- By CNI
- Category: နိုင်ငံရေး
- Hits: 736
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၀
ထိုင်းပင်လယ်ကွေ့ရေပြင်တွင် စစ်သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေဆဲ ဖြစ်သော သင်္ဘောသား ၃၁ ဦးကို ထိုင်းရေတပ်သင်္ဘောများနှင့် ရဟတ်ယာဉ်များက ရှာဖွေရေး ဆောင်ရွက်လျက်ရှိသည်ဟု အေပီသတင်း မှာ ရေးသားဖော်ပြထားသည်။
တာဝန်ရှိသူများက နစ်မြှုပ်ခဲ့သော သင်္ဘောပေါ်တွင် အသက်ကယ်အင်္ကျီ လုံလောက်စွာ မပါရှိခဲ့ကြောင်း အတည် ပြုခဲ့သည်။
ဒီဇင်ဘာ ၁၉ ရက်နေ့ ညအထိ နစ်မြှုပ်ခဲ့သော HTMS Sukhothai စစ်သင်္ဘောမှ သင်္ဘောသား ၇၅ ဦးကို ကယ် တင်နိုင်ခဲ့ပြီး ၃၁ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ထိုင်းရေတပ်က ပြောသည်။
ထို့နောက် သင်္ဘောနစ်မြှုပ်မှုကို ဖြစ်စေသည့် လှိုင်းကြီးခြင်း အခြေအနေမှာ လျော့ပါး သွားပြီ ဖြစ်သော်လည်း လှေငယ်များအတွက် အန္တရာယ်ရှိနေဆဲ ဖြစ်သည်ဟုလည်း သိရသည်။
လက်ရှိအချိန်အထိ စစ်သင်္ဘောနစ်မြှုပ်ရခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ အခြေအနေကို အသေးစိတ် မသိရ သေးပေ။
ရေတပ်ဒုတိယဗိုလ်မှူးကြီး ချောင်ချိုင် ချွမ်ချိုးပတ်ကိုတွေ့ရစဉ် (GETTY IMAGES)
သင်္ဘောနစ်မြှုပ်ချိန်တွင် သင်္ဘောပေါ်၌ ရှိသင့်သည့် လူဦးရေထက် ပိုနေပြီး အသက်အင်္ကျီ လုံလောက်ခဲ့ခြင်း မရှိဘူး ဟု အသက်ဘေးမှ လွတ်မြောက်လာသူတစ်ဦးက Thai Rath ရုပ်သံသို့ ပြောသည်။
ထိုပြောဆိုမှုမှာ မှန်ကန်သည်ဟုလည်း ရေတပ်ဒုတိယဗိုလ်မှူးကြီး ချောင်ချိုင် ချွမ်ချိုးပတ် (Choengchai Chomchoengpaet)က ပြောသည်။
နစ်မြှုပ်ခဲ့သော သင်္ဘောသည် ပုံမှန်အားဖြင့် သင်္ဘောသား ၈၇ ဦးနှင့် အရာရှိများကိုသာ တင်ဆောင် နိုင်သည်ဟု ထိုင်းရေတပ် ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
ကယ်ဆယ်ထားသည့် သူများမှ ၁၁ ဦးကို ဆေးရုံတင်ထားရပြီး ၎င်းတို့ထဲတွင် သေဆုံးသူတစ်ဦး ရှိသည်ဆိုသည့် သတင်းများကို ထိုင်ရေတပ်က ငြင်းဆိုထားသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်၌ လေတိုက်နှုန်း ပြင်းထန်မှုကြောင့် HTMS Sukhothai ပေါ်သို့ ပင်လယ်ရေများ ရောက်ရှိလာခဲ့ပြီး သင်္ဘော၏ လျှပ်စစ်စနစ် ပျက်စီးသွားခဲ့ကာ ထိန်းချုပ်ရန် ရုန်းကန်ခဲ့ရသည်။
HTMS Sukhothai စစ်သင်္ဘောကိုတွေ့ရစဉ်
ရေတပ်ဘက်မှ ဖရီးဂိတ်သင်္ဘော ၃ စင်း၊ အကူစက်များ တင်ဆောင်ထားသော ရဟတ်ယာဉ် ၂ စင်း စေလွှတ်ကာ သင်္ဘောပေါ်မှ ရေများကို ဖယ်ရှားရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ လေတိုက်နှုန်း ပြင်းထန်မှုကြောင့် မအောင်မြင်ခဲ့ရခြင်း ဖြစ်သည်။
စွမ်းအင် ပြတ်တောက် သွားမှုကြောင့် သင်္ဘောပေါ်သို့ ရေများ ထပ်မံ ဝင်ရောက်လာခဲ့ကာ နစ်မြှုပ်မှုကို ဖြစ်စေခဲ့သည်။
သင်္ဘောနစ်မြှုပ်မှု မဖြစ်ပွားခင် ထိုင်းမိုးလေဝသဌာနမှ သတိပေးချက် ထုတ်ပြန်မှုလည်း လုပ်ဆောင်ခဲ့သေးသည်။
Sukhothai သင်္ဘောကို ဝါရှင်တန်ရှိ တာကိုမာတွင် တည်ဆောက်ခဲ့ကာ ၁၉၈၇ ခုနှစ်တွင် စတင်တာဝန် ထမ်း ဆောင်ခဲ့သည်။
အဆိုပါ သင်္ဘောသည် ၂၅၂ ပေအရှည်ရှိသည်။ သင်္ဘောသည် လက်နက်တပ်ဆင်ထားသည့် အလယ်လတ်တန်းစား အမြှာက်တစ်လက်တင် သင်္ဘောဖြစ်ကာ ကမ်းလွန်ရေပြင်အနီး ကင်းလှည့်ခြင်းအတွက် အများဆုံး အသုံးပြုသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 700
CNI International News
မော်စကို၊ဒီဇင်ဘာ ၂၀
တရုတ်နှင့် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်အတွက် ရုရှားစစ်သင်္ဘောများ တနင်္လာနေ့တွင် ထွက်ခွာ သွားခဲ့သည်ဟု AP သတင်းတွင်ဖော်ပြသည်။ယင်းက အမေရိကန်နှင့် တင်းများမှုများရှိနေချိန်တွင် တရုတ်နှင့် ရုရှားနှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ နီးကပ်သည့်ဆက်ဆံရေးအနေအထားကို မြှင့်တင်လာခြင်းကိုလည်း ဖော်ပြနေသည်။
Varyag(ဗားရက်ခ်)ခရူဇာစစ်သင်္ဘော၊ Marshal Shaposhnikov(မာရှယ် ရှာပိုရှနီခက်ဖ်)ဖျက်သင်္ဘောနှင့် ရုရှား ပစိဖိတ်စစ်သင်္ဘောအုပ်စုမှ အစောင့်သင်္ဘောနှစ်စင်းတို့သည် ဗုဒ္ဓဟူးနေ့၊ အရှေ့တရုတ်ပင်လယ်တွင် စတင်မည့် လေ့ကျင့်ရေး၌ ပါဝင်သွားမည်ဟု ရုရှားကာကွယ်ရေးဌာနက ပြောသည်။
တရုတ်ရေတပ်ဘက်မှ စစ်သင်္ဘောတချို့နှင့် ရေငုပ်သင်္ဘောတစ်စင်းလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင် မည်ဖြစ်ပြီး တရုတ်နှင့် ရုရှားစစ်လေယာဉ်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်သွားမည်ဟု ရုရှား ကာကွယ်ရေးဌာနက ပြောသည်။ ရုရှားနှင့်တရုတ်တို့သည် ပြီးခဲ့သည့်လများမှ စတင်ကာ ၎င်းတို့ကြားစစ်ဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကြီးထွားလာသည်ကို ထုတ်ဖော်ပြသခဲ့သည်။
ရုရှားသမ္မတ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်(ဓါတ်ပုံ-ရိုက်တာ)
ပြီးခဲ့သည့်နိုဝင်ဘာလတွင်လည်း ရုရှားလေတပ်၏ Tu-95 ဗုံးကြဲလေယာဉ်များနှင့် တရုတ်၏ H-6K လေယာဉ်များ သည် ဂျပန်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့တွင် ပူးတွဲကင်းလှည့်မှုပြုလုပ်ခဲ့သည်။ စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရုရှားဗုံးကြဲလေယာဉ်များသည် ပထမဆုံးအကြိမ်အဖြစ် တရုတ်မြေပေါ်သို့ ဆင်းသက် ခဲ့ကာ တရုတ်လေယာဉ်များသည်လည်း ရုရှားရှိလေတပ်အခြေစိုက်စခန်းများသို့ ပျံသန်းခဲ့သည်။ရုရှားနှင့်ပူးတွဲ လေ့ကျင့်ရေးပြုလုပ်ရန်အတွက် စက်တင်ဘာလတွင် တရုတ်ဘက်မှတပ်သား ၂၀၀၀၊ စစ်ယာဉ် ၃၀၀၊ တိုက်ခိုက် ရေးလေယာဉ် ၂၁ စီးနှင့် စစ်သင်္ဘော ၃ စီးကို ရုရှားသို့ စေလွှတ်ခဲ့သည်။ယင်းက တရုတ်နိုင်ငံအနေဖြင့်ရုရှားနှင့် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွက် ၎င်းတို့၏ စစ်တပ်အခွဲ ၃ ခုမှ တပ်သားများကို ပထမဆုံးအကြိမ် စေလွှတ်မှု ဖြစ်ကာ တရုတ်-ရုရှား အပြန်အလှန် ယုံကြည်မှုကို ဖော်ပြခြင်းလည်းဖြစ်သည်။
ဒီဇင်ဘာ ၁၉ ရက်နေ့(တနင်္လာနေ့)တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းဋ္ဌာနမှ ထုတ်ပြန်သည့် ဗီဒီယိုမှ ရိုက်ကူးထားသော ဓာတ်ပုံတွင် ရုရှားနှင့် တရုတ်တို့ စီစဉ်ထားသော ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှု အတွက် ရုရှား၏ပစိဖိတ်သမုဒ္ဒရာတွင် Sovershenny corvette ရွက်လွှင့်သွားနေစဉ်(ဓါတ်ပုံ-အေပီ)
ရုရှားသမ္မတ ပူတင်က ရုရှားတပ်များကို ယူကရိန်းသို့စေလွှတ်လိုက်သည့် ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ကာ တရုတ်နှင့်ရုရှားတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာခဲ့သည်။
ရုရှားနှင့် အတိုင်းအတာမရှိသော မိတ်ဖက်ဆက်ဆံရေးကို ပိုင်ဆိုင်ထားသည်ဟု သတ်မှတ်ထားသော တရုတ် နိုင်ငံသည် ရုရှား၏လုပ်ရပ်များအတွက် ဝေဖန်ခဲ့ခြင်းမရှိဘဲ ရုရှားကို ရန်စခဲ့ခြင်းအတွက် အမေရိကန်နှင့်နေတိုး တို့ကို ပြစ်တင်ဝေဖန်ခဲ့သည်။
အပြန်အလှန်အနေဖြင့် ထိုင်ဝမ်အရေးအတွက် တရုတ်နှင့်အမေရိကန်တို့ တင်းမာမှု များရှိနေချိန်တွင် ရုရှား ဘက်က တရုတ်ကိုအခိုင်အမာထောက်ခံခဲ့သည်။
Source:AP
- By CNI
- Category: နိုင်ငံရေး
- Hits: 575
CNI International News
ပတ်ရှ်ဝါ၊ ဒီဇင်ဘာ ၂၀
ပါကစ္စတန် အနောက်တောင်ပိုင်းရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေးစင်တာ တစ်ခုတွင် ထိန်းသိမ်းထားသော တာလီဘန် အကျဉ်းသားများက အစောင့်များကို အလစ်တိုက်ခိုက်၍ လက်နက်များကိုရယူပြီး စင်တာကို ထိန်းချုပ် ထားသည်ဟု အရာရှိများက ပြောခဲ့ကြောင်း အေပီသတင်းမှာ ဖော်ပြထားသည်။
ထို့နောက် ဓားစာခံများကို ဖမ်းဆီးကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်သည် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။
ထိုအခင်းဖြစ်ပွားရာ စင်တာသည် ခီဘာ ပတ်ခ်တန်ခွ (Khyber Pakhtunkhwa) ပြည်နယ်၏ ခရိုင်တစ်ခု ဖြစ်သော ဘန်နူ (Bannu) တွင်ရှိသည်။ စီးနင်းမှုဖြစ်ရပ်အတွင်း အရာရှိတစ်ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန် အာဏာပိုင်များက ပြောသည်။
ထို့နောက် အခင်းဖြစ်ရာနေရာသို့ စစ်တပ်မှ တပ်ဖွဲ့များနှင့် အထူးတပ်ဖွဲ့ဝင်များ ချထားပြီးဖြစ်သော်လည်း ၁၂ နာရီ ကြာသည်အထိ တာလီဘန်အကျဉ်းသားများက ဓားစာခံများကို ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်သည်။
ပါကစ္စတန်တာလီဘန်များကိုတွေ့ရစဉ် (AFP)
ယခုဖြစ်ရပ်တွင် အနည်းဆုံး တာလီဘန် အယောက် ၃၀ ပါဝင်ပြီး ဓားစာခံအဖြစ် အဖမ်းခံရသူ ၁၀ ဦးအထိ ရှိနိုင် သည်ဟု အာဏာပိုင်များက ပြောသည်။
၎င်းက အာဖဂန်နှင့်နယ်စပ် တစ်လျှောက်ရှိ ဝေးလံသော ဒေသများတွင် ပါကစ္စတန်အစိုးရအနေဖြင့် ထိန်းချုပ် ထားနိုင်ခြင်း မရှိသည်ကိုလည်း ဖော်ပြနေသည်။ ပါကစ္စတန်တာလီဘန်များသည် သီးသန့်အဖွဲ့တစ်ခု ဖြစ်သော် လည်း ၎င်းတို့သည် အာဖဂန်တာလီဘန်များနှင့် မဟာမိတ်ဖြစ်သည်။
စင်တာရှိ ရဲတပ်ဖွဲ့ဝင်များက အကျဉ်းသားများကို စစ်ဆေးစဉ် ယခုကဲ့သို့ အကျဉ်းသားများ၏ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရခြင်းဟု ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောသည်။
စင်တာကို ဝိုင်ထားကြောင်း တာဝန်ရှိသူများက ဓားစာခံများကို ပြန်လွှတ်ပေးရေး တာလီဘန်များနှင့် ညှိနှိုင်းနေ ကြောင်း၊ ဓားစာခံများကို ကယ်တင်ရန် စစ်ဆင်ရေးတစ်ခု စတင်နေပြီ ဖြစ်ကြောင်း၊ သို့သော် အသေး စိတ်ကိုတော့ မပြောခဲ့ပေ။
ပါကစ္စတန်တာလီဘန်များက စင်တာကိုထိန်းချုပ်ထားတဲ့ မြေပုံအညွန်း(AP)
တာလီဘန်များနှင့် ညှိနှိုင်းရန် ၎င်းတို့၏ ဆွေမျိုးများ အကူအညီကို ရယူထားကြောင်း လုံခြုံရေးအရာရှိများက ပြောသော်လည်း အသေးစိတ်ကို မသိရသေးပေ။ ဖမ်းဆီးခံထားရသော ဓားစာခံများတွင် စစ်သားများပါ ပါဝင် နေပြီး ညှိနှိုင်းမှု မအောင်မြင်ခဲ့လျှင် စစ်တပ်က အဆိုပါစင်တာကို ဝင်စီးမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။
တာလီဘန်များက ၎င်းတို့ ထွက်ခွာမည့် လမ်းကြောင်းကို မစီစဉ်ပေးလျှင် ဓားစာခံများအား သတ်ပစ်မည်ဟု ခြိမ်း ခြောက်နေသည်ကိုလည်း လူမှုကွန်ယက်ပေါ် ထွက်ပေါ်လာသည့် ဗွီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည်။
ယခုဖြစ်ရပ်တွင် ပါဝင်နေသူများမှာ ဘန်နူတွင် နှစ်ချီထိန်းသိမ်းခံထားရသည့် TTP တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ပါကစ္စတန်တာလီဘန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ထိုအဖွဲ့က ဝါဇီရစ္စတန် (Waziristan) မြောက်ပိုင်း သို့မဟုတ် တောင်ပိုင်းသို့ ဘေးကင်းစွာ ထွက်ခွာနိုင်ရေး တောင်းဆို ထားသည်ဟုလည်း ၎င်းက ပြောသည်။
ဝါဇီရစ္စတန်သည် ပါကစ္စတန်တာလီဘန်များ အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် နှစ်များတွင် ထိုဒေသ၌ ပါကစ္စတန်စစ်တပ်က ထိုးစစ်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုးစစ်များကြောင့် TTP ခေါင်းဆောင်များနှင့် အဖွဲ့ဝင် များသည် အိမ်နီးချင်း အာဖဂန်နစ္စတန်ဘက်သို့ ထွက်ပြေးခဲ့ရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 422
CNI International News
မော်စကို၊ဒီဇင်ဘာ ၁၉
ရုရှားကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ဆာဂျီရှိုဂူး (Sergey Shouigu) သည် အထူးစစ်ဆင်ရေးဒေသများရှိ တပ်ဖွဲ့ဝင်များကို သွားရောက်စစ်ဆေးကာ ရှေ့တန်းစစ်မျက်နှာရှိ စစ်သားများနှင့် စကားပြောဆိုခဲ့သည်ဟု ရုရှား ကာကွယ်ရေးဌာနက တနင်္ဂနွေနေ့(ဒီဇင်ဘာ ၁၈ ရက်)တွင် ထုတ်ပြန်ခဲ့ကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။
“ ရုရှားဖက်ဒရေးရှင်း တပ်မတော်၏ ဗိုလ်ချုပ်ကြီး ဆာဂျီရှိုဂူးသည် တောင်ပိုင်းစစ်ဧရိယာသို့ သွားရောက်ခဲ့ကာ အထူးစစ်ဆင်ရေးဒေသများရှိ တပ်ဖွဲ့ဝင် အုပ်စုများကို စစ်ဆေးကြည့်ရှုခဲ့သည်”ဟု ကာကွယ်ရေးဌာန က ပြောသည်။
ဝန်ကြီးသည် တပ်ဖွဲ့များ ချထားရာ ဧရိယာများသို့ သွားရောက်ခဲ့ကာ ရှေ့တန်းရှိ ရုရှားတပ်ဖွဲ့များကို စစ်ဆေး ခဲ့သည်ဟုလည်း ပြောသည်။
“ရှေ့တန်းစစ်မျက်နှာတွင် ဝန်ကြီးက ရုရှားစစ်သားများနှင့် တွေ့ဆုံခဲ့ကာ စစ်ဆင်ရေးများတွင် ပြသခဲ့သော တပ်သားများ၏ စွမ်းရည်နှင့်ပတ်သတ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်”ဟု ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ရုရှားစစ်သားများကိုတွေ့ရစဉ် (GETTY IMAGES)
ထိန်းချုပ်ရေး စခန်းတွင် ဝန်ကြီးသည် လက်ရှိ အခြေအနေများအပြင် ရုရှားတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အရာရှိများ၏ တင်ပြချက်များကိုလည်း နားထောင်ခဲ့သည်။
ထိုသို့ နားထောင်ရာတွင် ဝန်ကြီးသည် တပ်သားများအတွက် အထောက်အကူ ပြုစေမည့် အကူအညီများ၊ စစ်မြေ ပြင်တွင် တပ်သားများ ချထားရေးဆိုင်ရာ အခြေအနေများအပြင် ဆေးတပ်ဖွဲ့ဝင်များနှင့် နောက်တန်း ယူနစ်များ အတွက်လည်း အထူးအလေးထားခဲ့သည်။
ရုရှားသမ္မတ ပူတင်ကလည်း ဒီဇင်ဘာ ၁၆ ရက်နေ့က ယူကရိန်းရှိ ရုရှားအထူးစစ်ဆင်ရေးဌာနချုပ်သို့ လာရောက် လည်ပတ်ရာတွင် ကာလတိုနှင့် ကာလလတ် ရှုထောင့်ဆိုင်ရာ အနာဂတ်အစီစဉ်များနှင့်ပတ်သက်၍ အရာရှိများ၏ တင်ပြချက်များကို နားထောင်ခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 804
CNI International News
တူးနစ်၊ ဒီဇင်ဘာ ၁၉
တူနီးရှားသမ္မတ ကိုင်ဆာအစ် (Kais Saied)ကို ရွေးကောက်ပွဲ အကျပ်အတည်းဖြစ်ပြီးနောက် ရာထူးမှ နှုတ်ထွက် ပေးရန် အတိုက်အခံများက တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၈ ရက်)တွင် တောင်းဆိုခဲ့သည်ဟု အေပီမှ ရေးသားဖော်ပြ ထားသည်။
မဲပေးနိုင်သူများမှ ၉ ရာခိုင်နှုန်းခန့်ကသာ ပါဝင်မဲပေးခဲ့သော မအောင်မြင်ခဲ့သည့် ရွေးကောက်ပွဲအပြီး နောက်ပိုင်း တွင် ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မဲဆန္ဒရှင်များက ပူးပေါင်းဆန္ဒပြခြင်းသည် ဆယ်စုနှစ် တစ်ခုအကြာက အာရပ်နွေဦးတော်လှန်ရေး စတင် သန္ဓေတည်ခဲ့ရာနှင့် ထိုတော်လှန်ရေးမှတစ်ဆင့် ဒီမိုကရက်တစ် နိုင်ငံရေးစနစ်သို့ ပြောင်းလဲနိုင်ခဲ့သော တူနီးရှား နိုင်ငံအတွက် ရုပ်ရှင်ဆန်ဆန် တိုးတက်ပြောင်းလဲလာမှု ဖြစ်သည်။
စနေနေ့(ဒီဇင်ဘာ ၁၇ ရက်)တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲသည် လက်ရှိသမ္မတ ကိုင်ဆာအစ် (Kais Saied) ပြီးခဲ့သော နှစ်တွင် ဖျက်သိမ်းခဲ့သည့် ဥပဒေပြု လွှတ်တော်ကို ပြန်လည် နေရာချရန်နှင့် ပြန်လည် ပုံဖော်ရန် ရည်ရွယ် ခဲ့သည်။
တူနီးရှားရွေးကောက်ပွဲကိုတွေ့ရစဉ် (AP)
ထိုသို့ ဖျက်သိမ်းခဲ့ခြင်းက သမ္မတသည် အာဏာကို ဆွဲဆန့်ထားရန်နှင့် နိုင်ငံ၏သက်တန်းရှည် စီးပွားရေးနှင့် လူမှုရေး အကြပ်အတည်းများကို ဖြေရှင်းရန် သမ္မတဆာအစ်၏ ကြိုးပမ်းမှုများမှ တစ်ခု ဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်များကို လာမည့် နေ့များအတွင်း သိရှိရမည်ဟု ယူဆရသည်။
အဆိုပါ ရွေးကောက်ပွဲကို အတိုက်အခံ အများစုက သပိတ်မှောက် ခဲ့ကြသလို မဲဆန္ဒရှင် အများစုကလည်း ဆန့် ကျင်ခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဖာရွတ်ဘူအတ်စ်ကား (Farouk Bouaskar) မှ ကြေညာခဲ့သည့် ကိန်းဂဏန်းများအရ စနေနေ့ ရွေးကောက်ပွဲကို မဲပေးနိုင်သူ ခန့်မှန်းခြေ ၉ သန်းမှ ၈၀၀,၀၀၀ ခန့်သာ လာ ရောက် မဲပေးခဲ့သည်ဟု သိရသည်။
ထိုသို့ သိသိသာသာ မဲပေးသူနည်းခဲ့ခြင်းက တုန်လှုပ်စရာ ဖြစ်ရပ်တစ်ခုဖြစ်ပြီး ပြင်းထန်သော အကျိုးဆက်များ ရှိလာမည်ဟု အတိုက်အခံ နိုင်ငံရေးသမား အာမတ် နီဂျစ် ချက်ဘီ (Ahmed Nejib Chebbi) ကပြောသည်။
ချက်ဘီသည် ဖျက်သိမ်းခဲ့သော ဥပဒေပြု လွှတ်တော်တွင် အမတ်နေရာ အများစုကို ရရှိထားသော Ennahdha ပါတီ အပါအဝင် အတိုက်အခံပါတီ ငါးခု ပူးပေါင်းထားရာ Salvation Front ညွန့်ပေါင်းအဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။
တူနီးရှားနိုင်ငံ သမ္မတကိုင်ဆာအစ်ကို နှုတ်ထွက်ရန် တောင်းဆိုကြစဉ် (Reuters)
ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခု၌ အမှီအခိုကင်းသော တရားသူကြီးတစ်ဦး ဦးဆောင် သည့် အစောပိုင်း ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းရန်နှင့် လက်ရှိသမ္မတ ရာထူးမှ နုတ်ထွက်ရန် ၎င်းက တောင်းဆိုသည်။
ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့သည့်အတွက် တူနီးရှားပြည်သူများကို ကျေးဇူးတင်သည်ဟုလည်း တခြား အတိုက်အခံ ခေါင်းဆောင်တစ်ဦးက ပြော၍ ဆာဒစ်ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့သည်။
တူနီးရှားနိုင်ငံတွင် ၂၀၁၁ အာရပ်နွေဦး တော်လှန်ရေး ပြီးဆုံးချိန် ကတည်းက ပြုလုပ်ခဲ့သော ရွေးကောက် ပွဲများ တွင် ပါဝင်မဲပေးသူ အရေအတွက်မှာ ပျှမ်းမျှ ၄၀ ရာခိုင်နှုန်းရှိခဲ့ပြီး အနိမ့်ဆုံး အရေအတွက် ပင်လျှင် ၂၇ ရာခိုင်နှုန်း ဖြစ်သည်ဟု သိရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 518
CNI International News
ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၁၉
အီရတ်နိုင်ငံမြောက်ပိုင်း ဗုံးပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှုတို့ကြောင့်အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ သည်ဟု BBC သတင်းတွင်ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုသည် တနင်္ဂနွေနေ့ မြို့တော်ဘဂ္ဂဒက်နှင့် မိုင် ၁၈၀ အကွာ ရေနံကြွယ်ဝသော ကာကွတ်မြို့ (Kirkuk) မြို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယခုတိုက်ခိုက်မှုကို IS အဖွဲ့က ၎င်းတို့ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။ IS အဖွဲ့သည် အီရတ်စစ်သား ၃ ဦး သေဆုံးခဲ့သည့် ဗုဒ္ဓဟူးနေ့ ဘဂ္ဂမြို့အနီး လမ်းဘေးဗုံးခွဲမှုကိုလည်း ပြုလုပ်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ တနင်္ဂနွေနေ့တိုက်ခိုက်မှုသည် ချာလယ် အယ်လ်-မာတာ (Chalal al-Matar) ကျေးရွာအနီး ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ထရပ်ကားတစ်စီးကို ဗုံးခွဲမှုဖြင့် စတင်ခဲ့ကာ ယင်းနောက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု အီရတ်အရာရှိများက AFP သတင်းသို့ပြောသည်။
တိုက်ခိုက်မှုဖြစ်ပွားအပြီး အီရတ်မြို့တွင်း သွားလာသူ ပြည်သူများနှင့် အစောင့်တပ်သားတစ်ဦးကို တွေ့ရစဉ်(ဓါတ်ပုံ-RTE)
ယခုဖြစ်ရပ်တွင် အကြမ်းဖက်သမားတစ်ဦး သေဆုံးခဲ့ကာ ကျန်သူများကို ဆက်လက်ရှာဖွေနေသည်ဟုလည်း ၎င်းတို့က ပြောဆိုခဲ့ကာ တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးပါ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ဘဂ္ဂဒက်မြို့ရှိ အီရတ် ပြည်ထဲရေးဌာနကလည်း ယခုတိုက်ခိုက်မှုကို အတည်ပြုပြောဆိုသည်။ ယခုတိုက်ခိုက်မှု ကိုပြုလုပ်ခဲ့သည့် IS အဖွဲ့သည် ယခင်တုန်းက အီရတ်နိုင်ငံအရှေ့ပိုင်းမှ ဆီးရီးယားအနောက်ပိုင်းအထိ နယ်မြေ ဧရိယာ ၈၈၀၀၀ စတုရန်းကီလိုမီတာခန့်ကို သိမ်းပိုက်ခဲ့ကာ လူပေါင်း ၈ သန်းနီးပါးကို တင်းကြပ်သောစည်းမျဉ်း များဖြင့်အုပ်ချုပ်ခဲ့သည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၅ ရက်က ကာကွတ်မြို့၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာကို အီရတ် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့စဉ်(ဓါတ်ပုံ-AFP)
သို့သော် အီရတ်တပ်ဖွဲ့ဝင်များက IS တို့ ခြေကုပ်ရယူထားသော ဆီးရီးယားနယ်စပ်မှ စစ်သွေးကြွများကို ဖယ်ရှားနိုင်ခဲ့ကာ ၂၀၁၇ ဒီဇင်ဘာတွင် IS အဖွဲ့ကို အောင်နိုင်ခဲ့ပြီဟု ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၁၉ တွင် IS အဖွဲ့ဝင်များသည် ၎င်းတို့နောက်ဆုံးခြေကုပ်စခန်းကို လက်လွှတ်ခဲ့ရသော်လည်း ယင်းတို့သည် ပြင်းထန်သော ခြိမ်းခြောက်မှုအဖြစ်ရှိနေဆဲဟု UN က ဇူလိုင်လတွင်ကြေညာခဲ့သည်။
လက်ရှိအချိန်အထိ ဆီးရီးယားနှင့် အီရတ်တို့တွင် IS တိုက်ခိုက်ရေးသမား ၆၀၀၀ မှ ၁၀၀၀၀ ကြားရှိနေဆဲဟု UN က ခန့်မှန်းထားပြီး အဆိုပါ စစ်သွေးကြွများသည် ဝေးလံခေါင်သီသော ဧရိယာများတွင် အများဆုံးအခြေစိုက်ကာ ပစ်ခတ်ထွက်ပြေးခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းနှင့် လမ်းဘေးဗုံးခွဲခြင်းများကို ပြုလုပ်နေကြဆဲဖြစ်သည်။
IS အဖွဲ့သည် သိသာထင်ရှားသည့်ခေါင်းဆောင်မှု ပျောက်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း လုံခြုံရေးလစ်ဟာမှုများကို အသုံးချကာ အကြမ်းဖက်ဝါဒကို ဖြန့်ကြက်ရန် လူသစ်စုဆောင်းမှုများနှင့် တိုက်ခိုက်မှုများကို ပြုလုပ်စီစဉ်နိုင်စွမ်း ရှိနေဆဲဖြစ်သည်ဟုလည်း UN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source:BBC
- By CNI
- Category: နိုင်ငံရေး
- Hits: 670
CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၁၉
ဂျပန်နိုင်ငံအထိ ရောက်နိုင်သော ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို မြောက်ကိုရီးယားက တနင်္ဂနွေနေ့(ဒီဇင်ဘာ ၁၈ ရက်) တွင် ပစ်လွှတ်စမ်းသပ်ခဲ့သည်ဟု အေပီမှ ရေးသားဖော်ပြခဲ့သည်။
အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုက မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့အပေါ် ပိုမိုပြင်းထန်သည့် ခြေလှမ်းများ ဆောင်ရွက်နိုင်ရန် တွန်းအားပေးသည့် လုံခြုံရေးမဟာဗျူဟာတစ်ခုကို ဂျပန်နိုင်ငံဘက်က စတင်ခဲ့သည့်အပေါ် တုန့်ပြန်မှုဟုလည်း ယူဆရသည်။
ပစ်လွှတ်ခဲ့သော ဒုံးကျည်နှစ်စင်းသည် နိုင်ငံ၏အနောက်မြောက် တွန်းချန်ရီ (Tongchangri) ဧရိယာမှ ၅၀၀ ကီလိုမီတာသို့ အမြင့်ဆုံး ၅၅၀ ကီလိုမီတာဖြင့် ပျံသန်းသွားခဲ့ကာ ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်တို့အကြား ရေပြင်သို့ ကျရောက်ခဲ့သည်ဟု တောင်ကိုရီးယားနှင့် ဂျပန်အစိုးရတို့က ပြောသည်။
ဂျပန်ဒုတိယကာကွယ်ရေးဝန်းကြီး တိုရှီယို အီနိုကိုတွေ့ရစဉ် (GETTY IMAGES)
ဒုံးကျည် နှစ်စင်းလုံးသည် တာလတ်ပစ် လက်နက်များဖြစ်ပြီး ၎င်းတို့ကို မတ်စောက်သော အနေအထားမှ ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် လမ်းကြောင်းမှ ပစ်လွှတ်လျှင် ယခုထက်ပို၍ ပျံသန်းသွားနိုင်သည်ဟုလည်း တောင်ကိုရီးယားစစ်ဘက်က ပြောသည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သည့် အောက်တိုဘာတွင် ဂျပန်နိုင်ငံဘက်သို့ တာလတ်ပစ် ဒုံးကျည်တစ်စင်း ပစ်လွှတ် ခဲ့ဖူးသော်လည်း ၎င်းတို့၏ ပစ်လွှတ်စမ်းသပ်မှုများ အိမ်နီးချင်နိုင်ငံများသို့ ကျရောက်ခြင်းကို ရှောင် ကျဉ်ရန် တာလတ်နှင့် တာဝေးပစ် ဒုံးကျည်များကို မြင့်သောနေရာများမှ ပစ်လွှတ်လေ့ရှိသည်။
ပြည်သူများ ဆာလောင်နေချိန်နှင့် နိုင်ငံတွင်း အစားအစာ ရှားပါးမှုများ ရှိနေသော်လည်း မြောက်ကိုရီးယားဘက်မှ ယခုကဲ့သို့ ရန်စမှုများကို ဆက်တိုက် ပြုလုပ်နေခြင်းအတွက် ဝမ်းနည်းမိသည်ဟု တောင်ကိုရီးယား အရာရှိများက အရေးပေါ် အစည်းအဝေးတွင် ပြောခဲ့သည်။
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား အလံများကိုတွေ့ရစဉ် (AP)
ဂျပန်နိုင်ငံအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်းအပေါ် ခြိမ်းခြောက်နေသည့် မြောက်ကိုရီးယား၏ လုပ်ရပ်ကို ဂျပန်ဒုတိယကာကွယ်ရေးဝန်းကြီး တိုရှီယို အီနို (Toshiro Ino) ကလည်း ဝေဖန်ခဲ့သည်။
အဆိုပါ စမ်းသပ်မှုများသည် မြောက်ကိုရီးယား၏ ဖျက်ဆီးအား မြင့်မားသော တရားမဝင် လက်နက်များနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များ၏ မတည်ငြိမ်သော သက်ရောက်မှုကို ဖော်ပြနေသည်ဟု အမေရိကန်၏ အင်ဒို-ပစိဖိတ် ဌာနချုပ်က ပြောသည်။
ထိုအခြေအနေများတွင် ဂျပန်နှင့် တောင်ကိုရီးယားကို ကာကွယ်ပေးမည့် အမေရိကန်၏ သဘောထားလည်း ခိုင်မာနေဆဲပင် ဖြစ်ကြောင်း ပါရှိသည်။
မြောက်ကိုရီးယား၏ တနင်္ဂနွေနေ့ စမ်းသပ်မှုများသည် ၎င်းတို့၏ Pukguksong-2 ဒုံးကျည်များ ဖြစ်နိုင်ကြောင်း၊ ထိုဒုံးကျည်များသည် ရေငုပ်သင်္ဘောမှ တဆင့် ပစ်ခတ်နိုင်သည့် ဒုံးကျည်အုပ်စုဝင်ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် လည်း ယခုကဲ့သို့ စမ်းသပ်ခဲ့ဖူးသည်ဟု ကိုရီးယားအမျိုးသား ကာကွယ်ရေးတက္ကသိုလ်မှ ပါမောက္ခဟောင်း ကွန်ယောင်ဆိုး (Kwon Yong Soo) က ပြောသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 568
CNI International News
ဂိုမာ၊ ဒီဇင်ဘာ ၁၇
ကွန်ဂိုနိုင်ငံအရှေ့ပိုင်း ဂိုမာ(Goma)မြို့သို့ ဝင်ရောက်လာသော ပင်မကုန်သွယ်ရေးလမ်းကြောင်းများကို M23 သူပုန်များက ဖြတ်တောက်ခဲ့သည်ဟု Bangkok Post သတင်းတွင် ဖော်ပြသည်။
ယင်းကြောင့် မြို့တွင်းရှိ ကုန်ဈေးနှုန်းများမှာ မြင့်တက်လာခဲ့ပြီး နောက်ထပ်ထိုးစစ်ဆင်မှုများက စီးပွားရေးအပေါ် ထိခိုက်မှုရှိလာနိုင်သည်ကိုလည်း စိုးရိမ်မှုများ ရှိလာသည်။
တွတ်ဆီ(Tutsi)လူမျိုးများဦးဆောင်သည့် M23 အဖွဲ့သည် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော်လည်း ပြီးခဲ့သော နှစ် နှောင်းပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများပြန်လည်စတင်ခဲ့ကာ ကီဝူ(Kivu) ပြည်နယ်မြောက်ပိုင်း နယ်မြေများစွာ ကို သိမ်းပိုက်ခဲ့သည်။ သူပုန်အဖွဲ့သည် ပြီးခဲ့သည့်လတွင် ဂိုမာမြို့အနီး ကီလိုမီတာ အနည်းငယ်အကွာအထိ ရောက်ရှိလာနိုင်ခဲ့သည်။
Goma လေဆိပ်ကို ကွန်ဂိုနှင့် ကင်ညာတပ်များက စောင့်ကြပ်ခဲ့စဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)
ဂိုမာမြို့သည် လူ ၁ သန်းကျော်နေထိုင်သည့် စီးပွားရေးအချက်အခြာမြို့တစ်ခုဖြစ်ကာ ရဝမ်ဒါနိုင်ငံ၏ နယ်စပ်တွင် ရှိသည်။ M23 အဖွဲ့က ဂိုမာမြို့တွင်းသို့ မြောက်ဘက်မှ ဆက်သွယ်ထားသည့် RN2 အဝေးပြေးလမ်းမကို ဖြတ်တောက်ထားသည့်အတွက် ကီဝူမြောက်ပိုင်းရှိ ရတ်ရှုရူ (Rutshuru) ပြည်နယ်မှ လယ်ယာထွက်ပစ္စည်းများ ဝင်ရောက်လာမှုကိုလည်း ပိတ်ဆို့ထားသည်။
ယခုဖြစ်ရပ်များမတိုင်ခင် အိမ်နီးချင်းရဝမ်ဒါမှ ကုန်စည်တင်သွင်းမှုများသည်လည်း RN2 မှ ဂိုမာသို့ဝင်ရောက် လာရခြင်းဖြစ်သောကြောင့် ယခုဖြစ်ရပ်များက ကုန်စည်စီးဆင်းမှုကို ဆိုးရွားလာစေသည်။ ကွန်ဂိုနိုင်ငံတွင်း ချက်ရေးပြုတ်ရေးတွင် အများဆုံးအသုံးပြုသော လောင်စာဈေးနှုန်းများမှာ မကြာသေးခင်ကာလအတွင်း သိသိသာသာ မြင့်တက်လာသည်ဟု မီးသွေးကုန်သည်တစ်ဦးက ပြောသည်။ ဈေးကိုပြောလိုက်ချိန်တွင် ဝယ်သူ အားလုံးမှာ ပြန်လည်ထွက်ခွာသွားတော့သည်ဟုလည်း ဂိုမာမြို့မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။
လက်နက်ကိုင်များကြောင့် ဂိုမာမြို့တွင်းသို့ ရောက်ရှိနိုင်ရန်အတွက် ပိုမိုရှည်လျားသော လမ်းကို ဖြတ်သန်း သွားလာရသည့်အတွက် မီးသွေးကုန်လမ်းကြောင်းများသည်လည်း ပိုမိုရှည်လျားလာသည်။
မီးသွေးသည်တစ်ဦးကို တွေ့ရစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)
ကျောင်းလခ မပေးနိုင်သောကြောင့် ကလေးများကို ကျောင်းသို့ပင်မပို့နိုင်တော့ဟု သားသမီး ၈ ဦး၏ မိခင်ဖြစ်သူ က ပြောသည်။
သို့သော် ကီဝူရေကန်၏ တခြားတစ်ဖက်တွင်ရှိသော ဘူကာဝူ (Bukavu) မြို့မှ လှေများ ဂိုမာမြို့သို့ ဝင်ရောက် နိုင်နေဆဲဖြစ်ပြီး ရဝမ်ဒါမှ ကုန်စည်များသည်လည်း ဆက်လက်ဝင်ရောက်နေဆဲပင်ဖြစ်သည်။ ကွန်ဂိုပြည်တွင်း၌မူ ဂိုမာမြို့သို့ ဝင်ရောက်သည့် အနောက်ဘက်လမ်းကြောင်းတစ်ခုသာ အသုံးပြု၍ရဆဲဖြစ်သောကြောင့် ကုန်သွယ်မှု အရေအတွက် လျော့ကျသွားကာ ဈေးနှုန်းများလည်းကြီးမြင့်လာသည်။
အစိုးရကို ဖိအားပေးရန်အတွက် M23 ဘက်မှ အဆိုပါလမ်းကြောင်းကိုပင် ပိတ်လာနိုင်ခြေရှိသည်ကိုလည်း စိုးရိမ်မှုများရှိနေသည်။
သူပုန်အဖွဲ့သည် ဂိုမာမြို့အနောက်ဘက် မာစီစီ (Masisi) ဒေသကိုပင် သိမ်းယူရန်ရည်ရွယ်ထားသည်ဟု ကွန်ဂို သုတေသီတစ်ဦးကပြောဆိုထားပြီး ဂိုမာမြို့အတွက် လူသားခြင်းစာနာမှုဆိုင်ရာ အကာအရံတစ်ခု မဖန်တီးပေး နိုင်လျှင် ယင်းသည် ကပ်ဘေးတစ်ခုဖြစ်လာနိုင်သည်ဟုလည်း ၎င်းက သုံးသပ်ပြောဆိုသည်။
Source:Bangkokpost
- By CNI
- Category: နိုင်ငံရေး
- Hits: 719
CNI International News
တိုကျို၊ ဒီဇင်ဘာ ၁၇
ယခင်က စဉ်းပင်မစဉ်းစားခဲ့ဖူးသည့် ဒေါ်လာ ၃၂၀ ဘီလီယံ တန်ကြေးရှိ စစ်ဘက်ဆိုင်ရာ တိုးချဲ့မှုများကို စတင် လုပ်ဆောင်တော့မည်ဟု ဂျပန်နိုင်ငံမှ ထုတ်ပြန်ခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ တိုးချဲ့မှုများကြောင့် ဂျပန်စစ်တပ်သည် တရုတ်နိုင်ငံကို ပစ်နိုင်သော ဒုံးကျည်များ ရရှိမည်ဖြစ်သည်။ အလားတူ ဒေသတွင်း တင်းမာမှုများကြောင့် ဖြစ်လာနိုင်သော ပဋိပက္ခနှင့် ရုရှား၏ ယူကရိန်းကျူးကျော်စစ် ကြောင့် ဖြစ်ပေါ်လာသည့် စစ်ပွဲဆိုင်ရာ စိုးရိမ်မှုများအတွက် အဆင်သင့် ဖြစ်နေစေမည် ဖြစ်သည်။
ရုရှားတို့၏ ကျူးကျော်မှု လမ်းစဉ်ကြောင့် တရုတ်၏ ထိုင်ဝမ်သို့ ကျူးကျော်မှုမျိုး ဖြစ်လာစေနိုင်ပြီး ထိုအခြေအနေ က အနီးအနားရှိ ဂျပန်ကျွန်းများကို ခြိမ်းခြောက်နေသလို ခေတ်ရှေ့ပြေး ဆီမီးကွန်ဒတ်တာများ ထောက်ပံ့မှုကို ထိခိုက်စေသည်။
ထို့နောက် အရှေ့အလယ်ပိုင်းမှ ဆီတင်သွင်းသည့် လမ်းကြောင်း ပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာများအထိ ဖြစ်လာမည် ကို ဂျပန်ဝန်ကြီးချုပ် ဖူမီကိုကီရှီဒါ အစိုးရက စိုးရိမ်နေသည်။
ဂျပန်စစ်တပ်ကိုတွေ့ရစဉ် (GETTY IMAGES)
ဒုတိယကမ္ဘာစစ်လွန် ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကို တရားဝင် သတ်မှတ်ထားခြင်း မရှိဘဲ ဂျပန် စစ်တပ်အား ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိသည့် အနေအထားအထိသာ ကန့်သတ်ထားသည်။
သို့သော် ဂျပန်အစိုးရ၏ အလုံးစုံ ပါဝင်သော ၅ နှစ်တာ စီမံကိန်းနှင့် အမျိုးသားလုံခြုံရေး မဟာဗျူဟာကို ပြန်လည် မွမ်းမံခြင်းတွင် အစိုးရအနေဖြင့် အပိုပစ္စည်းများနှင့် စစ်ဘက်သုံး လက်နက်များကို သိုလှောင်ထားခြင်း၊ သယ်ယူ ပို့ဆောင်ရေးကို အားဖြည့်ခြင်း၊ ဆိုက်ဘာ စွမ်းရည်ကို မြှင့်တင်ခြင်း အပြင် အမေရိကန် အပါအဝင် တူညီသော သဘောထားရှိသည့် နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားခြင်းဖြင့် လက်ရှိ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်အပေါ် ခြိမ်းခြောက်မှုများကို ရှာဖွေသွားမည်ဟု ပြောသည်။
ရုရှား၏ ယူကရိန်းကျူးကျော်စစ်က အင်အား အသုံးပြုခြင်းကို တားမြစ်သည့် ဥပဒေများအပေါ် ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံတကာပဋိညာဉ်၏ အခြေခံ သဘောထားအပေါ် သက်ရောက်မှု ရှိစေသည်ဟု အစိုးရ၏ အမျိုးသားလုံခြုံရေးစာတမ်းတွင် ဖော်ပြထားသည်။
တရုတ်-ထိုင်ဝမ်-ဂျပန် နယ်နိမိတ် အခြေပြ မြေပုံကိုတွေ့ရစဉ် (GETTY IMAGES)
တရုတ်၏ မဟာဗျူဟာမြောက် စိန်ခေါ်မှုများသည် ဂျပန်နိုင်ငံ ရင်ဆိုင်ဖူးသမျှတွင် အကြီးမားဆုံးဟုလည်း ပြောသည်။
ယခင်အစိုးရ အဆက်ဆက်တွင် မစဉ်းစားခဲ့ဖူးသည့် ဂျပန်စစ်တပ်အပေါ် ထပ်ဖန်တလဲလဲ အင်အား ဖြည့်တင်းခြင်း နှင့် ပတ်သက်၍ မဲဆန္ဒအများစုက ထောက်ခံနေကြသည်ကို စစ်တမ်းများတွင် တွေ့နိုင်သည်။ တချို့သော စစ်တမ်း ရလဒ်များအရ မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းနီးပါးခန့်က ယခုလုပ်ရပ်များကို ထောက်ခံနေကြသည်ကိုပင် တွေ့ရသည်။ ဝန်ကြီးချုပ် ကီရှီဒါ၏ အစီအစဉ်မှာ လာမည့် ၅ နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၂ ရာခိုင်နှုန်း အထိ ၂ ဆမြှင့်တင်ရန်နှင့် ကာကွယ်ရေးဌာန အသုံးစရိတ်ကို ပြည်သူ့အသုံးစရိတ်၏ ၁၀ ပုံ ၁ ပုံအထိ မြှင့်တင် သွားရန် ဖြစ်သည်။
ထို့ကြောင့် ဂျပန်သည် အမေရိကန်၊ တရုတ်တို့ ပြီးနောက် တတိယမြောက် ကာကွယ်ရေး အသုံးစရိတ် အမြင့် မားဆုံးနိုင်ငံလည်း ဖြစ်လာမည်။
သို့သော် ဆွေးနွေးမှုများ လုပ်ဆောင်နေဆဲ အခြေအနေတွင်သာ ရှိနေသေးခြင်းကြောင့် ဝန်ကြီးချုပ်၏ စီမံကိန်း အတွက် ကျသင့်ငွေကို အခွန်မြှင့်တင်ခြင်း သို့မဟုတ် ငွေချေးခြင်းဖြင့် ရှာဖွေမည်လား ဆိုသည်ကိုတော့ တိတိကျ ကျ မသိရသေးပေ။
Source: အယ်ဂျာဇီးယား