- By CNI
- Category: နိုင်ငံရေး
- Hits: 708
CNI International News
နယူးယောက်၊ အောက်တိုဘာ ၇
အာမဂေဒုန် (Armageddon) နျူကလီးယားအရေးသည် ၁၉၆၂ ခုနှစ်၊ ကျူးဘားဒုံးကျည် အကျပ်အတည်း နောက်ပိုင်း အန္တရာယ်အကြီးမားဆုံး ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အောက်တိုဘာ ၆ ရက်တွင် သတိပေးခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
၈ လကျော်ကြာ ယူကရိန်းကျူးကျော်မှုတွင် ဆိုးရွားစွာ ဆုတ်ယုတ်မှုများနှင့် ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ထုတ်သုံးရန် အလားအလာကို ရုရှားအစိုးရတာဝန်ရှိသူများက ပြောဆိုလာကြပြီဖြစ်၍ ဘိုင်ဒန်က အထက်ပါတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။
ဒီမိုကရက်တစ်ပါတီဝင် ဆီးနိတ်အမတ်များ လှုပ်ရှားမှုကော်မတီအတွက် ရန်ပုံငွေပွဲတစ်ခု၌ မိန့်ခွန်းပြောကြားရာ၌ ဘိုင်ဒန်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်ပတ်သက်၍ “ကျနော် ဒီလူ့အကြောင်း ကောင်းကောင်းသိတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။
ပူတင်ကိုတွေ့ရစဉ် (AP)
နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ (သို့မဟုတ်) ဇီဝ (သို့မဟုတ်) ဓာတုလက်နက်များ ပူတင် သုံးစွဲနိုင်ခြေကို ပြောဆိုကြသည့်အခါ နောက်ပြောင်ပြောဆိုခြင်းမျိုး မပြုကြဖို့ ဘိုင်ဒန်က သတိပေးခဲ့သည်။
ဘိုင်ဒန်က “(သမ္မတဟောင်း)ကနေဒီနဲ့ ကျူးဘားဒုံးကျည် အကျပ်အတည်းတုန်းက အာမဂေဒုန်ရဲ့ အလားအလာ ကို ကျနော်တို့(အမေရိကန်တွေ) မရင်ဆိုင်ခဲ့ရဘူးဗျ” ဟု ဆက်လက် ပြောကြားခဲ့သည်။
ပူတင်၏ နျူကလီးယား ခြိမ်းခြောက်မှုသည် အစစ်အမှန်ဖြစ်ကြောင်း၊ ၎င်း၏စစ်တပ်သည် ထိုကိစ္စနှင့်ပတ်သက်၍ သိသာစွာလုပ်ဆောင်မှု နည်းပါးသည်ဟု ပြောနိုင်ကြောင်း ဘိုင်ဒန်က မှတ်ချက်ချသည်။
ရုရှားသည် ယူကရိန်းတွင် လူအစုလိုက်အပြုံလိုက် သေစေနိုင်သည့် အဖျက်စွမ်းအားမြင့် လက်နက်များ သုံးစွဲလာ နိုင်သည်ဟု အမေရိကန်အစိုးရဘက်က လတန်အကြာအောင် သတိပေးခဲ့သည်။ ယင်းသတိပေးချက်များအနက် ဘိုင်ဒန်၏ မှတ်ချက်သည် အထင်ရှားဆုံးဖြစ်သည်။
ဘိုင်ဒန် ရဟတ်ယာဉ်ပေါ်က ဆင်းလာစဉ် (AP)
ဘိုင်ဒန်၏ အကဲဖြတ်ချက်မှာ ရုရှား၏စစ်ရေး ရည်မှန်းချက် အသစ်များအပေါ် အဓိကရည်ညွှန်းခြင်း ရှိ/မရှိ လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ယခုသီတင်းပတ်အတွင်း ရုရှားနျူကလီးယား တပ်ဖွဲ့များ၏ အပြောင်းအလဲ မတွေ့ရသဖြင့် မိမိတို့လည်း နိုးကြားမှု ရှိရန် မလိုအပ်သေးကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“ကျနော်တို့ရဲ့ ကိုယ်ပိုင်နျူကလီးယားဗျူဟာကို ပြောင်းလဲဖို့ အကြောင်းပြချက် မတွေ့ခဲ့ရသလို ရုရှားကလည်း နျူလက်နက်သုံးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အရိပ်အယောင်လည်း မရှိပါဘူး” ဟု အိမ်ဖြူတော် ပြောခွင့်ရသူ ကာရင်း ဂျင်ပီယာက အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
၁၉၆၂ ခုနှစ်၊ ကျူးဘားကျွန်းပေါ်သို့ ဆိုဗီယက်ပြည်ထောင်စု(ရုရှား)၏ လျှို့ဝှက်နျူကလီးယား လက်နက်များ ဖြန့်ကြက်လာမှုကို အမေရိကန်သိရှိပြီးနောက် ၁၃ ရက်ကြာ အကျပ်အတည်း ဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုအချိန်က အမေရိကန်သမ္မတမှာ ဂျွန်အက်ဖ်ကနေဒီ ဖြစ်သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 889
CNI International News
ဘာလင်၊ အောက်တိုဘာ ၇
ရုရှားပါဝင်ပတ်သက်မှုဖြင့်သာ ဥရောပ၏ ထာဝရငြိမ်းချမ်းရေး ရနိုင်ကြောင်း ဂျာမနီဝန်ကြီးချုပ်(အဓိပတိ)ဟောင်း အိန်ဂျလာမာကယ်က အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
၂၀၀၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် ယူခဲ့ဖူးသူ မာကယ်သည် မြူးနစ်မြို့၌ ဆူးဒက်ဆက်ဇိုင်ထို (Suddeutsche Zeitung) အမည်ရှိ ဂျာမန်တောင်ပိုင်းသတင်းစာ၏ ၇၇ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား မိန့်ခွန်း၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှား၏ အကူအညီဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ စစ်အေးတိုက်ပွဲ ဖြစ်ပွားနေဦးမည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ကြောင်း DPA သတင်းအရ သိရသည်။
ဂျာမနီဝန်ကြီးချုပ်(အဓိပတိ)ဟောင်း အိန်ဂျလာမာကယ်နဲ့ ပူတင်ကိုတွေ့ရစဉ် (GETTY IMAGES)
ယူကရိန်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် အချိုးအကွေ့ တစ်ခုဖြစ်ကြောင်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင် ၏ ပြောကြားချက်များကို အလေးအနက်ထားရန် လိုအပ်ကြောင်း မာကယ်က သတိပေးခဲ့သည်။
“သူတို့အနှောင့်အယှက်ဖြစ်စေဖို့ အစကတည်းက ခွဲခြားတာထက် သူတို့စကားလုံးတွေကို အလေးအနက်ထားဖို့ အားလုံးကို အကြံပြုချင်ပါတယ်” ဟု ၎င်းက တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ယူကရိန်းသို့ ရုရှား စတင်ကျူးကျော်ခဲ့ပြီးနောက် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုက ရုရှားကို ဥရောပမြေပေါ်တွင် အထီးကျန် ဖြစ်စေရန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှု အများအပြား ချမှတ်ခဲ့ခြင်း၊ ယူကရိန်းသို့ စစ်လက်နက်နှင့်ငွေကြေး အဆက်မပြတ်ပေးပို့ခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 777
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၆
ထိုင်းအစိုးရအဖွဲ့အပြောင်းအလဲကို မကြာမီ မြင်တွေ့ရတော့မည်ဟု မျှော်လင့်ရပြီး လက်ရှိအာဏာရ ပလန်ပရာ ချာရတ်ပါတီ (PPRP) လည်း ပါဝင်နိုင်ဖွယ်ရှိသည်ဟု ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။
၎င်းပါတီဝင်အချို့က ဗိုလ်ချုပ်ကြီးပရာဝစ်ဝေါင်ဆူဝမ်ကို အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြည်ထဲရေးတာဝန် အများစု ရယူရန် တိုက်တွန်းခဲ့ကြသည်။
ဒီမိုကရက်တစ်ပါတီအတွင်း၌လည်း ၂၀၁၃ ခုနှစ်တွင် ဆောင်ခလခရိုင်အုပ်ချုပ်ရေးအဖွဲ့ (PAO) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီးနောက် လက်ထောက်ပြည်ထဲရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သူ နီဖွန်ဘန်ယာမနီးနှင့်ပတ်သက်၍ အပြောင်းအလဲပြုလုပ်ရန် ကြိုးပမ်းနေသည်။
အောက်တိုဘာ ၅ ရက် အစိုးရအဖွဲ့ (ကက်ဘိနက်) အစည်းအဝေး မစတင်မီ “ဝန်ကြီးချုပ်အဖြစ်မှ ဆိုင်းငံ့ခံရသူ ပရာယွတ်ချန်အိုချာနှင့် လက်ထောက်များ ယခုအစိုးရအိမ်တော်သို့ ပြန်လည်ရောက်ရှိနေပြီ” ဟု ဒီမိုကရက်တစ် ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဂျူရင်လက်ဆာနာဝီဆစ်က ပြောကြားခဲ့သည်။
ဒီမိုကရက်တစ်များ၏ လှုပ်ရှားမှုများသည် လက်ရှိအာဏာရ PPRP နှင့် ဘွန်ဂျိုင်ထိုင်းပါတီတို့အတွက် အစိုးရအဖွဲ့ ဖွဲ့စည်းရေးအပေါ် လှုပ်ခတ်သွားစေမည်ဟု ယုံကြည်ရသည်။
PPRP သည် ဗိုလ်ကြီးသမာနကပရွမ်ပေါ နုတ်ထွက်သွား၍ လစ်လပ်နေသော စိုက်ပျိုးရေးဒုတိယဝန်ကြီးနေရာနှင့် နာရူမွမ်ပင်ယိုဆင်ဝမ် နုတ်ထွက်သွား၍ လစ်လပ်နေသော အလုပ်သမားဒုတိယဝန်ကြီးနေရာများကို အစားထိုး ခန့်အပ်ခြင်း မရှိသေးပေ။
PPRP ပါတီမှ အစိုးရအဖွဲ့ဝင်များကို တွေ့ရစဉ်(ဓါတ်ပုံ- Varuth Hirunyatheb)
အလားတူ ဘွန်ဂျိုင်ထိုင်းပါတီက ခန့်အပ်ရန် လိုအပ်နေသည့် ပညာရေးဒုတိယဝန်ကြီးနေရာလည်း ရှိသေးသည်။ ယခင်ဒုတိယဝန်ကြီး ခနော့ဝမ်ဗီလာဝမ်ကလည်း ယင်းရာထူးမှ နုတ်ထွက်သွားခဲ့ပြီဖြစ်သည်။
အဆိုပါညွန်ပေါင်းအဖွဲ့တွင် ပါဝင်သည့် ပါတီများသည် အထွေထွေရွေးကောက်ပွဲကို လာမည့်နှစ်သစ်၌ စတင် သည့်အခါ ဗိုလ်ချုပ်ကြီး ပရာယွတ်ထံမှ အစိုးရအဖွဲ့ အပြောင်းအလဲပြုလုပ်ရေးတောင်းဆိုမှုများကို လျစ်လျူရှုနိုင် ကြမည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ယုံကြည်ထားကြသည်။
လက်ရှိအာဏာရ PPRP ပါတီသည် ၎င်းပါတီဝင်များအကြား လူကြိုက်မများလှသည့် ပြည်ထဲရေးဝန်ကြီး အနူပေါင် ပအိုဂျင်ဒါကို ပါတီခေါင်းဆောင်အဖြစ် အစားထိုးခန့်အပ်ရန် အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။
ပြည်ထဲရေးဝန်ကြီးဌာနသည် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၏ အခွင့်အာဏာကို ရယူထားသဖြင့် အထွေထွေ ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများနှင့် ထိတွေ့ရန် လွယ်ကူနေသည်။ PPRP ပါတီဝင်များသည် ဗိုလ်ချုပ်ကြီး ပရာဝစ်ကို ပြည်ထဲရေးဝန်ကြီးဌာန ဆက်ကိုင်ထားရန် လိုလားနေကြသည်။
ပါတီတွင်း၌ ဗိုလ်ချုပ်ကြီးအနူပေါင်ကို ပြည်ထဲရေးဝန်ကြီးရာထူးမှ ဖယ်ရှားရန် တောင်းဆိုခြင်းသည် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဗိုလ်ချုပ်ကြီးပရာယွတ်ကတော့ အပြောင်းအလဲတောင်းဆိုမှုများကို ယခုအချိန်အထိ တားဆီးနိုင်ဆဲ ဖြစ်သည်။
PPRP ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးတို့သည် ဗိုလ်ချုပ်ကြီးအနူပေါင်ကို အယုံအကြည်မရှိကြောင်း မဲများပေးခဲ့ကြသည်။
Source: Bangkok Post
- By CNI
- Category: နိုင်ငံရေး
- Hits: 591
CNI International News
နယူးယောက်၊အောက်တိုဘာ ၆
နျူကလီးယား လက်နက်များနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များအပေါ် ကုလသမဂ္ဂ (UN) လုံခြုံရေးကောင်စီ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများမှ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ရုန်းထွက်၍ အားကောင်းစေရန် တရုတ်နှင့်ရုရှားတို့ ပံ့ပိုးနေကြကြောင်း အမေရိကန်က အောက်တိုဘာ ၅ ရက်တွင် စွပ်စွဲခဲ့သည်။
“မြောက်ကိုရီးယားဟာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နှစ်နိုင်ငံရဲ့ အကာအကွယ်ပေးမှုကို ရရှိနေပါတယ်” ဟု UN ဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်ဂရင်းဖီးက ပြောကြားခဲ့သည်။
“တိုတိုပြောရရင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နှစ်ယောက်က ကင်မ်ဂျုံအန်းကို လမ်းဖွင့်ပေးထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အောက်တိုဘာ ၄ ရက်၌ နျူကလီးယားလက်နက်ပိုင်ရှင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ပြီးနောက် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံတို့ အောက်တိုဘာ ၅ ရက်တွင် တွေ့ဆုံခဲ့ကြသည်။
မြောက်ကိုရီးယားဒုံးကျည်သည် ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံကို ဖြတ်ကျော်၍ ပစ်လွှတ်ခဲ့ရာ ဂျပန်ကျွန်းများပေါ် နေထိုင်သူများအား အရေးပေါ် သတိပေးချက် ထုတ်ခဲ့ရသည်။
UN ဆိုင်ရာ ရုရှားသံအမတ်ကြီးကိုတွေ့ရစဉ် (GETTY IMAGES)
လုံခြုံရေးကောင်စီ အစည်းအဝေးအား တရုတ်နှင့်ရုရှားတို့က အခြေအနေတစ်ရပ်ကို ဖြေလျှော့ရန် မသင့်တော်ဟု ယူဆ၍ မလိုလားကြပေ။
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ အိန္ဒိယ၊ အိုင်ယာလန်၊ နော်ဝေနှင့် အာရပ်စော်ဘွား များ ပြည်ထောင်စု (ယူအေအီး)တို့မှ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ ဦးတို့သည် မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်လွှတ်မှုကို ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။
လုံခြုံရေးကောင်စီသည် ပြင်းထန်သော စကားလုံးများ (သို့မဟုတ်) ဖိအားများကို အားကိုးနေမည့်အစား အပြု သဘော ဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ကြောင်း UN ဆိုင်ရာ တရုတ်လက်ထောက်သံအမတ် ဂန်ရှောင် (Geng Shuang) က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း (GETTY IMAGES)
“အခြေအနေတစ်ရပ်ကို အရှိန်မြှင့်တာထက် ဆွေးနွေးမှုတွေနဲ့ အထောက်အကူ ဖြစ်သင့်ပါတယ်။ ကွဲပြားခြားနားမှု တွေကို ကျယ်ပြန့်အောင် ချဲ့ထွင်မယ့်အစား တွေ့ဆုံဆွေးနွေးရေး ပြန်စဖို့ အရှိန်မြှင့်သင့်ပါတယ်။ ညီညွတ်မှုကို တည်ဆောက်ပါ” ဟု ၎င်းက တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့် မေလတွင် မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့ မှုများ ထပ်မံချမှတ်ရန် အမေရိကန်ဦးဆောင်၍ တွန်းအားပေးခဲ့သော်လည်း လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်နှင့်ရုရှားတို့က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ကြသည်။
၂၀၀၆ ခုနှစ်တွင် ပြုံယမ်းအစိုးရကို အပြစ်ပေး အရေးယူမှု စတင်ပြီးနောက် လုံခြုံရေးကောင်စီအတွင်း သဘော ထား ကွဲလွဲမှုများ ပထမဆုံးအကြိမ် အများသိအောင် ဖြစ်လာခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 590
CNI International News
တိုင်ပေ၊ အောက်တိုဘာ ၆
ထိုင်ဝမ်သည် မိမိကာကွယ်ရေးအတွက် တစ်ပါးသူများကို အားကိုးနေမည် မဟုတ်ကြောင်း သမ္မတ ဆိုင်အင်ဝမ်က အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတစ်ပုဒ်၌ တွေ့ရသည်။
မိမိတို့ အချုပ်အခြာအာဏာကို တရုတ် ထိပါးလာသည်ဟု ထိုင်ဝမ်က မှတ်ယူနေသလို ဒီမိုကရေစီ နည်းကျ အုပ်ချုပ်နေသော ကျွန်းလုံခြုံရေးအတွက် အမေရိကန်၏ ကတိကဝတ်ကိုတော့ ကြိုဆိုနေခဲ့သည်။
ဝါရှင်တန်တွင် ကျင်းပသည့် ဖိုရမ်တစ်ခုတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်ဘက်မှ ရှားရှားပါးပါး တိုက်ခိုက်လာသည့်အခါ ထိုင်ဝမ်ဘက်မှ ၎င်းတို့ ခုခံကာကွယ်ပေးမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလတွင် ကတိ ပြုခဲ့ပြီးနောက် ယခုကဲ့သို့ ဆိုင်အင်ဝမ်၏ သဘောထား မှတ်ချက် ထွက်ပေါ်လာခဲ့သည်။
အမေရိကန် သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ်(AP)
ဝါရှင်တန်အခြေစိုက် ဂလိုဘယ်ထိုင်ဝမ်သိပ္ပံမှ ပညာရှင်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ဆိုင်အင်ဝမ်က “မကြာသေးမီက အမေရိကန် စစ်လက်နက်များ ရောင်းချပေးခဲ့မှုနှင့် ထိုင်ဝမ်လုံခြုံရေးအတွက် ကတိကဝတ်တို့အတွက် ဘိုင်ဒန်အစိုးရနှင့် အမေရိကန်ကွန်ဂရက်(လွှတ်တော်)တို့ကို ကျေးဇူးတင်ရှိကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။
“ဒါပေမယ့် ကျမတို့ဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ တစ်ပါးသူတွေအပေါ် မှီခိုအားကိုးနေမှာ မဟုတ်ဘူး” ဟု ဆိုင်အင်ဝမ်က ပြောကြားခဲ့သည်။
“ဒါကြောင့် ထိုင်ဝမ်ဟာ ကျမတို့လုံခြုံရေးကို ကာကွယ်ဖို့နဲ့ ဒီမိုကရေစီစံနှုန်းတွေအတိုင်း ထိန်းသိမ်းသွားဖို့ အပြည့် အဝ ကတိပြုထားတယ်ဆိုတာ ဒီနေရာမှာ ထပ်လောင်း ပြောကြားလိုပါတယ်။ ကျမတို့က လက်ရှိရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှု အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ရှင်းပြ ခဲ့သည်။
ဘိုင်ဒန်၏ ကတိကဝတ်သည် အမေရိကန်မူဝါဒ ပြောင်းလဲမှုကို ဆိုလိုခြင်း မဟုတ်ကြောင်း အိမ်ဖြူတော်က ပြော ကြားခဲ့သော်လည်း ထိုင်ဝမ် လွတ်လပ်ရေးနှင့်ပတ်သက်၍ အမေရိကန်၏ ရပ်တည်ချက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် အသေးစိတ် ထုတ်မပြောခြင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဝေဖန်သုံးသပ်သူများအကြား ငြင်းခုံနေကြသည်။
ထိုင်ဝမ်ကျွန်းပတ်လည် တရုတ်စစ်ရေးလေ့ကျင့် (BBC)
ထိုင်ဝမ်ကို ၎င်း၏ပိုင်နက် နယ်မြေအဖြစ် မှတ်ယူထားသော တရုတ်သည် ပြီးခဲ့သည့် ဩဂုတ်လ၌ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ခရီးစဉ်နောက်ပိုင်း ဒေါသတကြီးဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ သည်။
နောက်ပိုင်းတွင် ထိုင်ဝမ်ကျွန်းတဝိုက် တရုတ်စစ်တပ်၏ လှုပ်ရှားမှုများမှာ အတိုင်းအတာတစ်ခုအထိ လျော့ကျ သွားခဲ့သော်လည်း တရုတ်စစ်လေယာဉ်များက ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းအထိ ပုံမှန်ပျံသန်းလျက်ရှိ သည်။
အဆိုပါမျဉ်းကို ဖြတ်သန်း၍ တရုတ်တိုက်လေယာဉ် ၈ စီး ဝင်ရောက်ပျံဝဲခဲ့ကြောင်း ထိုင်ဝမ်က အောက်တိုဘာ ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်စစ်ဆင်ရေး လှုပ်ရှားမှုများသည် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ထိပါးပြီး အင်ဒို-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း သမ္မတ ဆိုင်အင်ဝမ်က ပြောကြားခဲ့သည်။
“နိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) ဒေသတစ်ခုအပေါ် ခြိမ်းခြောက်နေတဲ့ သမိုင်းကြောင်းယှဉ်ပြီး လက်ရှိဖြစ်ရပ်တွေကို ကျမတို့ နားလည်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 636
CNI International News
မနီလာ၊အောက်တိုဘာ ၆
လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးတွင် မြန်မာ နိုင်ငံ အကျပ်အတည်းအတွက် မြန်မာ့တပ်မတော် ကိုယ်စားလှယ်ကို စားပွဲဝိုင်းပေါ်ခေါ်ဖို့ ချဉ်းကပ်မှုအသစ် တစ်ခုအား အဆိုပြုသွားမည်ဟု ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာက ပြောကြားခဲ့ကြောင်း Channel News Asia က ရေးသားဖော်ပြထားသည်။
ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာသည် မနီလာမြို့မှာ နိုင်ငံခြားသတင်းထောက်များနှင့် အောက်တိုဘာ ၅ ရက် တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်က အာဏာရယူပြီးနောက် ပြည်တွင်းဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီး ယမန်နှစ် ဧပြီလတွင် အာဆီယံနှင့် သဘောတူခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ် အချက် ၅ ချက် အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့သည့် နစက အစိုးရကို ဒေသတွင်း ထိပ်သီး အစည်းအဝေးများ တက်ရောက်ခြင်းမှ တားမြစ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က ကျင်းပသည့် အာဆီယံ အစည်းအဝေးကိုတွေ့ရစဉ်
အာဆီယံ၏ ပုံမှန်မဟုတ်သော တင်းမာသည့် ရပ်တည်ချက်ကြောင့် မြန်မာ ဗိုလ်ချုပ်ကြီးများသည် အာဆီယံ အစီအစဉ်ကို လိုက်နာရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သော်လည်း အကြမ်းဖက်သမားဟု ၎င်းတို့ခေါ်ဝေါ် သည့် ဒီမိုကရေစီတော်လှန်ရေး လှုပ်ရှားသူများနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုချက်ကိုမူ လက်မခံကြောင်း ငြင်းဆိုခဲ့ကြသည်။
“အနည်းဆုံးတော့ တပ်မတော် ကိုယ်စားလှယ်တွေကို စားပွဲဝိုင်းပေါ်ထိုင်ဖို့ ခိုင်မာတဲ့ အဆိုပြုချက်တချို့ တင်ပြဖို့ အချိန်တန်ပြီ။ ဒါကြောင့် ဒါတွေကို ကျနော်တို့ စပြီး ဆွေးနွေးနိုင်ပါတယ်” ဟု မားကို့စ်က ပြောကြားခဲ့သည်။
လက်ရှိ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံသည် လာမည့် အာဆီယံခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးများ တွင် မြန်မာကိုယ်စားပြု တက်ရောက်ရန် နိုင်ငံရေးမှ မဟုတ်သည့် ပုဂ္ဂိုလ်တစ်ဦးကို အမည်စာရင်း တင်သွင်းရန် နစကထံ တောင်းဆိုထားကြောင်း ရိုက်တာသတင်းဌာနကို အတည်ပြုခဲ့သည်။
“နစကက ထိပ်သီးအစည်းအဝေးကို ဘယ်သူ့ကိုမှ မစေလွှတ်ဘူးလို့ ငြင်းဆိုထားပါတယ်” ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ချမ်ဆောင်နရီ (Chum Sounry) က ပြောသည်။
Source: Reuters, Channel News Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 661
CNI International News
ဘိုဂိုတာ၊ အောက်တိုဘာ ၅
ကိုလံဘီယာအစိုးရကိုယ်စားလှယ်များနှင့် ပြည်တွင်းအင်အားအကောင်းဆုံး ELN ပြောက်ကျားသူပုန်အဖွဲ့တို့ အောက်တိုဘာ ၄ ရက်တွင် တွေ့ဆုံခဲ့ကြပြီး ၂၀၁၈ ခုနှစ်က ဆိုင်းငံ့ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည် စတင်သွားမည်ဟု ကြေညာခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
၎င်းတို့သည် ဗင်နီဇွဲလားနိုင်ငံ၏မြို့တော်တွင် တွေ့ဆုံခဲ့ကြပြီးနောက် ကိုလံဘီယာအစိုးရနှင့် အမျိုးသား လွတ်မြောက်ရေးတပ် (ELN) ကိုယ်စားလှယ်များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်မည့်ရက်ကို လာမည့်နိုဝင်ဘာ ပထမရက်သတ္တပတ်အကုန်ပိုင်းတွင် ထပ်မံကြေညာမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
နော်ဝေ၊ ဗင်နီဇွဲလားနှင့် ကျူးဘားစသည့် နိုင်ငံများသည် ကိုလံဘီယာငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အာမခံ ပေးကြသော နိုင်ငံများဖြစ်ကြပြီး ဆွေးနွေးမှုများ အောင်မြင်စေဖို့ အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု လည်း မရှိမဖြစ်လိုအပ်ကြောင်း အထက်ပါကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။
အမျိုးသား လွတ်မြောက်ရေးတပ် (ELN) တပ်မှူး အန်တိုနီယိုဂါစီယာနှင့် ကိုလံဘီယာ အစိုးရ ကိုယ်စား ငြိမ်းချမ်းရေးဆိုင်ရာ မဟာမင်းကြီး အိုင်ဗန်ဒါနီလို လက်မှတ်ရေးထိုးကြစဉ်(ဓါတ်ပုံ-အေပီ)
ဆွေးနွေးပွဲကျင်းပမည့်နေရာကို မကြေညာရသော်လည်း ELN တပ်မှူး အန်တိုနီယိုဂါစီယာ (Antonio Garcia) က ကျူးဘား၊ နော်ဝေနှင့် ဗင်နီဇွဲလားနိုင်ငံများတွင် စေ့စပ်ညှိနှိုင်းရေးအဆင့်များကို သီးခြားစီ ဆွေးနွေးနိုင်ရန် အကြံပြုတင်ပြထားသည်။
ELN ပြောက်ကျားတပ်ဖွဲ့ကို ကျူးဘားတော်လှန်ရေးမှ လှုံ့ဆော်လာခဲ့သည့် ကျောင်းသားများ၊ သမဂ္ဂခေါင်းဆောင် များနှင့် ဘာသာရေးခေါင်းဆောင်များက ၁၉၆၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ကြသည်။
အဆိုပါတပ်ဖွဲ့သည် ကိုလံဘီယာပြည်တွင်း၌ အင်အား ၄ သောင်းခန့်ရှိသည်ဟု ယုံကြည်ရပြီး တရားမဝင်ရွှေတွင်း များနှင့်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည့်လမ်းကြောင်းများကို ဗင်နီဇွဲလားနိုင်ငံပိုင်နက်နှင့် ချိတ်ဆက် လုပ်ကိုင်နေသည်။
ကိုလံဘီယာအစိုးရနှင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များအကြား ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေး သဘော တူညီချက်အရ ELN သည် ပြည်တွင်း၌ နောက်ဆုံးလက်ကျန်နှင့်အင်အားအကောင်းဆုံး ပြောက်ကျား သူပုန် အဖွဲ့အဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုအချိန်မှစ၍ ယခင် FARC အဖွဲ့၏ ထိန်းချုပ်နယ်မြေများတွင် ELN က ၎င်း၏လှုပ်ရှားမှုများကို တိုးမြှင့်လာခဲ့သည်။
ELN သည် ပြန်ပေးဆွဲခြင်းနှင့် ရေနံလုပ်ငန်းအခြေခံအဆောက်အဦများကို တိုက်ခိုက်ခြင်းတို့ကြောင့် နာမည်ကြီး သဖြင့် အမေရိကန်အစိုးရနှင့် ဥရောပသမဂ္ဂ (EU) တို့၏ အကြမ်းဖက်အဖွဲ့အစည်းစာရင်းထဲသို့ သွတ်သွင်းထားခြင်း ခံရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1033
CNI International News
ဆိုးလ်၊ အောက်တိုဘာ ၅
အောက်တိုဘာ ၅ ရက် (ယနေ့) တွင် အမေရိကန်နှင့်အတူ တိုက်ရိုက်ပစ်ခတ်သည့် စစ်ရေးလေ့ကျင့်နေစဉ်အတွင်း တောင်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်တစ်စင်း မြေပြင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း အေပီသတင်းအရ သိရသည်။
ယမန်နေ့ အစောပိုင်းက ဂျပန်နိုင်ငံကို ဖြတ်ကျော်ပြီး အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းအထိ တိုက်ခိုက်နိုင်စွမ်း ရှိသည့် လက်နက်တစ်မျိုးကို မြောက်ကိုရီးယားက အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ တောင်ကိုရီးယားဘက်ကလည်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ကျရောက်ပေါက်ကွဲမှုနှင့် နောက်ဆက်တွဲပစ်ခတ်မှုများကြောင့် ကိုရီးယားကမ်းရိုးတန်းပေါ်ရှိ ဂန်းနား (Gangneung) မြို့နေထိုင်သူများ အထိတ်တလန့်ဖြစ်ခဲ့ကြပြီး ပြိုင်ဘက်မြောက်ကိုရီးယား၏ ရန်စလာသည့် လက်နက်စမ်းသပ်မှု တိုးမြှင့်နေခြင်းအပေါ် မကျေမနပ်ဖြစ်ခဲ့ကြသည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့ လေကြောင်းလိုင်းဖြင့် ပူးတွဲစစ်ရေးလေကျင့်နေစဉ်(ဓါတ်ပုံ-အေပီ)
ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ နာရီပေါင်းများစွာကြာအောင် တောင်ကိုရီးယားစစ်တပ်နှင့် အစိုးရတာဝန်ရှိ သူများက ရှင်းလင်းချက် မပေးခဲ့သဖြင့် အဆိုပါမြို့နေသူများမှာ မြောက်ကိုရီးယား၏တိုက်ခိုက်မှုဟု ယူဆ၍ စိုးရိမ်ထိတ်လန့်နေခဲ့ကြသည်။
ဆိုးလ်မြို့တော်အပြင်ဘက်ရှိ လေတပ်အခြေစိုက်စခန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် တာတိုပစ် ဟူမိုး-၂ (Hyumoo-2) ပဲ့ထိန်းဒုံးကျည်ကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောကြားခဲ့သည်။ ထို့ပြင် အရပ်ဘက်အဆောက်အအုံများလည်း ထိခိုက်မှုမရှိကြောင်း ဆက်လက်ပြောကြား ခဲ့သည်။
ဂန်းနားဒေသ ကိုယ်စားပြုအာဏာရပါတီမှ လွှတ်တော်အမတ်ဖြစ်သူ ကွမ်ရှောင်ဒုန်း (Kwon Seong-dong) က “ကျနော်တို့အခွန်ထမ်းပြည်သူတွေရဲ့ ငွေနဲ့ ဝယ်ယူထုတ်လုပ်ထားတဲ့ လက်နက်စနစ်ကနေ ကျနော်တို့ပြည်သူတွေ ကို ခြိမ်းခြောက်သွားတယ်” ဟု မှတ်ချက်ချခဲ့သည်။
စစ်ရေးလေ့ကျင့်မှုပြုလုပ်စဉ် လေကြောင်း ဒုံးကျည်များပစ်လွှတ်စဉ် (ဓါတ်ပုံ-အေပီ)
ဒုံးကျည်ကျရောက်ပေါက်ကွဲမှုနှင့်ပတ်သက်၍ စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးသွားရန် တောင်ကိုရီးယားစစ်တပ်ကို မိမိ တောင်းဆိုခဲ့ကြောင်း ကွမ်ရှောင်ဒုန်းက ဖေ့စ်ဘွတ်တွင် ရေးသားခဲ့သည်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ မီဒီယာများကို ပိတ်ပင်တားမြစ်ထားခဲ့ပြီး သတိပေးချက်ထုတ်ပြန်ဖို့ ပျက်ကွက်ခဲ့ခြင်းနှင့်ပတ်သက်၍လည်း စစ်တပ်ကို ၎င်းက အပြစ်တင်ဝေဖန်ခဲ့သည်။
“ဒါဟာ တာဝန်မဲ့တဲ့ တုံ့ပြန်မှုပါပဲ။ သူတို့က တရားဝင်သတင်းထုတ်ပြန်တာတောင် မရှိသေးပါဘူး” ဟု ၎င်းက ဆက်လက်ဝေဖန်ခဲ့သည်။
အဆိုပါကျရောက်ပေါက်ကွဲမှုအပြီး နာရီအနည်းငယ်အကြာတွင် ပျက်ပြယ်သွားပြီဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က အသိအမှတ်ပြုခဲ့ပြီး လေတပ်စခန်းအနီး လိမ္မော်ရောင်မီးတောက်များ ထွက်ပေါ်လာပုံကို လူမှုမီဒီယာ များပေါ်သို့ ဗီဒီယိုဖိုင်များ လွှင့်တင်ကြကြောင်း သိရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 826
CNI International News
ဝါဆော၊အောက်တိုဘာ ၄
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်များ သိမ်းပိုက်ခဲ့၍ ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေး ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ ပေးအပ်ရန် ဂျာမနီနိုင်ငံထံသို့ တရားဝင် တောင်းခံသည့်စာတစ်စောင်ကို ပိုလန်နိုင်ငံခြားဝန်ကြီးက လက်မှတ်ရေးထိုးခဲ့ကြောင်း အေပီသတင်းအရ သိရသည်။
၎င်း၏ သဘောထား မှတ်ချက်ပါရှိသော စာလွှာကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇီဘီနီရောင်း (Zbiniew Rau) က ပြောကြားခဲ့သည်။
ယခုရက်ပိုင်း လုံခြုံရေးညီလာခံ တစ်ခုသို့ တက်ရောက်မည့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘေးဘော့နှင့် ဝါဆောမြို့တွင် ဇီဘီနီရောင်းက အကြိုတွေ့ဆုံခဲ့ရာ ယခုစာလွှာကို လက်မှတ်ရေးထိုး တောင်းခံမှု ပေါ်ပေါက်လာခဲ့ သည်။
ဂျာမနီက ပိုလန်ကို ၁၉၃၉-၁၉၄၅ ခုနှစ် သိမ်းပိုက်ခဲ့ခြင်း၏ အကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မိမိ တို့ နှစ်ဖက်စလုံးက မနှောင့်နှေးသင့်ကြောင်း ဇီဘီနီရောင်းက ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။
ဂျာမနီထံမှ စစ်လျော်ကြေးများအပြင် လုယက်ယူဆောင်သွားသော အနုပညာလက်ရာများ၊ မော်ကွန်း မှတ်တမ်း မှတ်ရာများ၊ ဘဏ်အပ်ငွေဆိုင်ရာ ပြဿနာများကိုလည်း ဖြေရှင်းပေးရမည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ပိုလန်နိုင်ငံသူများကိုတွေ့ရစဉ်
ဘာလင်အစိုးရသည် ထိုစစ်ပွဲ၏ စစ်မှန်သော ပုံသဏ္ဌာန်နှင့် ပိုလန်အပေါ် ဆိုးကျိုးပြုခဲ့ခြင်းအကြောင်း ယနေ့ ဂျာမန်လူ့အဖွဲ့အစည်းကို အသိပေးသွားရန် ကြိုးပမ်းသင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။
လျော်ကြေးငွေ ပေးချေမှုသည် အမှန်တရားနှင့် တရားမျှတမှုမှတဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်စေပြီး အတိတ်မှ နာကျင်စရာများကို ပြည်ဖုံးကား ချသွားမည်ဖြစ်ကြောင်း ဝါဆောအစိုးရက လိုလားနေသည်။
“ဒီကိစ္စကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ပြည်ဖုံးကား ချပြီးသားပါ” ဟု ဂျာမနီက တုံ့ပြန်ခဲ့သည်။
ဥရောပအိမ်နီးချင်းလည်းဖြစ်၊ မိတ်ဖက်နိုင်ငံလည်းဖြစ်ကြသည့် မိမိတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း အတူတကွ တည်ဆောက်ခဲ့ကြသော ယုံကြည်မှုကို ထိန်းသိမ်းထားရန် တာဝန်ရှိကြောင်း ပိုလန်နိုင်ငံသို့ မထွက်ခွာ မီ ဘာလင်မြို့တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဘေးဘော့က ပြောကြားခဲ့သည်။
“အဲဒါနဲ့ပတ်သက်လို့ ဂျာမနီဟာ ပိုလန်ပြည်သူတွေ ပေးဆပ်ခဲ့ရတဲ့ အတိုင်းအဆမရှိ ဆင်းရဲဒုက္ခတွေကို သတိရ အောက်မေ့ခြင်းလည်း ပါဝင်ပါတယ်” ဘေးဘော့က ဆက်လက်ပြောကြားခဲ့သည်။
လက်ယာယိမ်းသည့် ပိုလန်အစိုးရသည် ၎င်း၏အဓိကမိတ်ဖက်ထဲမှ တစ်နိုင်ငံဖြစ်သည့် အိမ်နီးချင်းဂျာမနီထံမှ စစ်လျော်ကြေး အပြည့်အဝ မရသေးကြောင်း ယခုအခါ ဥရောပသမဂ္ဂ (EU) အတွင်း စောဒကတက်နေခဲ့သည်။
Source: AP