကြသည်။
“NSCN/GPRN က အထုတ်ပယ်ခံရတဲ့ အဖွဲ့ဝင်ဟောင်းတွေဖြစ်ကြတဲ့ မစ္စတာ အန်းမိုင်းနဲ့ မစ္စတာ လန်ညေးတို့က ဂိုဏ်းအသစ်တစ်ခုကို ထူထောင်လိုက်တယ်ဆိုတာကို ပြတ်ပြတ်သားသား ငြင်းဆန်ပယ်ချလိုက်တယ်”ဟု NSCN-K/YA ၏ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားသည်။
ထို့အပြင် NSCN-K/YA က ထုတ်ပယ်ခံရသည့် အဖွဲ့ဝင်ဟောင်းများဖြစ်ကြသော အန်းမိုင်နှင့် လန်ညေးတို့ကိုလည်း အိန္ဒိယထောက်လှမ်းရေးက NSCN/GPRN ကို တန်ပြန်ရန်အတွက် အသုံးချနေသည်ဟု တံဆိပ်ကပ်ခဲ့သည်။
ယုံးအောင်နဲ့ အက်စ်အက်စ်ခပ္ပလန်ကို တွေ့ရစဉ်
“လူထုက အကောင်းဆုံးကြိုးစားပြီး အကြိမ်ကြိမ် မေတ္တာရပ်ခံနေတဲ့ကြားက ဒီအထုတ်ခံရတဲ့ အဖွဲ့ဝင်တွေက သွေးစွန်းတဲ့ အကြမ်းဖက်မှုလမ်းကြောင်းကို လျှောက်ဖို့ ရွေးချယ်သွားကြတာ အကြီးအကျယ် စိတ်ပျက်ရပါတယ်” ဟု NSCN-K/YA က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။
ထို့နောက် “ဒီအုပ်စုဟာ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်ကို ကျောခိုင်းပြီး အပြစ်မဲ့ပြည်သူတွေကို လိမ်လည်လှည့်ဖြားနေတာကို ရပ်တန်းကရပ်ရမယ်။ မဟုတ်ရင် ဖြစ်လာသမျှ အကျိုးဆက်တွေအတွက် နာဂ ပြည်သူတွေကို တာဝန်ခံရလိမ့်မယ်”ဟုလည်း ထုတ်ပြန်ချက်မှာ ထပ်လောင်း ပြောကြားထားသည်။
အန်းမိုင်နှင့် လန်ညေးသည် NSCN-K/AM ဆိုသော အဖွဲ့အစည်း အသစ်ကို ထူထောင်၍ နာဂနိုင်ငံရေးကို ဆောင် ရွက်မည်ဟု ထုတ်ပြန်ထားသည်။
ယုံးအောင် ဦးဆောင်သည့် NSCN-K/YA က “ဘယ်လိုပဲ စွပ်စွဲ ဝါဒဖြန့်နေဦးတော့ သူတို့ရဲ့ အမှားတွေကို မဖာထေး နိုင်ဘူး။ ကွယ်လွန်သွားတဲ့ဥက္ကဋ္ဌ အက်စ်အက်စ်ခပ္ပလန်ရဲ့ လမ်းကြောင်းကို လိုက်လျှောက်မယ်ဆိုတဲ့ လန်ညေးရဲ့ သွေးရူးသွေးတန်း ပြောကြားချက်ဟာလည်း အကြွားသက်သက် အလိမ်အညာတွေချည်းပဲ”ဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။
ယုံးအောင်ရဲ့ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
အရှေ့နာဂပြည်သူများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့များက ထိုအုပ်စုနှင့် သူတို့၏ လုပ်ရပ်များကို ရှုတ်ချဖို့ အခိုင်အမာ ဆုံးဖြတ်သည့်အပေါ်မှာလည်း တန်ဖိုးထား အသိအမှတ်ပြုသည်ဟု NSCN-K/YA က ထုတ်ပြန် ခဲ့သည်။
ထုတ်ပယ်ခံရသည့် အဖွဲ့ဝင်များနှင့် သူတို့ဂိုဏ်းကို ဖျက်သိမ်းပြီး လူထုရှေ့မှောက်မှာ သူတို့ကိုယ်တိုင် လက်နက်ချရ မည်ဖြစ်ကြောင်း၊ ထိုနည်းလမ်းကသာ ရှေ့ဆက်သွားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ယုံးအောင်က တောင်းဆိုထားသည်။
Source: NorthEast Now

- By CNI
- Category: နိုင်ငံရေး
- Hits: 1152
CNI International News
ဘေဂျင်း၊ ဇူလိုင် ၆
အနောက်နိုင်ငံသားများသည် တရုတ်၊ ကိုရီးယားနှင့် ဂျပန်တို့ကို ခွဲခြားနိုင်စွမ်းမရှိ လူမျိုးရေးအခြေခံ မဟာမိတ်ဖွဲ့မှု ကို အားပေးပုံဖော်နေခြင်းကြောင့် ကိုရီးယားနှင့် ဂျပန် လူမျိုးများအနေဖြင့် မိမိ၏ လူမျိုးဇစ်မြစ်အား မမေ့ဖို့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးကော်မရှင်အကြီးအကဲ ဝမ်ယိက ပြောသည်။
“အမေရိကန်တွေက တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်ကလာတဲ့ ဧည့်သည်တွေအားလုံးကို အာရှသားတွေလို့ပဲ ယူဆတယ်။ ကွဲပြားခြားနားချက်ကို မပြောနိုင်ကြဘူး။ ဥရောပမှာလည်း အတူတူပဲ။ ဆံပင်ကို ဘယ်လောက် ဝါနေအောင်ဆိုးဆိုး၊ နှာခေါင်းကို ဘယ်လောက်ပဲ ချွန်ချွန် ဥရောပသား၊ အမေရိကသားမဖြစ်နိုင်ဘူး။ အနောက် နိုင်ငံသားလည်း မဖြစ်နိုင်ဘူး။ လူတစ်ယောက်ဟာ သူ့ဇစ်မြစ်သူ သိရမယ်”ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံမြောက်ပိုင်း ကျင်တောင်းမြို့မှာ ကျင်းပနေသည့် သုံးနိုင်ငံဖိုရမ်တစ်ခုမှာ ဝမ်ယိက ပြောကြားခဲ့ခြင်း ဖြစ်သည်။
တောင်ကိုရီးယားနဲ့ ဂျပန် ခေါင်းဆောင် ၂ ဦးကိုတွေ့ရစဉ်
ထို့နောက် တရုတ်၊ ဂျပန်၊ ကိုရီးယား သုံးနိုင်ငံလက်တွဲပြီး ပူးပေါင်းဆောင်ရွက်မည်ဆိုပါက သုံးနိုင်ငံစလုံး အကျိုး များသလို ပြည်သူများ၏ ဆန္ဒလည်း ပြည့်ဝမည်ဖြစ်ကြောင်း၊ အတူတကွ ကြွယ်ဝနိုင်သလို အရှေ့အာရှကို သွေးသစ်လောင်းနိုင်ပြီး ကမ္ဘာကြီးကိုလည်း ကုံလုံစေလိမ့်မည်ဟု ၎င်းက ပြောသည်။
သို့သော် ဝမ်ယိ၏ စကားကို အထူးသဖြင့် အွန်လိုင်းက ပညာရှင်များက ချက်ချင်းပဲ ပြစ်တင်ရှုတ်ချခဲ့ကြသည်။
ဖိုရမ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းထဲမှာ ဝမ်ယိက “တချို့နိုင်ငံကြီးတွေဟာ သဘောတရားရေး ကွဲလွဲမှုကို ရည်ရွယ်ချက်ရှိရှိ ပုံကြီးချဲ့ပြီး သီးသန့် အဝန်းအဝိုင်း ငယ်လေးတွေကို ဖန်တီးနေကြကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု နေရာမှာ အာခံဖီဆန်မှု၊ စည်းလုံးမှုနေရာမှာ ကွဲလွဲမှုနဲ့ အစားထိုးဖို့ ကြိုးစားနေကြကြောင်း” ပြောသွားသည်။
ဝမ်ယိ၏ အထက်ပါ ပြောကြားချက်သည် တရုတ်နိုင်ငံက လွှမ်းမိုးခြယ်လှယ်ရေး လုပ်နေသည်ဟု မကြာခဏ စွပ်စွဲနေသည့် ၎င်းရဲ့ အဓိကပြိုင်ဘက် အမေရိကန်ပြည်ထောင်စုကို ရည်ညွှန်းကြောင်း သိသာထင်ရှားနေသည်။
တရုတ်နိုင်ငံသားတွေကိုတွေ့ရစဉ်
ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံစလုံးသည် အမေရိကန်၏ လုံခြုံရေးမဟာမိတ်များ ဖြစ်သည်။
ထို့နောက် ဂျပန်နှင့် တောင်ကိုရီးယားတို့၏ ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းနှင့် ပါတီစုံ ဒီမိုကရေစီစနစ် များသည်လည်း တရုတ်၏ တင်းကျပ်လွန်းသော တစ်ပါတီစနစ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြသည်။
အရှေ့မြောက်အာရှမှာ တရုတ်၏ အရင်းနှီးဆုံး မဟာမိတ်များက မြောက်ကိုရီးယားနှင့် ရုရှားပဲရှိသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 536
CNI International News
ဘန်ကောက်၊ ဇူလိုင် ၅
ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ ပထမအကြိမ် အယူခံတင်သွင်းမှုများကို မြန်မာနိုင်ငံတော် တရားရုံးချုပ်တွင် ယနေ့ (ဇူလိုင် ၅ ရက်)နေ့၌ ကြားနာမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသတွင်း သတင်းများကို ကိုးကား၍ Bangkok Post မှ ဖော်ပြခဲ့သည်။
ပထမအကြိမ် ကြားနာမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရွေးကောက်ပွဲ မဲမသမာမှု၊ နိုင်ငံတော်အက်ဥပဒေ ချိုးဖောက်မှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ထားမှုများ ပါဝင်မည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုစွဲချက်နှစ်ခုအတွက် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခြင်း ခံထားရသူ ဖြစ်သည်။
ရွေးကောက်ပွဲ မသမာမှု အပါအဝင် ဦးဝင်းမြင့်အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်သုံးခုအတွက် အယူခံကိုလည်း ယနေ့(ဇူလိုင် ၅ ရက်)နေ့၌ပင် ကြားနာမှု လုပ်ဆောင်သွားမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အကျင့်ပျက်ခြစားမှု၊ ရွေးကောက်ပွဲနှင့် နိုင်ငံတော်လျှို့ဝှက်ဥပဒေများကို ချိုးဖောက်မှု တို့အတွက် အပြစ်ရှိသည်ဟု မြန်မာတရားရုံးများက ဒီဇင်ဘာလတွင် တွေ့ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို တွေ့ရစဉ်
ထို့ကြောင့် သူမသည် အမှုပေါင်း ၁၉ ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရပြီး နေပြည်တော်၌ သီးခြား ထိန်းသိမ်းခံထားရသည်။
ထိုအမှုများတွင် နိုင်ငံရေးဆိုင်ရာ လှုံ့ဆော်မှုများ ပါဝင်နေသည်ဟုလည်း ထောက်ခံသူများက ပြောသည်။
လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ မသိရှိ ရသေးပေ။
သူမနှင့် ရှေ့နေအဖွဲ့တို့သည်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် နောက်ပိုင်းကတည်းက တွေ့ဆုံခြင်း မရှိခဲ့ပေ။
နစကသည် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကို သူမ၏ အမှုနှင့်ပတ်သက်၍ မီဒီယာများ သို့မဟုတ် နိုင်ငံခြား အဖွဲ့အစည်းများကို မပြောဆိုရန် အမိန့်ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အပေါ် ချမှတ်ထားသည့် အကျင့်ပျက် ခြစားမှုဆိုင်ရာ အမှု ၅ ခုအတွက် အယူခံကို ဇူလိုင် ၁၂ ရက်တွင် ကြားနာမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြသူများကိုတွေ့ရစဉ်
အဆိုပါ ကြားနားမှုတွင် ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းမှုတို့အတွက် ပြည်သူ့ဘဏ္ဍာငွေများကို မလျော်ကန်စွာ အသုံးပြုမှုလည်း ပါဝင်သည်။
၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။
ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များနှင့် ဆက်သွယ်ရေးဥပဒေတို့ကို ချိုးဖောက်ခဲ့ခြင်းအတွက် ပြစ်ဒဏ် ချမှတ်ထားသည့် အမှု ၅ ခုအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ဇူလိုင် ၁၈ ရက်တွင် တရားရုံး၌ ကြားနာရန် စီစဉ်ထားသည်။
အလားတူ ဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကိုလည်း အကြည်ညိုပျက်စေမှု တို့အတွက် အယူခံများကို ကြားနာသွားမည်ဟု သိရသည်။
အောက်တရားရုံးများက အယူခံအားလုံးကို ပယ်ချခဲ့ပြီး ဖြစ်သည်။ ဦးဝင်းမြင့်သည် အမှု ၈ ခုအတွက် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရသည်။
ဦးဝင်းမြင့်သည် လက်ရှိအချိန်တွင် တောင်ငူအကျဉ်းထောင်၌ ရှိနေကြောင်း၊ ကျန်းမာရေး အခြေအနေများ အ တွက် သင့်လျော်သော ကုသမှုမရရှိထားဟုလည်း NLD ပါတီဝင်တစ်ဦးက ပြောသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 536
CNI International News
မော်စကို၊ ဇူလိုင် ၅
ဝဂ်နာအဖွဲ့၏ ပုန်ကန်မှုရှိသည့်တိုင် ရုရှားသည် တည်ငြိမ်၍ စည်းလုံမှု ရှိနေဆဲဖြစ်ကြောင်း သမ္မတပူတင်က အာရှခေါင်းဆောင်များကို အာမခံပြောကြားခဲ့သည်ဟု အယ်ဂျာဇီးလ်ယားမှ ရေးသား ဖော်ပြခဲ့သည်။
ရုရှားပြည်သူများသည် ယခင်ကထက် ပိုစည်းလုံးလာသည်ဟု ပူတင်က ဇူလိုင် ၄ ရက်နေ့ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (SCO) ၏ ဗွီဒီယိုအစည်းအဝေးတွင် ပြောကြားခဲ့သည်။
တရုတ်၊ အိန္ဒိယတို့ ပါဝင်သော SCO သည် နိုင်ငံတကာလုံခြုံရေး၊ ကာကွယ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ မူဝါဒများကို ဦးစားပေးသည်။
လက်နက်ကိုင် ပုန်ကန်မှုနှင့် ရင်ဆိုင်ရချိန်တွင် ရုရှားနိုင်ငံရေး အသိုင်းအဝိုင်းနှင့်ပြည်သူများသည် ညီညွတ်သော တပ်ဦး တစ်ခုအဖြစ် အဖမြေအတွက် စည်းလုံးမှုနှင့် တာဝန်သိတတ်မှုတို့ကို ပြသခဲ့သည်ဟု ပူတင်က ပြောသည်။
ပုန်ကန်မှုရှိချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံသားများ၏ လုံခြုံရေးနှင့် အသက်ဘေးတို့ကို ကာကွယ်ရာတွင် ထောက်ခံပေးခဲ့သည့် SCO အဖွဲ့ဝင်များကို ကျေးဇူးတင်ကြောင်းလည်း ပူတင်က ပြောသည်။
ပူတင်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်
ယူကရိန်းတွင် အထူးစစ်ဆင်ရေးဟု ရုရှားဘက်က သတ်မှတ်သော စစ်ရေးလှုပ်ရှားမှုအတွက် အနောက်အုပ်စုမှ ချမှတ်သော ဖိအားများ၊ ပိတ်ဆို့ အရေးယူမှုများနှင့် ရန်စမှုများကိုလည်း ရုရှားနိုင်ငံသည် ကြံ့ကြံ့ခံ ရပ်တည်သွား မည်ဟု ပူတင်က ပြောသည်။
ထို့နောက် SCO အဖွဲ့ဝင်များနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများကိုလည်း မြှင့်တင်သွားမည်ဟု ၎င်းက ပြောသည်။
ရုရှားသည် SCO ၏ အဖွဲ့ဝင်များဖြစ်သော တရုတ်၊ အိန္ဒိယနှင့်အီရန်တို့အား အမေရိကန်နှင့်ရင်ဆိုင်ရန်၊ အမေရိကန် ဘက်က သတ်မှတ်သည့် ကမ္ဘာ့သမ္မာစဉ်အား တုံ့ပြန်ရန် အဓိကမဟာမိတ်များအဖြစ် ရှုမြင်သတ်မှတ်ထားသည်။
ပူတင်နဲ့ မိုဒီကိုတွေ့ရစဉ်
ပြီးခဲ့သည့်လတွင် ရုရှား၏ ကြေးစားစစ်တပ် တစ်ခုဖြစ်သော ပရီဂေါ့ဇ်ဟင် (Prigozhin) ပိုင်ဆိုင်သည့် ဝဂ်နာအဖွဲ့ သည် Rostov-on-Don မြို့ကို သိမ်းပိုက်၍ မြို့တော်မော်စကိုသို့ ချီတက်ခဲ့ကြပြီးနောက် ကာကွယ်ရေးဝန်ကြီးကို ရာထူးမှ ဖယ်ရှားရန် တောင်းဆိုခဲ့သည်။
သို့သော် ထိုပုန်ကန်မှုသည် နာရီပိုင်းမှသာ ကြာမြင့်ခဲ့ကာ မော်စကိုမြို့သို့ မရောက်ခင် ၂၀၀ ကီလိုမီတာ အလို၌ ရပ်တန့်ခဲ့သည်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကို (Lukashenko) ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ပရီဂေါ့ဇ်ဟင်နှင့် ရုရှားအစိုးရ တို့အကြား သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။
Source: အယ်ဂျာဇီးလ်ယား
- By CNI
- Category: နိုင်ငံရေး
- Hits: 567
CNI International News
ခါတွမ်၊ ဇူလိုင် ၅
ရန်ဘက် RSF လက်နက်ကိုင်တပ်ဖွဲ့မှ အင်အားဖြည့်ရန်အတွက် အသုံးပြုသော ထောက်ပံ့ရေးလမ်းကြောင်းများကို ဆူဒန်စစ်တပ်က ဖြတ်တောက်ရန် ကြိုးပမ်းမှုကြောင့် အွမ်ဒါမန် (Omdurman) မြို့ တစ်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
ဆူဒန်စစ်တပ်သည် ဇူလိုင် ၄ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်ပစ်ခတ်မှုများ ပြင်းပြင်းထန် ထန် ပြုလုပ်ခဲ့ကာ အွမ်ဒါမန်တွင် မြေပြင်တိုက်ပွဲများပါ ဖြစ်ပွားနေကြောင်း ကိုယ်တိုင် တွေ့ရှိသူများက ပြောသည်။
RSF ဘက်က ဆူဒန်စစ်လေယာဉ် တစ်စင်းကို ပစ်ချခဲ့သည်။ ဒေသခံများ ရိုက်ကူးထားသည့် ဗွီဒီယိုများတွင်လည်း လေယာဉ်မှူး ခုန်ထွက်လာသည်ကို မြင်တွေ့ခဲ့ရသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဆူဒန်စစ်တပ်က တစ်စုံတစ်ရာ ပြောဆိုခြင်းတော့ မရှိသေးပေ။
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၅ ရက်မှ စတင်ကာ ဆူဒန်စစ်တပ်နှင့် RSF လက်နက်ကိုင်များကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ ကြောင့် မြို့တော်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခဲ့သည်။
ဆူဒန် စစ်ပွဲကို မြင်တွေ့နေရစဉ်
ထို့နောက် အနောက်ဒါဖာတွင် လူမျိုးစု သတ်ဖြတ်မှုများကို ပေါ်ပေါက် စေခဲ့ရုံမက ဆူဒန်နိုင်ငံအား ပြည်တွင်းစစ်ပွဲ အတွင်းသို့ ရောက်စေမည့် အနေအထားကိုပါ ဖြစ်စေလျက် ရှိသည်။
RSF အဖွဲ့သည် မြို့တော်ခါတွမ် (Khartoum)ရှိ နေရာများစွာကို လျင်လျင်မြန်မြန် သိမ်းပိုက်ခဲ့ကာ ပဋိပက္ခ ပြင်းထန်လာချိန်တွင် ဒါဖာနှင့် ကော်ဒိုဖန် (Darfur ၊ Kordofan) တို့ဖြင့် နောက်ထပ် စစ်သားများကိုပါ ခေါ်ဆောင် ခဲ့သည်။
ထိုစစ်သားများကို အွမ်ဒါမန်မှ ခါတွမ်နှင့် မြောက်ခါတွမ်သို့ တံတားများကိုအသုံးပြု၍ ပို့ဆောင်လျက် ရှိသည်။
ဇူလိုင် ၄ ရက်နေ့က အွမ်ဒါမန်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် သီတင်းပတ်အတွင်း အပြင်းထန်ဆုံး ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပိုကျယ်ပြန့်သော နယ်မြေဧရိယာရရှိရန် RSF ဘက်က ထိုးစစ်ဆင်မှုကို ဆူဒန်စစ်တပ်က ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။
ဆူဒန်မှ နေရပ်စွန့်ခွာထွက်ပြေးနေသူများကို တွေ့ရစဉ်
ဆူဒန်ပဋိပက္ခသည် စစ်တပ်နှင့် RSF တို့အကြား အရပ်ဘက် အုပ်ချုပ်ရေးသို့ လွဲပြောင်းပေးရေး နိုင်ငံတကာ အသိအမှတ်ပြု အစီအစဉ်တစ်ခုနှင့် ပတ်သက်၍ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
အထင်ကရ အရေးအခင်းတစ်ခုအတွင်း ကာလရှည် ခေါင်းဆောင် အိုမာ အယ်လ်ဘာရှား (Omar al-Bashir)အား ဖြုတ်ချပြီး လေးနှစ်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အပစ်အခတ်ရပ်စဲရန်အတွက် အမေရိကန်နှင့် ဆော်ဒီတို့က ကြားဝင်စေ့စပ် ပေးခဲ့သော်လည်း နှစ်ဖက်စလုံး၏ ချိုးဖောက်မှုများကြောင့် သဘောတူညီချက်များမှာ ရှည်ကြာခြင်း မရှိခဲ့ပေ။
တောင်ဒါဖာရှိ လူမျိုးစု ခေါင်းဆောင်များက RSF ကို သစ္စာခံသည်ဟု ဇူလိုင် ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။
ယင်းက အနောက်ဆူဒန်တွင် ပဋိပက္ခအခြေအနေကို ပိုမိုဆိုးရွားစေသည့် လုပ်ဆောင်ချက် တစ်ခုလည်း ဖြစ်သည်။
ဆူဒန်ပဋိပက္ခကြောင့် လူ ၂ ဒသမ ၈ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေး နေရသည်ဟုလည်း ကုလသမဂ္ဂ၏ နောက်ဆုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: အယ်ဂျာဇီးလ်ယား

- By CNI
- Category: နိုင်ငံရေး
- Hits: 659
CNI International News
ဟောင်ကောင်၊ ဇူလိုင် ၅
လက်ရှိတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျတို့တွင် နေထိုင်နေကြသည့် ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ ၈ ဦးသည် အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုစွဲချက်များဖြင့် ၎င်းတို့ ဘဝတစ်လျှောက်လုံး နောက်ကလိုက်ခံနေရမည်ဟု ဟောင်ကောင်ခေါင်းဆောင်က ပြောသည်။
၎င်းတို့ကို ဖမ်းဆီးရန် လုပ်ဆောင်မှုသည် အန္တရာယ်များသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်မှုများကို ငြင်းပယ်ကာ ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
ဟောင်ကောင်အုပ်ချုပ်ရေး အကြီးအကဲဖြစ်သူ ဂျွန်လီ (John Lee) က ထို ၈ ဦးကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့၏ ကြိုးစားမှုများကို ထောက်ခံခဲ့သည်။
အပတ်စဉ် အစည်းအဝေးတွင်လည်း ထိုသူများကို ဖမ်းမိစေရန် သတင်းပေးသူတိုင်းသည် ရဲတပ်ဖွဲ့က သတ်မှတ် ထားသည့် ဆုကြေးကို ရရှိမည်ဟု လီက ပြောသည်။
ထွက်ပြေး တိမ်းရှောင်နေသူများ အနေဖြင့် ၎င်းတို့ ဘဝတစ်လျှောက်လုံး နောက်ယောင်ခံ လိုက်ခံနေရမည့် အခြေအနေကို ရပ်တန့်ပစ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အဖမ်းခံရန်ပင် ဖြစ်သည်ဟုလည်း လီက ပြော သည်။
ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားမှုများကိုတွေ့ရစဉ်
ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၈ ဦးသည် အင်အားကြီး နိုင်ငံများနှင့် ပူးပေါင်းခြင်း၊ ခွဲထွက်ရန် လှုံ့ဆော်ခြင်း တို့ကို ကျူးလွန်ခြင်းဖြင့် တရုတ်နိုင်ငံမှ သတ်မှတ်သော အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲ ခံထားရကာ ဖမ်းဆီးရန် ဝရမ်းထုတ် ခံခဲ့ရသည်။
နယ်မြေအတွင်း ပုန်ကန်မှုများကို နှိမ်နင်းရေး အစိတ်အပိုင်း တစ်ခုအဖြစ် ၂၀၂၀ ခုနှစ်တွင်၊ ချမှတ်ခဲ့သော ဥပဒေ ဖြင့် လူပေါင်း ၂၆၀ ကျော် ဖမ်းဆီးခံခဲ့ရသည့်တိုင် ၎င်းတို့ ၈ ဦးကိုမှ ပထမဆုံးအဖြစ် သတင်းပေးသူကို ဆုကြေး ပေးမည်ဟု ကြေညာထားသည်။
ထိုသို့ လုပ်ဆောင်ခြင်းကို အမေရိကန်နှင့် ဗြိတိန်အစိုးရတို့ဘက်က ချက်ချင်းဆိုသလို ဝေဖန်မှု ပြုလုပ်ခဲ့သည်။
ထိုလုပ်ရပ်သည် လူ့အခွင့်အရေးကို ချိုးဖောက်မှု ဖြစ်သည်ဟု အမေရိကန်ဘက်က ပြောကာ ဒီမိုကရေစီရေး လှုပ်ရှားသူများအပေါ် ဟောင်ကောင် အာဏာပိုင်များ၏ ဖမ်းဝရမ်းထုတ်မှုအတွက် အလွန်အမင်း စိုးရိမ်မိသည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ဟောင်ကောင်အုပ်ချုပ်ရေး အကြီးအကဲဖြစ်သူ ဂျွန်လီကို တွေ့ရစဉ်
ဟောင်ကောင် အာဏာပိုင်များ အနေဖြင့် နိုင်ငံခြားအရာရှိများနှင့် နိုင်ငံရေးသမားများ၏ ပြောဆိုဝေဖန်မှုများကို ထည့်သွင်း စဉ်းစားသွားမည် မဟုတ်ဟု လီက တုံ့ပြန်သည်။
မှန်ကန်သည်ဟု မိမိယုံကြည်ရာကို လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် မည်သည့် နိုင်ငံရေးဖိအားကိုမှ ကြောက်ရွံ့ နေမည် မဟုတ်ဟုလည်း ၎င်းက ပြောသည်။
ဟောင်ကောင်အတွက် တရုတ်၏ အမျိုးသားလုံခြုံရေးဥပဒေအပေါ် ပြောင်ပြောင်တင်းတင်း ဝင်ရောက် ဝေဖန်မှု ပြုလုပ်ခဲ့သည့် တခြားသောနိုင်ငံများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟုလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မောင်းနင် (Mao Ning) က ပြောသည်။
Source: AP